Sunday, January 16, 2011
1 ဆရာတော် သံဃာတော်များနှင့် ဗုဒ္ဓ္ပဘာသာဝင်အပေါင်းတို့အား သတိပေးနိုးဆော်လွှာ
Saturday, January 15, 2011
0 တူနီးရှားနိုင်ငံကို၂၃ နှစ်ကြာဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်သမတZine El Abidine Ben Ali ထောင်သောင်းများစွာသော လူထုဆန္ဒပြမှုကြောင့် တိုင်းပြည်မှ ထွက်ပြေး
video။ ။ CNN/ Aljazerra
0 " ရောင်နီလာ နံနက်ခင်းဆီသို့”-အပိုင်း ( ၃ )
ရေးသူ-မောင်မောင်ဝမ်း
"Freedom is not free."
"လွတ်မြောက်မှု့ဆိုတာ အလကား မရဘူး။”
လူငယ်တွေ ခဏခဏ မေးတတ်တဲ့ မေးခွန်းတွေက ခေါင်းထဲကို အစီအရီ ၀င်လာတယ်။နိုင်ငံရေးဆိုတာ ဘာလဲ။၊ဒီမိုကရေစီဆိုတာ ဘာလဲ။ မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု့တွေက ဘာလို့ပေါ်ပေါက်လာရတာလဲ။အနာဂတ်မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေက ဘာတွေများလဲ။….စတဲ့..စတဲ့ မေးခွန်းတွေ………….။
“အကို..နိုင်ငံရေးဆိုတာ ဘာလဲ” စန်းမောင်ရဲ့အနှစ်သာရ ပြည့်ဝလှတဲ့ မေးခွန်းလေးက ကျနော့်ရင်ကို လှုပ်ခတ်သွားစေခဲ့တယ်။ ဒီမေးခွန်းဟာ..ကျနော် သိပ်ပြောချင်နေတဲ့ အကြောင်းအရာပေါ့……..တော်တော် များများသော လူထုကြီးဟာ နိုင်ငံရေးလို့  ဆိုလိုက်တာနဲ့ သီးခြားလုပ်ငန်းစဉ်တခုလို ယုံကြည်နေကြတာကိုး၊။
“ နိုင်ငံရေးဆိုတာ လူသားတွေရဲ့အရေးပဲကွ..ပညာရှင် အသီးသီးက ရှုထောင့်အသီးသီးကနေ အဓိပ္ပါယ်တွေ..ဖွင့်ဆိုထားတာတော့ ရှိတာပေါ့ကွာ..ဒါပေမယ့် ခြုံလိုက်ရင်..ဒီအဖြေပဲ ထွက်ပါတယ်…လူသားတွေရဲ့အရေးမှန်သမျှ နိုင်ငံရေးပဲ…နိုင်ငံရေးကို...မျက်ကွယ်ပြုခြင်းဟာ..လူသားတွေရဲ့အရေးကို မျက်ကွယ်ပြုခြင်းပဲ..ငါ ဒီလိုပဲ ယုံကြည်တယ်…တ ကယ်မှာက နိုင်ငံရေးဆိုတာ မွန်မြတ်သန့်စင်တဲ့ အလုပ်ပါ..နိုင်ငံရေးဆိုတာကို စက်ဆုတ်သွားအောင် ခေတ်အဆက်ဆက် နာမည်ဆိုး နိုင်ငံရေးသမားတွေနဲ့ စစ်အာဏာရှင်တွေရဲ့တဘက်သတ် လှုံ့ဆော်မှု့တွေကြောင့် တို့(ဒို့)နိုင်ငံမှာ..နိုင်ငံရေးဆိုတဲ့ အသံလေးကြားလိုက်တာနဲ့ လူတော်တော်များများက တုန်လှုပ်သွားတတ်ကြတယ် မဟုတ်လား….”
“ သိပ်မှန်တာပေါ့ အကိုရာ..လူတော်တော်များများက..နိုင်ငံရေးဆိုတာနဲ့ ဝေးဝေးက ရှောင်ပြေးတော့တာပဲ”
ကိုသွေးရဲ့ခံစားမှု့ စကားလုံးတွေက တချက်တချက် ဝေ့တိုက်ခတ်လာတဲ့ အညာလေနုအေးလေးနဲ့ အတူ ထွက်ပေါ်လာတော့...
“ငါတခါက..အခု ကြံ့ဖွတ်အဖွဲ့က မြို့နယ် အတွင်းရေးမှုး အောင်နိုင်နဲ့ မင်္ဂလာဆောင်တခုမှာ သွားဆုံဖြစ်တယ်ကွ...မလွှဲသာလို့ ဆုံလိုက်ရတဲ့ သဘောပါ..။သူက ငါနဲ့စကားပြောရမှာကို အတော်စိုးရိမ်နေတဲ့အကောင်ကွ..။ဆုံကြတော့လည်း..ဟိုဟိုသည်သည် ရောက်သွားတော့တာပေါ့….သူက ဘာပြောသလဲ ဆိုတော့…..”
“ သူငယ်ချင်း..ငါနိုင်ငံရေး မလုပ်တော့ဘူး..ငါ့ကိုနားလည်ပါ ” တဲ့………။ကောင်းရောကွာ..။
ငါကလည်း စိတ်ပေါက်ပေါက်ရှိတာနဲ့…”မင်းတို့ အဖွဲ့က လုပ်နေတာတွေက နိုင်ငံရေးမဟုတ်လို့..နတ် ပြည်ရေးတွေ လုပ်နေတာလား” ဆိုတော့…သူ ဘာမှပြန်မဖြေနိုင်တော့ဘူး…။ထပြီး လစ်ပြေးတော့တာပဲ…အထူးသဖြင့် တို့(ဒို့)နိုင်ငံမှာ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို စက်ဆုတ်ဖွယ်ဖြစ်အောင် လုပ်တဲ့နေရာမှာ..စစ်အာဏာရှင် အဆက်ဆက်ဟာ အဓိက တရားခံပဲ…အင်္ဂလိပ်ဝေါဟာရ ( politics )ကို နိုင်ငံရေးလို့ အဓိပ္ပါယ် မဖွင့်တော့ဘဲ..တခြားစကားလုံးနဲ့ပြောင်းလဲသုံးရင်း ကောင်းမလားလို့တောင် စဉ်းစားမိတယ်..”
ဘေးနားမှာ ဘာမှ ၀င်မပြောသေးဘဲ ထိုင်နေတဲ့ ချမ်းမြေ့က ၀င်လာပြီး…..
“ ဟုတ်တယ်..ကျနော့်အိမ်မှာဆို … ကျနော်က တခါတလေ မြန်မာ့အကြောင်း..ကမ္ဘာ့အကြောင်းလေး နည်းနည်းပါးပါး ဟလိုက်တာနဲ့ အမေက ဇွတ်တားတော့တာပဲ….။ ”ဟဲ့..နိုင်ငံရေးအကြောင်းတွေ လာမပြောနဲ့..နင်ထောင်ထဲသွားရလိမ့်မယ်..” ဒီလိုလာတာဗျ…”
“အေးပေါ့ ...လူတော်တော်များများ သိနေတာက..နိုင်ငံရေးလို့ ပြောလိုက်တာနဲ့ အစိုးရဆန့်ကျင်ရေးလို့ပဲ ပြေးမြင်ကြတာ မဟုတ်လား..နိုင်ငံရေးသမားဆို..အစိုးရ ဆန့်ကျင်ရေးသမားပေါ့..ထောင်ထဲ ၀င်လိုက်ထွက်လိုက်လုပ်နေရတဲ့သူ…မကြာခဏ အာဏာပိုင်တွေရဲ့အထုအထောင်း အနှိပ်အစက်ကို ခံနေရတဲ့သူ..သူတို့နဲ့ငါ ဆက်ဆံလိုက်ရင်..ငါတို့ပါ ဒုက္ခရောက်နိုင်တယ်ဆိုပြီး ဝေးဝေးက.အရှောင်ခံရတဲ့သူ..ဒီလိုတွေပဲ မြင်နေကြတယ်..ဒီအမြင်တွေကို ဒီနေ့လူငယ်ထုကြီးက ဖယ်ရှားပစ်ဖို့ လိုတယ်ကွ..”
ကျနော့်ရဲ့စကားအဆုံး…..
“ဒီ အယူအဆမျိုးကို..ဒီနေ့လူငယ်ထုက..သိပ်လက်မခံတော့ပါဘူး…ဒါကလည်း..စစ်အာဏာရှင်တွေရဲ့ အမျိုးမျိုးသော..သွေးထိုးလှုံ့ဆော်မှု့တွေကြောင့်…နိုင်ငံရေးအပေါ် ထားရှိတဲ့သဘောထား..လွဲမှားနေတာလို့ပဲ ကျနော်ထင်တယ်….”
စန်းမောင်က စကားပြောနေရင်းက..မျက်လုံးကို တခြားနေရာဆီ ပြောင်းကြည့်ရင်းက…၊
အားလုံးကလည်း ဦးတည်ကြည့်လိုက်ကြတယ်…..။
ထက်အောင်….ပင်နီတိုက်ပုံ နဲ့ ကချင်လုံချည်နဲ့ကို စမတ်ကျကျ ၀တ်ဆင်ပြီး ရောက်လာတယ်။
ကျနော်သူ့ကိုကြည့်ြ့ပီးတချက်ပြုံးမိလိုက်တယ်…..။ ထက်အောင်က မလုံမလဲ အမူအရာနဲ့...
“ အကိုက ..ကျနော့်ကိုကြည့်ပြီး…ဘာပြုံးနေတာလဲ” “မဟုတ်ပါဘူးကွာ..မင်းကို..သဘောကျလို့ပါ..။ တချိန်က ထက်အောင်နဲ့ လုံးလုံးခြားနားသွားလို့ပါ..။တချိန်က ငါမြင်ဖူးတဲ့ ထက်အောင်က ..ဆံပင်က..ဘာရောင်တွေ ဆိုးထားမှန်းမသိဘူး။ ဖွာလန်ကျဲလို့...။ နားမှာကလည်း အပေါက်ပေါင်းစုံ ..နားကွင်းပေါင်းစုံ..။အကျီအ၀တ်အစားက..ကြောင်ကြောင်ကျားကျား ၀တ်ဆင်တတ်တဲ့..မင်းကို..အခုမြင်ကွင်းနဲ့ကြည့်ပြီး လေးစားသွားလို့ပါ”
ထက်အောင်က သဘောကျသွားပုံရတယ်….။
“ ဒီတခါတော့..ကျနော်လဘက်ရည်ဖိုး ရှင်းပါ့မယ်ဗျာ”
အားလုံးက လှုပ်လှုပ်ရွရွနဲ့..”စားကြ..မှာကြ..” ဆိုတဲ့ ဟန်တွေ လုပ်ပြကြရင်း အားလုံး ၀ိုင်းရီလိုက်ကြတယ်။
“အကို ..ဟိုနေ့က ရှင်းပြခဲ့တဲ့..ဒီမိုကရေစီဆိုတာ ပေါင်းစပ်တန်ဘိုးဖြစ်တဲ့ နိုင်ငံရေးအယူအဆနဲ့တွဲသုံးကြတယ်ဆိုတဲ့ဟာကို ဆက်ရှင်းပေးပါဦး ”
ကိုသွေးက စကားလမ်းကြောင်းပေးလာတော့….
“ဒီလိုကွ…မျက်မှောက် ကမ္ဘာကြီးမှာ..ဒီမိုကရေစီကို နိုင်ငံရေးပုံစံ ၃ မျိုးနဲ့တွဲသုံးလာတာကို တွေ့ရတယ်..။ဒါတွေကတော့..(တစ်)..လွတ်လပ်တဲ့ဒီမိုကရေစီ ( liberal Democracy )…(နှစ်)..မလွတ်လပ်တဲ့ ဒီမိုကရေစီ ( illiberal Democracy )..။(သုံး)..အစ္စလမ်မစ် ဒီမိုကရေစီဆို ယေဘုယျအားဖြင့် ခွဲခြားနိုင်ပါတယ်…။
ငါ စရှင်းပေးမှာက မလွတ်လပ်တဲ့..ဒီမိုကရေစီ အမျိုးအစား။ အခု စစ်အစိုးရကပြောနေတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာ..မလွတ်လပ်တဲ့..ဒီမိုကရေစီအမျိုးစားပဲ..။ကွန်မြူနစ်နိုင်ငံတွေမှာ ကျင့်သုံးခဲ့တဲ့ ဒီမိုကရေစီ…။ နောက်..အင်ဒိုနီးရှားနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့..ဒီမိုကရေစီပုံစံတွေဟာ..မလွတ်လပ်တဲ့ ဒီမိုကရေစီအမျိုးစားတွေပဲ..”
