Friday, January 14, 2011

0 ပြည်သူ့ခေတ်ဂျာနယ်၊အတွဲ၁၊ အမှတ် ၂၃ မှ စာပေစီစစ်ရေးဖြုတ်လိုက်သော ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူး

`အတိုင်းတာတစ်ခုထိရေးပိုင်ခွင့်မှာ အတိုင်းအတာက တစ်နေ့ထက်တနေ့ပိုပြီးတော့ ကြီးမားကျယ်ပြန့်လာမယ်လို့ မျှော်လင့်ပါတယ်` ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်း

ငြိမ်းဆက်လင်း(မြစ်မခ)

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံမေးမြန်းခွင့်တောင်းခဲ့ရာ တွေ့ဆုံမေးမြန်းခဲ့ရပါသည်။

မေး။ ။ အန်တီပြောတဲ့ ဒီမိုကရေစီကွန်ယက်ဆိုတာကို သိပါရစေ။

ဖြေ။ ။ ဒီမိုကရေစီကွန်ယက်ဆိုတာ ကွန်ယက်ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ သမီးတို့သိပြီးသားလေ။ ပါတီတစ်ခုတည်း လဲမဟုတ်ဘူး၊ နိုင်ငံရေးပါတီ အစုတွေအဖွဲ့တွေလဲမကဘူး ပြည်သူတွေကပါ ပါဝင်နိုင်တဲ့ ကွန်ယက်တစ်ခုကို ဆိုလို တာပါ။ နောက်ပြည်သူတွေဆိုတာလဲ ဗမာပြည်သူတွေမကဘူး တစ်ကမ္ဘာလုံးကပြည်သူတွေပါဝင်ပြီးတော့ ဆက်သွယ် ပြီးတော့ ဒီမိုကရေစီအတွက် တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားပေးဖို့ပေါ့နော် အဲလိုအဆက်အသွယ်တစ်ခု ကွန်ယက် တစ်ခု လုပ်ချင်တယ်ဆိုတဲ့ သဘောနဲ့ ပြောတာပါ။

မေး။ ။ တကယ်လို့ အန်တီ့အနေနဲ့ ဗိုလ်ချူပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရမယ်ဆိုရင် ဘယ်လိုအကြောင်းအရာမျိုး တွေဆွေးနွေးမှာပါလဲရှင်။

ဖြေ။ ။ ဒါကတော့ အန်တီတစ်ယောက်ထဲဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘူးလေ။ တကယ်တော့ တွေ့ဆုံဆွေးနွေး တယ်ဆိုတာ နှစ်ဦးနှစ်ဖက် သဘောထားတွေဖလှယ်တာပဲ။ အဲတော့ ကိုယ်တစ်ယောက်ထဲကနေပြီးတော့ ဒါပြောမယ်၊ ဒါပြောမယ်၊ ဒါပြောမယ်ဆိုပြီးတော့ ဒီလိုစဉ်းစားထားတဲ့ စိတ်ဓာတ်နဲ့ဆိုရင် တွေ့ဆုံဆွေးနွေးတာဘယ်ဖြစ်မလဲ ကိုယ်ပြောချင်တာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကိုယ့်ဘက်ကပြောချင်တာတွေလဲရှိမယ် သူ့ဘက်က ပြောချင်တာလဲရှိမယ်။ အဲဒါကညှိယူရမှာပေါ့။ တစ်ခါတစ်လေဆိုရင် တွေ့ဆုံဆွေးနွေးရေးတွေဆိုတာ ဖြည်းဖြည်း စရတာပေါ့။ ဒီဟာလောက်ပဲပြောမယ်ဆိုပြီးတော့ ပိုပြီးချဲ့သွားရတဲ့ဟာမျိုးလဲရှိတယ်လေ။ အဲတော့ စစချင်း ဒီလို ဒီလိုမှ လုပ်မယ်ဆိုတဲ့ စိတ်မျိုးတော့ မထားပါဘူး။

