Saturday, June 30, 2012

0 ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း နှင့် အစိုးရ မီဒီယာ အဖွဲ့သားများသို့

ဝန်ကြီး ဦးကျော်ဆန်းနှင့် အဖွဲ့သားများရှင့်

လူကြီးမင်းတို့ဧ။် ၂၃.၀၆.၁၂ ထုတ် ကြေးမုံသတင်းစာတွင် အကြံပေးစာများ ရေးသားပေးပို့နိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။ ယခုအခါ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်ရန်ပြင်ဆင်နေသည့်ကာလဖြစ်သောကြောင့် လွတ်လပ်ပွင့်လင်းသော ဝေဖန်အကြံပြုချက်များအား လူကြီးမင်းများအနေဖြင့် လက်ခံနားထောင်နိုင်လိမ့်မည်ဟု ယူဆပါသည်။

၁၉၈၈ သြဂုတ်လ အရေးအခင်းများပြီးသည့်နောက်ပိုင်းမြန်မာသတင်းစာများတွင် မောင်သံချောင်း ရေးသားသည့် ဆောင်းပါးများကို အံ့သြစွာဖတ်ရှူခွင့်ရခဲ့ပါသည်။ မြန်မာသတင်းစာများသည် ကျောင်းသူ ကျောင်းသားတို့အတွက် စာစီကုံးသောပညာရပ်ဆိုင်ရာ စံပြုစရာ နမူနာယူစရာ အဖြစ်တလျှောက်လုံးတည်ရှိခဲ့ရာမှ စတင်ပျက်စီးခဲ့သောကာလဖြစ်သည်ကို ၀မ်းနည်းဖွယ်တွေ့မြင်ရပါသည်။ ကြေးမုံသတင်းစာကို စတင်တည်ထောင်ခဲ့သော ဆရာကြီးဦးအောင်ဗလက စာလုံးပေါင်းသတ်ပုံမှားသည့် သူ့လူများအား ဆူပူခဲ့ရာတွင် " လူတွေက သတင်းစာကို သမ္မာကျမ်းစာလိုဖတ်ကြတာ" ဟုပြောခဲ့ဖူးကြောင်း ဖတ်ရှုခွင့်ရသောအခါ ဆရာကြီးအနေဖြင့် မည်မျှလောက် ကြေကွဲမည်နည်းဟု မှန်းဆကြည့်မိပါသည်။ အဆိုပါ "စာပေအဆင့်အတန်း နိမ့်ပါးလှသောဆောင်းပါးများကို မည်သူရေးပါသလဲ၊ ဘာအကြောင်းကြောင့်ထည့်ပေးပါသလဲ" ဟု သတင်းစာတိုက်ကိုမေးကြည့်သောအခါ အယ်ဒီတာမှ "ကျွန်တော်တို့မသိပါ၊ အထက်ကလာပေးလို့ ထည့်ရတာပါခင်ဗျာ" ဟု သနားစဖွယ်တောင်းပန်သံကို ဒီနေ့အထိကြားယောင်နေမိပါသည်။ သူ့ခမျာရှက်ရှာပေလိမ့်မည်။