“ လက်ဝဲ ဆိုရှယ်လစ်၊ကွန်မြူနစ်နိုင်ငံတွေမှာ..ဒီမိုကရေစီစနစ်ကို ..ကျင့်သုံးခဲ့တယ်ဆိုတာ..ဟုတ်ပါ့မလားအကို”
“လူထုက ရွေးချယ်တင်မြှောက်ခဲ့တယ်ဆိုတဲ့..လမ်းကြောင်းကိုတော့ ရွေးချယ်ခဲ့တယ်…ဒါကို ဒီမိုကရေစီ ကျင့်သုံးခဲ့တယ်လို့..ပြောကြတာပဲ….။ ဒါပေမယ့် လူထုဆန္ဒ..စစ်စစ်မှန်မှန်နဲ့ ဘာကိုမှ ရွေးချယ်လို့ မရတာတော့ သေချာတယ်…။ တို့(ဒို့)နိုင်ငံမှာ နှစ်ပေါင်း ၂၆နှစ် အုပ်စိုးသွားခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုပဲပြန်ကြည့်ကွာ..။မင်းတို့ကငယ်သေးတော့..ဘယ်သိပါ့မလဲ…။ လေးနှစ်တကြိမ် ရွေး ကောက်ပွဲကျင်းပတော့..အတိုက်အခံပါတီဆိုတာ မရှိဘူး..သူတို့ပါတီက တိုက်ရိုက်ချပေးတဲ့ ကိုယ်စားလှယ်တွေကို..ပြိုင်ဘက်မရှိ..လူထုက မဲပေးရတာ…လူထုမှာ ရွေးချယ်ခွင့် မရှိဘူး..။သဘောကတော့…လူထု စိတ်ကြိုက်ရွေးချယ်ပေးနိုင်တဲ့..ရွေးကောက်ပွဲ မဟုတ်ဘဲ..ဒီမိုကရေစီကို လက်တလုံးခြား လှည့်ပြီး..ကိုယ်စားလှယ်တွေကို..လူထုက သွားအသိမှတ်ပြုရတဲ့သဘောလောက်ပဲ ဖြစ်ခဲ့တယ်…။ဒါကြောင့်လည်း ၂၆နှစ်အကြာ ၁၉၈၈ လူထုအရေးတော်ပုံကြီးနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ..ကျဆုံးသွားခဲ့ရတယ်…”
“ အဲဒီပါတီဟာ..ဒီမိုကရေစီကျင့်သုံးခဲ့တယ်လို့ ပြောလို့ရသလား ”
ချမ်းမြေ့က ရေနွေးခရားထဲက ရေနွေးကိုထည့်ရင်း မေးလိုက်တယ်….။
“ငါ ရှေ့မှာပြောခဲ့သလိုပဲ..။လူထုက ရွေးချယ်ပေးရတယ်ဆိုကတည်းက..ဒီမိုကရေစီပုံစံလို့ ပြောမယ်ဆိုပြောနိုင်တာပေါ့.. ဒါပေမယ့် တကယ့်…ဒီမိုကရေစီ အနှစ်သာရမှာ..လွတ်လပ်တဲ့ သဘောဆန္ဒဆိုတာ ပါတယ်…။အာဏာရှင်နိုင်ငံတွေ..တပါတီစနစ်ကြီးစိုးတဲ့နိုင်ငံတချို့မှာ..လူထုဆန္ဒခံယူပွဲတော့လုပ်ပါရဲ့..တကယ်ရော..လူထုဆန္ဒပါရဲ့လား..။လွတ်လပ်စွာရွေးချယ်နိုင်တဲ့ ဆန္ဒတွေ ရှိရဲ့လား..သေသေ ချာချာ လေ့လာကြည့်တော့ မရှိဘူး..လုံးဝ မရှိဘူး..လူထုကို အကြောက်တရားတွေနဲ့လွှမ်းမိုးပြီး..သူတို့ဖြစ်ချင်တာတွေကို စေခိုင်းတဲ့ အနေအထားတွေပဲရှိတယ်..ဒါကို ဒီမိုကရေစီ ရှိသယောင် အသံကောင်း ဟစ်ထားတယ်..။ ဒါကိုပဲ..သူတို့က..ဒီမိုကရေစီလို့ သတ်မှတ်ခဲ့တယ်..။အကို ပြောခဲ့သလိုပဲ..။ ဒီပုံသဏ္ဍာန်ကို..ဒီမိုကရေစီလို့ သတ်မှတ်ရင်တောင်မှ မလွတ်လပ်တဲ့ ဒီမိုကရေစီ အမျိုးစားသာ..ဖြစ်တယ်”
“ အဲဒီ..မလွတ်လပ်တဲ့ ဒီမိုကရေစီပုံစံ အမျိုးစားကို..ဘယ်နိုင်ငံတွေမှာ ကျင့်သုံးလဲ အကို ”
စန်းမောင်က လက်ထဲမှာ ဘော့ပင်ကို ကိုင်ထားရင်း သူ့နုတ်စာအုပ်ထဲကို ရေးမှတ်မလို့ လုပ်ရင်းက လှမ်းမေးတယ်။….
“ အင်ဒိုနီးရှား၊တရုတ်၊ကျူးဘား၊ဗီယက်နမ်၊..ဒါ မင်းတို့မြင်သာတဲ့ နိုင်ငံတွေကို ပြောပြတာပါ..နောက်ထပ်လည်း ရှိသေးတယ်..ထပ်တိုးမယ်ဆိုရင်တော့..အခုမြန်မာနိုင်ငံပေါ့ကွာ”
“သူရဲ့ပုံသဏ္ဍာန်တွေက ဘယ်လိုလဲ”
“လူထုက ရွေးချယ်တင်မြှောက်ပေးရတဲ့ ( ဒီမိုကရေစီ)ပုံစံကို အရောင်ပြ ကျင့်သုံးတယ်ကွာ.. ။ ပြီးရင်..လူတဦးတယောက်..ဒါမှမဟုတ်..တပါတီ..အဖွဲ့စည်းတခုကနေ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထင်သလိုကျင့်သုံးတော့တာပဲ…။လူထုဟာ ဒီမိုကရေစီနဲ့လူအခွင့်ရေး အပြည့်အ၀ပေးဖို့ မရင့်ကျက်သေးဘူးဆိုတာ သူတို့အမြဲသုံးနေကျ လက်သုံးစကားပဲ….။လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတွေက ..အားနည်းချက်တွေကို လက်ညှိုးထိုးပြပြီး အပြစ်တွေပဲပြော..လူထုကို ထင်ရောင်မှားတွေဖြစ်အောင် အမြဲကြိုးစားလေ့ရှိတယ်”…
ကျနော့်စကားအဆုံးမှာ စန်းမောင်က...
“ အဲဒါပြောတာပေါ့အကိုရာ..ဒီမိုကရေစီ မရင့်ကျက်သေးလို့ ဆိုပြီး လွတ်လပ်မှု့ မပေး..။ မလွတ်လပ်လို့..ဒီမိုကရေစီက ရင့်ကျက် မလာ..။ဘာ သွားယုံရတော့မလဲ..”
စန်းမောင်ရဲ့ထိမိလှတဲ့အတွေးအခေါ်၊။
လူငယ်တွေကို လျှော့တွက်လို့ မရဘူးဆိုတာ ယနေ့စစ်အာဏာရှင်များနဲ့ နိုင်ငံရေးသမားဆိုသော ပုဂ္ဂိုလ်ကြီးများကို သိစေချင်တယ်။ ဒီနေ့ခေတ်ဟာ IT နည်းပညာခေတ်၊ အကြောင်းအရာတခုပေါက်ထွက်လာပြီဆို..ချက်ကနဲ ကမ္ဘာပတ်သွားတတ်တဲ့ခေတ်မှာ..ဟောင်းနွမ်းဆွေး မြေ့နေတဲ့ အတွေးအခေါ် အယူအဆတွေနဲ့ လူထုကို ချုပ်ကိုင်ဖို့ ကြိုးစားမယ်ဆိုရင်..အမှားကြီးမှားသွားပါလိမ့်မယ်….။
“ နောက်တခုက လွတ်လပ်တဲ့ ဒီမိုကရေစီပုံစံ ….liberal ( လစ်ဘရယ် ) အယူအဆနဲ့ ဒီမိုကရေစီကို ပေါင်းစပ်ကျင့်သုံးထားတာ..လစ်ဘရယ်နဲ့ကွန်မြူနစ် အယူအဆတွေအကြောင်း နောက်ပိုင်းမှာ ဆက်ဆွေးနွေးတာပေါ့…။
လက်ဝဲ ဆိုရှယ်လစ်နဲ့ကွန်မြူနစ်တွေ သမုတ်တာကတော့ အရင်းရှင်စနစ်အခြေပြု ဒီမိုကရေစီပုံစံပေါ့ကွာ..။ ဒီစနစ်ကိုကျင့်သုံးတဲ့ နိုင်ငံတွေထဲက တချို့ကိုပြောရရင်..အမေရိကန်အပါဝင် ဥရောပ၊တောင်ကိုရီးယား၊ဂျပန်၊ထိုင်း စတဲ့နိုင်ငံတွေမှာ လစ်ဘရယ်ဒီမိုကရေစီ ..တနည်းအားဖြင့် လွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်..။လူထုဟာ မိမိစိတ်ကြိုက် အစိုးရကို ရွေးချယ်ခွင့်ရှိတယ်၊ဖြုတ်ချခွင့်ရှိတယ်..တရားဥပဒေဘောင်အတွင်းမှာ လူ့အခွင့်အရေးအပြည့်ဝရှိတယ်..အခုကမ္ဘာကြီးမှာ အောင်မြင်နေတဲ့ ဈေးကွက်စီးပွားရေးဆိုတာ လစ်ဘရယ်က ဆင်းသက်လာတဲ့ စီးပွားရေးပုံသဏ္ဍာန်ပါ….နှိုင်းယှဉ်ကြည့်မယ်ဆိုရင်..အာဏာရှင်စနစ်နဲ့ပဲဖြစ်ဖြစ်၊ တပါတီကြိုးကိုင်စနစ်နဲ့ပဲဖြစ်ဖြစ်...သွားနေကြတဲ့ တရုတ်လို၊ဗီယက်နမ်လို ကွန်မြူနစ်နိုင်ငံတွေမှာတောင်မှ သူတို့အယူအဆနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့..ဈေးကွက်စီးပွားေးရးပုံစံကို လက်ခံကျင့်သုံးလာတာကတော့..ထူးခြားချက် တခုပဲကွ၊”
“ အကို ကျနော်သိပ်မရှင်းလို့ မေးချင်တယ်….ဈေးကွက်စီးပွားရေးဆိုတာ ဘာလဲဗျ..”
