ပေဖူးလွှာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
အဲဒီဝိုင်းကတော့ တော်လှန်စာပေ ဆရာကြီးများ ဖြစ်တဲ့ မောင်နေ၀င်း၊ မင်းကျော်၊ နတ်နွယ်နှင့် ဆရာမြတို့ပါပဲ။
အိမ်ရှင်အခန်းကတော့ ကိုဦးပေါ့လေ။အဲဒီဝိုင်းကိုလည်းအမြဲတမ်း မရောက်ပေမယ့် တတ် နိုင် သမျှ ကြုံတိုင်း ရောက်ပါတယ်။ ဘာသာ စကားတူကြတဲ့ စကားဝိုင်း ဖြစ်လေတော့ ဘယ်လောက်ပဲ ဘယ်နှစ်ကြိမ်ပဲ ဆုံကြ၊ ဆုံကြ၊ ပြောကြ၊ ပြောကြ မပြီးနိုင် တော့ဘူးလေ။ အဲဒီဝိုင်းမှာတော့ မောင်မိုးသူက အငယ်ဆုံးလေ။ စာရေးဆရာလေး ယောက်စလုံးဟာ မောင်မိုးသူ အရွယ် ရောက်စ စာပေ နယ်ဝင်စကပဲ ပေါင်းလာ တာဖြစ်လေတော့ နှစ်ပေါင်း ၅၀ လောက် ရှိနေ ကြပြီလေ။ အခန်းရှင် ကိုဦးကလည်း ခင်မင်ပြီးသား။ အဲ ကိုဦးကလည်း အဲဒီဝိုင်း ကို အစားအသောက်၊ အကျွေးအမွေးများ တာဝန်ယူပါတယ်။
လူကလည်း ညီ၊ စားလို့ သောက်လို့ကောင်း၊ ပြောလို့ဆိုလို့လည်း ကောင်းဆိုတော့ အဆင်ပြေ လှပါတယ်။ အဲ ကိုဦးရဲ့ ကြံ ကြံဖန်ဖန် လုပ်ကျွေးတာမျိုးကိုလည်း ကြောက်ကြောက်နှင့် စားဖူးရတာ ရှိပါတယ်။ကိုဦးဟာ မင်းသား၊ မင်းသားတောင်မှ လှပေ့ ချောပေ့ ဆိုတဲ့ မင်းသား။ ဒါ ကြောင့် အနေအထိုင်၊ အစားအသောက်မှာ အင်မတန် သန့်ရှင်းလှပ ပေလိမ့်မယ်လို့ မထင်လိုက် ကြပါနဲ့။ ကိုဦးဟာ အစားအသောက်မှာ အလွန် ကံကြံဖန်ဖန်၊ ဆန်းဆန်းပြားပြားများ စားသောက်တတ်တဲ့ အပြင် အနေအထိုင် ကလည်း အလွန် ပစ္စလက်ခတ် နေတတ်သူ ဖြစ်ပါတယ်။
ကြံကြံဖန်ဖန် ဘယ်လောက်များ စားသလဲဆိုရင် တစ်ခါတော့ ငါးပူတင်းတွေ ကြော်ကျွေးပါတယ်။ ငါးပူတင်းဟာ အဆိပ် ပြင်း တယ်လို့ ကြားဖူးတယ်လေ။ မောင်မိုးသူတို့က ဘယ်စားရဲမလဲ။ ကိုဦးကတော့ ဘာအိတ်ဆိုလား မသိပါဘူး။ အဲဒါကို ထုတ် လိုက်ရင် အဆိပ် လုံးဝမရှိတော့တဲ့ အပြင် ငါးပူတင်းရဲ့ အသားဟာ တခြား ငါးအသားများနှင့် မတူဘဲ အလွန် စားကောင်းကြောင်း ပြောပြီး သူကိုယ်တိုင် အဆိတ်အိတ်ထုတ်၊ သူကိုယ်တိုင်ကျော်၊ သူကိုယ်တိုင် စားပြပြီး ကျွေးပါတယ်။ အဲဒီတော့မှ သူတောင် စားသေးတာ သူမှ ဘာမှ မဖြစ်တာ ဆိုပြီး မောင်မိုးသူတို့လည်း စားပါတယ်။ မှန်ပါတယ်။စားလို့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီ တစ်ကြိမ်ပဲ စားဖူးတာ ဖြစ်ပါတယ်။
