ယနေ့ကာလမှာမြန်မာပြည်ရဲ့အခြေအနေကိုဒီစာတန်းတွေကနေ တူးဖေါ်ကြည့်ရင်တောင်တွေ့ရမှာပါ။ ရာထူးအာဏာအတွက် ဒီလိုအခန်းတွေထဲမှာမြန်မာလူမျိုးတစ်ယောက် က မြန်မာလူမျိုးတစ်ယောက်ကိုနှိပ် စက်ခဲ့တယ်။သတ်ဖြတ်ခဲ့ပါတယ်။
စစ်ကြောရေးကိုလှည့်ပတ်နည်းတွေကို လက်ဆင့်ကမ်း တစ်ယောက်ထဲကြိတ်မခံ ပဲဖြန့်ဝေ ၊ နံရံပေါ်မှာပဲ အခွင့်အရေးရသူက နံရံပေါ် ၊ စာရွက်ပေါ်မှာအခွင့်အရေးရသူက စာရွက်ပေါ်၊ အင်တာနက်ပေါ် အခွင့်အရေးရသူက အင်တာနက်ပေါ် သူတို့ ရဲ့ရက်စက် ယုတ်မာမှုတွေကို ချပြ။ ဒီယုတ်မာမှုကို ကျော်ဖြတ်နည်းတွေရှာဖွေပြ ရင် ကြုံတွေ့ရတဲ့သောကတွေဟာ အလဟဿမဖြစ်တော့ပါဘူး။
အရှင်ဇ၀န
အဖြစ်အပျက်တွေကို အားလုံးတစုတည်းပြောဖို့မစွမ်းပေမယ့် တခုစီကိုတော့မှတ်မိသမျှ ပြောပြချင်မိတာကတော့အမှန်ပါ။
လူရှင်တို့ မြှုပ်နှံရာသချိုင်းအဖြစ် ဝိဂြိုဟ် ပြုကြပေမယ့် ဒီသချိုင်းထဲမှာ အားမာန်တွေနဲ့ရပ်တည်ခဲ့ပုံ။ တုံးအ သွားအောင် သူတို့ ရက်ရက် စက်စက် ပြုလုပ်ခဲ့ပေမယ့် ချွန်မြအောင်မိမိတို့ အားထုတ်ခဲ့တာတွေက စစ်အာဏာရှင်တို့ကို မင်းတို့ထင်ထားသလို ငါတို့တွေ ဖြစ်မသွားဘူးလို့ တုံ့ပြန်ပြလိုက်တာတွေပါ။
တကယ်ကတော့ လူသားမဆန်စွာဆိုတဲ့ စကားလုံးထက် ပိုပြောင်မြောက်တဲ့ စကားလုံးကို ဆရာကြီးဦးဝင်းတင် သုံးပြသွားပါတယ်။ လူမဆန်စွာ တိရစ္ဆာန်မဆန်စွာ တိရစ္ဆာန်ထက် ဆိုးယုတ် စွာလို့ဆရာကြီး သုံးပြသွားပါတယ်။
တကယ်က ရက်ပေါင်းငါးထောင်ရှစ်ရာကျော် နေထိုင်ခဲ့သူတစ်ယောက်မှာပြောစရာတွေက ရာနဲ့ထောင်နဲ့မက ရှိနေရမှာပါ။
အချိန်ကာလရဲ့ ဝါးမြိုမှူ သောက တို့ရဲ့နင်းချေခံရမှုတွေက အဖြစ်အပျက်တော်တော်များများ ကိုမေ့ပျောက် စေခဲ့ပါတယ်။အမှောင်ခေတ်မှာထောင်ဆိုတာ သူရဲကောင်းတို့ရဲ့ပြတိုက်ဆိုတာကို သဘောတူပါတယ်။
ဒီလိုပြောလိုက်လို့မိမိကိုယ်ကို ဂုဏ်တင်သလိုဖြစ်ခဲ့ရင် ကြွားဝါသူတယောက်ဖြစ်သွားမှာပါ။တကယ်က စာရေးသူဟာ သတ္တိကြောင်သူ တစ်ဦးပါသူရဲကောင်းဆိုတဲ့စကားလုံးနဲ့ လားလားမျှ ထိုက်တန်သူမဟုတ်ပါဘူး။