ဒီတခါတော့ ထက်အောင်ရဲ့စူးရှလှတဲ့မေးခွန်းလေးက ကျနော့်ရင်ထဲကို ထိုးဖောက်သွားစေခဲ့တယ်…..ကျန်လက်စ လဘက်ရည်ကို တကျိုက်မော့သောက်လိုက်ရင်း…
“လွတ်လပ်စွာ ယှဉ်ပြိုင်ရောင်းဝယ်တဲ့ စီးပွားရေးပုံစံပေါ့ကွာ….အထူးသဖြင့် ပုဂ္ဂိုလ်အခန်းကဏ္ဍကို ဦးစားပေးပြီး..လူတိုင်းဟာ..လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ရောင်းဝယ်နိုင်ရမယ်..စီးပွားရေးပုံသဏ္ဍာန်တွေကို တရားဥပဒေဘောင်အတွင်းက..စိတ်ကြိုက်စီမံနိုင်ရမယ်...လို့ဆိုတယ်….။အခု နအဖက ပြဌာန်းထားတဲ့ စီးပွားရေးဦးတည်ချက်ဆိုတာမှာ..နိုင်ငံတော်ရဲ့စီးပွားရေးလုပ်ငန်းဟာ..နိုင်ငံတော်ရဲ့လက်ဝယ်မှာရှိရမယ်လို့လည်းဆိုတယ်…ပြီးတော့ ဈေးကွက်စီးပွားရေးကိုလည်း အကောင်ထည်ဖော်ဦးမယ်ဆိုတော့..ဆန့်ကျင်ဘက်ကြီးကွ..။တကယ်တော့ အစိုးရဆိုတာ အခွန်ပဲ ကောက်စားရတဲ့အမျိုးကွ..။သူက စီးပွားရေးလုပ်ငန်းမှန်သမျှကို လက်ဝါးကြီးအုပ်ပြီး..နိုင်ငံတော်စီးပွားရေးဆိုတဲ့ နောက်မှတော့..ဘယ်ကလာ ဈေးကွက်စီးပွားရေးပုံသဏ္ဍာန်ဖြစ်လာတော့မှာလဲကွာ…ပုဂ္ဂိုလ်တွေက ဘယ်လိုလုပ်လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်လို့ရတော့မလဲကွာ…နောက်တခါ တော်တော်ကြောင်တဲ့ လုပ်ရပ်တခုရှိသေးတယ်..ကုန်ဈေးနှုန်းကို အာဏာနဲ့ထိန်းချုပ်တာလေ….အဲဒါ ဘယ်တော့မှ မရဘူး။မှတ်ထား..။ကုန်ဈေးနှုန်းဆိုတဲ့ အမျိုးက ဈေးကွက်အပေါ်မှာပဲ တည်မှီနေတာ…အခြေအနေ၊အကြောင်းအမျိုးမျိုးတိုက်ဆိုင်ပြီးဖြစ်နေတာ..ဒါကို အာဏာနဲ့ထိန်းချုပ်လို့ရပါ့မလားကွာ..ရလည်းခဏပေါ့..။တကယ်ခေတ်မှီတဲ့ နိုင်ငံတွေမှာ လူထုရဲ့အခြေခံလိုအပ်ချက်တွေအတွက် အစိုးရကိုယ်တိုင်က နှစ်နဲ့ချီပြီး စီမံထားရတာ..။ ဥပမာ..အမေရိကန်မှာ လောင်စာဆီဈေးတွေ တက်တယ်ကွာ…အဲဒါကိုလူထုက မကျေနပ်လို့ လူထုက ဆန္ဒလည်းပြရော..အစိုးရကဘာလုပ်သလဲဆိုတော့..သူတို့ သိုလှောင်ထားတဲ့ လောင်စာဆီတွေကို ဈေးအရမ်းချပြီး ရောင်းပစ်လိုက်တာ….နောက်တော့ လောင်စာတင်ပို့တဲ့နိုင်ငံတွေကပါ..ဈေးကို အစိုးရနှုန်းနဲ့အတူတူ လိုက်ချပေးလိုက်ရတော့..ဈေးတွေ ကျကုန်တော့တာပေါ့…လောင်စာဆီဈေးတက်လို့ဆို…..လောင်စာဆီရောင်းတဲ့သူတွေကို ဖမ်းလားဆီးလား လုပ်တယ်ကြားဖူးလား….ဒါ့ကြောင့် ကမ္ဘာကြီးကို လေ့လာလိုက်မယ်ဆိုရင် ဈေးကွက်ကို ထိန်းချုပ်ထားတဲ့ နိုင်ငံတွေထက် ဈေးကွက်ကို ပြိုင်ဆိုင်ခွင့်ပေးတဲ့ နိုင်ငံတွေက ပိုချမ်းသာ အောင်မြင်ကြတာ လေ့လာတွေ့ရှိရတယ်…..”
“ ဟုတ်တယ် အကိုရ... မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတခု လုပ်တော့မယ်ဆိုရင်တောင်မှ..ဟိုကပိတ်..ဒီက ကာနဲ့ လုပ်လို့ရတဲ့အလုပ်က..ခပ်ရှားရှားပါ..။သူတို့နဲ့ ပနံသင့်တဲ့လူတွေလောက်ပဲ..စီးပွားရေးကို ကောင်းကောင်း ထူထူထောင်ထောင် လုပ်နိုင်ကြတာ…။ကိုယ့်အရည်သွေး..အရည်အချင်းပေါ် တည်မှီပြီး..လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့..ဘယ်လောက်ကြာကြာ စောင့်ရဦးမလဲ မသိဘူးနော်…”
စိတ်ပျက်လက်ပျက်အသံနဲ့ညည်းညူလိုက်တဲ့ စန်းမောင်ကို ကြည့်ပြီး ကျနော့်ရင်ထဲတမျိုးဖြစ်သွားမိတယ်။
“ စီးပွားရေး လွတ်လပ်ခွင့်တွေမပေးဘဲနဲ့ ဘယ်လိုလုပ် ဈေးကွက်စီးပွားရေးပုံစံကို အကောင်ထည်ဖော်မလဲ မသိဘူး..ငါတော့ လိုက်မမှီတော့ဘူး..။အခုမြန်မာနိုင်ငံမှာ တွက်ခြေ အကိုက်ဆုံးစီးပွားရေးက..အာဏာပိုင်နဲ့ပင်းလုပ်တဲ့ အလုပ်ကလွဲလို့ ဘယ်လုပ်ငန်းတွေများထူထူ ထောင်ထောင်ရှိလို့လဲကွာ…”
အားလုံးဟာ မှင်သက်ပြီးနားထောင်နေကြတယ်..။
“ နောက်တခုက အစ္စလာမ်ဘာသာရေးအယူအဆကို ဒီမိုကရေစီနဲ့တွဲဘက်ကျင့်သုံးတယ်..ဥပမာ တူရကီလိုနိုင်ငံမျိုးပေါ့..ဒါကတော့ တို့နိုင်ငံနဲ့ အလှမ်းဝေးပါတယ်….ဒါ့ကြောင့် ဒီမိုကရေစီသဘောတရားနဲ့ပတ်သက်ပြီး ...ငါ အဓိကပြောချင်တာက ဒီမိုကရေစီဆိုတိုင်းလည်း မပြီးသေးဘူးဗျ…သူ့ရဲ့ပေါင်းစပ်တန်ဘိုး..ဘာနဲ့သွားမှာလဲ ဆိုတဲ့..မဟာဗျူဟာပုံစံက လိုသေးတယ်…ဆိုပါစို့…ခုနေ..” ကျနော်တို့လိုချင်တာ ဒီမိုကရေစီပါ ” ဆို ပြီး ထတောင်းဆိုမယ်ဆို..နအဖက ”ကျုပ်တို့ ခင်ဗျားတို့ကို ဒီမိုကရေစီပေးပါမယ်”လို့ပြောပြီးပြီ..ဖွဲ့စည်းပုံအခြေခံဥပဒေတောင်မှပြဌာန်းပေးပြီးပြီ..ဘာလာကြောင်တာလဲဆို..ဘာ ပြန်ဖြေကြမလဲ ..။ တကယ်တော့ အားလုံးပြောနေကြတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ လွတ်လပ်တဲ့ဒီမိုကရေစီပုံစံကို ပြောတာပါ..။ ဒါကို သဲကွဲဖို့လိုတယ်…လွတ်လပ်မှု့ဆိုတဲ့နေရာမှာလည်း သူ့မှာဘောင်ရှိပါတယ်..။ငါမင်းတို့ကို တခုမေးချင်တယ်..လွတ်လပ်မှု့ကြောင့်ရရှိလာတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ မလွတ်လပ်မှု့ကြောင့် ရလာမယ့် ဘေးထွက်ဆိုးကျိုး ဘယ်ဟာက ပိုဆိုးမယ် ထင်လဲ။…ဘေးထွက်ဆိုးကျိုးကို ကြောက်လို့ဆိုတဲ့ ..အကြောင်းပြချက်နဲ့ လွတ်လပ်မှု့တွေကို ဟန့်တားပြီး..အာဏာရှင်စနစ်အုပ်ချုပ်ရေးကိုတော့ ငါမကြိုက်တာအမှန်ပဲကွ ”
“ ဒါပေါ့ အကိုရာ..နိုင်ငံရေးစနစ်ပုံစံတွေမှာ ဘေးထွက်ဆိုးကျိုးဆိုတာ အနည်းနဲ့အများရှိနေကြမှာပါပဲ…ဒါကို ရိုးမယ်ဖွဲ့ပြီးနေမယ်ဆို..မလုပ်လို့မဖြစ်..မဖြစ်လို့မလုပ်ဆိုတဲ့ အဆိုးသံသရာထဲမှာပဲ လည်နေဦးမှာပဲ ”
ကိုသွေးရဲ့စကားအဆုံး..သတိထားကြည့်လိုက်တော့ စန်းမောင်ပုံစံက တခုခုကို သိပ်မရှင်းတဲ့ပုံ..မျက်မှောင်ကို ကုတ်ရင်း စဉ်းစားနေဟန် ရှိနေရာကနေ….
“ အကို ကျနော်တို့အတွက် သိပ်သိချင်တဲ့ အရာကိုလည်း ပြောဦးလေ…အကို မေ့နေပုံရတယ်..ခုန အကိုရှင်းပြသွားတဲ့အထဲက လွတ်လပ်တဲ့ဒီမိုကရေစီ (တနည်းအားဖြင့်) လစ်ဘရယ်ဒီမိုကရေစီဆိုတာ ဘာလဲ ”
“ ငါရှင်းပြမလို့ပါ..ဒီလိုကွ… လစ်ဘရယ်ဆိုတဲ့ဝေါဟာရက လက်တင်ဘာသာစကား( Liber ) ဆိုတာကနေ ဆင်းသက်လာတာ အင်္ဂလိပ်လိုတော့ လွတ်လပ်ခြင်း ( Free ) လို့အဓိပါယ်ရတယ်။ လစ်ဘရယ်ရဲ့ ဂုဏ်အင်္ဂါရပ်တွေကတော့..( ၁ ) လွတ်လပ်မှု့၏ဂုဏ်သိက္ခာကိုတန်ဘိုးထားခြင်း၊ ( ၂ ) လူပုဂ္ဂို တဦးချင်းအပေါ်အခြေခံသည့်ဝါဒ၊ ( ၃ ) အခြေခံဥပဒေနဲ့အညီအုပ်ချုပ်သောအစိုးရများအားဖော်ဆောင်ခြင်း၊( ၄ ) စီးပွားရေးစနစ်ကို လူအဖွဲ့အစည်းကလိုအပ်သလို ပြဌာန်းနိုင်ခွင့်ကိုလမ်းဖွင့်ပေးရေး နှင့် အစိုးရကထိန်းချုပ်မှု့ကင်းဝေးရေးဆိုတာတွေပဲ…လစ်ဘရယ်ဒီမိုကရေစီဆိုတာ..လစ်ဘရယ်ဝါဒနဲ့ ဒီမိုကရေစီအယူအဆကိုပေါင်းစပ်ထားတာပေါ့…နောက်တချက်က ..လစ်ဘရယ်ဒီမိုကရေစီရဲ့အခြေခံသဘောတရားတွေကတော့….လွတ်လပ်မှု့၊ညီမျှမှု့၊ ချစ်ကြည်မှု့၊ လူမှု့ရိုင်းပင်းမျှဝေခြင်းဆိုတာတွေပဲ…..ဒါ့အပြင်…..”
“ ဟိုး..ဟိုး..အကို့ ...ခဏလေး..ကျနော်လိုက်မှတ်နေလို့..”
စန်းမောင်က ပျာယိပျာရာနဲ့ လှမ်းတားလိုက်တော့မှ..