တစ်ခါလည်း သင်ပေါင်းပိုးတွေကို ကျော်ကျွေးပါတယ်။ သင်ပေါင်းပိုးဆိုတာ ဖြူဖြူလုံးလုံး တွန့်တွန့် တွန့်တွန့်ကြီး အရှင်တွေ အဲဒါ ဆီပူထိုးလိုက်မှ နီရဲပြီး ကျွတ်သွားတာ။ ကြိုက်သူများ အလွန်ကြိုက် တယ်လို့ ဆိုပါတယ်။ မောင်မိုးသူလည်း ကြောက်ကြောက် ရွံ့ရွံ့နှင့် ကိုဦးကျော် ကျွေးတာ စားဖူးပါတယ်။
အဲ စကားဝိုင်းကတော့ အနုပညာ အကြောင်းအရာ အစုံပါပဲ။ စာပေ၊ ဂီတ၊ ရုပ်ရှင် စုံတကာ စေ့နေတာပါပဲ။ စကားဝိုင်းမှာ အိမ်ရှင် ကိုဦးကလည်း အတော် ပြောနိုင်တဲ့ ပုဂ္ဂိုလ်၊ ကျန်လေးယောက်မှာလည်း ကိုနတ်နွယ်က လွဲရင် ကျန်သုံးယောက်က စကား ပြောရာမှာ ချန်ပီယံတွေ ဆိုတော့ အကြောင်းအရာတိုင်းမှာ လူတိုင်း ပြောစရာတွေ ရှိပြီး ပြောကြ၊ ဆိုကြတာပေါ့။ မောင်မိုးသူလည်း အငယ်ဆုံးဖြစ်ပေမယ့် ဘာသာစကား တူလေတော့ အော်ကျယ် အော်ကျယ်နှင့် ၀င်ပြောပါတယ်။ သူတို့ကလည်း မောင်မိုးသူကို အငယ်ဆိုပြီး နှိမ်ပြောတာတွေ ရှိတာပေါ့။ အထူးသဖြင့် ကိုနေ၀င်း (စာရေးဆရာ မောင်နေ၀င်း) ဟာ မောင်မိုးသူကို ချစ်လည်း ချစ်ပြီး အမြဲ စပြီး နောက်ပြောင်လေ့ ရှိပါတယ်။ ဒီတော့ အဲဒီ စကားဝိုင်းတွေဟာ ပျော်စရာ ကောင်းပေမယ့် သိပ်ပြီး အားမရဘူး။ ဆရာမြနှင့် သီးခြား စကားစမြည် ပြောချင်တတ်ပါတယ်။
ဆရာမြနှင့် စကားစမြည် ပြောဖို့ စီစဉ် ရတာလည်း အကုန်အကျက သိပ်မသေးဘူး ခင်ဗျ။ ကိုဦးဆီမှာတော့ ကိုဦးက အားလုံး တာဝန်ယူတာလေ။ သီးခြား ဆိုင်တစ်ဆိုင်မှာ ဆုံမှတ် ဆိုတော့ အဖျော်ယမကာနှင့် အစားအသောက်ဖုံးက လွှဲသကိုး။ အစ်ကို ဖြေရှင်းရတာလည်း သိပ်မခက်ပါဘူး။ ဘ၀ တက္ကသိုလ် စာပေတိုက်က ကိုနေ၀င်းတို့ အဖော်တပ် လိုက်ရုံပါပဲ။ မောင်မိုးသူက ၀ီစကီတစ်လုံး ၀ယ်လိုက်ရုံပဲ။ ကိုနေ၀င်းက အစားအစာ တာဝန်ယူပေါ့။ အဲဒီတုန်းက ၀ီစကီတစ်လုံးက ခြောက်ထောင်၊ ခုနှစ်ထောင် ပဲ။ အစား အစာကသာ သောင်းကျော်တာ၊ ကိုနေ၀င်းက ဆရာမြနှင့် ဆုံဖို့ စကားဆိုရင် ဘယ်တော့မဆို