Thursday, December 10, 2009

0 သတင်းစာဆောင်းပါးတစောင်နဲ့ပတ်သက်ပြီး ဦးဝင်းတင်စိတ်ပျက်

(rfa)


ဒီကနေ့ ဒီဇင်ဘာလ ၉ ရက် ဗုဒ္ဓဟူးနေ့ထုတ် စစ်အစိုးရသတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစောင်နဲ့ပတ်သက်ပြီး စိတ်ပျက်မိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဝင်းတင်က ပြောပါတယ်။

ဒီကနေ့ထုတ် စစ်အစိုးရသတင်းစာတွေထဲမှာ ဆောင်းပါးရှင် ချမ်းမြအေး ရဲ့ 'စိတ်ရင်း စေတနာ မှန်ကန်ပြီး ရိုးသားမယ်ဆိုရင်' ဆိုတဲ့ဆောင်းပါးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆီကို ဒေါ်အောင်ဆန်းစုကြည် ပေးပိုခဲ့တဲ့ ပေးစာနှစ်စောင်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ဟာ မရှိုးသားတဲ့ သဘောထားနဲ့ မီဒီယာကို အသုံးချပြီး ရည်ရွယ်ချက်ရှိရှိ ကြိုတင်အကွက်ချ စီစဉ်ခဲ့တာ ဖြစ်ကြောင်း၊ ကိုယ့်ဖက်ကို အကောင်းဖြစ်အောင်သာ ပြချင်တဲ့သဘောနဲ့ တမင် မရိုးမသား ပြုခဲ့တာ ဖြစ်ကြောင်း ရေးသားထားပါတယ်။ဒီဆောင်းပါးနဲ့ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ခုလို ပြောပါတယ်။

ဦးဝင်းတင်။ ။ “ဘာပဲပြောပြော၊ ကျွန်တော်တို့ဖက်ကနေပြီးတော့ အပြုသဘောနဲ့ ကမ်းလှမ်းတဲ့အတွက် အပြုသဘောဆောင်တဲ့ ပြန်ကြားချက်မျိုး ကျွန်တော်တို့ မျှော်လင့်တယ်။ ဒါအမှန်ပဲ။

ဒေါ်အောင်ဆန်းစုကြည် ပြောသလို တိုင်းပြည် အကျိုးရှိရာ ရှိကြောင်းအတွက် ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်လို့ ပြောသလိုပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း တိုင်းပြည် အကျိုးရှိရာ ရှိကြောင်းအတွက် တုံ့ပြန်ဆောင်ရွက်ချင်ပါတယ် ဆိုတဲ့ စေတနာရင်းကိုပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ်ဆိုတောင် ကျွန်တော် ပြောခဲ့ဖူးပါတယ်။ အဲဒီ စိတ်ကောင်းစေတနာကောင်းကို ကျွန်တော်တို့ မျှော်လင့်နေတဲ့အချိန်မှာ အခုလို အစိုးရသတင်းစာကနေပြီးတော့ ချမ်းမြအေး စာမျိုး ထွက်လာတဲ့အခါကျတော့ ကျွန်တော်တို့ အမှန်အတိုင်း ပြောရရင် အလွန်ကို စိတ်ပျက်ပါတယ်။ သို့သော် ကျွန်တော်တို့ စိတ်ပျက်တယ် ဆိုပေမယ်လို့ အားမလျှော့သေးဘူး၊ ဒါအတွက် ကျွန်တော် အလားအလာကောင်းတွေ ကျွန်တော်တို့ မျှော်လင့်နေသေးတယ်ဆိုတာကို ကျွန်တော်တို့ ပြောချင်ပါသေးတယ်။”အလားတူ မနေ့က ဒီဇင်ဘာလ ၈ရက် အင်္ဂါနေ့ထုတ် Bangkok Post သတင်းစာ မှာလည်း ဦးပရော်ဖက်ဆာ (U Professor) ကလောင်အမည် နဲ့ ရန်ကုန်မြို့နေ သတင်းစာဆရာနဲ့ သုတေသီတဦး ရေးသားတယ်ဆိုတဲ့ ဆောင်းပါးတစောင် ပါရှိခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘာလိုချင်တယ်ဆိုတာ သိဖို့လိုကြောင်း၊ တကယ်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လိုချင်တာဟာ စီးပွားရေး ပိတ်ဆို့ထားတာကို ပြန်လည် ရုပ်သိမ်းတာလည်းမဟုတ်၊ ရွေးကောက်ပွဲလည်း မဟုတ်ကြောင်း၊ သူတကယ်လိုချင်တာဟာ သူ့ရဲ့လုံခြုံရေး စိတ်ချရဖို့သာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ဒါကို တရားဝင် ထုတ်ဖော်ပြောဆိုမှာတော့ မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အနေနဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မနေသင့်ကြောင်း ရေးသားထားပါတယ်။ဒီသတင်းစာဆောင်းပါးတွေနဲ့ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ သဘောထားအမြင်တွေကို တင်ပြထားပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.