ထို့နောက် မကြာမီကာလအတွင်းတွင် အစိုးရသတင်းစာသည် လူအများသေချာပေါက် ၀ယ်ကြရလိမ့်မည်ဟု ယုံကြည်သည့်အလျှောက် ဈေးတက်လိုက်ပါသည်။ (ထိုကာလက ဖတ်စရာသတင်းစာနှစ်စောင်သာ ရှိပါသည်။) တိတ်ဆိတ်စွာ သပိတ်မှောက်သည့်အနေဖြင့် လပေးသတင်းစာဝယ်ယူခြင်းကို လုံးဝရပ်ဆိုင်းခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။ ရုပ်မြင်သံကြားမှ မြန်မာသတင်းများကိုလည်း TV ပိတ်ပစ်ခြင်းအားဖြင့် ပြည်သူအများ သပိတ်မှောက်ခဲ့ကြပါသည်။ ရလဒ်များကို ပြန်လည်စစ်ဆေးရန် လူကြီးမင်းတို့ဧ။် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လွတ်လပ်ပွင့်လင်းမှုနှင့် တာဝန်ယူမှုရှိမည်ဆိုပါက မီဒီယာလုပ်ငန်းမှ ရရှိခဲ့သော နှစ်အလိုက် ကုန်ကျစရိတ်နှင့် အမြတ်ငွေ စာရင်းများကို ပြည်သူများသို့ တင်ပြစေလိုပါသည်။ ယခုလက်ရှိသတင်းစာစောင်ရေ မည်မျှရောင်းအားရှိကြောင်း လူဦးရေအချိုးအစားဖြင့် အတိအကျသိလိုပါသည်။ နိုင်ငံတကာတွင် အမြတ်အစွန်းများလှသော မီဒီယာလုပ်ငန်းသည် မြန်မာအစိုးရအတွက်မူ ကြော်ငြာဝင်ငွေကို ဖယ်ပြီးနောက် အမြတ်မရှိပါဟု ဆိုလျှင် အံ့သြလိမ့်မည် မဟုတ်ပါ။ အရှူံးပေါ်သည်ဆိုလျှင်ကား လုပ်တတ်သူများကို လွှဲပေးလိုက်ပါဟု ဆက်ပြောရန်သာ ကျန်ပါတော့သည်။

မည်သည့်နိုင်ငံတွင်မဆို မည်သည့်အစိုးရမဆို ၀ါဒဖြန့်မီဒီယာ လိုအပ်သည်ကို ကောင်းစွာနားလည်ပါသည်။ ဟစ်တလာဆိုမိန့်ခဲ့သော "လိမ်မည်ဆိုလျှင် ကြီးကြီးကျယ်ကျယ်လိမ်ပါ" ဟူသောအဓိပ္ပါယ်ကိုလည်း လူကြီးမင်းများအနေဖြင့် သိထားပြီးဖြစ်ပါလိမ့်မည်။ ယခုအချိန်ကာလသည် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့အတွက်သာမက ခေတ်အဆက်ဆက် လက်ကိုင်တုတ်ဖြစ်ခဲ့ရသော မြန်မာ့တပ်မတော်အတွက် ဂုဏ်ကျက်သရေနှင့် နာမည်ကောင်းကို အစွမ်းကုန်မြှင့်တင်ပေးရန် တာဝန်သည် လူကြီးမင်းတို့ မီဒီယာသမားများဧ။် ပုခုံးပေါ်တွင် လုံးလုံးလျားလျားကျရောက်နေပါသည်။ ၂၀၁၅ မတိုင်မီအတွင်း ထူးကဲစွာရရှိထားသော နောက်ဆုံးအခွင့်အရေးလည်းဖြစ်ပါသည်။ ထိုအခွင့်အရေးကို လူကြီးမင်းများ နားလည်သဘောပေါက်စွာဖြင့် အပြည့်အ၀အသုံးချနေပါသလားဟု မေးခွန်းထုတ်လိုပါသည်။

အားမနာတမ်းပြောပါရစေ။ မှန် မမှန် ချင့်ချိန်ကြည့်စေလိုပါသည်။ အစိုးရသတင်းစာများသည် ကျောင်းသားများအတွက် စံပြုစရာ အနေအထားကို ပြန်လည်ရောက်ရှိရန် မိုင်တိုင်များစွာ ဖြတ်ကျော်ရပါဦးမည်။ သမ္မာကျမ်းစာအဆင့်ကိုမူ အိပ်မက်မျှပင် မက်နိုင်ခြင်းမရှိသေးပါ။ တဆင့်လျော့အနေအထားဖြင့် လုပ်ကိုင်နေရသော ပြိုင်ဘက်ဂျာနယ်များ ရောင်းကောင်းရခြင်းအကြောင်းသည် အခွင့်ထူးခံနေ့စဉ်ထုတ်သတင်းစာများနှင့် အစိုးရဂျာနယ်များဧ။် ညံ့ဖျင်းမှုကြောင့်ဖြစ်ပါသည်။ ဒီဗွီဘီအပါအ၀င် ပြည်ပရုပ်သံသတင်းများကို ပြည်သူများမှ အလုံးစုံပုံကာ မယုံသော်လည်း စောင့်ကြည့်နေရခြင်းသည် မြန်မာ့ရုပ်သံဧ။် အားထားလောက်ဖွယ်မမြင်သော အရည်အချင်းကြောင့်ဖြစ်ပါသည်။