“ ဆောရီးကွာ စန်းမောင် ။ငါကလည်း ပြောချင်ဇောနဲ့ လောကြီးသွားတယ်…….”
စန်းမောင်က လက်ကာပြပြီး..
“ ရပြီ အကို ....ဆက်ပြောပါဦး”
“ အရေးကြီးဆုံးတချက်ကတော့…ဒီမိုကရေစီ၊ လူ့အခွင့်ရေး၊ဈေးကွက်စီးပွားရေးလွတ်လပ်ခွင့်ဆိုတာတွေဟာ…လွတ်လပ်တဲ့ဒီမိုကရေစီ တနည်းအားဖြင့် လစ်ဘရယ်ဒီမိုကရေစီမှာပဲရှိတဲ့ တန်ဘိုးပဲကွ..ဘယ်စနစ်၊ ဘယ်အယူအဆမှာမှမရှိဘူး…”
“ တန်ဘိုးရှိလိုက်တဲ့..အရာတွေအကိုရာ.. အကိုပြောသွားတဲ့အထဲမှာ လစ်ဘရယ်ဒီမိုကရေစီကျင့်သုံးတာ..အမေရိကန်၊ဥရောပ၊အပါအ၀င် အာရှမှာဆို..တောင်ကိုရီးယား၊ဂျပန်၊အိန္ဒိယ၊ စတဲ့နိုင်ငံတွေပေါ့နော်…”
စန်းမောင်က ..မေးမေးမှတ်မှတ် လုပ်ရင်းက ၀င်ထောက်လိုက်တော့……
“ ဟုတ်တယ်..နောက် လစ်ဘရယ်ဒီမိုကရေစီကို အကောင်ထည်ဖော်နေတဲ့အထဲမှာ..ထိုင်း၊ဖိလစ်ပိုင်၊မလေးရှား၊ကမ္ဘောဒီးရား တို့အပြင်အများကြီးရှိသေးတယ်….ဒီမိုကရေစီလို့ပြောလိုက်တာနဲ့အားလုံးနီးပါးသောနိုင်ငံတွေဟာ..လွတ်လပ်တဲ့ဒီမိုကရေစီ ( လစ်ဘရယ်ဒီမိုကရေစီ ) တခါ မင်းတို့ငါတို့အများသူငါပြောနေကြတဲ့ စစ်မှန်သောဒီမိုကရေစီ အားလုံးအတူတူပါပဲ..အဲဒီ့ကိုဦးတည်သွားနေကြတာပါကွာ…တခြားဟာမဟုတ်ပါဘူး……” ပြောပြောဆိုဆို ကျနော် နာရီကိုကြည့်လိုက်တော့ အလုပ်ကိစ္စတခုဆောင်ရွက်ဖို့ အချိန်နီးနေတာ အခုမှသတိထားမိတော့တယ်….။
“ ကဲ..ဒီနေ့တော့..ဒီလောက်ပဲ..ရပ်ထားလိုက်ရအောင်..နောက်နေ့မှ ဆက်ကြတာပေါ့….”
အညာမြေရဲ့လှပတဲ့ ညနေခင်းလေး တခုကို ကျနော်တို့ အကျိုးရှိစွာကျော်ဖြတ် လိုက်ခဲ့ပြီလား………ကျနော့်ရဲ့စိတ်တွေကတော့..ပေါ့ပါးလန်းဆန်းလျှက်ရှိသည်။ လူငယ်တွေသိချင်သော အကြောင်းအရာများကို ကျေကျေနပ်နပ် ပြောပြခွင့်ရခဲ့သောကြောင့်…..ဒီလိုအချိန်၊အခြေနေမျိုးတွေ များများရှိပါစေ...လို့တောင့်တရင်း…။…….
အပိုင်း ( ၄ ) ဆက်ပါဦးမည်။
အားလုံးကို လေးစားစွာဖြင့်-
( မောင်မောင်ဝမ်း )
0 ၀ဋ်ကြွေးတွေကျေ၊ ကံကြွေးတွေပြေ
ရှစ်သောင်းလေးထောင် ဓမ္မက္ခန္ဓာစေတီ ကိန်းဝပ်စံပယ်တော်မူသော ပန်းပေါင်းစုံ “လိုချင်တိုင်းပြည့် ယွန်းဘုရားကြီး” သည် (၉) ရက်တိုင်တိုင် ဒေသစာရီ လှည့်လည်အပူဇော်ခံခဲ့ပြီး သည့်နောက် ယနေ့ (၉) ရက်မြောက်သောနေ့တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၂ ရပ်ကွက် မေတ္တာချောင်းကူးရပ်ရှိ ၀ဋ်ကြွေးတော်ပြေ စေတီတော်မြတ်ကြီးတည်ရှိရာ ရန်အောင်မြေကျောင်း တိုက်တွင် ပြန်လည်၍ သီတင်းမသုံးခင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ကြွချီကာ အပူဇော်ခံ ခဲ့ပါသည်။
      ရှစ်သောင်းလေးထောင် ဓမ္မက္ခန္ဓာစေတီ ကိန်းဝပ်စံပယ်တော်မူသော ပန်းပေါင်းစုံ “လိုချင်တိုင်းပြည့် ယွန်းဘုရားကြီး” တည်ထားခြင်း၏ တင်ပြချက်မှာ -
      သမ္မာသမ္ဗုဒ္ဓ ခပ်သိမ်းသော တရားတော်တို့ကို သိမြင်တော်မူသော မြတ်ဗုဒ္ဓသည် သတ္တ၀ါတို့ အား (အန္ဓ) အကန်းဘ၀မှ (၀ိဇ္ဇာ) အလင်းရောင်သို့၎င်း ပုထုဇဉ်ဘ၀မှ အရိယာသူတော်ကောင်း အဖြစ်သို့ ရောက်ရှိသည်အထိ (ဓမ္မ) တည်းဟူသော တရားတော်မြတ်တို့ကို ဟောကြားတော်မူခဲ့သည်။
      (သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာ) အမည်အားဖြင့် ခေါ်ဝေါ်သတ်မှတ်ကြပြီး၊ ၂၁၀၀၀ သော (လိုက်နာရေး) သုတ္တန်တော်တို့ကို၎င်း၊ ၂၁၀၀၀ သော (ကျင့်သုံးရေး) ၀ိနယ ဓမ္မက္ခန္ဓာတော်တို့ကို၎င်း၊ ၄၂၀၀၀ သော (သိမြင်ရေး) အဘိဓမ္မာ ဓမ္မက္ခန္ဓာတော်တို့ကို၎င်း၊ ပေါင်းစပ်အပ်သော ၈၄၀၀၀ ရှစ်သောင်းလေးထောင်သော “ဓမ္မ၀ိနယ” အားဖြင့် (၂) ပါး၊ နိကာယ်အားဖြင့် (၅) ရက်၊ ပိဋကတ်အား ဖြင့် (၃) ပုံသော တရားတော်မြတ်တို့ကို ဟောကြားဆုံးမတော်မူခဲ့ပေသည်။
      တရားတော်မြတ်တို့ကြောင့် (သံသရာ) ဘ၀ခရီးသွား ဓမ္မအနှစ်ကို “ရှာမှီးသူ” တို့သည် ထို (ဓမ္မ) အစစ်ကို သိအောင်၊ မြင်အောင်၊ (ကိုယ်ကျိုးစွန့်) ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ခဲ့ကြ၍ ၀ဋ် (၃) ပါးမှ လွတ်မြောက်ကြကာ၊ ကိလေသာ (၁၀) ပါးမှ ရပ်စဲကြပြီး မီး (၁၁) တစ်ဆယ့်တစ်ပါးတို့မှ ငြိမ်းသတ် နိုင်ခဲ့ကြလေပြီ၊ ဤကဲ့သို့ အကြောင်းတရား အကျိုးတရားတို့ကို သိမြင်သောအားဖြင့် . . . .
      မြတ်ဗုဒ္ဓသည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သော (ဓမ္မ)ကို ဟောကြားတော်မူ ခဲ့ပေသည်။ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာတရားတော်အပေါင်းတို့သည်ကား၊ မြတ်ဗုဒ္ဓ၌သာ ကိန်းဝပ်စံပယ်တော်မူ၏။ (ဗုဒ္ဓ၌သာရှိ၏) သို့အတွက်ကြောင့် ဗုဒ္ဓသည်လည်း ဓမ္မဖြစ်၏။ ဓမ္မသည်လည်း ဗုဒ္ဓဖြစ်၏။ ထို (ဓမ္မပိုင်ရှင်) မြတ်ဗုဒ္ဓ၏ ဘုန်းတော်၊ ကံတော်၊ ဥာဏ်တော်၊ ကရုဏာတော်၊ သစ္စာတော်၊ မေတ္တာတော်၊ တန်ခိုးတော်တို့သည် (အပြစ်ကင်း၊ ကောင်းမြတ်သော) အရာမှန်သမျှတို့ကို “လိုချင်တိုင်းပြည့်” စုံစေနိုင်၏။ သို့အတွက်ကြောင့် အမြတ်ဆုံး (အာဇာနည်စစ်) မြတ်ဗုဒ္ဓအား ဂုဏ်ပြုလျှက် မိမိတို့စွမ်းနိုင်သော ဗုဒ္ဓဆင်းတုတော်ပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်တို့ဖြင့် တပေါင်းတစည်း တစ်နေရာတည်း စုပုံလျက် ဤ ရှစ်သောင်းလေးထောင် ဓမ္မက္ခန္ဓာ စေတီ လိုချင်တိုင်းပြည့်ဘုရားကြီးကို တည်ထားအပ်ပါသည်။
      ရန်အောင်မြင်ကျောင်းတိုက်၊ ၀ဋ်ကြွေးတော်ပြေဆရာတော် ဘဒ္ဒန္တ သိရီပါလ (ဒီပါရာမ သာသနာပြု)၏ အာသီသပတ္ထနာ
          “ခေတ်ကောင်းရေးဆောင် အမှားအမှန်ဖွေရှာ
              ရှစ်သောင်းလေးထောင် တရားဓမ္မက္ခန္ဓာစေတီသာ
              ဖြစ်ကြောင်းအေးအောင် သနားရှု့တော့မှာ
              ဖြစ်ကြောင်းအားလုံးအေးပါစေ”
      ကျွန်တော်/ ကျွန်မတို့ ယခုကဲ့သို့ ၀ဋ်ကြွေးတော်ပြေ ကျောင်းဝန်းအတွင်းရှိ ရှစ်သောင်းလေး ထောင် ဓမ္မက္ခန္ဓာစေတီ “လိုချင်တိုင်းပြည့်ဘုရားကြီး” အား ဖူးမျှော်ကြည်ညို အပူဇော်ခံခွင့် ရရှိခဲ့သလို ပြည်တွင်း ပြည်ပရှိ အများပြည်သူအပေါင်းတို့သည်လည်း ဖူးမျှော်ကြည်ညိုနိုင်ရန် ယခုကဲ့သို့ တင်ပြ ရခြင်းဖြစ်ပါသည်။ အများပြည်သူအပေါင်း ၀ဋ်ကြွေးများကျေ၊ ကံကြွေးများပြေပြီး လိုရာဆန္ဒပြည့်ဝ ကြပါစေ။
ပေးပို့သော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်။
0 ငယ်စဉ်ကြီးလိုက်
ငယ်စဉ်ကြီးလိုက်
ငယ် - သူငယ်ချင်းတို့ . . .
မင်းတို့နဲ့ငါ ငယ်ငယ်ကလေးထဲက သူငယ်ချင်းတွေပါ။
ကစားဖော်, ကစားဖက်
ကျောင်းပြေးဖော်, ကျောင်းပြေးဖက်
ဆိုးဖော်, ဆိုးဖက်
ဆော့ဖော်, ဆော့ဖက်
ဘောလုံးကစားဖော်, ကစားဖက်
ဘာဘဲလုပ်လုပ် တဖက်ဖက်နဲ့
မင်းတို့ထဲမှာ ငါက စာအညံ့ဆုံး
ဒါပေမဲ့ “ငယ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံး။
စဉ် - သူငယ်ချင်းတို့ . . .