ဒီလိုမထိုက်တန်တဲ့စကားလုံးကို ဘာလို့များသုံးလိုက် သလဲလို့မေးခဲ့ရင် ကိုယ်က သူရဲကောင်းမဟုတ်ပေမယ့် ကိုယ့်ရှေ့ က ရင်ဆိုင်ပြသွားသူတွေကြောင့် အခွင့်အရေးတွေ မဆုံးရှုံးခဲ့ရတာတွေရှိခဲ့ပါတယ်။ငါတို့တွေဒီလိုနေထိုင်မှ ဖြစ်မယ် ဆိုတဲ့အသိက ကြောက်ကြောက်နဲ့ လူတစ်ချို့ကိုသူရဲကောင်းဖြစ် စေခဲ့ပါတယ်။
ကိုယ် အလှည့်ရောက်တဲ့အခါမှာ ကြောက်စိတ်တွေမွှန်ထူနေပေမယ့် ဒရွတ်တိုက်လိုက်ပါပြီး အကြောက်ဆုံးသူရဲ ကောင်းတွေဖြစ်စေခဲ့ရပါတယ်။ခုဒီစာစုလေးကိုရေးဖို့စိတ်ကူးတဲ့အခါ တချို့ကိစ္စတွေဟာ တဖြေးဖြေးပေါ်လာပါတယ်။
ထောင်ထဲမှာကတော့ နံရံ မှာ နားတွေရှိတယ်လို့ပြောကြပါတယ်။ ဒီစကား ကသူ့နေရာနှင့်သူတော့ ဟုတ်မှန်ပါလိမ့်မယ် ဒီထက်မက ဆိုချင်လို့ပါ။နံရံမှာ နားတွေတင်မက နံရံမှာဇာတ်လမ်းတွေပါရှိနေတယ်။
မျက်မြင်တွေ့လိုက်ရတဲ့အခါမှာဒီဇာတ်လမ်းတွေထဲက တောက်ခေါက်သံ အဲကြိတ်အံတွေကိုပါကြားလိုက်၇လို့ပါပဲ။ရှေးရှေးကပြောကြတဲ့ ဇာတ်လမ်းတွေထဲက ဇာတ်လမ်းတစ်ခုက ပေါ်လာပါတယ်။
ဘုရင်ကြီးဖွဲစားတဲ့ဇာတ်လမ်းပါ။ ဘုရင်ကြီးကသူဖွဲ ခိုးစားတာကို သိထားမြင်ထားတဲ့သူတစ်ဦးကို ခြိမ်းခြောက်ပြီး ဘယ်သူမှမပြောဖို့ တားမြစ်တဲ့ဇာတ်လမ်းပါ။ အောင့်ထား၇တာကြာတော့မနေနိုင်တော့ပဲ သစ်ခေါင်းထဲ ခေါင်းးထည့်ပြီး ဘုရင်ကြီးဖွဲတွေစားတယ်လို့ ရင်ဖွင့်ပါလေရော။
ရင်ဖွင့်သူကအောင့်ထာူးရတာတွေအံထုတ်လိုက်ရလို့ပေါ့သွားမှာပါ။ ဘုရင်ကြီးအတွက်စည်တော်ထုလုပ်ဖို့ ဒီအခေါင်းရှိတဲ့သစ်သားကိုရွေးပြီး ထုလုပ်တဲ့အခါ စည်တော်သံမထွက်ပဲ ဘုရင်ကြီးဖွဲတွေ စားတယ်လို့ အသံကြီးထွက်လာဒီတော့မှ ဆိတ်ကွယ်ရာမရှိဘူးဆိုတဲ့ အကြောင်း ဘုရင်ကြီးလက်ခံသွားတဲ့အကြောင်းကိုပါ။