သတင်းစာတစောင်လုံးသည် စိတ်ဝင်တစားအလေးထားလောက်သော သတင်းများရှားပါးနေသည်မှာ အံ့သြစရာကောင်းလှပါသည်။ ဆောင်းပါးများသည်လည်းကောင်း ခေါင်းကြီးပိုင်းသည်လည်းကောင်း ၀တ်ကျေတန်းကျေနိုင်လှပါသည်။ ၁၉၈၈ မဟုတ်တော့သော ယနေ့သတင်းခေတ်တွင် အစိုးရအဖွဲ့ဝင်များဧ။်ဓါတ်ပုံများကိုသာ ရွေးချယ်ဖော်ပြခြင်းသည် ဓါတ်ပုံရှင်နှင့် မိသားစုများကို ၀မ်းသာအားရဖြစ်စေရုံသာ အစွမ်းရှိပါသည်။ စာဖတ်ပရိသတ်အတွက်မူ နှစ် ၂၀ ဓါတ်ပြားဟောင်းကြီးကို နားထောင်ရသလောက်တောင် ဆွဲဆောင်မှုလုံးဝ မရှိပါ။ ရုပ်မြင်သတင်းတွင်လည်း ဥက္ကဌကြီး သစ်ပင်စိုက်ခြင်း၊ ရွှေရေ ငွေရေလောင်းခြင်း၊ ငါးလွှတ်ခြင်းများကို ယခုတိုင်သတင်းလုပ်ဖော်ပြနေသည်မှာ " ငါ့လှေငါထိုး ပဲခူးရောက်ရောက် " ပေါ်လစီများချထားလေသလားဟုပင် ထင်မှတ်ရပါသည်။

အခွင့်ရခိုက်တင်ပြလိုသည်မှာ ပညာရေးဝန်ကြီး ကျောင်းများကို လှည့်လည်စစ်ဆေးခြင်း၊ စိုက်ပျိုးရေးဝန်ကြီး လယ်ကွင်းများဆင်းကြည့်ခြင်းများသည် အစိုးရအဖွဲ့ဧ။် လုပ်ကိုင်ဆောင်ရွက်မှုများကို မပေါ်လွင်စေသည်သာမက သေးသိမ်ညံ့ဖျင်းစေပါသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုများကို အရှိိန်အဟုန်ဖြင့်စတင်ရမည့်အချိန်၊ စိုက်ပျိုးရေးကဏ္ဍအတွက် အသေးစိတ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်နေရမည့်ကာလတွင် ၀န်ကြီးများအဖို့ လျှောက်သွား မုန့်စားရန် အချိန်ရသေးသည်မှာ ရယ်စရာကောင်းလှပါသည်။ ထိုသို့စစ်ဆေးခံရန်အတွက် သက်ဆိုင်ရာကျောင်းများ၊ ဒေသများတွင် ဧည့်ခံစားရိတ်မည်မျှကုန်ကျကြောင်း၊ ချို့ယွင်းချက်များကို ၀န်ကြီးမမြင်အောင် အပေါ်ယံကြော ဖုံးကာရသည်မှာ မည်မျှပင်ပန်းကြောင်း နှစ်ပေါင်းများစွာ အတွေ့အကြုံကြောင့် သိရှိထားသော ပြည်သူလူထုမှ အံတိုနေပြီဖြစ်ကြောင်း ပြောကြပါလိမ့်မည်။ အမှန်တကယ် ကွင်းဆင်းစစ်ဆေးရန်လိုအပ်သည်ဆိုပါက လျှပ်တပြက်ဝင်ရောက်အကဲဖြတ် အမှတ်ပေးတတ်သော Watch Dog အဖွဲ့များအား အသုံးပြုသင့်ကြောင်း အကြံပြုလိုပါသည်။ ကုန်ကျစားရိတ်လည်း သက်သာပါလိမ့်မည်။ အခြေအနေမှန်ကိုလည်း သိခွင့်ရပါလိမ့်မည်။

