Wednesday, January 12, 2011

0 ပကာသန မဖက်ဘဲ သဘာဝအတိုင်းသွားချင်သူ ကိုဝဏ္ဏ








နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စရပ်များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ သုဿန်များသို့ ရုပ်အလောင်းများ သယ်ဆောင်မှုများပြုလုပ်ပေးရာတွင် အသက် (၈၀) နှစ် အထက် ဘ၀ပြောင်းသွားသော လူတို့အား ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသော နိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် သယ်ယူပို့ဆောင်ပေးလျှက် ရှိပါသည်။ အသက် (၈၀) နှစ်အောက် ဘ၀ပြောင်းသွားသော လူတို့အား ISUZU, TOYOTA (Hilux) စသည့် နိဗ္ဗာန်မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင် ကူညီဖေးမလျှက် ရှိသည့်အပြင် ဘ၀နတ်ထံပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်ကြီးများအား ဂျပန်နိုင်ငံ တွင် အသုံးပြုသော LINCON နိဗ္ဗာန်မော်တော်ယာဉ်ဖြင့် ကူညီဖေးမ ကုသိုလ်ယူလျှက် ရှိသည်။ အထူးအားဖြင့် နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်ကြီးများ၊ ပြည်သူ့အကျိုးပြု အနုပညာရှင်များ ဘ၀ပြောင်းသွား သောအခါ ချွင်းချက်အနေဖြင့် အထူးနိဗ္ဗာန်မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင် သဂြိုလ်ပေးခြင်း၊ အအေးခန်းသို့ ပို့ဆောင်ပေးခြင်းများကို ပြုလုပ်ပေးဆပ်လျှက်ရှိသည်။

ယနေ့ နံနက် (၆း၃၀) နာရီတွင် ဒါရိုက်တာ၊ စာရေးဆရာ ကိုဝဏ္ဏ တစ်ယောက် ကွယ်လွန် သွားပြီဟူသော သတင်းကို ကိုဝဏ္ဏ၏ တူဖြစ်သူ ဖိုးသောကြာမှ သတင်းပေးပို့သည့်အတွက် လိုအပ်သော စာရွက်စာတမ်းများကို လျင်မြန်စွာရရှိရန် ပြောကြားပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) မှ နိုင်ငံ့ဂုဏ်ဆောင် ပြည်သူ့အကျိုးသယ်ပိုးပေးခဲ့သော (သဘာဝအုပ်စု) ၏ စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏ အသက် (၆၅) နှစ် ရုပ်အလောင်းအား ရေဝေးသုဿန်အအေးခန်းသို့ သယ်ဆောင်ရန်အတွက် အထူးနိဗ္ဗာန်မော်တော်ယာဉ်အား အဆင်သင့်ဖြစ်ရန် မှာကြားခဲ့သည်။ နံနက် (၁၀း၀၀) နာရီခန့်တွင် မီးသဂြိုလ်ခွင့်၊ အအေးခန်းထားရှိခွင့် သချိုင်းလက်မှတ်အား ရရှိပြီဟု ပြန်လည်အကြောင်းကြားသည့် အတွက် ကျွန်တော် ကျော်သူနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဇင်ထွန်းအောင်နှင့် ကျော်ဟိန်း တို့နှင့်အတူ အထူးနိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ သာဓုခြံ နေအိမ်မှ သွားရောက် သယ်ဆောင်ခဲ့ကြသည်။ သယ်ဆောင်ခဲ့ရာ လမ်းတစ်လျှောက် ကျွန်တော်မှ ကိုဝဏ္ဏနှင့် တွေ့ဆုံခဲ့ပုံများ၊ ကိုဝဏ္ဏမှ ကျွန်တော့်အား ရုပ်ရှင်လောကထဲသို့ ပထမဦးဆုံး ပို့ဆောင်ရန် ကြိုးစားခဲ့ပုံများ၊ ကိုဝဏ္ဏ၏ ရိုက်ကွင်းများသို့ ကျွန်တော်ကိုယ်တိုင် ရုပ်ငြိမ်ဓါတ်ပုံရိုက်ရန် အကြောင်းပြပြီး ကျောင်းပိတ်ရက်များ တွင် ရှမ်းပြည်ဘက်သို့ လိုက်သွားပုံများ (ဖြတ်လျှောက်အခန်းများနှင့် ဇာတ်ပို့ခန်းများ) တွင် ကျွန်တော့် ၏ မိဘများမသိအောင် ၀င်ရောက်ရိုက်ကူးခဲ့ပုံများ၊ “ပန်းတွေနဲ့ဝေ” ရုပ်ရှင်ဇာတ်ကားကြီးအား ဗီဒီယို အဖြစ် ပြန်လည်၍ အသက်သွင်းရိုက်ကူးခဲ့ရာတွင် ဒါရိုက်တာ ကိုဝဏ္ဏ က ကျွန်တော့်အား အဓိက ဇာတ်ကောင်အဖြစ် အသုံးပြုခဲ့ပုံများ စသည့် လွမ်းမောဖွယ်ရာဖြစ်ရပ်များကို ပြောကြားခဲ့သည်။