ဒီနေ့ခေတ်ကြီးမှာ စစ်အာဏာရှင်တွေဟာ လူမဆန်စွာ တိရစ္ဆာန်မဆန်စွာ တိရစ္ဆာန်ထက်ဆိုးစွာ ရက်စက်ယုတ်မာ ခဲ့ကြ ပါတယ်။ဒီယုတ်မာမှုတွေကို ဘယ်သူကိုမှမသိစေချင်ကြပါဘူး။ သူတို့ဆိုးဝါးပက်စက်ခဲ့မှုကို လူမသိဖို့ ဖုံးကွယ်မှုအမျိုးမျိုးနဲ့ ဖုံကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။
ဒါပေမယ့်သူတို့ရဲ့ မတရားမှုကြီးဟာ တစ်ခုပြီးတစ်ခုဗူးပေါ်သလိုပေါ်လာခဲ့ပါတယ်။ မတရားမှုတစ်ခုပေါ်လာတိုင်း စစ်အာဏာရှင်တွေကိုချည်နှောင်ဖို့ ကြိုးတစ်ချောင်း ပေါ်ထွက်လာသလိုပါပဲ။
နံရံပေါ်မှာဇာတ်လမ်းတွေရှိပါတယ်။ လူမသိသူမသိပေမယ့်တကယ်ရှိခဲ့ပါ တယ်။ ဒီဇာတ်လမ်းတွေမှာ ကြည်နူးစရာမပါ ပါဘူး။
ဒီလိုဇာတ်လမ်းမျိုးတွေ အာဏာရှင် တွေရဲ့သက်တမ်းတလျှောက် အမြောက်အများ ဖြစ်တည်ခဲ့တာပါ။ ရေပတ်လည်ဝိုင်းနေတဲ့ နေရာမှာသွားထားခဲ့ ။ဒါပေမယ့်ကျွန်းတိုက်ပွဲဆိုတာဟာတက်ကြွသူတွေ နိုင်ငံရေးသမားတွေရဲ့စံပြုစရာ နမူနာယူစရာသင်ကြားစရာအဖြစ်ပေါ်ထွက်ခဲ့တာပါပဲ။
တံခါးတွေလုံအောင် ပိတ်ခဲ့။ဒါပေမယ့် ဘာလဲဟဲ့ လူ့ငရဲ ဆိုတာ ထွက်လာတာပါပဲ။
လူမသိစေချင်တဲ့ နအဖ စစ်အာဏာရှင်တွေအတွက်ဖေါ်ထုတ်ပေးမည့်သူတွေက ဒုနဲ့ဒေးပါ။
သူတို့ရဲ့လျှို့ဝှက်စီမံကိန်းကြီး တွေဟာ တခုပြီးတခု ရှေ့ကဖုံးလို့နောက်ကပေါ်တွေချည်းပါပဲ။ခုလဲ ဘယ်သူမှမသိစေချင်လို့သော့အထပ်ထပ်ခတ်ထားတဲ့ထဲကဇာတ်လမ်းတွေဟာ တခုပြီးတခုထွက်ပေါ်လာပါပြီ။ဒီလို သော့ခလောက်တွေရဲ့နောက်ကွယ်က ဇာတ်လမ်းတွေကိုသာ တစုတစည်းထဲ စုလို့ ရခဲ့ရင် မဆုံးနှိုင်တဲ့ အံကြိတ်သံ တောက်ခေါက်သံတွေကိုကြားကြရမှာပါ။
စစ်ကြောရေးဆိုတာ တကယ်က ငရဲခန်းပါ။ ဒီငရဲခန်းထဲရောက်ခဲ့ရက်တွေထဲက မှတ်မိသမျှလေးတွေရှိနေပါတယ်။
ရေးမှာက ကိုယ့်အကြောင်းမဟုတ်ပါဘူး။ကိုယ်ကြုံတွေ့ခဲ့သမျှတွေထဲက ဇာတ်လမ်းတွေကိုရေးမှာပါ။စစ်ကြောရေးခန်းမှာ အထောင်းအထု ခံပြီးတော့ အချုပ်ခန်းထဲပြန်ပို့ပါတယ်။ အိပ်မပျော် နေမထိ ထိုင်မသာ ဖြစ်နေတော့ ထလမ်းလျှောက်ပါတယ်။