( အမှန်အတိုင်း ကြားရဲသော သတ္တိကိုမူ ကြိုတင်မွေးထားစေလိုပါသည်။)

အင်္ဂလိပ်များအုပ်ချုပ်စဉ်ကာလက ဂျာနယ်ကျော် ဦးချစ်မောင်ဧ။် လက်ထောက်အယ်ဒီတာအား သတင်းစာတိုက်ပိုင်ရှင် အစိုးရအဖွဲ့ဝင် ဂဠုန်ဦးစောမှ " ငါတို့အစိုးရ ကောင်းတာလုပ်ရင် ကောင်းကြောင်းရေးပေးပါ။ မကောင်းတာလုပ်ရင် မကောင်းကြောင်းရေးပါ။" ဟု ခေါ်ပြောခဲ့ပါသည်။ သတင်းသမားပီသလှသော လက်ထောက်အယ်ဒီတာမှ ပြန်လည် ရှင်းပြခဲ့သည်မှာ " ဆရာတို့ အစိုးရအဖွဲ့အနေဖြင့် ကောင်းတာလုပ်တာမှန်ပေမယ့် အစိုးရတာဝန်ကိုထမ်းဆောင်နေတာမျိုး -- ဥပမာ -- တံတားဆောက်၊ လမ်းဖောက် သတင်းတွေကိုသာ အကုန်လုံးဖော်ပြနေရရင် သတင်းစာ အစောင် ၁၀၀ တောင်လောက်မှာမဟုတ်ဘူး။ ထူးခြားမှုရှိမှသာ ဖော်ပြနိုင်မှာပေါ့" ဟုဖတ်ရပါသည်။ (ဂျာနယ်ကျော်ဦးချစ်မောင် နှင့် လက်ထောက်အယ်ဒီတာတို့ ထိုသတင်းစာတိုက်မှ မကြာခင် အလုပ်ထွက်စာတင်ခဲ့ကြပါသည်။) လူကြီးမင်းတို့အနေဖြင့် အနှစ်နှစ်ဆယ်ကျော် နေ့စဉ်ရက်ဆက် စိတ်တိုင်းကျ ဖော်ပြခဲ့ပြီးဖြစ်သောကြောင့် ထူးခြားမှုမရှိသော သတင်းများကို ရပ်တန်းကရပ်တန့်ပါရန် စေတနာဖြင့် အကြံပြုလိုပါသည်။

တဆက်တည်းပြောလိုသည်မှာ နိုင်ငံတကာဆက်ဆံရေးကို တိုးမြှင့်လိုက်သည်နှင့်တပြိုင်နက် မီဒီယာလောကတွင် နိုင်ငံတကာအဆင့်မီ ပြိုင်ဘက်များစွာပေါ်ပေါက်လာပြီဖြစ်ပါသည်။ လတ်တလော ရခိုင်ပြည်နယ်အရေးအခင်းတွင် ပြည်ပမီဒီယာများဧ။် ပရိယာယ်ကြွယ်ဝမှုကို ထင်ထင်ရှားရှားမြင်တွေ့ကြရပြီးဖြစ်ပါသည်။