အစဉ်လိုက် - တပူးပူး, တတွဲတွဲနဲ့ ကောလိပ်ရောက်တော့လဲ ရှေ့ဆင့်နောက်ဆင့်ဘဲ။
မင်းတို့က ရှေ့ကသွား ငါက နောက်ကလိုက်ခဲ့။
ပညာရေးကနိမ့်ပါးတော့ ငယ်ဘဝ မိဘတွေမရိပ်မိအောင်
မူးယစ်သုံးတော့လည်း မင်းတို့က တား၊
တားမရတော့လည်း ချစ်နေကြမြဲ။
မင်းတို့ကတော့ ပညာတတ်ကြီးတွေဖြစ်သွား
ငါကတော့ မူးယစ်သံသရာထဲ တဝဲဝဲလည်။
ဒါပေမဲ့ “ငယ်စဉ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။
ကြီး - သူငယ်ချင်းတို့ . . .
ဘဝပေးအခြေအနေကြောင့် ငါက မင်းသားဖြစ်သွား
မင်းတို့မှာတော့ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေ၊
စစ်ဘက်အရာရှိတွေ၊ သဘောင်္အရာရှိတွေနဲ့
ငါနဲ့မင်းတို့ ဘဝတွေက ကွာခြားသွား။
ငါ့ရဲ့ဘဝထဲ ကြီးသူငယ်ချင်းတို့ နဲ့ ထပ်ဆုံတွေ့
ငါ့ရဲ့ လောကထဲမှာက ပြဿနာပေါင်းစုံ။
အရက်၊ မူးယစ်၊ မိန်းမ၊ လောင်းကစား အစုံဘဲ။
အဲဒီ အစုံအစုံတွေကြား နစ်မွန်းခဲ့ရ။
ဒါပေမဲ့ “ငယ် စဉ် ကြီး” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။ လိုက် - သူငယ်ချင်းတို့ . . .
လိုက် -ငါ့ဘဝကို ငါရုန်းထွက်
နာရေးကောင်းမှုထဲ စုံးစုံးဝင်ခဲ့။
လူမှုရေးလမ်းကြောင်းထဲ အဆုံးထိလိုက်ခဲ့။
နာရေး လူမှုရေး တပူးတွဲတွဲ စက်တင်ဘာကိစ္စ စခဲ့ပြီဘဲ။
အကျဉ်းကျ မိသားစု ဘဝကိုယ်ချင်းစာခဲ့။
ငါ့ကို ခေါ်ယူမေးမြန်းခဲ့။
ငါလှည့်ကြည့်မိတယ် …… ဘယ်သူမှ မရှိတော့ဘူး။
…… ဘယ်သူမှ ပါမလာတော့ဘူး။
၂ဝဝ၇ နောက်ပိုင်း …… ငါ့ဘဝမှာ ငါတစ်ယောက်တည်း။
မွေးကတည်းက တစ်ယောက်ထဲ ….. ဆုံးတဲ့အခါမှာလဲ တစ်ယောက်တည်း။
ဒီစကားက မှန်နေဆဲပါ သူငယ်ချင်းတို့
အခု……ငါကောင်းမှုတွေလုပ်နေပြီလေကွာ။
မြတ်စွာဘုရား ဆုံးမဟောကြားထားတဲ့ အတိုင်းဗြဟ္မစိုရ် လူမှုရေးတွေ လုပ်နေလေပြီကွာ။
လူလူချင်း စာနာထောက်ထားနေပြီလေကွာ။
ငါ့နားမှာ ငယ်စဉ်ကသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါ့ဘေးမှာ ကြီးမှပေါင်းတဲ့ အနုပညာသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါတို့ လက်ချင်း မတွဲကြတော့ဘူးလားကွာ။
ငါဟာ အနက်ရောင်လူသား မဟုတ်ရပါလားကွာ။
ငါဟာ အရှင်လတ်လတ် ဥပေက္ခာလူသားဖြစ်သွားပြီလား ……
အခုတော့ …. ငါ့ဘေးမှာ လူသေတွေနဲ့ လူနာတွေချည်းပဲပေါ့။
ငါ့ကို မင်းတို့တွေ့ရမှာ၊ ဆုံရမှာ ဘာလို့များ ကြောက်နေရတာလည်းကွာ။
ငါဟာ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ မကောင်းဆိုးဝါး မဟုတ်ပါဘူးကွာ။
ပြည်သူတွေရဲ့ဒုက္ခ အခက်အခဲတွေကို တပိုင်တနိုင် ဖေးမပေးနေတဲ့ ငါပါကွ။
မင်းတို့၊ ငါတို့ အများပြည်သူလူသားအားလုံးဟာ
ခင်ပွန်းကြီးဆယ်ပါးထဲမှာ အကျုံးဝင်တယ်ဆိုတာ မမေ့ကြပါနဲ့ကွာ။
လူမှုရေးဟာ … ပြည်သူ့အရေး
ပြည်သူ့အရေးဟာ … နိုင်ငံ့အရေး
နိုင်ငံ့အရေးဟာ …. မင်းတို့ ငါတို့ရဲ့ အရေးလေကွာ။
မင်းတို့ မရက်စက်ကြပါနဲ့
မင်းတို့ အတ္တမကြီးကြပါနဲ့
မင်းတို့ရဲ့ ပညာရပ်တွေကို ဘယ်သူမှမထိနိုင်၊ မခိုးနိုင်ပါဘူး။
မင်းတို့ရဲ့ ပညာတွေ မပွန်းနိုင်ပါဘူး။ မပဲ့နိုင်ပါဘူးကွာ။
ဓားဆိုတာ သွေးနေမှထက်တယ်တဲ့။
မင်းတို့တတ်မြောက်ထားတဲ့ပညာရပ်တွေကို အသုံးချကြပါတော့ကွာ။
ဒါမှ မင်းတို့ရဲ့ပညာတွေ တောက်ပြောင်ထက်မြက်လာမှာပါ။
ခုတော့ …… ငါ့မှာတော့ တစ်ယောက်ထဲ
မင်းတို့ရဲ့ ဥပေက္ခာလုပ်ရပ်က မှားနေပြီလား။
မင်းတို့ရဲ့ အယူအစွဲတွေ မှားနေပြီလား။
မင်းတို့ရဲ့ ပညာရပ်တွေ ဥစ္စာချောက်နေကြပြီလား။
မိချောင်းမင်း ရေခင်းပြတာတော့ မဟုတ်ရပါကွာ။
ငယ်စဉ် ကြီးလိုက် သူငယ်ချင်းတို့ရေ …
ငါတို့ ဟိုတုန်းကလို … လက်ချင်းဆက်ပြီး စိတ်ချင်းဆက်ကာ
အများအတွက် ဒို့တွေပေးဆပ်ကြပါစို့လား။ ။
ဒါပေမဲ့ . . . “ငယ် စဉ် ကြီး လိုက်” သူငယ်ချင်းတို့ မင်းတို့ကိုတော့ ငါချစ်နေဆဲပဲ။
မောင်မောင် (ခ) ကျော်ဝင်း (ခ) ကျော်သူ
0 တွေးမိတိုင်း အရိုးနာသည်
တောက်!
ကြည့်နေရင်းနဲ့ပဲ ရင်ထဲကဒေါသတွေ တလိပ်လိပ်တက်လာတယ်။ နောက်ဆုံးမှာခံစားချက်တွေ ယိုဖိတ် မမြိုသိပ်နိုင်တော့လို့ လည်ချောင်းမှတဆင့် လျာကိုဖြတ်သန်းပြီးလေထုထဲကိုတက်ခေါက်သံအဖြစ် ပေါက်ကွဲထွက်သွားတော့တယ်။
တောက်!...သောက်ရူးတွေ ငါတို့ဘာသာ၊သာသနာကို စော်ကားတဲ့သူတွေ၊ ညစ်နွမ်းအောင် ဖျက်ဆီးတဲ့ သူတွေ၊ ဒင်းတို့ကြောင့် ငါတို့ရဲ့ ဗုဒ္ဓဘာသာဟာ သူများတံထွေးခွက်ပေါလောမျောတော့မယ်..တောက်!!!
တကယ်ပြောတာပါဗျာ.ဒေါသထွက်လွန်းလို့ မျက်ရည်တောင်ဝဲတဲ့အထိပါပဲ.။ ကျနော်ဟာထေရဒါဒ ဗုဒ္ဓဘာသာဝင် တယောက်ပါ။တခြားဘာသာများကို လေးစားပါတယ်။ထိုဘာသာများကိုလည်း ကောင်း၏၊ဆိုး၏မဝေဖန်လိုပါ။ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကို တန်ဖိုးထားလေးစားသောကြောင့် ဖြစ်ပါတယ်။သို့သော် ကျနော်ယုံကြည်ကိုးကွယ်သော ဗုဒ္ဓဘာသာကိုတော့ ကျနော်ဝေဖန်သုံးသပ်ပိုင်ခွင့်ရှိသည်လို့ ယူဆပါတယ်။
အားလုံးလဲ သိပြီးသားဖြစ်မှာပါ။ ခုရက်ပိုင်းပိုင်း online မှာ ပျံ့နှံ့နေတဲ့ သတင်းပါ။ သင်ကန်းအရေခြုံ ကုလားဘုန်းကြီးနဲ့ အဲဒီသင်တန်းကို တက်ရောက်ကြတဲ့ သက်ကြားအိုများကစလို့လူငယ်လူရွယ်များပါမကျန် သောက်ရှက်မရှိ ဒန့်ကြ၊နန့်ကြတဲ့သတင်းပါ။(ကျနော် အသုံးအနှုန်းရိုင်းသွားပါက ခွင့်လွှတ်ပါ။ ဗိုလ်ချုပ်ပြောဖူးတယ် တချို့တွေက ခပ်ရိုင်းရိုင်းပြောမှ မှတ်မိတတ်ကြတယ်)
ကျနော်တို့နိုင်ငံလို ထေရ၀ါဒစစ်စစ်ကို ကျင့်သုံးတဲ့နိုင်ငံမှာ ခုလိုသင်တန်းမျိုးဟာ ဘယ်လိုမှလက်ခံစရာ အကြောင်းမရှိပါဘူး။ မယာယနကျင့်သုံးတဲ့ တိုင်းပြည်တွေမှာဘယ်လိုပဲ ဒန့်ကြ၊နန့်ကြ ကျနော် စိတ်မ၀င်စားပါဘူး။ခုတော့ဗျာ အပေါ်ကဘုန်းကြီးဆိုတဲ့လူ(ကျနော်ကတော့ဘုန်းကြီးလို့ မသတ်မှတ်ပါဘူး) ကလည်း အဆိပ်ထုတ်မယ်ဆိုပြီး မဟုတ်တရုတ်သီချင်းတွေဖွင့်၊အောက်က လူတွေကလည်း အရှက်မရှိ ဒန့်နေကြတာ သူတို့အစားကျနော်ကတော့ တော်တော်လေး ရှက်တယ်။ ဘယ်နှယ့်ဗျာ..ဆရာတော်ကြီးတွေက ငြိမ်းအေးခြင်း(သန္တိ)ကို အလေးပေးပြီး စိတ်တွေကို စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်ကြဖို့။ ဆရာတော်ဦးဇောတိကတို့၊ရှင်ဆန္ဒာဓိကတို့ ဆိုရင်လဲ တယောက်တည်းနေ တစိတ်ထဲထား။ငြိမ်းအေးသောဘ၀ပိုင်ရှင် စသည်ဖြင့်စာပေတွေ ရေးသားပြီးအသိဖွင့်ပေးခဲ့ကြတယ်။
သူတို့ကျမှပဲ သာဓုခေါ်မယ့်အစား လက်ခုပ်တီးပါတဲ့။ မနန့်တဲ့သူ အဖိုးကြီး၊အဖွားကြီး မြန်မြန်ဖြစ်ပါစေတဲ့.။ ကြားလို့မှ ကောင်းကြသေးရဲ့လားဗျာ.။ဘုန်းကြီးရူးနဲ့လှေလူး ဆိုသလိုပဲ ဒီအတိုင်းဆက်သွားရင် ကြာလာတာနဲ့အမျှ ကျနော်တို့သာသနာဟာ ပုဂံအရည်းကြီးခေတ် လိုပုံစံပြန်ရောက်သွားမှာ မြင်ယောင်မိပါတယ်။ ဒေ၀ဒတ်နဲ့ပေါင်းမိတဲ့ အဇာတသတ်ဟာ ဖခင်ကိုတောင်ပြန်လည် သတ်ခဲ့တာ ထင်ရှားတဲ့သာဓကတခုပါ။ဒါကြောင့် ဗုဒ္ဓသာသနာကို ညစ်နွမ်းစေတဲ့ဒေ၀ဒတ်လို ဘုန်းကြီးမျိုးကို ကျနော်တို့အားလုံးက ဆန့်ကျင်တိုက်ဖျက်သွားကြရမယ်။
မြန်မာပြည်ရှိထေရ၀ါဒ ဘုနုးတော်ကြီးများ နဲ့သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနရှိ လူကြီးများအနေနဲ့လည်း ခုလိုလုပ်ရပ်မျိုးကို အရေးယူဆောင်ရွက်ပေးပါရန် အနူးအညွတ် မေတ္တာ ရပ်ခံပါတယ်။ ၂၀၀ရရွှေဝါရောင်တုန်းက အေးချမ်းစွာမေတ္တာပို့ ဆုတောင်းကြတဲ့ ဘုန်းကြီးတွေကို သံဃာတု ဆိုပြီးဖမ်းဆီးနှိပ်စက်၊ ခုဒေ၀ဒတ်လိုဘုန်းကြီးကိုတော့ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဆိုပြီး သင်တန်းတွေဖွင့်၊ကိုးကွယ်ဆည်းကပ်ကြတဲ့ အဇာတသတ်လိုနအဖ(နွားအဖွဲ့) လူကြီးတွေကိုတော့ အောက်ပါကဗျာလေးနဲ့ပဲ ဂုဏ်ပြုလိုက်ပါတယ်။
" တွေးမိတိုင်း အရိုးနာသည်.."
