Tuesday, July 5, 2011

0 မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံဟိုတယ်သို့ ရောက်ရှိလာရာ ကြိုဆိုသူများနှင့် တွေ့ရစဉ်။


ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခြင်းနှင့် လှူဒါန်းငွေ လက်ခံခြင်း မပြုလုပ်ရန် ဂေါပကအဖွဲ့များအား ဖိအားပေး ဟုဆို

[By The Voice Weekly]

ရန်ကုန် ဇူလိုင် ၎

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များ အများဆုံးတည်ရှိရာ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ သားဖြစ်သူနှင့်အတူ ဘုရားဖူးရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တခမ်းတနား ကြိုဆိုခြင်းနှင့် ဘုရားပုထိုးများ ပြုပြင် ထိန်းသိမ်းရန်အတွက် လှူဒါန်းငွေများကို လက်ခံခြင်း မပြုလုပ်ရန် ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးက သက်ဆိုင်ရာ ဘုရားဂေါပကအဖွဲ့များသို့ အသိပေး ပြောကြားထားကြောင်း ပုဂံမြို့သို့ သွားရောက်သတင်းရယူနေသူ The Voice Weekly ၏ အကြီးတန်းသတင်းထောက်က သတင်းပေးပို့သည်။

"ဒေါ်စု မလာခင် မနေ့က ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးက ဘုရားဂေါပက အဖွဲ့ဝင်တွေကို ခေါ်ပြီး ကော်ဇောနီခင်းပြီး ကြိုတာတွေ၊ အလှူငွေ လက်ခံတာတွေ၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်တာတွေ မလုပ်ဖို့ ပြောထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရောက်လာရင်လည်း ကိုယ့်ဘာသာကိုယ် အလိမ္မာနဲ့ ရှောင်ထွက်သွားကြဖို့ ပြောထားပါတယ်" ဟု ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားကြောင်း ၎င်းက ဆက်လက်သတင်းပေးပို့သည်။

အထက်ပါကိစ္စနှင့် ပတ်သတ်၍ The Voice Weekly က ယနေ့မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ အတည်ပြုချက် ရယူခဲ့ရာတွင် ဂေါပကအဖွဲ့ဝင် လူကြီးများ မရှိသဖြင့် တစ်စုံတစ်ရာ ဖြေကြားပိုင်ခွင့် မရှိပါကြောင်း၊ အငယ်တန်းဝန်ထမ်းများသာ ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ညွှန်ကြားချက်များအား သိရှိပိုင်ခွင့် မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

အလားတူ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးထံသို့ The Voice Weekly က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာတွင် တယ်လီဖုန်းခေါ်ဆိုမှုများ ရရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော မေးခွန်းများ စတင်မေးမြန်းချိန်တွင် တယ်လီဖုန်းအား ဆက်လက် လက်ခံဖြေကြားခြင်း မပြုတော့သဖြင့် အတည်ပြုချက် ရယူနိုင်ခြင်း မရှိခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်အား သာမန် အရပ်သားတစ်ဦးအဖြစ် သဘောထားပါကြောင်း၊ သာမန်အရပ်သား တစ်ဦးအနေဖြင့် ဥပဒေနှင့်အညီ သွားလာလှုပ်ရှား ဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုမူ အလေးထား စောင့်ထိန်းရန် လိုအပ်ပါကြောင်း ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးက အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော် အမတ် မစ္စတာ ဂျွန်မက်ကိန်းနှင့် ပြီးခဲ့သည့် ဇွန်လဆန်းက နေပြည်တော်၌ တွေ့ဆုံရာတွင် ဒုတိယသမ္မတက ပြောဆိုခဲ့သည်။

[By The Voice Weekly]
Photo/AP.Reuters

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.