မေး။ ။ အန်တီ့ရဲ့ ရှေ့အနာဂတ်ခရီးကိုသိပါရစေ။

ဖြေ။ ။ NLD ရဲ့ရှေ့အနာဂတ်ခရီးဆိုတာ ဘယ်လိုအဓိပ္ပာယ်နဲ့ မေးတာလဲ။

မေး။ ။ ဟုတ်ကဲ့ပါ ဟိုတစ်နေ့က သတင်းစာရှင်းလင်းပွဲလဲ တက်ပါတယ်ရှင့်။ အန်တီကပြောခဲ့ပါတယ် သတင်းစာ ရှင်းလင်းပွဲမှာလဲ NLD ကိုဖျက်သိမ်းမှာကို တရားရုံးမှာအယူခံတက်ထားတယ်လို့ သိရပါတယ်။ အဲဒီ့ဟာ တစ်ကယ်လို့ ဖျက်သိမ်းရတယ်ဆိုလဲ ပြည်သူလူထုရဲ့စိတ်ထဲမှာ NLD ရှိနေတယ်ဆိုတာ သတင်းစာရှင်းလင်းပွဲတုန်းက အန်တီ ပြောခဲ့ပါတယ်။

ဖြေ။ ။ အန်တီပြောတာက ဒီလိုပါ။ တရားဥပဒေရဲ့ ရပ်တည်ပိုင်ခွင့် ရှိတယ်မရှိတယ်ဆိုတာ တရားရုံးက ဆုံးဖြတ်မှာပေါ့။ ဒါပေမဲ့ တစ်ကယ်ကို NLD က ရပ်တည်နိုင်လား မရပ်တည်နိုင်လားဆိုတာ ပြည်သူတွေ အပေါ် မှာမူတည်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါအန်တီ။ ပြည်သူ့အသံတွေကို အန်တီက မီဒီယာတွေကနေပြီးတော့ နားထောင်တယ်၊ ဂရုတစိုက်တယ်ဆိုတာ သိရပါတယ်။ အန်တီ့မိန့်ခွန်းထဲမှာလဲပါတော့။ မီဒီယာတွေအနေနဲ့ လူထုအသံကို ပိုပြီးတော့ အားကောင်းလာနိုင်ဖို့ အတွက် မီဒီယာတွေကို ဘယ်လိုများအကြံပြုချင်ပါသလဲရှင့်။

ဖြေ။ ။ တစ်ခုအခက်အခဲရှိတာကပေါ့နော်။ ဒီ အခုခေတ်ပေါ်တဲ့ ခေတ်ပေါ်နည်းပညာတွေဘာတွေသုံးဖို့ဆိုတာ လူတိုင်းကသုံးနိုင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ အန်တီ့အမြင်မှာတော့ မီဒီယာတွေက တော်တော်ကိုကြိုးစားပါတယ်။ တတ်နိုင်သမျှပေါ့နော်။ အများနဲ့ အများပြည်သူနဲ့ အဆက်အသွယ်ရှိတာပေါ့။ ဒါပေမဲ့လဲ တစ်ချို့တွေက မီဒီယာကို ပိုပြီးတော့ သုံးတတ်တဲ့သူတွေရှိတယ်။ တစ်ချို့ အစုအဖွဲ့တွေ တစ်ချို့ပုဂ္ဂိုလ်တွေ။ အဲလိုသုံးတတ်တဲ့ လူတွေရဲ့ အသံကတော့ ပိုပြီးတော့ ကြားနေရတဲ့ သဘောပေါ့။ ၆ နှစ် ၇ နှစ်အတွင်းမှာပေါ့ ဘယ်သူကပြောလိုက်ရင် ဘယ်လိုင်း ကိုသွားမယ်ဆိုတာ ကောင်းကောင်းသိနေပြီ။ ခုဏခုဏ ပြောတဲ့ သူတွေရှိတယ်။ ပြောတဲ့ လူတွေက ပြောနေကြ လူတွေပေါ့နော်။ တစ်ချို့ လုံးဝမကြားရတဲ့ အသံတွေကတော့ အများကြီးပေါ့။ အများစုပေါ့။ ဒီလိုအများစုရဲ့အသံကို အားလုံးမကြားရလို့၊ မသိရလို့ သူတို့စိတ်ထဲမှာရှိတာကို မသိဘူးလို့လဲ မပြောလိုပါဘူး။ အနည်းစုကလဲ အများစုရဲ့ အသံကို အတိုင်း အတာတစ်ခုထိတော့ ရောင်ပြန်ဟပ်ကြတာပါပဲ။ မီဒီယာကပိုပြီးတော့ ကြိုးစားဖို့ပဲရှိပါတယ်။

မေး။ ။အခုပြည်တွင်းဂျာနယ်တွေမှာ အန်တီရဲ့ဓါတ်ပုံတွေနဲ့သတင်းတွေကို ဖော်ပြနေတာတွေ့ရပါတယ်၊ အဲ့ဒီအနေ အထားကိုရောအန်တီအနေနဲ့ ဘာများပြောချင်ပါလဲရှင့်။

