Saturday, April 2, 2011

1 သိန်းစိန်ပြောတဲ့ခြစားမှုတိုက်ဖျက်ရမယ်ဆိုတဲ့ဗြောင်လိမ့်ဗြောင်လိမ် မထူးဇာတ်ကြီး

အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရမယ်ဆိုတာ အစိုးရနေရာ ရောက်တဲ့သူတိုင်း ပြောရတဲ့စကားပဲ။

အထူးသဖြင့် နိုင်ငံ့ဝန်ထမ်း အစိုးရဝန်ထမ်း ပြည်သူ့ဝန်ထမ်းတွေ ဟိုးအထက်ကနေ အောက်အထိ အကြီးအကျယ် အာဏာကို အလွဲသုံးစားလုပ် ခြစား လာဘ်ယူနေကြောင်း ဖုံးမနိုင်ဖိမရ ဘွင်းဘွင်းကြီးပေါ် စုတ်ပြတ်သပ် ဖွတ်သရွတ် လိုက်နေတဲ့ တိုင်းပြည်မျိုးမှာ အစိုးရဖြစ်လာတဲ့သူတွေက တိုင်းသူပြည်သားတွေကို ပျားရည်နဲ့ဝမ်းချသလို ပေးရတဲ့ကတိ....။

ဘယ်အကောင်းစားနိုင်ငံမှာမှ ခြစားမှုတိုက်ဖျက်ရေးဟာ ဦးစားပေး နံပါတ်တစ် ထည့်ပြောနေစရာ စကားကို မဟုတ်ဘူး။ ငြိမ်ပိခေတ်ကတည်း "လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ" ခဲ့တာပဲ။ လွှတ်တော်မှာ အမေးအဖြေတွေလုပ်တော့ နအဖ ဝန်ကြီးတွေက ကျူပ်တို့လက်ထက်မှာတော့ အားလုံးကောင်းဗျားလို့ ထောင်ဝါဒါစတိုင်နဲ့ အော်ခဲ့ပြီးမှ သူတို့ဝန်ကြီးချူပ် အခုသမ္မတကတစ်ခါ ခြစားမှုတိုက်ဖျက်ရမယ်ဆိုတော့ တော်တော့ကိုရူးပြီး ဗြောင်လိမ့်ဗြောင်လိမ် မထူးဇာတ်ကြီး ဆက်ခင်းကြမှာပါပဲ။

ခက်တာက ဝန်ထမ်းတွေ လာဘ်စားလို့ တိုင်းပြည်ပျက်တာ မဟုတ်ဘူး။ တိုင်းပြည်ပျက်လို့ ဝန်ထမ်းတွေ လာဘ်စားကုန်တာ။ တိုင်းပြည်ဘာလို့ ပျက်သလဲလို့ အထူးဋီကာချဲ့ပြစရာ မလိုတော့ပါဘူး။ မစွမ်းဆောင်နိုင်လို့ အရည်အချင်းမပြည့်မှီလို့ ပညာမတတ်လို့ လုပ်ရင်းကိုင်ရင်းသား မလုပ်တတ်မကိုင်တတ်နဲ့ ပျက်ရတယ်လို့တော့ မထင်နဲ့။ တမင်ဖျက်ပြစ်တာ။ အဲ့ဒါကို ခိုင်ခိုင်မာမာ ယုံပါ။

ဒီဘက် အနှစ်- ၂၀ကျော်မှာ ပျက်တာဟာ ဆိုရှယ်လစ်ခေတ်ထက် ပိုပျက်ပါတယ်။ စစ်အုပ်စုနဲ့ သူတို့ရဲ့အကျိုးတူ လူတန်းစား အခိုင်အမာ ဖြစ်ထွန်းလာပါတယ်။ တမင်ဖျက်ပြစ်တယ်ဆိုတာ စစ်အုပ်စုနဲ့ သူ့ရဲ့ အကျိုးတူလူတန်းစား အခိုင်အမာတည်ဆောက်ခဲ့ခြင်းကိုပဲ ရည်ညွှန်းဆိုလိုပါတယ်။

စိုက်ပျိုးရေးကို အခြေခံတယ်ဆိုတဲ့ တိုင်းပြည်ရဲ့ အဓိက စီးပွားထုတ်ကုန် ထုတ်လုပ်ရေးမှာ နည်းပညာကအစ ဘာတစ်ခုမှ မတိုးတက် မအောင်မြင်ပါဘူး။ စက်မှုစီးပွား နည်းပညာစီးပွား ဘာမှ အသစ်မထွန်းကား မတိုးတက်ပါ။
ရေသန့်စက်၊ ဘိလပ်ရည်စက်၊ ကြွပ်ကြွပ်အိတ်စက်၊ ဖယောင်းတိုင်စက်၊ ဂျစ်ကား]ဆင်}တဲ့ တွင်ခုံဝပ်ရှော့၊ အထည်ချူပ်စက်ရုံလို့ ခေါ်တဲ့ အပ်ချူပ်စက်အကြီးစား လုပ်ငန်းမျိုးတွေကို စက်မှုဇုံတဲ့။

