Thursday, July 7, 2011

0 အဓိပတိ ရဲ့ အမိမြေ….



အဓိပတိ ရဲ့ အမိမြေ….
****************


အမေ...
...မေ့ပျောက်ပျောက် ဖြစ်နေတဲ့ 
နေ့ လေးတွေ ရောက်ရောက်လာ
ဒါကို အမေ
သတိထားမိလား…အမေ…။

အမေ့ရဲ့ သားတွေ
ဒီနေရာလေးမှာ
တွန်းထိုးပျော်မြူး
ကြွေးကြော်ဘူးတယ်….
ပညာတတ်ကြီး ဖြစ်ရမယ်…။

အမေ့ရဲ့ သားတွေ
ဒီနေရာလေးမှာ
စည်းလုံး တွန်ကျူး
ကြွေးကြော်ဘူးတယ်….
လွတ်လပ်ရေး ကြီး ရရမယ်….။

အမေ့ရဲ့ သားတွေ
ဒီနေရာလေးမှာ
ရဲမာန် ဝင့်ကြွား
ဆုံးဖြတ် ဘူးတယ်
တော်လှန်ရေးကို နွှဲရမယ်…။
အမေ့ရဲ့ သားတွေ
ဒီနေရာလေး မှာ
သမဂ္ဂ တည်
စည်းလုံး ခဲ့သည်
သွေးနီး ခဲ့သည်
ကိုယ်ကျိုး မရှာ
စီးပွား မပါ
လက်ဗလာ နဲ့ 
တိုက်ပွဲ လီလီ
ပေးဆပ် နွှဲသည်….
ပေးဆပ် ခဲ့သည်….
ပေးဆပ် နေမည်…
ပေးဆပ် နေဦးမည်…သာ…။
အမေ ချစ်တဲ့ သားတွေ
အမေ ချစ်တဲ့ သားတွေရဲ့ သွေးတွေ
အမေ့ ကို ချစ်တဲ့ သားတွေ
အမေ့ ကို ချစ်တဲ့ သားတွေ ရဲ့ သွေးတွေ
တစ်လွှာ ပြီး တစ်လွှာ
အကြိမ်ကြိမ် …
အလီလီ …
ခင်းထားတဲ့ လမ်း…
ဟော…ဒီ……
အဓိပတိ လမ်း …
စိန်ပန်းတွေ ကြဲဖြန့်သလို
နီနေတဲ့ လမ်း
မျက်ရည်တွေ မိုးရွာသလို
ရွှဲနေတဲ့ လမ်း။
ကြင်နာသူ တွေ
လက်ချင်း ချိတ်ခဲ့ဘူးသလို…
ထိုသူ တွေပဲ
လက်ပြ ခွဲခဲ့ရတဲ့ လမ်း။

ဘွဲ့ရပျော် မြူး
မိသားစု တွေ
စုံခဲ့ဘူးတဲ့..လမ်း….
ပြန်ခေါ် မထူး
ဘဝ ကူး၍
ကွေကွင်း ခဲ့ရတဲ့လမ်း။

ဒီလမ်းမကြီးပေါ်မှာ
မတွန့် မတွေ
အသက်တွေ ပေးလှု
ထိုသူတွေ ရဲ့
ဘူမိ နက်သန်
ယူနီယံ ကို
ဘဝမေ့လျော
ကျေးဇူး ကမ်းလျက်
စစ်ဖိနပ် စီးခဲ့
မာန်ဟုန် ကြီး၍
သစ္စာ ဖောက်သူ
(တစ်ခါက မွေးထုတ်ခဲ့တဲ့)
အမေ့ သားအချို့  ကပေါ့…
အမေ….ရေ…….
( သူတို့ မိခင် ကျောင်းတော် တစ်ခွင်)…. ကို
မိုးလုံး မှိုင်းမျှ
တုန်ဟီး ထစေ….
ယမ်းငွေ့ မွေ့စွေ..
သွေး လှိုင်းထစေ…
အဲဒီနေ့ မှာ…
အမေ့ သားဟောင်း တွေက
အမေ့ သားသစ် တွေကို
သမိုင်း မွေဖြတ်
အဓိပတိ လမ်းကိုပါ
မျက်ရည်ကျစေတဲ့ လုပ်ရပ်
သမိုင်းကြီးတဲ့
တက္ကသိုလ် ရဲ့ နှလုံးသား ကို
ပြင်းအားများတဲ့ … ဗုံး….
ဝုန်း…. ကနဲ…. အခွဲ…..
အမေ့ ရင်လည်း ကွဲနေရော့ထင်…။

အမေ….
အမေ့ ရင်မှာ
ဆပိုလိမ့်ထင်
တမ်းတနေလျှင်
အမေ့ ရယ်…
သွေးစီး ချောင်းဖြစ်
မြစ်လို တစ်သွယ်
ပင်လယ် တစ်မျှ
သမုဒ္ဒရာ မက
မည်သို့ မည်မျှ
ပေးလှု ဆပ်ရ…
နောက်မတွန့်သူ
ပေးဆပ်ကြတဲ့သူ
ထိုသူတွေသည်…
အမေ့ ရင်ခွင်ထဲ
ဆက်၍….
ဆက်၍….
ရယူခြင်းကင်းတဲ့
စွန့်လွတ် ပေးဆပ်ခြင်းတွေ
ပေးးဆပ် နေမြဲ..
ပေးဆပ် နေဆဲ...
ပေးဆပ် လျက်ပါ..ပဲ...။
ကိုဝိုင်ဝိုင်ကေ
(၇-၇-၁၁)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.