ဖြေ။ ။အဲ့ဒါလည်းဖြစ်တာမကြာသေးဘူးလို့လည်း အန်တီနားလည်တယ်၊ ဒီလိုပေါ့နော်လွတ်လွတ်လပ်လပ် ဂျာနယ်တွေ အနေနဲ့ရေးချင်သလိုရေးလို့ရတယ်ဆိုရင်တော့ကောင်းတာပေါ့၊ဒါပေမယ့်တချို့ကတော့ပြောတာကတော့၊ လွတ်လွတ်လပ်လပ်ရေးချင်သလိုတော့ မဟုတ်ဘူး၊ အတိုင်းအတာတစ်ခုထိတော့ ရေးပိုင်ခွင့်ရှိတယ်ပေါ့၊အဲ့တော့ အတိုင်းတာတစ်ခုထိရေးပိုင်ခွင့်မှာ အတိုင်းအတာက တစ်နေ့ထက်တနေ့ပိုပြီးတော့ ကြီးမားကျယ်ပြန့်လာ မယ်လို့ မျှော်လင့်ပါတယ်၊

မေး။ ။ နယ်စပ်ဒေသမှာ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်နေတာတွေကိုနဲ့ပတ်သက်ပြီး အန်တီဘယ်လိုများပြောချင်ပါသလဲရှင့်။

ဖြေ။ ။ တိုင်းရင်းသားတွေနဲ့ ပတ်သတ်လို့ပြောချင်တာက အခုလိုပုံစံက ပြန်ပြီး လက်နက်ကိုင်ပဋ္ဌိပက္ခလို မြင်ရတော့ ပြန်ပြီးမြင်ရတော့ အင်မတန်မှ ၀မ်းနည်းတယ်၊ ဒါဟာ အန်တီတို့အနေနဲ့ ပြည်ထာင်စုစိတ်ဓါတ်ထူထောင်တဲ့နေရာမှာ မအောင်မြင်သေးဘူးလို့ ဒီလိုပဲပြောရမှာပဲ၊ပြည်ထောင်စုစိတ်ဓါတ်အပြည့်အ၀နဲ့ ဒီနိုင်ငံဟာငါတို့နိုင်ငံ ဒီမြေဟာ ငါတို့အတွက် သက်သာရာလုံခြုံရာ၊ချမ်းသာရာ မြေဆိုပြီးတော့ တိုင်းရင်းသားအားလုံးက ပြည်ထောင်စု တိုင်းရင်းသား အားလုံးက အဲ့ဒီလိုစိတ်မျိုးမရှိနိုင်သ၍ အန်တီတို့က မအောင်မြင်နိုင်သေးဘူးလို့ပဲပြောရမှာပဲ၊

မေး။ ။ အန်တီက အခုလိုနှစ်ပေါင်းများစွာ အခုလိုကြံ့ကြံ့ခံနိုင်နေတာဘာကြောင့်ပါလဲရှင့်။

ဖြေ။ ။အဲ့ဒါကတော့ အန်တီကို ၀ိုင်းပြီးတော့ အကူအညီပေးတဲ့သူတွေကြောင့်လို့ပဲပြောရမှာပဲ၊ ဘာကြောင့်လဲဆို ကိုယ်တစ်ယောက်ထဲလုပ်နိုင်တဲ့ကိစ္စမှ မဟုတ်ပဲ၊ အန်တီကိုဝိုင်းပြီးတော့ အကူညီပေးတဲ့သူတွေ၊ အားပေးတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊နောက်ပြီးတော့ အန်တီလုပ်သမျှကို နားလည်ပေးတဲ့ အန်တီသားလေး၊ ဒီဟာတွေ အားလုံးကို ပေါင်းလိုကလို့ရှိရင် အင်အားဖြစ်သွားတယ်လို့ပဲပြောရမှာပဲ။

မေး။ ။ဟုတ်ကဲ့ပါအန်တီ၊ သမီးနောက်တစ်ခုသိချင်တာကလေ မြန်မာနိုင်ငံမှာ အခု HIV/AIDS ဝေဒနာရှင်တွေ အတွက်ပေါ့နော် အန်တီတို့ဒီ မဖြူဖြူသင်းတို့ NLDလူထက်ပိုအဖွဲ့ကနေပြီးတော့ အကူညီပေးတာ သမီး သိရသလောက်ဆိုရင် ၂၀၀၀ခုနှစ်ဝန်းကျင်လောက်ကတည်းက သိရပါတယ်၊ အခုလို အန်တီအနေနဲ့ကော အိတ်ချာ်အိုင်ဗီဝေဒနာသည်တွေအတွက် ဘယ်လို စဉ်စားစီစဉ်ထားပါသလဲရှင့်။