ခေတ်ပြိုင်ကမ္ဘာကထွင်တဲ့ နည်းပညာတွေဖြစ်တဲ့ မိုဘိုင်းဖုန်း ဆက်သွယ်ရေးစံနစ်နဲ့ အင်တာနက် မြန်မာပြည်မှာရှိလာလို့ အရင်ကထက် ပိုမတိုးတက်ဖူးလားလို့ ပြောတဲ့ အံ့သြထူးဆန်းဖွယ်ရာ လူပြက်များကိုတော့ ကြုံဖူးပါတယ်။ ဒါပေမယ့် မင်းတုန်းမင်းကြီး ဘီယာသောက် မသွားရရှာဘူးဆိုတဲ့ ပြက်လုံးလောက်တောင် မရီရဘူး။

တိုင်းပြည်မှာ ရှိသမျှ မြေပေါ်မြေအောက် သံယာဇာတတွေ အပြောင်ရှင်း၊ လူ လယ်ကူလီကအစ ပါမောက္ခအဆုံး တိုင်းပြည်က ထွက်ပြေးရပါတယ်။ အခုနပြောတဲ့ သံယာဇာတတွေရောင်းတာ၊ အခုနပြောတဲ့ မိုဘိုင်းဖုန်းနဲ့ အင်တာနက် မြန်မာပြည်ကိုသွင်းတာ စစ်အုပ်ချူပ်သူတွေနဲ့ အကျိုးတူလူတန်းစားတို့ရဲ့ စီးပွားရေးပါပဲ။

လူလတ်တန်းစားပျောက်ပြီး ဘဝတွေ မိုးနဲ့မြေလောက် "ဟ"ကုန်တယ်ဆိုတာ သူတို့ရဲ့ ဈေးကွက်မောင်ပိုင်စီးမှုနဲ့ ပါမစ်စီးပွားရေးကားလ်ချားကြီးကြောင့် မဟုတ်လား။ လူတန်းစားနှစ်ရပ်ဆိုလို့ ၆၀ - ၄၀၊ ၃၀ - ၇၀၊ ၂၀ - ၈၀ ဆိုသလို အချိုးအစား မဟုတ်ဘူး။ လက်တစ်ဆုပ်စာက နတ်စည်းစိမ်ခံစားပြီး လူများစုကြီးက ပြာပုံတိုးနေရတာ။ နိုင်ငံခြားမှာ ကိုယ့်ကိုထောက်ပံ့တဲ့ အမျိုးရှိတဲ့အိမ်လောက်ပဲ မတ်တပ်စာရှိရတဲ့အဖြစ်။

ဋီကာမချဲ့ချင်ပါဘူးဆိုမှ မနေနိုင်လို့ ချဲ့လိုက်မိတယ်။ ဆန်ရှင်ကြောင့်တွေ ဆန်သေကြောင့်တွေလို့ ဘူးသွင်းခံထားရသူတွေလည်း အပမှီတာ ပျောက်လိုပျောက်ငြား။

လာဘ်စားတဲ့ဆီပြန်သွားရရင် ဘိလပ်မြေခိုးရောင်းတဲ့ နေ့စား အလုပ်သမားကို တိုက်ဖျက်ရမှာ မဟုတ်ဘူး။ အဲဒီ့တံတားဆောက်ဖို့ ငွေကို ဘယ်နေရာက ဘယ်လောက်ရပြီး ဘယ်လိုသုံးတာပါဆိုတာ အစိုးရကနေ တိုင်းသူပြည်သားကို တင်ပြရတဲ့စံနစ် ဖော်ဆောင်ရမှာဖြစ်တယ်။ ဒါ အဓိကပဲ... အစိုးရအလုပ်ဆိုတာ၊ ကျနော်များ ဒီနှစ်မှာ ဒီလောက်ငွေတွေကို ဒီနေရာတွေကရပြီး ဒီနေရာတွေမှာ သုံးပါ့မယ်လို့ ပြောရမယ်။ အဲ့ဒါ ခြစားတာ တိုက်ဖျက်တာပဲ။

သူခိုးကလူဟစ်ပြီး အကျင့်ပျက် ခြစားမှု တိုက်ဖျက်မယ့်အသံ ကြားတိုင်း အန်ချင်တယ်။

MMCPမှbaungအားကျေးဇူးတင်ရှိပါသည်..

1 comment:

  1. ဟို တကောင်လည်း ချိပ်ထဘီ မဝတ်ဘူးလား။ လျှပ်စစ်ကုလာထိုင်ပေါ်အစမ်း
    ထိုင်ကြည့်ကြတာလား။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.