နအဖတွေစည်းကမ်းဖောက်လို့
ဘာသာပျောက်ဖြစ်ပြီ
သာသနာဖောက် အသစ်မှီသည်
ညစ်ပလီလူမျိုး...။
အစစ်ပစ်လို့ အတုခင်တွယ်
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး...။
သံဃာအစစ်ကျ ရိုက်ကြချင်
အတုခင် သူကိုး
ကုလားမြင် သူ့အမေရိုးတော့မလိုပ
ရိုကျိုးလို့ ဦးတင်
မြင်ပါသနော် သံဃာတော်တို့က
မေတ္တာပို့တော့ ခွေးသို့ဟောင်..
ပြောရော့ဟဲ့ ရာဇ၀င်ပြောင်အောင်
ကြောင်တောင်တောင် ဒန့်ကြလို့
နန့်ကြတာ တွေ့ရတာ ခွေးသို့ပမာ
တွေးမိတိုင်း အရိုးနာသည်
အမျိုးပါဆဲ ချင်တော့လေး....။
(ကိုလိုနီခေတ် အချုပ်တန်းဆရာဖေရဲ့ ကဗျာလေးကို မှီငြမ်းမှုပြုထားပါသည်။)
ဗုဒ္ဓသာသနာတော် ညိုးနွမ်းပျက်စီးအောင် လုပ်နေကြသူများအား ပြင်းပြင်းထန်ထန် ဆန့်ကျင်
တိုက်ဖျက်ပါ၏..။
အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား(၁၄-၀၁-၁၁)
 ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့ လင်းစေသော်....
ပေးပို့ပေးသော ကိုဖိုးသိကြား အားဒေါင်းမာန်ဟုန်မှကျေးဇူးတင်ရှိပါသည်. 
0 စာသင်သား သံဃာတစ်ပါး ကို စွမ်းအားရှင် တွေက ဝိုင်းရိုက်
ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း ၁၀၇ ရပ်ကွက် မှာရှိတဲ့ ဓမ္မဝိဟာရ ကျောင်းတိုက် က စာသင် သံဃာ တစ်ပါး ဖြစ်တဲ့ ဦးဓမ္မဿရ ကို ရပ်ကွက် စွမ်းအားရှင် တွေ က ဝိုင်းဝန်း ရိုက်နှက်ခဲ့ ပါတယ်။အရိုက်ခံရတဲ့ သံဃာ က ပြီးခဲ့တဲ့ အင်္ဂါနေ့ညပိုင်း မှာ ကွမ်းယာ ထွက်ဝယ်ရင်း ရပ်ကွက် ရယက တွေ နဲ့စကားများခဲ့ရာ က ရယက တွေ လက်သပ် မွေးထားတဲ့ စွမ်းအားရှင် ၂၀ လောက်က ဝိုင်းဝန်း ရိုက်နှက် ခဲ့ကြတာ ဖြစ်တယ်လို့ မျက်မြင် သက်သေ သံဃာတော် တစ်ပါး က ဘီဘီစီကို ပြောပါတယ်။
အရိုက်ခံရတဲ့ သံဃာ က လမ်းဘေးမှာ ဝိုင်းဖွဲ့ချက်ပြုတ် စားသောက် နေကြတဲ့ ရယက တွေကို ကွမ်းယာဆိုင်ဘေး ကနေပြီး လှမ်းကြည့်တော့ ဟေ့ကောင် ဘာကြည့် တာလဲကွ ဆိုပြီး မေးတဲ့ အတွက် ပြဿနာ စဖြစ်ခဲ့ ပါတယ်၊ အဲဒီမှာ စာသင်သား ကိုယ်တော်လေး က သိချင်ရင် လိုက်ခဲ့လို့ ပြောပြီး ကျောင်း ကို ပြန်အလာ စွမ်းအားရှင် တွေ က တုတ်တွေ ဓါးတွေနဲ့ဝိုင်းရိုက် ကာ ကားနဲ့ တင်ခေါ်သွားတဲ့ အကြောင်း၊ သေပြီအထင် နဲ့ရပ်ကွက် အပြင်ဘက် က ကွင်းထဲ ပစ်ထားခဲ့တဲ့ အကြောင်း အဲဒီ သံဃာတော် ကပဲ ဘီဘီစီ ကို ရှင်းပြ ပါတယ်။အရိုက်ခံရတဲ့ သံဃာတော် ဟာ ဆေးရုံတက် ဆေးကုသ ခံယူရင်းက ထပ်မံ ရန်မူ လာမှာ ကြောက်ပြီး တိမ်းရှောင် သွားရ ပါတယ်။ရပ်ကွက် အာဏာပိုင်တွေ ကတော့ ကျောင်းထိုင် ဆရာတော်ထံမှာ ဒီအမှု ကို ကျေအေး ပေးဖို့ဝိုင်းဝန်း ပြောဆို နေကြ ပါတယ်။
(bbc)
0 နအဖမှသင်္ဃန်းခြုံပြထားတဲ့ အတုအယောင်ဘုန်းကြီးအားအားပေးကူညီပြီး ဗုဒ္ဓဘာသာကို ညိုးနွမ်းအောင်ပြုလုပ်
Ah Bayah facebookမှshareသော အပိုင်း(၁)မှအပိုင်း(၆)နိဂုံးပိုင်းအထိတဆက်တည်းကြည့်ရူနိုင်ပါသည်.
(န.အ.ဖ)စစ်ခေါင်းဆောင်များကြီးမှူးကျင်းပသော နံပါတ် ၀မ်း Brain Wash သင်တန်း ၂၀၁၀ ဒီဇင်ဘာလအတွင်း ၊ ဘားအံ မြို့ ဇွဲကပင်ခန်းမတွင် ကျင်းပခဲ့စဉ်က ၊ သင်တန်းမှူး သံဃာ ဖြစ်သော ဦးဣတ္တိပါလ က တက်ရောက်လာသော ၊ ၀န်ထမ်းများ ၊ ဆရာဆရာမများ ၊ ကျောင်းသားလူငယ်များ ၊ လူကြီးကတော်များကို ( အဆိပ်တွေများနေလို့ အဆိပ်ထုတ်ကြမယ် ) ဟု ဆိုကာ ။ သူနဲ့အတူ ပါလာခဲ့သော dancer များကို ကရင်ဝတ်စုံများဝတ်စေကာ stage ပေါ်မှ တရုပ်သီချင်းနဲ့ ကစေပြီး ။အဲဒီတရုတ်သီချင်းရဲ့ အဓိပ္ပါယ်ကတော့ မင်းတို့အ၀တ်တွေ ချွတ်ပစ်လိုက်လို့ အဓိပ္ပါယ်ရကြောင်းလည်း သိရပါတယ်။ တရုတ်သီချင်း က Alex Du 杜德伟 ဆိုထားတဲ့ "脫掉" "ချွတ်ပြစ်လိုက်"လို့အမည်ရတဲ့ သီချင်းပါ။ စာသားတွေထဲက တစ်ကြောင်း နှစ်ကြောင်းလောက် ဘာသာပြန်ရရင်တော့ "စည်းကမ်းတွေများနေတယ် ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက် " နောက်ဆုံး "အပေါ်အဝတ်တွေ အောက်ခံတွေပါ ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက်"လို့ ဆိုနေတာပါ။ စင်ပေါ်စင်အောက်က အရူးတွေကတော့ ဗုမသိ ဘမသိနဲ့ အားရပါးရ ကနေကျတာ။  ဖွင့်ထားတဲ့ တရုတ်သီချင်းကိုအောက်ကlink မှာကြည့်နိုင်ပါတယ်
http://www.youtube.com/watch?v=VcngZ...eature=related
အောက်မှ လူများကိုလည်း ဂုဏ် သိက္ခာမရှိ ၊ ရိုးရာယဉ်ကျေးမှုနဲ့မညီ ၊ ပေါကြောင်ကြောင် လိုက်ပြီး ကခုန်စေသော video ဖိုင် ၆ဖိုင်အားလုံးတစုတည်းပေါင်းပြီးတင်လိုက်ပါတယ်။
ဘုန်းကြီးတယောက်က သာဓုခေါ်တာကို မကြိုက်ဘူး လက်ခုပ်တီးတာကို ကြိုက်ပါတယ် ဆိုကတည်းက ဒီဘုန်ကြီး မူမမှန်တာ ထင်ရှားနေပါပြီ ။ဗုဒ္ဓဘာသာကို ညိုးနွမ်းအောင် လုပ်ဆောင်နေသော သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်ဘုန်းကြီးအတုအား စစ်အုပ်စုအာဏာပိုင်များမှ အရေးယူ ထိန်းသိမ်းခြင်းမျိုးမရှိသည့် အပြင် အားပေးကူညီနေသောကြောင့် သဃာတော်များနှင့် ပြည်သူလူထုမှ အလွန်စိတ်သောက ဖြစ်နေကြကြောင်း သိရသည်။
အတုအယောင် သာသနာဖျက်ဘုန်းကြီးအားထောက်ပံ့ပေးနေတဲ့( တီးယန်း ) လို့ခေါ်တဲ့ ဆေးပစ္စည်းကုမ္ပဏီ ရဲ့ ပိုင်ရှင် ( တရုတ် )သဋ္ဌေး
video အပိုင်း(၆)နိဂုံးမှာတော့သာသနာ အရေကို ခြုံပြီး သာသနာကို ဖျက်စီးနေတဲ့ အဲဒီဘုန်းကြီးကို နောက်ခံပေးပြီး မြန်မာပြည်ကို စစ်အုပ်စုနဲ့အတူ ၊ စံနစ်တကျ ဖျက်ဆီးစေတဲ့ တရားခံက ( တရုတ် )ပါပဲ ။ ( တီးယန်း ) လို့ခေါ်တဲ့ ဆေးပစ္စည်းကုမ္ပဏီ ရဲ့ ပိုင်ရှင် သဋ္ဌေးပါပဲ ။ သာမာန်မတွေးပါနဲ့ ။ မြန်မာပြည်သိမ်းဖို့ တရုတ်က စံနစ်တကျထိုးဖေါက်လာနေတာဆိုတဲ့ သတိပေးစကားပြောဖို့ ဒီvideo ဖိုင်တွေတင်ခဲ့တာပါ ။ သာသနာ ဆိုတဲ့ အဆုံးအမ မရှိရင် ၊ တိဗက်လို ပြည်သိမ်းဖို့ လွယ်သွားပြီပေါ့ ။
တရုတ်ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်မြောက်ရေး ။ တရုပ်လွှမ်းမိုးရေး အလုပ်ကို ၊ ပညာသားပါပါ လုပ်နေကြတယ်ဆိုတာ နောက်ဆုံး အသိပေးတာပါ ။ မြန်မာပြည်နဲ့ ၊ သာသနာတော်ကို ကာကွယ်နိုင်ကြပါစေ ။
( မေတ္တာဖြင့် ) Ah Bayah
အပေါ်က အတုအယောင် သာသနာဖျက်ဘုန်းကြီး နံပါတ် ၀မ်း Brain Wash သင်တန်းရဲ့homepageပါ. ဒီနေရာမှာ ပါ
Friday, January 14, 2011
0 ပြည်သူ့ခေတ်ဂျာနယ်၊အတွဲ၁၊ အမှတ် ၂၃ မှ စာပေစီစစ်ရေးဖြုတ်လိုက်သော ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူး
`အတိုင်းတာတစ်ခုထိရေးပိုင်ခွင့်မှာ အတိုင်းအတာက တစ်နေ့ထက်တနေ့ပိုပြီးတော့ ကြီးမားကျယ်ပြန့်လာမယ်လို့ မျှော်လင့်ပါတယ်` ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်း
