Friday, December 17, 2010

0 ဒု-ပင်လုံညီလာခံ၊ ဒေါ်စုနှင့်အပြန် အလှန်မေးဖြေ


(သျှမ်းသံတော်ဆင့်)
သျှမ်းတေးသံရှင် ဆခဟဟာ တော်လှန်ရေးသမား တယောက်ဖြစ်သလို လက်ရှိမှာ သျှမ်းသံတော်ဆင့် သတင်းစဉ်ရဲ့ လက်ထောက် အယ်ဒီတာလဲဖြစ်ပါတယ်။ သူ့ရဲ့ ဒေါ်စုလွတ်လပ်မှုသင်္ကေတ ဆိုတဲ့သီချင်းကို ဒီရက်ပိုင်းမှာ RFA ကနေ မကြာခဏ ထုတ်လွှင့် ပေးတာ သောတရှင်များ မှတ်မိကြမှာပါ။


ဒေါ်စုအတွက် သျှမ်းတော်လှန်ရေးသမားတယောက်ရဲ့မေးခွန်းက ဒီလိုပါ။

မေး။ ။လေးစားအပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကျနော်တို့မေးချင်တာက ဒေါ်စုပြောတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ကျနော် တို့တိုင်းရင်းသားတွေကလဲ အားလုံးဝိုင်းပြီး ကြိုဆိုထောက်ခံကြတယ်။ မျှော်လင့်ကြတယ်။ ဒါကြောင့် (၁) ၂၁ ရာစုပင်လုံ ညီလာခံစီစဉ်နေတာ ဒေါ်စုအဖို့ ဘာအဓိကအခက်အခဲတွေရှိမယ်ထင်သလဲ၊ (၂) ကျနော်တို့ သျှမ်းသံတော်ဆင့်သတင်းစဉ် Shan Herald and Agency for News အပါအ၀င် ပြည်ပတိုင်းရင်းသား မီဒီယာတွေက ဘာတွေ ဘယ်လိုကူညီနိုင်မလဲ။ ဘယ်လို ပံ့ပိုး သင့်တယ် လို့ထင်လဲ။ (၃) လက်နက်ကိုင် အပစ်ရပ် တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုထည့်သွင်းစဉ်းစားမလဲ။ ဘယ်လိုဆက်စပ်မှုရှိနိုင်မလဲ။ အဲဒါတွေကို သိချင်မေးချင်ပါတယ်။
ဖြေ။ ။၂၁ ရာစုပင်လုံညီလာခံကိုတိုင်းရင်သားတွေက ကြိုဆိုကြတယ်။ ထောက်ခံကြတယ်။ ၀ိုင်းဝန်းပံ့ပိုး ချင်ကြတယ် ဆိုတာ ကြားရတော့ အင်မတန်မှ အားတက်ရပါတယ်။ ၂၁ ရာစု ဒုတိယပင်လုံညီလာခံ/ ဒုတိယပင်လုံ ကိုစီစဉ်ရာမှာ အကြီးမားဆုံး အခက် အခဲကတော့ နားလည်မှုလွဲမှားနေကြခြင်းဖြစ်ပါတယ်။ဒုတိယပင်လုံညီလာခံ ကိုဦးတည်တာဟာ ထိပ်တိုက်ရင်ဆိုင်မှု လမ်းစဉ် ဖြစ်လို့ အင်မတန် အန္တရာယ်များတယ်လို့ထင်နေတဲ့လူတွေ လည်းရှိပါတယ်။ ကျမတို့ရဲ့ရည်ရွယ်ချက်က အမျိုးသား ရင်ကြားစေ့ရေး ၊ ပြည်တွင်းပဋိပက္ခတွေချုပ်ငြိမ်းစေဖို့ ပြည်ထောင်စုသဘောတရားတွေကို အသေအချာ နားလည်ပြီး ပြည်ထောင်စုစိတ်ဓါတ်တွေခိုင်မာသန်စွမ်းစေဖို့ ဘဲဖြစ်ပါတယ်။