ရေနံချေးဝနေတဲ့ သစ်သားတန်းတွေပေါ်က စာတန်းတွေက လူကိုဆွဲဆောင်ပါတယ်။ရေးတဲ့သူက သူ့ခံစားချက်တွေကိုရေးထားတာပါ။ ကိုယ့်ရဲ့ခံစားချက်ကိုထုတ်ဖေါ်ဖို့ဆိုတာလူတိုင်းလုပ်ချင်တဲ့ကိစ္စပါ။
ဒါဟာလူသားတွေရဲ့မွေးရာပါအခွင့်အရေးလို့တကမ္ဘာလုံးကသဘောတူလက်ခံထားတာပါ။ဒီအခွင့်အရေးကိုပိတ်ပင်သူတွေကတော့ လူကို လူလိုမနေစေချင်သူတွေဖြစ်ပါနေတာပါ။ဘယ်လိုပဲပိတ်ထားပိတ်ထား လူကတော့၇တဲ့နေရာကနေ လူဟာသူရဲ့ခံစားချက်ကိုဖွင့်ထုတ်မှာပါပဲ။
ခုလဲငရဲခန်းထဲကခနအနားရလာတဲ့ သူတွေဟာ ဒီနံရံထက်မှာ နှီးစ ဖျာစလေးတွေနဲ့ သူတို့ရဲ့ ဝေဒနာတွေကို အံထုတ်ထားကြပါတယ်။ ဒီတော့မှကိုယ့်ရှေ့က ရောက်နှင့်နေကြသူတွေရဲ့ဖြတ်သန်းသွားခဲ့မှုတွေကို သဘောပေါက်လိုက်ရတယ်။
အံထုတ်စရာရှိအံထုတ်လို့ရတဲ့နေရာဟာ ရှိပြီသားဆိုတာကိုပါတွေ့မြင်လိုက်ရတယ်။ တချို့ကတော့ နာမည်နဲ့ ရောက်တဲ့ရက်လောက်ပဲ ရေးထိုးထားကြတာပါ။
တချို့ကတော့ ရင်ထဲက ပွင့်လာတဲ့ စကားတွေဖြစ်နေတာတွေ့ရတယ်။ မြန်မာအချင်းချင်းဘာလို့ဒီလောက် ရက်စက်ရတာ လဲ လို့ ရေးထားတဲ့ဟာတန်းမျိုးကြတော့ စာလုံးလေး ဆယ့်လေးလုံးလောက်ပေမယ့် ဖတ်ရသူ၇င်ထဲက အသည်းတွေကို အပ်နဲ့လာအထိုးခံရသလိုကို ဖြစ်သွားစေတယ်။
ယနေ့ကာလမှာ မြန်မာပြည်ရဲ့အခြေအနေကို ဒီစာတန်းတွေကနေတူးဖေါ်ကြည့်ရင်တောင်တွေ့ရမှာပါ။ရာထူးအာဏာအတွက် ဒီလိုအခန်းတွေထဲမှာမြန်မာလူမျိုးတစ်ယောက် က မြန်မာလူမျိုးတစ်ယောက်ကိုနှိပ် စက်ခဲ့တယ်။သတ်ဖြတ်ခဲ့ပါတယ်။
သတ်တဲ့သူတွေကတော့ သူတို့ရဲ့ရာထူးအာဏာတည်မြဲရေးအတွက် သတ်ကြတာပါ။ အသတ်ခံရသူတွေကကော အသတ်ခံရသူတွေကတော့ ကိုယ်ကျိုးစီးပွားဆိုတာလုံးဝကိုမပါပါဘူး။
ငါဒီလိုပေးဆပ်လိုက်ရလို့ ဒုက္ခရောက်နေသူတွေ ဒုက္ခတွင်းထဲက ဆွဲထုတ်ပေးတဲ့ကိစ္စကို လုပ်နေတာလို့ကိုယုံကြည်ထားကြတာပါ။
တချို့ကအိမ်အလွမ်းစိတ်တွေကို ဖွင့်ထုတ်ထားကြတယ်။ တချို့ကတော့မကြာခင်အချိန်ပိုင်းလေးကမှ ထုထောင်းလွတ်လို့ ခံလာရတဲ့ဝေဒနာကကိုယ်ပေါ်ကနေ နံရံပေါ်ရွှေ့ထားကြတယ်။