အဆင်သင့်ပါပဲ။ လူက တော့ ဆရာ၊ ကိုနေ၀င်းနှင့် မောင်မိုးသူ သုံးယောက်ထဲ ဖြစ်တဲ့ အခါ ဖြစ်တယ်။ တစ်ခါတစ်ရံ မောင်ဝံသလည်း ပါတတ်တယ်။ များသောအားဖြင့် ကမ်းနားက နန်းသီတာ အပေါ်ထပ်ကာ မြစ်ပြင်ကို ကြည့်ပြီး စကား ပြောကြတာပါ။ ၀ီစကီ တစ်လုံးဟာ သုံး ယောက်၊ လေးယောက် ဆိုရင် အတော်ပါပဲ။ စကားပြောလို့ဆိုလို့ ကောင်းပါတယ်။
များသောအားဖြင့်တော့ စာပေ အကြောင်း၊ ကမ္ဘာ့ စာပေ၊ မြန်မာစာပေ၊ ကမ္ဘာ့စာရေးဆရာ၊ မြန်မာ စာရေးဆရာတွေ အကြောင်း တွေပါပဲ။ ဆရာမြနှင့် မောင်မိုးသူတို့ဟာ နေရာတိုင်းမှာ အယူအဆ တူသူများ မဟုတ်ပါဘူး။ အခြေခံ မူကတော့ တူတာ များပါ တယ်။ ဒါပေမယ့် သီးခြားအသေး စိတ်ကိစ္စလေးတွေမှာတော့ မတူ ကွဲပြားလေတော့ ငြင်းရ ခုန်ရတာပေါ့။ ကိုနေ၀င်းကတော့ ပြုံး ပြုံး ပြုံးပြုံးနှင့် နားထောင်သမား။ မောင်ဝံသကတော့ မနေပါဘူး။ တစ်ခါတလေ မောင်မိုးသူ ဘက်က တစ်ခါတလေ ဆရာမြ ဘက်က ၀င်ထောက်ခံပြီး ပြောလေ့ ရှိပါတယ်။
လေနည်းတဲ့ ကိုနေ၀င်းကိုလည်း လျှော့မတွက်ကြပါနှင့်။ သူကလည်း ချက်ကောင်းကျရင် တချက်ကောင်း ၀င်ဝင်ပြီး ပြောလေ့ ရှိတယ်။ အဲဒီလို အဲဒီလိုနှင့် ဆရာမြ ကိုမောင်မိုးသူ၊ ကိုနေ၀င်းတို့ ကြုံရင် ကြုံသလို ဆုံကြပါတယ်။ အဲဒီ အချိန်တုန်းက ကိုနေ၀င်းရဲ့ အစ တက္ကသိုလ် စာပေတိုက်မှာ ဆရာမြရော မောင်မိုးသူပါ စာအုပ်တွေ ရေးနေကြတာ ဖြစ်ပါတယ်။ စကားစမြည်ဟာ အလွန် ကောင်းပါတယ်။ခုကျမှ စဉ်းစားမိတာက အဲဒီ စကား ၀ိုင်းတွေကို ကက်ဆက်တို့၊၊ ဘာတို့နှင့် အသံ ဖမ်းထားခဲ့ မိရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။ စကားဝိုင်းရဲ့ သဘောကတော့ ကိုယ်တစ်ယောက်ထဲ စကားတစ်လုံး ပြောသလို မဟုတ်ဘူးလေ။ တစ်ဖက်လူရဲ့ အတွေးအမြင် အယူအဆကိုလည်း ရတာ တူတာကို သဘောတူ မတူတာကို ငြင်းရ တာကိုး။ ဒီတော့ တိုးတက်မှု ရှိလှပါတယ်။