ရေဝေးသုဿန်သို့ ရောက်လုနီးနီး မြောက်ဥက္ကလာပ၊ ကန်သာယာလမ်းဆုံတွင် လူနေအိမ် များ၊ ဈေးဆိုင်တန်းများ အရှေ့တွင် အထူးနိဗ္ဗာန်မော်တော်ယာဉ် နောက်ဘီး ဟက်တက်ကွဲ သွား တော့သည်။ (ယင်းကဲ့သို့ ကျွန်တော် တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များတွင် ရုပ်အလောင်း သယ်ဆောင် ရာ၌ နိဗ္ဗာန်မော်တော်ယာဉ် လမ်းခုလတ်တွင် စက်ချို့ယွင်းခြင်းကြောင့် ရပ်နားသွားရသည့် အခါများ တွင် “ဟေ့ … မနောက်နဲ့ကွာ။ ခင်ဗျားတို့အတွက် အဆင်ပြေအောင် လုပ်ပေးနေတာ ကူညီကြပါကွာ” ဟု ပြောဆိုလိုက်ပါက တနည်းမဟုတ် တနည်း စက်ပြန်လည် ကောင်းမွန်သွားပြီး သက်ဆိုင်ရာ သုဿန်သို့ ရောက်ရှိပို့ဆောင် ပေးနိုင်ခဲ့သည်။) ယခု ကိုဝဏ္ဏ၏ နောက်ဆုံးခရီး လမ်းကြောင်းတွင် “ကိုဝဏ္ဏရေ … မနောက်ပါနဲ့ဗျာ” ဟု ပြောဆို၍ မရနိုင် တော့ချေ။ ပေါက်ကွဲသွားသော နိဗ္ဗာန် မော်တော်ယာဉ် ဘီးမှာလည်း ပြန်လည်၍ အလိုလို ကောင်းမွန် လာမည်မဟုတ်။ ထို့ကြောင့် အသင်းရုံးချုပ်သို့ ဆက်သွယ်ပြီး နိဗ္ဗာန်မော်တော်ယာဉ် (အသက် ၈၀ နှစ် အောက် အသုံးပြုသော နိဗ္ဗာန်ယာဉ်) အား အမြန်ဆုံး လာရောက်ရန် ခေါ်ယူခဲ့သည်။ မြောက်ဥက္ကလာမြို့နယ်၊ ကန်သာယာ ရပ်ကွက်မှ မိဘပြည်သူများ၊ TAXI အငှားယာဉ်မောင်း ဆရာများကလည်း ၀ိုင်းဝန်း၍ အကူအညီများ ပေးကြသည်။ ဤသည်မှာ မြန်မာလူမျိုးတို့၏ အယူသီးမှုကို တိုက်ဖျက်ကြသည့် ချစ်စရာဓလေ့ တစ်ခုပင် ဖြစ်သည်။