ငြိမ်းဆက်လင်း(မြစ်မခ)
နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံမေးမြန်းခွင့်တောင်းခဲ့ရာ တွေ့ဆုံမေးမြန်းခဲ့ရပါသည်။
မေး။ ။ အန်တီပြောတဲ့ ဒီမိုကရေစီကွန်ယက်ဆိုတာကို သိပါရစေ။
ဖြေ။ ။ ဒီမိုကရေစီကွန်ယက်ဆိုတာ ကွန်ယက်ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ သမီးတို့သိပြီးသားလေ။ ပါတီတစ်ခုတည်း လဲမဟုတ်ဘူး၊ နိုင်ငံရေးပါတီ အစုတွေအဖွဲ့တွေလဲမကဘူး ပြည်သူတွေကပါ ပါဝင်နိုင်တဲ့ ကွန်ယက်တစ်ခုကို ဆိုလို တာပါ။ နောက်ပြည်သူတွေဆိုတာလဲ ဗမာပြည်သူတွေမကဘူး တစ်ကမ္ဘာလုံးကပြည်သူတွေပါဝင်ပြီးတော့ ဆက်သွယ် ပြီးတော့ ဒီမိုကရေစီအတွက် တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားပေးဖို့ပေါ့နော် အဲလိုအဆက်အသွယ်တစ်ခု ကွန်ယက် တစ်ခု လုပ်ချင်တယ်ဆိုတဲ့ သဘောနဲ့ ပြောတာပါ။
မေး။ ။ တကယ်လို့ အန်တီ့အနေနဲ့ ဗိုလ်ချူပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရမယ်ဆိုရင် ဘယ်လိုအကြောင်းအရာမျိုး တွေဆွေးနွေးမှာပါလဲရှင်။
ဖြေ။ ။ ဒါကတော့ အန်တီတစ်ယောက်ထဲဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘူးလေ။ တကယ်တော့ တွေ့ဆုံဆွေးနွေး တယ်ဆိုတာ နှစ်ဦးနှစ်ဖက် သဘောထားတွေဖလှယ်တာပဲ။ အဲတော့ ကိုယ်တစ်ယောက်ထဲကနေပြီးတော့ ဒါပြောမယ်၊ ဒါပြောမယ်၊ ဒါပြောမယ်ဆိုပြီးတော့ ဒီလိုစဉ်းစားထားတဲ့ စိတ်ဓာတ်နဲ့ဆိုရင် တွေ့ဆုံဆွေးနွေးတာဘယ်ဖြစ်မလဲ ကိုယ်ပြောချင်တာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကိုယ့်ဘက်ကပြောချင်တာတွေလဲရှိမယ် သူ့ဘက်က ပြောချင်တာလဲရှိမယ်။ အဲဒါကညှိယူရမှာပေါ့။ တစ်ခါတစ်လေဆိုရင် တွေ့ဆုံဆွေးနွေးရေးတွေဆိုတာ ဖြည်းဖြည်း စရတာပေါ့။ ဒီဟာလောက်ပဲပြောမယ်ဆိုပြီးတော့ ပိုပြီးချဲ့သွားရတဲ့ဟာမျိုးလဲရှိတယ်လေ။ အဲတော့ စစချင်း ဒီလို ဒီလိုမှ လုပ်မယ်ဆိုတဲ့ စိတ်မျိုးတော့ မထားပါဘူး။
မေး။ ။ အန်တီ့ရဲ့ ရှေ့အနာဂတ်ခရီးကိုသိပါရစေ။
ဖြေ။ ။ NLD ရဲ့ရှေ့အနာဂတ်ခရီးဆိုတာ ဘယ်လိုအဓိပ္ပာယ်နဲ့ မေးတာလဲ။
မေး။ ။ ဟုတ်ကဲ့ပါ ဟိုတစ်နေ့က သတင်းစာရှင်းလင်းပွဲလဲ တက်ပါတယ်ရှင့်။ အန်တီကပြောခဲ့ပါတယ် သတင်းစာ ရှင်းလင်းပွဲမှာလဲ NLD ကိုဖျက်သိမ်းမှာကို တရားရုံးမှာအယူခံတက်ထားတယ်လို့ သိရပါတယ်။ အဲဒီ့ဟာ တစ်ကယ်လို့ ဖျက်သိမ်းရတယ်ဆိုလဲ ပြည်သူလူထုရဲ့စိတ်ထဲမှာ NLD ရှိနေတယ်ဆိုတာ သတင်းစာရှင်းလင်းပွဲတုန်းက အန်တီ ပြောခဲ့ပါတယ်။
ဖြေ။ ။ အန်တီပြောတာက ဒီလိုပါ။ တရားဥပဒေရဲ့ ရပ်တည်ပိုင်ခွင့် ရှိတယ်မရှိတယ်ဆိုတာ တရားရုံးက ဆုံးဖြတ်မှာပေါ့။ ဒါပေမဲ့ တစ်ကယ်ကို NLD က ရပ်တည်နိုင်လား မရပ်တည်နိုင်လားဆိုတာ ပြည်သူတွေ အပေါ် မှာမူတည်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါအန်တီ။ ပြည်သူ့အသံတွေကို အန်တီက မီဒီယာတွေကနေပြီးတော့ နားထောင်တယ်၊ ဂရုတစိုက်တယ်ဆိုတာ သိရပါတယ်။ အန်တီ့မိန့်ခွန်းထဲမှာလဲပါတော့။ မီဒီယာတွေအနေနဲ့ လူထုအသံကို ပိုပြီးတော့ အားကောင်းလာနိုင်ဖို့ အတွက် မီဒီယာတွေကို ဘယ်လိုများအကြံပြုချင်ပါသလဲရှင့်။
ဖြေ။ ။ တစ်ခုအခက်အခဲရှိတာကပေါ့နော်။ ဒီ အခုခေတ်ပေါ်တဲ့ ခေတ်ပေါ်နည်းပညာတွေဘာတွေသုံးဖို့ဆိုတာ လူတိုင်းကသုံးနိုင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ အန်တီ့အမြင်မှာတော့ မီဒီယာတွေက တော်တော်ကိုကြိုးစားပါတယ်။ တတ်နိုင်သမျှပေါ့နော်။ အများနဲ့ အများပြည်သူနဲ့ အဆက်အသွယ်ရှိတာပေါ့။ ဒါပေမဲ့လဲ တစ်ချို့တွေက မီဒီယာကို ပိုပြီးတော့ သုံးတတ်တဲ့သူတွေရှိတယ်။ တစ်ချို့ အစုအဖွဲ့တွေ တစ်ချို့ပုဂ္ဂိုလ်တွေ။ အဲလိုသုံးတတ်တဲ့ လူတွေရဲ့ အသံကတော့ ပိုပြီးတော့ ကြားနေရတဲ့ သဘောပေါ့။ ၆ နှစ် ၇ နှစ်အတွင်းမှာပေါ့ ဘယ်သူကပြောလိုက်ရင် ဘယ်လိုင်း ကိုသွားမယ်ဆိုတာ ကောင်းကောင်းသိနေပြီ။ ခုဏခုဏ ပြောတဲ့ သူတွေရှိတယ်။ ပြောတဲ့ လူတွေက ပြောနေကြ လူတွေပေါ့နော်။ တစ်ချို့ လုံးဝမကြားရတဲ့ အသံတွေကတော့ အများကြီးပေါ့။ အများစုပေါ့။ ဒီလိုအများစုရဲ့အသံကို အားလုံးမကြားရလို့၊ မသိရလို့ သူတို့စိတ်ထဲမှာရှိတာကို မသိဘူးလို့လဲ မပြောလိုပါဘူး။ အနည်းစုကလဲ အများစုရဲ့ အသံကို အတိုင်း အတာတစ်ခုထိတော့ ရောင်ပြန်ဟပ်ကြတာပါပဲ။ မီဒီယာကပိုပြီးတော့ ကြိုးစားဖို့ပဲရှိပါတယ်။
မေး။ ။အခုပြည်တွင်းဂျာနယ်တွေမှာ အန်တီရဲ့ဓါတ်ပုံတွေနဲ့သတင်းတွေကို ဖော်ပြနေတာတွေ့ရပါတယ်၊ အဲ့ဒီအနေ အထားကိုရောအန်တီအနေနဲ့ ဘာများပြောချင်ပါလဲရှင့်။
ဖြေ။ ။အဲ့ဒါလည်းဖြစ်တာမကြာသေးဘူးလို့လည်း အန်တီနားလည်တယ်၊ ဒီလိုပေါ့နော်လွတ်လွတ်လပ်လပ် ဂျာနယ်တွေ အနေနဲ့ရေးချင်သလိုရေးလို့ရတယ်ဆိုရင်တော့ကောင်းတာပေါ့၊ဒါပေမယ့်တချို့ကတော့ပြောတာကတော့၊ လွတ်လွတ်လပ်လပ်ရေးချင်သလိုတော့ မဟုတ်ဘူး၊ အတိုင်းအတာတစ်ခုထိတော့ ရေးပိုင်ခွင့်ရှိတယ်ပေါ့၊အဲ့တော့ အတိုင်းတာတစ်ခုထိရေးပိုင်ခွင့်မှာ အတိုင်းအတာက တစ်နေ့ထက်တနေ့ပိုပြီးတော့ ကြီးမားကျယ်ပြန့်လာ မယ်လို့ မျှော်လင့်ပါတယ်၊
မေး။ ။ နယ်စပ်ဒေသမှာ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်နေတာတွေကိုနဲ့ပတ်သက်ပြီး အန်တီဘယ်လိုများပြောချင်ပါသလဲရှင့်။
ဖြေ။ ။ တိုင်းရင်းသားတွေနဲ့ ပတ်သတ်လို့ပြောချင်တာက အခုလိုပုံစံက ပြန်ပြီး လက်နက်ကိုင်ပဋ္ဌိပက္ခလို မြင်ရတော့ ပြန်ပြီးမြင်ရတော့ အင်မတန်မှ ၀မ်းနည်းတယ်၊ ဒါဟာ အန်တီတို့အနေနဲ့ ပြည်ထာင်စုစိတ်ဓါတ်ထူထောင်တဲ့နေရာမှာ မအောင်မြင်သေးဘူးလို့ ဒီလိုပဲပြောရမှာပဲ၊ပြည်ထောင်စုစိတ်ဓါတ်အပြည့်အ၀နဲ့ ဒီနိုင်ငံဟာငါတို့နိုင်ငံ ဒီမြေဟာ ငါတို့အတွက် သက်သာရာလုံခြုံရာ၊ချမ်းသာရာ မြေဆိုပြီးတော့ တိုင်းရင်းသားအားလုံးက ပြည်ထောင်စု တိုင်းရင်းသား အားလုံးက အဲ့ဒီလိုစိတ်မျိုးမရှိနိုင်သ၍ အန်တီတို့က မအောင်မြင်နိုင်သေးဘူးလို့ပဲပြောရမှာပဲ၊
မေး။ ။ အန်တီက အခုလိုနှစ်ပေါင်းများစွာ အခုလိုကြံ့ကြံ့ခံနိုင်နေတာဘာကြောင့်ပါလဲရှင့်။
ဖြေ။ ။အဲ့ဒါကတော့ အန်တီကို ၀ိုင်းပြီးတော့ အကူအညီပေးတဲ့သူတွေကြောင့်လို့ပဲပြောရမှာပဲ၊ ဘာကြောင့်လဲဆို ကိုယ်တစ်ယောက်ထဲလုပ်နိုင်တဲ့ကိစ္စမှ မဟုတ်ပဲ၊ အန်တီကိုဝိုင်းပြီးတော့ အကူညီပေးတဲ့သူတွေ၊ အားပေးတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊နောက်ပြီးတော့ အန်တီလုပ်သမျှကို နားလည်ပေးတဲ့ အန်တီသားလေး၊ ဒီဟာတွေ အားလုံးကို ပေါင်းလိုကလို့ရှိရင် အင်အားဖြစ်သွားတယ်လို့ပဲပြောရမှာပဲ။