ဒီနားလည်မှုလွဲမှားခြင်းဆိုတဲ့အခက်အခဲကို ကျော်လွှားနိုင်ဖို့ သျှမ်းသံတော်ဆင့်အပါအ၀င်မီဒီယာ အဖွဲ့တွေ က အများ ပြည်သူ နားလည်အောင်ဝိုင်းဝန်း ရှင်းလင်းပေးမယ်ဆိုရင်တော့ ကျမတို့အတွက် အများကြီး အထောက်အကူပေးမှာ ပါ။ ကျမတို့ဟာ တိုင်းရင်းသား အားလုံးကိုပြည်ထောင်စုသားတွေ အဖြစ်ခိုင်ခိုင်မာမာ ရပ်တည်စေချင်တာမို့လက်နက် ကိုင် အပစ်ရပ်တွေကိုလည်း ၂၁ ရာစုပင်လုံညီလာခံ ဖြစ်မြောက်အောင် ယုံယုံကြည်ကြည်နဲ့ ပါဝင်ကူညီကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

ဒါကတော့ သျှမ်းတော်လှန်ရေးသမားတယောက်ရဲ့မေးခွန်းတွေကို ဒေါ်စုဖြေကြားသွားတာပါ။

------------------------------
ထိုင်းနယ်စပ်တနေရာမှာ နေထိုင်တဲ့ ပလောင်တော်လှန်ရေးသမားတယောက်ဖြစ်တဲ့ အမိုင်အိုက်ဖုန်းကလဲ ဒေါ်စုကိုခုလို မေးမြန်းထားပါတယ်။


မေး။ ။ ကျနော့်နာမည် မိုင်အိုက်ဖုန်းလို့ခေါ်ပါတယ်။ ကျနော့်မိခင်အဖွဲ့အစည်းက PSLF ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦးဖြစ်ပါတယ် ။ ကျနော်ဥက္ကဌအဖြစ်နဲ့ တာဝန်ယူနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်လွတ် လာတာ အများကြီးဝမ်းသာ တယ်။ အားလည်းအားရတယ်။ ကျနော်မေးချင်တာကတော့ ဗမာပြည်နိုင်ငံရေးပြသနာ ကိုဖြေရှင်းနိုင်ရေးအတွက် သုံးပွင့်ဆိုင်ဆွေး နွေးရေးအပေါ်မှာ ဆက်လက်ပြီးတော့်ဆောင်ရွက်ဖို့အစီအစဉ်ရှိသလား။ အားလုံးပါဝင်နိုင်တဲ့ အနေအထားအခင်းအကျင်းတွေ စီစဉ်ဖို့ရှိပါသလား လို့မေးချင်ပါတယ်။

ဖြေ။ ။ ကျမတို့ကို တိုင်းရင်းသားက ကြိုဆိုတယ် အားပေးတယ်ဆိုလို့ရှိရင်အစဉ် အမြဲဘဲဝမ်းသာ လျက်ပါ။ ကျမတို့လဲ တိုင်း ရင်းသားများ ပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေဖြစ်ဖို့ဆိုတာ နိုင်ငံအတွက်အဓိကကျတဲ့ကိစ္စ တခုဖြစ်တယ်လို့အမြဲဘဲစွဲကိုင်ထား တာမို့ ဒီအတိုင်းဘဲ ဖြစ်မြောက်အောင်ဆက်ပြီးတော့ ကြိုးစားလုပ်သွားမှာပါ။ ဘယ်တော့မှတိုင်းရင်းသားတွေကို ချန်ခဲ့ပြီးတော့မှ ကျမတို့သွားမှာမဟုတ်ပါဘူး။ ပြည်ထောင်စုတခုမှာဆိုရင် တိုင်းရင်းသားတွေကိုချန်ပြီးတော့ နိုင်ငံရေး အဖြေရှာဖို့ဆိုတာ ဘယ် တော့မှ မဖြစ်နိုင်ပါဘူး။ အဲတော့ ကျမတို့ဟာ တတ်နိုင်သမျှ အများပါဝင်နိုင်တဲ့ အခင်းအကျင်းတခုအမြန်ဆုံး ဖြစ်နိုင်စေဖို့ ကြိုး စားနေပါတယ်ဆိုတာကိုတော့ ယုံကြည်စေချင်ပါတယ်။ အဲလိုအခင်းအကျင်းတခုဖြစ်ပေါ်ဖို့လဲ အားလုံးကနေ ၀ိုင်းပြီးတော့ ကူညီ ပေးကြပါလို့လဲ မေတ္တာရပ်ခံပေးချင်ပါတယ်။