အချိန်အနည်းငယ်အတွင်း ရောက်ရှိလာသော နိဗ္ဗာန်မော်တော်ယာဉ်ပေါ်သို့ ကိုဝဏ္ဏ၏ ရုပ်အလောင်းအား ၀ိုင်းဝန်းပြီး အထူးနိဗ္ဗာန်မော်တော်ယာဉ်ပေါ်မှ ပြောင်းရွှေ့သယ်ဆောင်ခဲ့ကြသည်။ ရောက်ရှိလာသော အသက် (၈၀) နှစ်အောက် သယ်ဆောင်သော နိဗ္ဗာန်မော်တော်ယာဉ်ဖြင့် ရေဝေး သုဿန်အအေးခန်းသို့ ပို့ဆောင်ပေးနိုင်ခဲ့တော့သည်။ ကျွန်တော်၏ အတွေးထဲတွင် စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏသည် ဖခင်ဖြစ်သူ ဦးသာဓု ထူထောင်ခဲ့သော သဘာဝအုပ်စု၏ အစ်ကိုအကြီးဆုံး ဖြစ်သည်နှင့်အညီ အများနည်းတူ သဘာဝကျကျ နောက်ဆုံးခရီးကို သွားချင်ခဲ့သူ တစ်ဦးများ ဖြစ်လေ ပြီလား ဟု . . . . ။

လေးစားဦးညွှတ်လျှက်

ညီငယ် - မောင်မောင် (ခ) ကျော်သူ

စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏ အသက် (၆၅) နှစ်၏ ဈာပနအခမ်းအနားအား ၁၃.၁.၂၀၁၁ (ကြာသပတေး) နေ့ နေ့လည် (၃း၀၀) နာရီ အချိန်တွင် ရေဝေသုဿန်၌ မီးသဂြိုလ်ခြင်း အခမ်းအနား ကျင်းပမည် ဖြစ်ပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

မောင်ဝဏ္ဏ (၁၉၄၇-၂၀၁၁)

ကိုယ်ရေးဖြစ်စဉ်
 စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ မောင်ဝဏ္ဏသည် စိန်ပေါ အထက်တန်းကျောင်း (ယခု အ.ထ.က(၆)ဗိုလ်တထောင်)တွင် သူငယ်တန်းမှ အထက်တန်း အထိ ပညာ သင်ကြားခဲ့သည်။ ထို့အပြင် စည်သူပညာ ရိပ်သာ၊ ရန်ကင်း အထက တို့တွင်လည်း ပညာ သင်ကြား ခဲ့ပါသည်။ ထို့နောက် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ (ဒဿနိက ဗေဒ) အဓိက ဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိသည်။

မောင်ဝဏ္ဏသည် မောင်စိန်သောင်း မနှင်းရည် ဝတ္ထုတိုများ (၁၉၈ဝ)၊ ပန်းတွေနဲ့ဝေ (၁၉၇၆)၊ ချစ်တဲ့ သူငယ်လေ (၁၉၇၇)၊ အိပ်မက်စိမ်း၊ အရွယ်လွန်၊ ချစ်စ ခင်စ မှော်ရုံမှာလေ အစ ရှိသည့် လုံးချင်း ဝတ္ထုပေါင်း ၂ဝ အုပ်ခန့် ရေးသား ခဲ့သည်။

၁၉၇၁ ခုနှစ်တွင် `ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း´ရုပ်ရှင်ကားဖြင့် ရုပ်ရှင် လောကသို့ ဒါရိုက်တာ အဖြစ် ရောက်ရှိခဲ့ပြီး ထိုဇာတ်ကား ဖြင့်ပင် ဒါရိုက်တာ အကယ်ဒမီဆု ရရှိခဲ့သည်။ ထို့နောက် ဇာခန်းဆီး နောက်ကွယ်မှာ (၁၉၇၂)၊ ခြေဖဝါးတော်နုနု (၁၉၇၃)၊ နှောင်းတမြေ့မြေ့ (၁၉၇၃)၊ ပန်းတွေနဲ့ဝေ၊ ချစ်တဲ့သူငယ်လေ (၁၉၇၆)၊ ခုနစ်စဉ်အလွမ်း၊ ရယ်စရာ မောစရာ၊ ရင်ထဲက ဆောင်းရာသီ (၁၉၉၉) ဇာတ်ကားများကို ရိုက်ကူး ခဲ့သည်။