မေး။ ။ဟုတ်ကဲ့ပါအန်တီ၊ သမီးနောက်တစ်ခုသိချင်တာကလေ မြန်မာနိုင်ငံမှာ အခု HIV/AIDS ဝေဒနာရှင်တွေ အတွက်ပေါ့နော် အန်တီတို့ဒီ မဖြူဖြူသင်းတို့ NLDလူထက်ပိုအဖွဲ့ကနေပြီးတော့ အကူညီပေးတာ သမီး သိရသလောက်ဆိုရင် ၂၀၀၀ခုနှစ်ဝန်းကျင်လောက်ကတည်းက သိရပါတယ်၊ အခုလို အန်တီအနေနဲ့ကော အိတ်ချာ်အိုင်ဗီဝေဒနာသည်တွေအတွက် ဘယ်လို စဉ်စားစီစဉ်ထားပါသလဲရှင့်။
ဖြေ။ ။ချက်ချင်းလက်ငင်းကတော့ အန်တီတို့ဆေးတွေလုံလုံလောက်လောက်ပေးနိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါတယ်၊ အလှူငွေတွေလိုပါတယ်၊ အဲ့ဒါကြောင့်မို့လို့ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ပြောချင်ပါတယ်၊ ဘာလို့လဲဆိုတော့ အန်တီတို့တစ်တွေအနေနဲ့ AntiRetovital Drugတွေ ဝေပေးဖို့ဆိုတာတော်တော်ကိုလိုတယ်၊ ဒီဆေးကလည်းသိတဲ့အတိုင်းပဲ အပြတ်မခံဘူး၊ အဲ့တော့ဒီဆေးအတွက်ပဲ တော်တော်လိုတယ်၊နောက်ပြီးတော့ဝေဒနာရှင်တွေအနေရဲ့စားရေးသောက်ရေးလုံလုံလောက်လောက်ပေါ့နော်၊ဖူလုံ အောင် လုပ်ပေးနိုင်ဖို့လည်းလိုပါတယ်၊အဲ့ဒါကြောင့် မီဒီယာကနေတဆင့် အန်တီအနေနဲ့မေတ္တာရပ်ခံပါရစေ၊ အားလုံး ပေါ့နော် ကျွန်မတို့ရဲ့ညီအစ်ကိုမောင်နှမတွေအချင်းချင်း ကျွန်မတို့ရဲ့သားသမီးတွေဖြစ်တဲ့ HIVဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ၊ ၀ိုင်းပြီးတော့ပံ့ပိုးပေးကြပါလို့မေတ္တာရပ်ခံချင်ပါတယ်၊
မေး။ ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဆောင်ရွက်သွားမဲ့အပေါ်မှာ အောင်မြင်မှုရလိမ့်မယ်လို့ ယုံကြည်မှု ရှိပါသလားရှင့်။
အမျိုးသားပြန်လည် ရင်ကြား စေ့ရေးကတော့ တကယ်ကိုလိုအပ်တဲ့ကိစ္စ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကတော့ မရှိမဖြစ်တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ ကိစ္စပဲဆိုတော့ ။ အဲဒီ့ဟာတော့ ဆက်လုပ်သွားရအုံးမှာပဲ။
မေး။ ။ မြန်မာနိုင်ငံဒီမိုကရေစီအတွက် အားလုံးကြိုးပမ်းဆောင်ရွက်ကြဖို့အတွက်လည်း အန်တီမျှော်လင့်ကြောင်းအန်တီ့ မိန်းခွန်းထဲမှာ ထည့်ပြောခဲ့တာ တွေ့ရပါတယ်။ အားလုံးပါဝင်နိုင်ဖို့အတွက် ဘယ်လို စိတ်ဓါတ်မျိုးထားရှိသင့်ပါသလဲရှင့်။
ဖြေ။ ။ ဒီဟာက အချိန်နဲ့ အခြေအနေပေါ်မှာလဲမူတည်ပါတယ်။ ပံ့ပိုးမှုဆိုတာအမျိုးမျိုးပေါ့နော်။ အရေးကြီးတာကတော့ အန်တီတို့အနေနဲ့ ဆက်ဆံတဲ့ နေရာမှာ ယုံယုံကြည်ကြည်နဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်မှု အပြည့်အဝနဲ့ ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံနိုင်တဲ့ အခါကြရင် အဲလိုဆက်ဆံနိုင်အောင်လို့ တစ်ဦးပေါ်တစ်ဦး ယုံကြည်နိုင်အောင်လို့ အန်တီတို့စွမ်းဆောင်နိုင်လို့ရှိရင် သိပ်ပြီး ခဲခဲ ယဉ်းယဉ်းမရှိဘူး။ အရေးကြီးတာကတော့ အန်တီတို့အနေနဲ့ မိတ်ကောင်းဆွေကောင်းတွေပေါ့နော် ဒီလိုဖြစ်ဖို့ တစ်ဦးပေါ်တစ်ဦး ရဲဘော်ရဲဘက်လို တန်းတူညီတူ အဲလိုစိတ်ထားမျိုးတွေ ခိုင်ခံအောင်လုပ်ဖို့ အရေးကြီးပါတယ်။
ခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အန်တီ။
မျှဝေသော မြစ်မခမီဒီယာအားကျေးဇူးတင်ရှိပါသည်...
0 သက္ကရာဇ် ၂၁၀၀ တွင် မူလတန်းသင်ရိုးမှာ ပြဌာန်းလိုက်သောကဗျာ
မောင်ရင်ငယ်သွေး နာဘိသေးလော့
ရှေးသရောအခါ ပြည်မြန်မာဝယ်
ဒေါ်လာသန်းနှစ်ထောင် ကြွယ်ဝဆောင်သော
လူပေါလူမိုက် ဒုစရိုက်များ
ကန်ထရိုက်ဆွဲ လက်ကိုင်မြဲသည့်
မင်းဆိုးမင်းညစ် မင်းယုတ်တပါး
ထင်ရှားဖူးသည်။
ဗုဒ္ဓဘာသာ ခံယူပါလျက်
ရက်စက်တာက အံ့လောက်ဖွယ်ရာ
သံဃာတော်သတ် ဖမ်းနှိပ်စက်၍
ဒေ၀ဒတ်ထုံး နှလုံးမူကာ
ပြုမူဆက်ဆံ ယုတ်မာပြန်လို့
သံဃာတို့သွေး မြေသို့ပေးအပ်
ဆင်းသက်ခဲ့သည်။
တိုင်းပြည်ဘဏ္ဍာ ပြည့်ဥစ္စာကို
အုပ်ကာစိုးမိုး ခိုးထုတ်တဖုံ
ဆိုးယုတ်ပုံက ပေါ်တင်တလီ
အဓ္ဓမတသွယ် သိမ်းပိုက်လွယ်လို့
ကုဋေကြွယ်စေ ဒေါ်လာငွေသုံး
မြေးတော်ပြုံးရန် မန်ယူကိုဖန်
ဝယ်ဖို့ကြံသည်။
မင်းကျင့်တရား ၁၀ပါးမညီ
အုပ်ချုပ်သည်မို့ ထိုတိုင်းပြည်မှာ
ရာသီမမှန် မုန်တိုင်းဒဏ်သင့်
ဘေးရန်နင့်လို့ ပြည်သူအပေါင်း
ထောင်းထောင်းကိုယ်စိတ် ကွဲကြေရိပ်အောက်
ကျရောက်ခံစား ဒုက္ခများပြီး
သုခရှားခဲ့ကြရသည်။
တိုင်းသူပြည်သား အများဆန္ဒ
မှန်သမျှအား အလေးမမူ
ပြုမူသည်ကား မိန်းမယောက်ျား
အားလုံးခေါ်ထုတ် မလုပ်မရ
ထမ်းရွက်ကြဟု စစ်တပ်အတွင်း
သွပ်သွင်းကာသာ အာဏာမြဲရေး
ဦးစားပေးသည်။
ထိုမင်းလက်ထက် တိုင်းပြည်ပျက်သို့
အဖက်ဖက်မှာ ဆုတ်ယုတ်သော်ငြား
ထုတ်ဖော်ကြားသည့် စကားမတော်
လျော်ကန်မသင့် ပြောဆိုဝံ့တာ
အံ့သြစရာကား..
သူရဲ့တိုင်းပြည် တိုးတက်ပြီတဲ့
ရှက်ဖွယ်လိလိ ထိုထိုစကား
ပြောဆိုကြားသော ဘုရင်ကြီးအား
မောင်တို့မှတ်သား ဆင်ခြင်သွားလော့
ထိုသို့ဆင်ခြင် သုံးသပ်မြင်လို့
မောင်တို့တိုင်းပြည် တိုးတက်အောင်ပြု
ကောင်ကျိုးမှုနဲ့ တည်ထောင်သွားလေ
မောင်တို့သမိုင်း မရိုင်းရအောင်ဆောင်ကြလေ...။
 အထက်ပါကဗျာမှ ဘုရင်ကြီးမှာ မည်သူဆိုသည်ကိုတော့ မရေးပြတော့ပါ..။
အားလုံးကိုချစ်ခင်လေးစားသော..ဖိုးသိကြား(၁၃-၁၁-၁၀)
ပေးပို့ပေးသော ကိုဖိုးသိကြားအား ဒေါင်းမာန်ဟုန်မှကျေးဇူးတင်ရှိပါသည်။
0 နှောင်းတမြေ့မြေ့ပါပဲဗျာ . . . .
နှောင်းတမြေ့မြေ့ပါပဲဗျာ . . . .
      စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ အသက် (၆၅) နှစ် သည် ၁၁.၁.၂၀၁၁ (အင်္ဂါနေ့) နံနက် (၄း၂၀) နာရီအချိန်တွင် အဆုတ်ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပြီး ယနေ့ ၁၃.၁.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၃း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်) အစီအစဉ်ဖြင့် မီးသဂြိုလ် ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
      ယင်း အခမ်းအနားတွင် စာပေ၊ ဂီတ၊ ရုပ်ရှင် နယ်ပယ်အသီးသီးမှ အနုပညာသမားများ နှင့် ဆရာ မောင်ဝဏ္ဏ၏ အနုပညာကို ချစ်မြတ်နိုးကြသော ပြည်သူလူထုအပေါင်းတို့မှ လာရောက်၍ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ကြသည်။
      ဆရာ မောင်ဝဏ္ဏသည် အမှန်တကယ် ပန်းတွေနဲ့ဝေ၍ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းကာ ဘ၀တစ်ပါးသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါသည်။ 
ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်...
Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.