Friday, November 6, 2009

0 မနီမိုလှိုင်အတွက် ဆေးကုသရန်လိုအပ်နေ

မဇ္ဈိမ(ချင်းမိုင်)။ ။ သရက်ထောင်၌ အကျဉ်းကျနေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သင်္ကန်းကျွန်းမြို့နယ် လူငယ် တာဝန်ခံဟောင်း မနီမိုလှိုင်သည် ကျန်းမာရေး ဆိုးရွားနေကြောင်း မိသားစုဝင်တဦးက ပြောသည်။

ယခင်လ ၃၁ ရက်နေ့တွင် မိခင်ဖြစ်သူက ထောင်စာသွားတွေ့ခဲ့ရာမှ သူ၏ကျန်းမာရေးအခြေအနေကို သိလာရခြင်း ဖြစ်သည်။

မနီမိုလှိုင်သည် “ဖြူဖတ်ဖြူရော်၊ တုံတုံရင်ရင်” ဖြစ်နေပြီး အခြားလူတဦး၏ တွဲခေါ်မှုဖြင့်သာ မိခင်အား လာရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဆရာဝန်နှင့်လည်း အနီးကပ် စစ်ဆေးခွင့် မရခြင်းကြောင့် မိသားစု က စိုးရိမ်နေကြောင်း အမဖြစ်သူ မစုစုလှိုင်ထံမှ သိရသည်။

“ဆရာဝန်ကို လူနာနဲ့ လွတ်လွတ်လပ်လပ် ပေးမတွေ့ဘဲနဲ့ သံတိုင်ကြားကနေ လက်ထုတ်ပြီးတော့ စမ်းသပ်ရတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

မနီမိုလှိုင်သည် နာဂစ် ဒုက္ခသည်များကို ကူညီခဲ့သူ ဖြစ်သည်။ ထို့အပြင် ၂၀၀၇ သြဂုတ်လ လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြရာတွင်လည်း ပါဝင်ခဲ့သူ မနီမိုလှိုင်၏ ကျန်းမာရေးသည် ပြီးခဲ့သည့်လဆန်းပိုင်းမှစ၍ ဆိုးရွားလာခြင်း ဖြစ်ပြီး ထောင်ဆရာဝန်ကလည်း ရောဂါအမျိုးအစားကို မပြောပြကြောင်း သိရသည်။

သူ့အား ၂၀၀၈ ခုနှစ် ဇွန်လက အာဏာပိုင်များက ရန်ကုန်မြို့ မြေနီကုန်းရှိ အအေးဆိုင်တဆိုင်မှ ဖမ်းဆီးသွားပြီး နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေမှု၊ တရားမဝင် အဖွဲ့အစည်းကို ဆက်သွယ်မှုတို့ ဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံနေရကြောင်း မိသားစုက ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B ကလည်း အကျဉ်းထောင်များ၌ ဆေးကုမှုခံယူရန် လိုအပ်နေသည့် နိုင်ငံရေး အကျဉ်းသား ၁၂၈ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.