ဒါရိုက်တာ စာရေးဆရာ မောင်ဝဏ္ဏသည် `ခုနစ်စဉ် အလွမ်း´ ဇာတ်ကားဖြင့် ဒုတိယ အကြိမ် အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့သည်။ ရင်ထဲက ဆောင်းရာသီ (၁၉၉၉) ဇာတ်ကား သည်လည်း ရုပ်ရှင် သရုပ်ဆောင် လွင်မိုးကို အကယ်ဒမီ ရသည် အထိ အောင်မြင် စေခဲ့သည်။

မောင်ဝဏ္ဏသည် ၁၉၇၆ ခုနှစ်တွင် ဒေါ်ချိုချိုရီနှင့် အိမ်ထောင်ပြုပြီး သားသမီး သုံးဦး ထွန်းကားခဲ့သည်။


မောင်ဝဏ္ဏ ရေးသား ပြုစုခဲ့သော စာအုပ်များ
  1. ကျေနပ်ဖို့အကြောင်း တောင်းပန်ချင်သည် - ၁၉၈ဝ ပြည့်နှစ်
  2. ချစ်စခင်စ မှော်ရုံမှာလေ
  3. ချစ်တဲ့သူငယ်လေ - ၁၉၇၇ ခုနှစ်
  4. တက္ကသိုလ် လွမ်းချင်း - ၁၉၈ဝ ပြည့်နှစ်
  5. ပန်းတွေနဲ့ဝေ - ၁၉၇၆ ခုနှစ်
  6. မောင် - ၁၉၈၁ ခုနှစ်
  7. မောင်စိန်သောင်း မနှင်းရည် - ၁၉၈ဝ ပြည့်နှစ်
  8. မောင့်အပြင် မောင်ညီကိုတွေမေ့ အလွမ်းပြေ -
  9. ရည်းစားစကား - ၁၉၈၄ ခုနှစ်
  10. အရွယ်လွန် - ၁၉၈၁ ခုနှစ်
  11. အိပ်မက်စိမ်း - ၁၉၇၄ ခုနှစ်
  12. ရင်တွေခုန်နေသည်
  13. သာဓုအင်ဆန်း(စုပေါင်း)
  14. မင်းကိုကိုယ်ချစ်တယ်
ဘဝနိဂုံး 
စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏ (၆၄ နှစ်) သည် ၂၀၁၁-ခုနှစ်၊ ဇန်နဝါရီ ၁၁-ရက်နေ့ မနက် ၄ နာရီ ၂၀ ခန့်မှာ ကွယ်လွန်သွားခဲ့သည်။ မောင်ဝဏ္ဏသည် ကင်ဆာဝေဒနာကို တနှစ်နီးပါး ခံစားခဲ့ရပြီး ကွယ်လွန်သွားခြင်း ဖြစ်သည်။
ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ချိုချိုရည်နှင့် သားသမီးများဖြစ်ကြသော စာရေးဆရာမ ဝါနု၊ သရုပ်ဆောင် ပြည်ဇင်၊ ဥက္ကာ သားသမီး ၃ ဦးနှင့် မြေးမလေးတဦး ကျန်ရစ်ခဲ့သည်။
သာဓု သဘာဝအုပ်စုထဲတွင် ညီဖြစ်သူ စာရေး ဆရာ မင်းလူနှင့် ဒါရိုက်တာ အာယု တို့သာ ကျန်ရှိတော့သည်။(wiki myanmar)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.