Tuesday, November 3, 2009

0 သရုပ်ဆောင်ကျော်သူ၏အနုပညာပွဲ ကြည့်ရှုသူများ မျက်ရည်ကျ

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ ‘ထွက်ရပ်လမ်း’ အမည်ရှိ အနုပညာ လက်ရာ တခု ဖြစ်ပါသည်။ (Photo: RFA)
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကျော်သူရဲ့ ပန်းချီ ပြပွဲကို လာရောက် ကြည့်ရှုသူတချို့ မျက်ရည်ကျတဲ့ အထိခံစားရတယ်လို့ ပြပွဲကို လာရောက် ကြည့်ရှုသူတွေက RFA ကို ပြောပါတယ်။

နိုဝင်ဘာလ ၂ရက်နေ့ဟာ ဦးကျော်သူရဲ့ အသက်၅၀ ပြည့်တဲ့ မွေးနေ့ဖြစ်တာကြောင့် မွေးနေ့ပွဲကို လုပ်ရင်း ရင်းနှီးခင်မင်သူများကို ဖိတ်ကြားပြီး ရေးဆွဲထားတဲ့ ပန်းချီကားများနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြသတာဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။ ဒီပွဲကို Art Zone ဆိုတဲ့ နာမည်ပေးထားပြီး ရန်ကုန်မြို့က ပန်းချီပညာရှင် တော်တော်များများ လာရောက်ခဲ့တာ ဖြစ်ပါတယ်။ ပြပွဲကို လာရောက်ခဲ့သူ အမျိုးသမီးတဦး ပန်းချီကားတွေကို ကြည့်ရင်း မျက်ရည်ကျ နေတာ တွေ့ရတယ်လို့ ပန်းချီဆရာတဦးက ပြောပြပါတယ်။

ပန်းချီဆရာ။ ။ “အမျိုးသမီး တယောက်ကတော့ သူကတော့ ကြည့်ပြီး မျက်ရည်ကျနေတာ တွေ့တယ်လေ။ အဲ ဘယ်လိုတွေ့လဲဆိုတော့ ဒီ ရဟန်း ပုဂ္ဂိုလ်တပါး infinity ပေါ့လေ၊ လကြီးထဲကို ဖြတ်ဝင်သွားတဲ့ ပုံမှာက အောက်မှာက ဆူးညောင့်ခလုတ်တွေနဲ့ ဖြတ်သန်းခဲ့ရတာပေါ့လေ။ အဲဒီမှာ သူကျင့်လာခဲ့တဲ့ အားတွေ ဘယ်လောက်ထိပေါ့လေ၊ လောကကြီးမှာ ဒုက္ခတွေ လှိုင်းတံပိုးတွေ ဘယ်လောက် ခံခဲ့ရပြီးမှ သူ ဒီလမ်းကို ကျင့်ရလဲဆိုတဲ့ ပုံလေးတွေပေါ့လေ၊ အဲလို သဘောမျိုးလေးတွေတော့ တွေ့ရပါတယ်။ အဲဒီပုံလေးတွေကလည်း တော်တော်လေး ထိရောက်ပါတယ်။ အမျိုးမျိုးတွေးရင်တော့ ရတာပေါ့ဆရာရယ်၊ ဟုတ်တယ်မဟုတ်လား။”

ပြပွဲမှာ ပြသထားတာပန်းချီကား ၂၃ကားနဲ့ ဓာတ်ပုံ ၃၀ ကျော်တယ်လို့ သိရပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်က ဧရာဝတီတိုင်းကို နာရေးကူညီမှုအသင်းက ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်ချိန်က ရိုက်ကူးထားတဲ့ ပုံတွေ ဖြစ်ကြပါတယ်။ ပြသထားတဲ့ ပန်းချီကားများနဲ့ ဓာတ်ပုံတွေကို ထိမိတဲ့နာမည်များ ပေးထားတာ ဖြစ်တယ်လို့ ပြပွဲကို လာရောက်သူ ပန်းချီဆရာက ပြောပါတယ်။

ပန်းချီဆရာ။ ။ “သူ့ရင်ထဲမှာ ရှိတဲ့ light တွေပေါ့၊ တကဲ့ အစစ်အမှန် အနုပညာလေးတွေကို ရိုးရိုးယဉ်ယဉ်လေးတွေနဲ့ သူပြသွားတာပေါ့လေ။ ပြသွားတဲ့အခါမှာ ကျွန်တော်တို့ ဘာတွေ့ရလဲဆိုတော့၊ ဓာတ်ပုံလေးတွေ တွေ့ရတယ်၊ ဓာတ်ပုံလေးတွေမှာ ဥပမာက သစ္စာဖောက်ဆိုတဲ့ ပုံလေးဆိုရင် တော်တော်လေး ထိတယ်လေ။ ဓာတ်ကြိုးပေါ်မှာ ခိုလေးတွေ နားနေတယ် အများကြီး။ အဲဒီ အများကြီး နားနေတဲ့ ကြားထဲမှာမှ ခိုလေးတကောင်က ပျံပြီးတော့ ထွက်သွားတယ်။ အဲဒါ သစ္စာဖောက်ဆိုပြီးတော့ နာမယ်က လှလှလေး ပေးထားတာလေ။”
(RFA)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.