ဆရာမြနှင့် စကားစမြည် ပြောရတာ ကောင်းလှပေမယ့် တစ်ပွဲမှာတော့ မောင်မိုးသူ ငုတ်တုတ်ခံလိုက် ရဖူးပါတယ်။ ပွဲဖိတ်သူ ခရစ်ယာန် သာသနာပိုင်ချုပ် အင်ပရေ မြဟန်ခေါ် ကဗျာဆရာ မောင်ပေါက်ခန်းပါပဲ။ မောင်ပေါက်စည်ဟာ မောင်မိုးထက် ၆ နှစ်၊ ၇နှစ်လောက် ကြီးပေမယ့် မန္တလေး တက္ကသိုလ်မှာတုန်းက အတူနေ၊ အတူတွဲ အတူ စာရေးခဲ့ကြသူများ ဖြစ်လို့ အလွန် ရင်းနှီးသူ ဖြစ်ပါတယ်။ တစ်နေ့တော့ သူ့အိမ်မှာ အကျွေးအမွေး အစားအသောက် ပါသူက တာဝန်ယူပြီး ဖိတ်ပါတယ်။ စာရေး ဆရာထဲက မြသန်းတင့်၊ နတ်နွယ်ပါတယ်။ သူငယ်ချင်း ဖြစ်တဲ့ မောင်မိုးသူလည်း ပါတယ်ပေါ့လေ။ တခြား ခရစ်ယန် အသိုင်းအ၀န်းက ပညာ ရှင်တွေလည်း ဖိတ်ကြားလေတော့ ဆယ့်လေးငါးယောက် လောက်ရှိပါတယ်။ စကားစမြည် ပြောတာနှင့် ကမ္ဘာ့ စာပေအကြောင်း ဖြစ်လေတော့ သူတစ်လှည့် ကိုယ်တစ်လှည့် ပြောကြတာပေါ့လေ။
မောင်မိုးသူလည်း ၀င်ပြောတာပေါ့။အဲဒီ အချိန်မှာ သမိုင်းဆရာကြီး ဦးထွန်းအောင်ချိန်နှင့် သမိုင်း အကြောင်း စကားစပ် ရောက် သွားပါတယ်။ဆရာကြီး ဦးထွန်းအောင်ချိန်အာ မြန်မာနိုင်ငံရဲ့ အထိကရ သမိုင်းပညာရှင် တစ်ဦး ဖြစ်ပါတယ်။ ဆရာကြီး ဦးထွန်းအောင်ချိန်နှင့် ဆရာမြတို့ဟာ ရေပက် မ၀င်သမိုင်းဆရာ အကြောင်းအရာ တွေ ပြောကြပါတယ်။ မောင်မိုးသူလည်း ပါးစပ် အဟောင်းသားနှင့် နားထောင် သမားသက်သက် လုပ်နေရတာပေါ့။ သမိုင်းနှင့် ပတ်သက်ပြီး ဆရာ ဒေါက်တာသန်းထွန်းနှင့် ရင်းနှီး ချစ်ခင်တာက လွဲလို့ ဘာမှ မယ်မယ်ရရကြီး ဖတ်ထားမှတ်ထားတာ မရှိဘဲကိုး။
ဟိုးတစ်ခါက ဆရာကြီး ရွှေ ဥဒေါင်းရဲ့ဟောက်တာ ခံရဖူးတာ ပြေးသတိ ရမိပါတယ်။ဆရာကြီး ရွှေဥဒေါင်းရယ်၊ ဆရာဇော်ဂျီရယ်၊ မောင်မိုးသူရယ် ဆုံကြတုန်းက စကားတိုင်းမှာပါ စာပေ အကြောင်း၊ နိုင်ငံရေး အကြောင်းပြောရမှ မောင်မိုးသူ အာဘောင် အာရင်း သန်သန် ပြောသမျှ ဆရာကြီးတို့က သည်းခံ နားထောင်နေရာက ဘာသာရေး အကြောင်း အရာ ရောက်သွားချိန်မှာ မောင်မိုးသူက ဘာလဲ မသိပါဘူး တစ်ခွန်း ၀င်ပြောမိတာကို ဆရာကြီး ရွှေဥဒေါင်းက ဟေ့ကောင် ဘာသာရေး အကြောင်း မင်းဝင်မပါနဲ့ နား ထောင်ရင် နားထောင်၊ နားမထောင်ချင် မစိုးတို့နှင့် ဆီသွားဆိုပြီး ဟောက်လို့ မောင်မိုးသူ နားထောင်သမား သက်သက်ပဲ လုပ်နေ ခဲ့ရ ဖူးပါတယ်။ခုလည်း သမိုင်း အကြောင်းအရာ ဖြစ်လေတော့ မောင်မိုးသူ နားထောင်သမား သက်သက်ပဲ လုပ်ခဲ့ရကြောင်းပါ။