-----------------------------------
ဒုတိယပင်လုံညီလာခံနဲ့ပါတ်သက်ပြီးနယ်သာလဲန်အခြေစိုက်ကိုဌေးဌေးကလဲ မေးထားပါတယ်။ သူက NLD အဖွဲ့ဝင် ဟောင်းတ ယောက်ပါ။

မေး။ ။ ဒေါ်စုခင်ဗျား။ ကျနော်ဟာ တချိန်က လှိုင်မြို့နယ် NLD အဖွဲ့ဝင်ဟောင်း ဖြစ်ပါတယ်။ အန်တီတို့ ဗမာပြည်တွင်းမှာ ပင်လုံညီလာခံပြန်လည်အကောင်အထည်ဖော်ဖို့ ကြိုးစား နေတာဝမ်းသာပါတယ်။ ထို့အတူ ပြည်ပရောက်နေတဲ့ တိုင်းရင်းသား အဖွဲ့၊ မြန်မာပြည်အရေးဆောင်ရွက်နေတဲ့ ပြည်သူ/သားအတွေအတွက်လည်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဒေါ်စုအနေနဲ့လုပ်ငန်းစဉ် လေးတခု ချပေးနိုင်ရင်ပိုမိုပြီးကောင်းမွန်မလားလို့ အန်တီ့ဆီ အကြံဥာဏ်တောင်းခြင်းဖြစ်ပါတယ်။ အန်တီပြန်လည် စဉ်းစားပြီး တော့ ၀ိုင်းဝန်း လုပ်နိုင်ကြဖို့လုပ်ငန်းစဉ်လေး တခုလောက် ချမှတ်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

ဖြေ။ ။ စောစောက သျှမ်းသံတော်ဆင့်အဖွဲ့ကိုပြောတဲ့အတိုင်းဘဲ။ အန်တီတို့ရဲ့ ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် ဆိုတာ နားလည်မှုလွဲမှားတာကိုပပျောက်သွားအောင် ၀ိုင်းပြီးတော့ ကူညီနိုင်ကြမယ်ဆိုရင် အကောင်းဆုံးပါဘဲ။ ဒီလို ၂၁ ပင်လုံ ညီလာခံတခုခေါ်တာဟာ အမျိုးသားရင်ကြားစေ့ရေး အတွက် ဖြစ်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်ရဖို့မဟုတ်ဘူးဆိုတာကို အများက ရှင်းလင်းသိရှိအောင် ၀ိုင်းပြီးတော့ ကူညီပေးစေချင်ပါတယ်။ ဖက်ဒရယ်ဆိုတဲ့ အဓိပါယ်ကိုသိအောင် ၊ မကြောက်ကြ အောင်လို့ ပြည်ထောင်စုဆိုတဲ့ အဓိပါယ်ကိုသိအောင်၊ ပြည်ထောင်စုစိတ်ဓါတ်မွေးနိုင်အောင်လို့ ပြည်ပရောက်နိုင်ငံသူ/ နိုင်ငံသားများကြိုး စားပူးပေါင်းဆောင်ရွက်ပေး နိုင်ကြမယ်ဆိုရင် အန်တီတို့အတွက် အများကြီးအထောက်အကူပြုမှာပါလို့ပြောပါရစေ။
(www.mongloi.org/)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.