ချီးမွမ်းထိုက်သည်မဟုတ်စေကာမှု အရေးအသား အသုံးအနှုန်း အပြောအဆို အကွေ့အပတ်များသည် နမူနာ ယူထိုက် ကြောင်းတွေ့ရပါသည်။ လှေကြီးထိုး ရိုးရိုးသာလာခဲ့ကြသော မြန်မာ အစိုးရမီဒီယာ၊ ပုဂ္ဂလိကပြည်တွင်းမီဒီယာများ အတွက် အတူတကွဖြေဆိုရသော ပထမဆုံးနိုင်ငံတကာစာမေးပွဲဟုလည်းဆိုနိုင်ပါသည်။ နောင် ဒီထက်ခက်သော စာမေးပွဲများစောင့်ကြိုနေသည်မှာ ဗေဒင်မေးရန် မလိုပါ။ မြန်မာလူငယ် မီဒီယာသမားများဧ။် အရည်အသွေးကို မြှင့်တင်ရန် အစိုးရ၊ ပုဂ္ဂလိက သင်တန်းများ ပို့ချနေသည်ကို တွေ့ရှိရပါသည်။ သို့သော် လူကြီးမင်းတို့ဧ။် အစိုးရသင်တန်းများတွင် မည်သို့သော သင်ခန်းစာများပို့ချနေပါသနည်း။ လက်ရှိအစိုးရသတင်းစာပုံစံ၊ ရုပ်မြင်သတင်း ကြေညာသည့်ပုံစံကို သင်ရိုးညွှန်းတမ်းပြုထားပါသလား။ သို့မဟုတ် ငါပြောသလိုလုပ် ငါတို့လုပ်သလို မလုပ်နဲ့ဟုများ လက်သိပ်ထိုးမှာကြားနေပါသလား။ နောင်အနာဂတ် မီဒီယာခေါင်းဆောင်များအား မည်သည့်ပုံစံဖြင့်မွေးထုတ်နေပါသလဲ။

အထူးလုပ်ပိုင်ခွင့်ကို ရရှိထားသော အစိုးရမီဒီယာဖြစ်သောကြောင့် အထူးပညာသားပါ၍ သိမ်မွေ့လှသော ၀ါဒဖြန့်ချီရေးများကိုသာ ဆောင်ရွက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရန်လည်း အစိုးရတွင် မီဒီယာ အကြံပေးသီးသန့်ရှိသင့်ပါသည်။ (နိုင်ငံတကာအတွေ့အကြုံနှင့် အရည်အချင်းရှိသူဖြစ်ရပါမည်။) ဥပမာ -- ဗြိတိန်အစိုးရသည် အာဖဂန်စစ်ကိုဆင်နွှဲရာတွင် ပြည်သူအများထောက်ခံမှုကို မရခဲ့ပါ။ ထို့အတွက် တော်ဝင်မင်းသားဟယ်ရီ ကိုယ်တိုင်စစ်ပွဲတွင်ပါဝင်ဆင်နွှဲနေသည်ကိုပြသခြင်း၊ ကျဆုံးသူများအား အိမ်ပြန်လမ်းတွင် တလေးတစားဂုဏ်ပြုကြသည်ကိုပြသခြင်း၊ ဒဏ်ရာရရှို၍ ခြေလက်ဆုံးရှူံးရသူများကို လိုလေသေးမရှိပံ့ပိုးပေးသည် ကိုပြသခြင်း၊ ကျဆုံးခဲ့သော ဗြိတိန်စစ်သား ၃၀၀ အတွက် ၀န်ကြီးချုပ်ကိုယ်တိုင် ၀မ်းနည်းစကားထုတ်လွှင့်ခြင်း စသည်ဖြင့် ပြည်သူတို့ဧ။် ထောက်ခံမှုကိုတောင်းခံခဲ့ပါသည်။

