Thursday, December 10, 2009

0 Facebook အဖွဲ့ဝင်အတွက် ဒေါ်စုလွတ်မြောက်ရေးကန်ပိန်း Chryler ကားကုမ္ပဏီက စီစဉ်ပေးမည်

ဝီရ (nej)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထောက်ခံအားပေးသည့်အနေဖြင့် Facebook အဖွဲ့ဝင်တို့၏ ကိုယ်ရေးဓာတ်ပုံအစား ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ မနက်ဖြန်တွင် အလိုအလျောက် အစားထိုးပေးမည်ဖြစ်၍ ပါဝင်ဆင်နွှဲကြရန် အမေရိကန်ကားကုမ္ပဏီ chrysler က ၎င်းတို့၏ ဝက်ဘ်ဆိုက် စာမျက်နှာများတွင် ကြော်ငြာထားသည်။

“လွတ်လပ်ခြင်းအတွက် Facebook စာမျက်နှာတွင် သင့်မျက်နှာဖြင့် တဖက်တလမ်းမှ ပါဝင်ဆင်နွှဲကြရန်” တိုက်တွန်းထားပြီး ပါဝင်လိုသူတိုင်း၏ ကိုယ်ရေးဓာတ်ပုံအား ဒေါ်အောင်ဆန်းစုကြည်အတွက် အရင် လှူဒါန်းရမည်ဖြစ်ပြီး ယနေ့အထိ ပါဝင်ဆင်နွှဲသူပေါင်း (၁,၁၀၀) ကျော်ရှိပြီဖြစ်သည်။

ဆင်နွှဲလိုသူများအနေဖြင့် http://www.yourfaceforfreedom.org/ (သို့မဟုတ်) http://www.chrysler.com/en/ စာမျက်နှာမှတဆင့် ဝင်ရောက်နိုင်ပြီး ပါဝင်လှူဒါန်းသူတို့၏ ဓာတ်ပုံကိုလည်း အဖြူအမဲပုံအဖြစ် အရောင်ပြောင်းလဲ ပေးမည်ဖြစ်ပြီး မိမိအမည်နှင့်တကွ ထိုဝက်ဘ်ဆိုက်တွင် ဖော်ပြပေးမည်ဖြစ်သည်။

အမေရိကန် Chryler ကားကုမ္ပဏီသည် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုထားသည့် ၎င်းတို့၏ ကားကြော်ငြာကို ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်ပြသခဲ့ပြီး youtube စာမျက်နှာများတွင် ပြသထားသည့် အဆိုပါကြော်ငြာအား တပတ်အတွင်း လာရောက်ကြည့်ရှုသူပေါင်း (၁၃,၀၀၀) ကျော် ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်စူး၍ ပြသထားသည့် Chrysler 300 Sedan ကားကြော်ငြာသည် လွန်ခဲ့သည့် နိုဝင်ဘာ (၁၀-၁၁) ရက်များက ဘာလင်တွင် ကျင်းပပြီးစီးသွားသည့် (၁၀) ကြိမ်မြောက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုဘယ်လ်ဆုရှင်များကို အခြေခံထားပြီး မိမိတိုင်းပြည်တွင် အကျဉ်းကျနေသည့် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာနိုင်ခြင်း မရှိကြောင်းကို သရုပ်ပြထားသည်။

အဆိုပါကြော်ငြာတွင် နိုဘယ်လ်ဆုရှင်များဖြစ်သည့် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၊ ပိုလန် သမ္မတဟောင်း Lech Walesa ၊ ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးလ် ဂေါ်ဘာချော့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မိုဟာမက် ယူနွတ်တို့က ဆွေးနွေးပွဲသို့ Chrysler ကားနက်များဖြင့် တယောက်ပြီးတယောက် ရောက်ရှိလာပြီးနောက် Chrysler ကားအဖြူရောင်တစီးက ဘာလင်တံတိုင်းကို ဖောက်ကာ အုတ်နံရံများက ဂျိုးဖြူအဖြစ် ပြောင်းလဲသွားကြပြီး ခန်းမရှေ့သို့ ရပ်နားကာ တံခါးဖွင့်လိုက်ချိန်တွင် နောက်ခန်း၌ စီးသူမဲ့နေသည်ကို ပြသထားပြီး “ရွေးချယ်ခြင်းခံထားရသော မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်သည်” ဟူသော နောက်ခံအသံပါ စာတမ်းဖြင့် အဆုံးသတ်ထားသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.