အဲ ဆရာမြနှင့် ပတ်သက်ပြီး ကြုံဖူး တာရှိပါတယ်။ တစ်ခါ ကိုဦးရဲ့ အခန်းမှာပါပဲ။ အဲဒီ အချိန်က ကိုဦးရဲ့ စန္ဒာ မဂ္ဂဇင်းမှာ ဆရာမြက စာတွေ အများကြီး ရေးနေတဲ့ အချိန် ဖြစ်ပါတယ်။ အခန်းထဲမှာ ကိုဦးရယ်၊ ဆရာ မြရယ်၊ မောင်မိုးသူရယ်၊ သုံးယောက်ထဲ သောက် စားပြီး စကားစမြည် ပြောနေ ကြချိန်မှာပါ။ ကိုဦးဆီက ကုလားလေး စိုးနိုင်က ဆရာမြတို့ စန္ဒာထဲမှာ ပါတဲ့ စာမူခများကို ရှင်း ပေးနေပါတယ်။ မောင်မိုးသူတို့လည်း ဒီအတိုင်း ဘာသာလ၀ါ နေလိုက်တော့ ပါပဲ။ အဲဒီအချိန်မှာ စိုးနိုင်က “ဆရာမြ၊ ဆရာမြ မေမေ လှိုင် စာမူခ ကျန်သေး တယ်ခင်ဗျ” လို့ ပြောတော့တာကိုး။
အဲဒီဆရာမြက“ဒီကောင်ကွာ ဒီမောင်မိုးသူ ဆိုတဲ့ မောင်းကွဲကြီး ရှေ့မှာ အဲဒါကို လာပြောရသလားကွ။ သူက အားလုံးကို လျှောက် ပြောမှာလို့ မောင်မိုးသူကို ပုတ်ခတ်ပါတယ်။ မောင်မိုးသူကလည်း မခံပါဘူး။
“ဒီမယ် ဆရာမြ အဲဒီလို မပြောပါနဲ့ မောင်မိုးသူက အင်မတန်မှ နှုတ်လုံပါတယ်။ စိတ်ချ။ ကဲ မောင်မိုးသူ လျှောက်ပြောတဲ့ လူတွေ က နှုတ်မလုံရင်တော့ မတတ်နိုင်ဘူး”လို့ ပြောတာကိုး ဆရာမြက ရယ်မောပြီး အဲဒါကြောင့် ပြောတာ ဆိုပြီး ရှက်ပြုံး ပြုံးပါတယ်။
ဆရာမြက စန္ဒာမှာ မေမေလှိုင် ဆိုတဲ့ ကလောင် နာမည်နှင့် ဆိုဖီယာ လောရင်းရဲ့ အလှအပ ကြောင်းလား မသိပါဘူး။ ဘာသာပြန် ရေးပေးနေတာ မောင်မိုး သူရဲ့ ရှေ့မှာဆိုတော့ ရှက်သွားပြီး ပြောတာပါပဲ။ အခုတော့ ဆရာမြရဲ့ စာစုစာရင်း ဆိုတဲ့ စာအုပ်ကြီး တစ် အုပ် စာစု စာရင်းကိုက လုံးချင်း စာတစ်အုပ် ထုတ်လောက်အောင် စာထူကြီးပါ။ ရေးခဲ့တဲ့ စာတွေကလည်း များမှ များပါပဲ။ ကလောင် နာမည်တွေကလည်း အများကြီးနှင့် ရေးခဲ့ သူဖြစ်ပါတယ်။ အဲဒီ ကလောင် နာမည်တွေထဲမှာ “မေမေလှိုင်”လည်း ပါနေ ပြီဖြစ် လေတော့ စာဖတ် ပရိသတ်တွေပဲ နှုတ်လုံဖို့ ပါတော့တယ်။ မောင်မိုးသူကတော့ နှုတ်လုံပြီးသားပါ။ ဆရာမြ အကြောင်း တွေက ရေးစရာ အများကြီး။
မောင်မိုးသူ
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်