မြန်မာပြည်တွင်မူ ကျဆုံးခဲ့သောတပ်မတော်သားများအား အိမ်ပြန်လမ်းတွင် အခေါင်းသယ်ဆောင် အလေးပြုမြေမြှုပ်ခြင်းမျိုး တခါမှပင် မြင်တွေ့ခဲ့ဖူးခြင်း မရှိပါ။ အာဖဂန်စစ်သည် နိုင်ငံတနိုင်ငံကို ကျုးကျော်စစ်ဖြစ်ပါသည်။ ပြည်တွင်းစစ်သည် ညီအကိုချင်းသတ်ဖြတ်သည့်စစ်ဖြစ်ပါသည်။ မြန်မာ့တပ်မတော်သားများသည် လက်ကိုင်တုတ်အဖြစ်အသုံးခံရသလို ထိုက်တန်စွာအလေးပြုခံရခြင်းလည်းမရှိပဲ တိတ်ဆိတ်စွာ အသက်ပေးခဲ့ကြပြီး ဖြစ်ပါသည်။ ယခုကျင်းပနေသည်မှာ လပေါင်းအတော်ကြာ၍ လိပ်ခဲတည်းလည်း ဖြစ်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် နှစ်ဘက်ခေါင်းဆောင်များအတွင်း ညှိနှိုင်းနိုင်သည့်တိုင်အောင် လက်နက်ကိုင်မဟုတ်သော ဒေသခံတိုင်းရင်းသားပြည်သူများဧ။် စိတ်ဝင်စားမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းမှုမရှိပဲ ရေရှည်အောင်မြင်လိမ့်မည်မဟုတ်ပါ။ တနိုင်ငံတည်းနေ မိသားစုဝင်တို့အား လက်ကမ်းလိုပါလျှင် လက်ရှိအစိုးရအနေဖြင့် နှစ်ဘက်စလုံးမှ အသက် အိုးအိမ်ဆုံးရှူံးခဲ့ရသော သွေးချင်းများအတွက် ၀မ်းနည်းစကားပြောကြားခြင်း၊ တာဝန်ရှိကြောင်း တရားဝင်ထုတ်ဖော်ခြင်းအားဖြင့် ဆွဲဆောင်နိုင်ကြောင်း အကြံပြုလိုပါသည်။ အမှန်တရားကို တကြိမ်တခါဖြစ်စေ ၀န်ခံခြင်းသည် ကြားရသူအပေါင်းဧ။် ကောင်းချီးသြဘာကို ရရှိနိုင်ပါသည်။ ဂျပန်အစိုးရအနေဖြင့် ဒုတိယကမ္ဘာစစ်အတွင်းကျုးလွန်ခဲ့သမျှကို တောင်ကိုးရီးယားနိုင်ငံသားတို့အား ကမ္ဘာသိတောင်းပန်၍ ထိုက်တန်စွာ လျော်ကြေးပေးနိုင်သည်ဆိုလျှင် တမြေတည်းနေ မောင်နှမများအတွက် မာနနဲနဲလျော့ချပေးရခြင်းမှာ နတ်လူသာဓုခေါ်စေနိုင်ပါသည်။

ဒုတိယ ဥပမာအနေဖြင့် လက်ရှိအစိုးရအတွက် ပြစရာအကောင်းဆုံး လွှတ်တော်ဆွေးနွေးခန်းများ ဖြစ်ပါသည်။ အမေရိကန်၊ ဗြိတိန် စသည့် လွှတ်တော်ဆွေးနွေးပွဲများကဲ့သို့ သက်ဝင်လှုပ်ရှားနေရမည်ဟု မဆိုလိုပါ။ ဆင်လည်း ဆင့်အထွာ၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာဖြင့် သွားကြသည်မှာ သဘာဝကျပါသည်။ မြန်မာတို့ဧ။် ဆွေးနွေးခန်းများကို တကမ္ဘာလုံးက စိတ်ဝင်စားကြောင်း အထူးပြောဖွယ်မလိုပါ။ မြန်မာ့ရုပ်သံသတင်းများတွင် အိပ်ငိုက်ငိုက်ဖြင့် နားထောင်ချင်ယောင်ဆောင်နေသော ငုတ်တုတ်ထိုင် ကိုယ်စားလှယ်များကို တချိန်လုံးပြသနေခြင်း၊ အပြန်အလှန် ဆွေးနွေးမှုများကို တဆင့်ပြောစကားဖြင့်သာ ထုတ်လွှင့်ခြင်းများကို ရှောင်ရှားသင့်ပါသည်။ လွှတ်တော်တွင်း ဆွေးနွေးချက်များကို လွှတ်တော်ပြင်ပတွင် ပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် ပြည်သူတို့ဧ။် ထောက်ခံချက်၊ ဆန့်ကျင်ဘက် ထင်မြင်ချက်အချို့တို့ဖြင့် ထောင့်စုံအောင်တင်ပြနိုင်လျှင် မြိုင်မြိုင်ဆိုင်ဆိုင်ရှိပါလိမ့်မည်။ သတင်းသမားအပြကောင်းလျှင် အစိုးရနှင့် ကြံ့ခိုင်ရေးကိုယ်စားလှယ်၊ တပ်မတော်သားကိုယ်စားလှယ်များအား လူကြိုက်များအောင်ပင်လုပ်နိုင်ပါလိမ့်မည်။ အတိုက်အခံတို့ဧ။် အားနည်းချက်များကို ယဉ်ကျေးလှပစွာ ထောက်ပြနိုင်ပါလိမ့်မည်။ ပရိသတ်အများစု စိတ်ဝင်စားသော အပိုင်းကို ဖြတ်တောက်တင်ပြရန်မှာ သတင်းသမားဧ။် တာဝန်ဖြစ်ကြောင်း လူကြီးမင်းများသိပြီးဖြစ်ပါလိမ့်မည်။ သို့ရာတွင် မြစ်ကိုအလျားလိုက်ကူးသကဲ့သို့သော တင်ပြပုံမျိုးသည် လိုင်းပြောင်းကြည့်ချင်စိတ်ကိုသာ ဖြစ်ပေါ်စေပါသည်။