ဖြေ။ ။ချက်ချင်းလက်ငင်းကတော့ အန်တီတို့ဆေးတွေလုံလုံလောက်လောက်ပေးနိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါတယ်၊ အလှူငွေတွေလိုပါတယ်၊ အဲ့ဒါကြောင့်မို့လို့ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ပြောချင်ပါတယ်၊ ဘာလို့လဲဆိုတော့ အန်တီတို့တစ်တွေအနေနဲ့ AntiRetovital Drugတွေ ဝေပေးဖို့ဆိုတာတော်တော်ကိုလိုတယ်၊ ဒီဆေးကလည်းသိတဲ့အတိုင်းပဲ အပြတ်မခံဘူး၊ အဲ့တော့ဒီဆေးအတွက်ပဲ တော်တော်လိုတယ်၊နောက်ပြီးတော့ဝေဒနာရှင်တွေအနေရဲ့စားရေးသောက်ရေးလုံလုံလောက်လောက်ပေါ့နော်၊ဖူလုံ အောင် လုပ်ပေးနိုင်ဖို့လည်းလိုပါတယ်၊အဲ့ဒါကြောင့် မီဒီယာကနေတဆင့် အန်တီအနေနဲ့မေတ္တာရပ်ခံပါရစေ၊ အားလုံး ပေါ့နော် ကျွန်မတို့ရဲ့ညီအစ်ကိုမောင်နှမတွေအချင်းချင်း ကျွန်မတို့ရဲ့သားသမီးတွေဖြစ်တဲ့ HIVဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ၊ ၀ိုင်းပြီးတော့ပံ့ပိုးပေးကြပါလို့မေတ္တာရပ်ခံချင်ပါတယ်၊

မေး။ ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဆောင်ရွက်သွားမဲ့အပေါ်မှာ အောင်မြင်မှုရလိမ့်မယ်လို့ ယုံကြည်မှု ရှိပါသလားရှင့်။

အမျိုးသားပြန်လည် ရင်ကြား စေ့ရေးကတော့ တကယ်ကိုလိုအပ်တဲ့ကိစ္စ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကတော့ မရှိမဖြစ်တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ ကိစ္စပဲဆိုတော့ ။ အဲဒီ့ဟာတော့ ဆက်လုပ်သွားရအုံးမှာပဲ။

မေး။ ။ မြန်မာနိုင်ငံဒီမိုကရေစီအတွက် အားလုံးကြိုးပမ်းဆောင်ရွက်ကြဖို့အတွက်လည်း အန်တီမျှော်လင့်ကြောင်းအန်တီ့ မိန်းခွန်းထဲမှာ ထည့်ပြောခဲ့တာ တွေ့ရပါတယ်။ အားလုံးပါဝင်နိုင်ဖို့အတွက် ဘယ်လို စိတ်ဓါတ်မျိုးထားရှိသင့်ပါသလဲရှင့်။

ဖြေ။ ။ ဒီဟာက အချိန်နဲ့ အခြေအနေပေါ်မှာလဲမူတည်ပါတယ်။ ပံ့ပိုးမှုဆိုတာအမျိုးမျိုးပေါ့နော်။ အရေးကြီးတာကတော့ အန်တီတို့အနေနဲ့ ဆက်ဆံတဲ့ နေရာမှာ ယုံယုံကြည်ကြည်နဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်မှု အပြည့်အဝနဲ့ ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံနိုင်တဲ့ အခါကြရင် အဲလိုဆက်ဆံနိုင်အောင်လို့ တစ်ဦးပေါ်တစ်ဦး ယုံကြည်နိုင်အောင်လို့ အန်တီတို့စွမ်းဆောင်နိုင်လို့ရှိရင် သိပ်ပြီး ခဲခဲ ယဉ်းယဉ်းမရှိဘူး။ အရေးကြီးတာကတော့ အန်တီတို့အနေနဲ့ မိတ်ကောင်းဆွေကောင်းတွေပေါ့နော် ဒီလိုဖြစ်ဖို့ တစ်ဦးပေါ်တစ်ဦး ရဲဘော်ရဲဘက်လို တန်းတူညီတူ အဲလိုစိတ်ထားမျိုးတွေ ခိုင်ခံအောင်လုပ်ဖို့ အရေးကြီးပါတယ်။

ခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အန်တီ။

မျှဝေသော မြစ်မခမီဒီယာအားကျေးဇူးတင်ရှိပါသည်...

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.