Sunday, March 27, 2011

0 ဂျပန်နိုင်ငံရှိဖူကူရှီးမားလျှပ်စစ်ဓာတ်အားပေးဓာတ်ပေါင်းဖိုရှိရာ ပင်လယ်ပြင်တ၀ိုက်မှာ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့မှုမြင့်မား

ညူကလီယားအကျပ်အတည်းတွေ့နေတဲ့ ဖူကူရှီးမားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေပျံ့နှံ့နေတဲ့အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ သက်ဆိုင်ရာက မတ်လ ၂၆ ရက်မှာ ကြိုးစား လုပ်ဆောင်နေပေမဲ့လည်း ဓာတ်ပေါင်းဖိုရှိရာ ပင်လယ်ပြင်တ၀ိုက်မှာ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့မှုမြင့်မားနေတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ငါးလုပ်ငန်းတွေအတွက် စိုးရိမ်စရာအဆင့်ကို ရောက်နေပါတယ်။ အစိုးရတော့ စိုးရိမ်ဖွယ်ရာမရှိလို့ဆိုပေမဲ့ ယုံကြည်လက်ခံတဲ့သူနည်းပါတယ်။

ဒီအတောအတွင်း TEPCO က ဓာတ်ပေါင်းဖိုနံပတ် ၂ ရှိတဲ့အဆောက်အအုံရဲ့ထိန်းချုပ်ခန်းမှာ လျှပ်စစ်မီး ပြန်လာအောင်လုပ်နိုင်ခဲ့ပြီလို့ဆိုပါတယ်။

TEPCO က နံပတ် ၁ ဓာတ်ပေါင်းဖိုမှာ ရေဒီယိုဓာတ်သတ္တိကြွမှုပမာဏမြင့်တက်လာနေတဲ့အတွက် အလုပ် သမားတွေကို ဆက်ပြီးမလုပ်ကြဖို့ တားခဲ့ရတယ်လို့ဆိုပါသေးတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ ဖူကူရှီးမားရုံးက ပမာဏမြင့်တက်တာမဟုတ်ပါဘူးလို့ပြန်လည်ပြင်ဆင်ကြေညာခဲ့ပါတယ်။ ဒီလိုမျိုး အင်မတန်အရေးကြီးတဲ့အချိန်မှာ အမှားအယွင်းဖြစ်တာ။ ရှေ့နောက်မညီဖြစ်တာတွေဟာ အယုံအကြည် ကင်းမဲ့မှုကိုဖြစ်စေတယ်လို့ ဆိုပါတယ်။ TEPCO က သတင်းအချက်အလက်တွေကို ထိန်ချန်တယ်၊ ပြင်ဆင်ပြောင်းလဲမှုတွေလုပ်တယ်ဆိုတာမျိုးတွေ အရင်ကတည်းရှိတယ်ဆိုတဲ့ နာမည်ဆိုးတွေထွက်ခဲ့ဘူးပါ တယ်။

မတ်လ ၂၆ ရက်နေ့လယ်ပိုင်း သတင်းစာရှင်းလင်းပွဲတခုမှာ အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအိုအဲဒါ့နို က အခြေအနေတွေပိုဆိုးမလာအောင်လုပ်ဆောင်နေပေမဲ့ လုပ်စရာအလုပ်တွေအများကြီးရှိတဲ့အတွက် ဒီအကျပ်အတည်းဘယ်တော့ပြီးဆုံးမလဲဆိုတာ မပြောနိုင်ဘူးလို့ ဆိုပါတယ်။

အခုလောလောဆယ်အထိ ငလျင်နဲ့ဆူနားမိကြောင့်သေဆုံးရတဲ့သူ တသောင်းကျော်သွားပြီဖြစ်ပေမဲ့လည်း ညူကလီယားကြောင့် သေဆုံးသူ တဦးမှမရှိသေးပါဘူး။ ဒါပေမဲ့ ညူကလီယားအရေးကို လူတိုင်းမျက်ခြည် မပြတ်စောင့်ကြည့်နေတာက အင်မတန်အန္တရာယ်ကြီးလို့ဖြစ်ပါတယ်။ အစိုးရပြောရေးဆိုခွင့်ရှိသူက TEPCO အနေနဲ့သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်ပေးဖို့လိုတယ်။ ဒါမှ အစိုးရအနေနဲ့ ကယ်ဆယ်ရေးအတွက် ဆုံးဖြတ်ချက်တွေကို ထိထိရောက်ရောက်လုပ်နိုင်မယ်လို့ ပြောပါတယ်။

ကျော်ကျော်စိုး

၂း၃၄ နာရီ

မတ်လ ၂၇။ ၂၀၁၁ ခုနှစ်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.