“ ဟေ့ မင်းတို့ကိုတသက်မကြေဘူးကွ” အံကြိတ်သံတွေကိုပါကြားလိုက်ရသလိုပါပဲ၊
ဒီစာတန်းကိုရေးထိုးသွားတဲ့ ရဲဘော်ဟာ သူ့ရဲ့နာကျင်မှုတွေကို နောက်တစ်ယောက်ကိုကြားအောင် အော်လိုက်နှိုင်ပါတယ်။
အတိတ်ဆိတ်ဆုံးစကားလုံးတွေက အကျယ်လောင်းဆုံးသော မြည်ဟိန်းသံကို ပေးလိုက်ပါတယ်။
ခုဒီ ရဲဘော်ရဲ့ တောက်ခေါက်သံကို နောက်တစ်ယောက် ပြီး နောက်တစ်ယောက်ကြားအောင်ခု လုပ်လိုက်နှိုင်နေပါပြီ။
ဆရာကြီးဦးဝင်းတင်ရဲ့ စာအုပ်ဖတ်ပြီးတော့ ရလာတဲ့ အသိတစ်ခုရှိတယ်။ ထောင်ဝင်စာခန်းထဲချောင်ကြိုချောင်ကြားကတွေ့တဲ့ စာရွက်စလေးက ရတဲ့ အမြင်တစ်ခုကို ဆရာကြီးက လက်တွေ့အသုံးချပြသွားတယ်။
ကိုယ့်ခံစားချက်ကို စာရွက်တစ်ပေါ်မှာရေး နောက် တနေရာမှာချထားခဲ့ ကိုယ်လို ဘဝတူတစ်ယောက်ယောက်က တွေ့လို့ ဖတ်မိသွားရင် ကိုယ်ံရဲ့ရည်ရွယ်ချက်အောင်မြင်တယ်။ဒီအသိအမြင်သာ စောစော ထောင်မကျခင်ကသိရှိခဲ့ရင် ဒီနံရံမှာ စာတန်းတွေ အများးကြီးရေး ခဲ့မိမှာပဲ။
ဒါပေမယ့်  ရှေ့ကလူတွေလို စာတန်းလေးတချို့ကိုတော့ရေးထားခဲ့နှိုင်ပါတယ်။ ကဗျာလေးတချို့နဲ့ ဒဏ်ရာတွေကို ဖြေပါတယ်။ သူတို့က သူတို့သမိုင်းကို ကြိမ်လုံးကိုင် ကျင်စက် ကိုင်ပြီး ရေးထိုးနေကြသလို ကိုယ်တွေကလည်း ကိုယ့်သမိုင်းက ကျောနဲ့ရင်းပြီး ရေးနေကြတာပါပဲ။ နိုင်ငံရေးလုပ်တယ် ဆိုတာ ထောင်နဲ့ ရင်းပြီးလုပ်ကြရတာပါ။
စစ်ကြောရေးခန်းနဲ့ရင်းပြီးလုပ်ကြရတာပါ။ ခုခေတ်ကြီးမှာ နိုင်ငံရေးလုပ်မည့်သူများ ကြိုတင်သိထားသင့်တဲ့ အရာတွေ ကြိုသိထားမယ်ဆိုရင်ဖြုန်းကနဲရင်ဆိုင်တိုးတဲ့အခါမှာ အဆင်သင့်ဖြစ်နေမှာပါ။
ခုနကပြောသလို စစ်ကြောရေးခန်းနံရံတွေက ရေနံချေးဝနေတဲ့သစ်သားတွေပေါ်ရဲ့ အပေါ်မှာသာ နာရီပိုင်းအတွင်းက ကိုယ့်ကို ယ်တိုင်ကြုံတွေ့တာတွေကို ရေးထိုးထားမယ်ဆို နောက်တစ်ယောက်အတွက် ရှောင်ရရှားရမှာကို လက်ဆင့်ကမ်းပြီးသားဖြစ်သွားမှာပါ။