လူတယောက်သည် မိမိဧ။် အဆင့်အတန်းကို ပြသရန် အ၀တ်အစားကောင်းမွန်သေသပ်စွာ ၀တ်ဆင်ရသကဲ့သို့ပင် တကမ္ဘာလုံးက ၀ိုင်းဝန်းစောင့်ကြည့်နေကြချိန်တွင် မြန်မာ့ရုပ်မြင်နှင့် သတင်းစာသည်လည်း မြန်မာအစိုးရဧ။် ကိုယ်ပိုင်အဆင့်အတန်းကို ကိုယ်စားပြုကြောင်း လေးနက်စွာ ယုံကြည်ပါသည်။ (သမ္မတကြီးကိုတော့ အားနာပါသည်။) ပြောင်းလဲကြပြီဟု အထပ်ထပ်ပြောဆိုကြရာတွင် အပေါ်ယံပင်ဖြစ်စေကာမူ နှုတ်တစ်ရာ စာတစ်လုံး၊ စာတစ်ရာ ပုံတစ်ချပ် ဆိုသကဲ့သို့ ရုပ်မြင်ပုံတကွက်သည် အသက်ဖြစ်သွားနိုင်ကြောင်း သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဧ။် ဓါတ်ပုံက သက်သေပြခဲ့ပြီးဖြစ်ပါသည်။

သတင်းစာကို ကိုင်လိုက်သည်နှင့် မြန်မာရုပ်သံသတင်းကို ဖွင့်လိုက်သည်နှင့် တို့တတွေ ခေတ်ပြောင်းနေပြီဟု ယုံကြည်လောက်သည့်အထောက်အထားများကို (အတုအယောင်ပင်ဖြစ်စေ) မြင်လိုတွေ့လိုလှပါသည်။ မကြာမီသော အနာဂတ်တွင် မြင်တွေ့ကြရလိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။ ထို့အတွက်မူ အားသွန်ခွန်စိုက် အလုပ်လုပ်ကြရပါလိမ့်မည်။ ခေတ်နောက်ပြန်ဆွဲသော အမြင်များနှင့် လုပ်ရိုးလုပ်စဉ်များကို ချန်ထားခဲ့ရပါလိမ့်မည်။ တဦးတည်းပြိုင်စဉ် အနိုင်ရခြင်းထက် ပြိုင်ဘက်ကောင်းများအလယ် ဗိုလ်စွဲခြင်းက အဆပေါင်းများစွာ ဂုဏ်ရှိကြောင်း နောင်မျိုးဆက်များအားသင်ကြားကြရပါလိမ့်မည်။

( ဒီစာကို တစုံတယောက်၊ တဖွဲ့ ကို နစ်နာစေလိုသော သဘောဖြင့်မဟုတ်ပဲ ပြည်သူတယောက်အနေဖြင့် ကိုယ်ပိုင်အမြင်တခုနဲ့ ရေးပါတယ်။ ဘယ်ပါတီ ဘယ်အဖွဲ့ဝင်မှ မဟုတ်တဲ့အတွက် ဘယ်သူ့အတွက်ရေးတာလဲ မဟုတ်ပါ။ ရှူထောင့်မတူသူများ လွတ်လပ်စွာ ၀င်ရောက်မှတ်ချက်ရေးသားနိုင်ပါတယ်။ )

Thanda Win Faebook

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.