သူတို့တွေက ငရဲခန်း လုပ်ထားပေမယ့် ငါတို့တွေက ဒီအခန်းကျဉ်းလေးကို စာသင်ခန်းကြီးလုပ်လိုက်တယ်ဟေ့လို့ အံတုပြီးသားဖြစ်သွားမှာပါ။
သူတို့ရဲ့ညှင်းပမ်းနှိပ်စက်ခန်းဟာ ငါတို့တွေ အတွက်သင်တန်းခန်းမကြီး ဆိုတာ ရဲဘော်တိုင်းက သိထားရပါမယ်။ ဘယ်လိုပဲ ရက်စက်ရက်စက် ဒီနှိပ်စက်မှုတွေကိုခံနှိုင်တဲ့ နည်းလမ်းကို ငါတို့ရှေ့က ရဲဘော်တွေကပြောပြသွားခဲ့တယ်ဆိုတာသိထားရပါမယ်။
အမှတ်တမဲ့ ပဲဖြစ်ဖြစ် အမှတ်တရပဲဖြစ်ဖြစ် ရေးထိုးခဲ့တာတွေထဲက ပြန်လည်ဖေါ်ထုတ်မိတဲ့အချက်ကလေးတချက်ဟာ စစ်အာဏာရှင်တွေကို သမာသမတ်ကျတဲ့ တ၇ားစီရင်ရေး ရှေ့မှောက်မှာ ချည်နှောင်မည့် ကြိုးတစ်ချောင်းဖြစ်နေတယ်ဆိုတာ ယူံမှားသံသယ ဖြစ်စရာ မရှိပါဘူး။
အာဏာရှင်ဟာ သူ့ရဲ့ယုတ်မာတဲ့ လက်နက်ကို အစွမ်းကုန်အသုံးချလို့ သူတို့တည်မြဲရေးကို ဘယ်လိုပဲလုပ်ဆောင်လုပ်ဆောင် လုပ်ဆောင်ချက်တိုင်းဟာ ကိုယ့်သေတွင်းကိုယ်တူးနေမှန်း စစ်ပြိတ္တာတွေကို သိစေရပါမယ်။
စစ်ကြောရေခန်းကရရှိတာက ဒဏ်ရာတွေ ဝေဒနာတွေပါ။ ဒါတွေကို သောက အဖြစ်သာထားရှိမယ်ဆိုလျှင် အလဟဿဖြစ်သွားမှာပါ။
ဖတ်ကျော်ဦးမည့်မြန်မာပြည်ရဲ့ သူရဲကောင်းတွေဆီကိုသောက ကိုအံကြိတ်ခံနည်း။
စစ်ကြောရေးကိုလှည့်ပတ်နည်းတွေကို လက်ဆင့်ကမ်း တစ်ယောက်ထဲကြိတ်မခံ ပဲဖြန့်ဝေ ၊ နံရံပေါ်မှာပဲ အခွင့်အရေးရသူက နံရံပေါ် ၊ စာရွက်ပေါ်မှာအခွင့်အရေးရသူက စာရွက်ပေါ်၊ အင်တာနက်ပေါ် အခွင့်အရေးရသူက အင်တာနက်ပေါ် သူတို့ ရဲ့ရက်စက် ယုတ်မာမှုတွေကို ချပြ။ ဒီယုတ်မာမှုကို ကျော်ဖြတ်နည်းတွေရှာဖွေပြ ရင် ကြုံတွေ့ရတဲ့သောကတွေဟာ အလဟဿမဖြစ်တော့ပါဘူး။
သောကတွေကိုတန်ဘိုးရှိရှိ အသုံးချလိုက်တာပါ။ဒါဟာသောကကိုနင်းချေလိုက်တာပါ။ခရီးအတွက်ပြင်ဆင်လိုက်တာပါ။
အရှင်ဇဝန
နိုင်ငံရေးအကျဉ်းသားဟောင်း
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်