“သေချာရေရာမှုဘာမှမရှိတဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲကို အဖြေရှာတွက်စစ်ကြည့်လေသော်…”
မောင်ချင့်ချိန်
၂၀၁၁ခု ၊ ဇူလိုင်လ ( ၂၅) ရက်နေ့က NLD ပါတီရဲ့အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးကြပြန်လေပြီတဲ့ ၊ စစ်ယူနီဖေါင်းချွတ်တွေ ၊ ကြံ့ဖွတ်တွေနဲ့ စစ်အုပ်စုရဲ့အယောင်ဆောင် အရပ်သားအစိုးရ လက်ထက်မှာ ပထမဆုံးတွေ့ဆုံဆွေးနွေးမှုပါပဲ ၊ ဒီတွေဆုံဆွေးနွေးမှုကို ကုလသမဂ္ဂနဲ့တချို့အဖွဲ့အစည်းတွေက အမျိုးသားပြန်လည်သင့်မြတ်ရေး အ တွက် အလားအလာကောင်းလို့ မျှော်လင့်ကြိုဆိုကြပေမဲ့ တကယ်တန်းမှာတော့ ပြည်သူတွေရဲ့အနာဂတ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သေချာရေရာ မှု ဘာမှမရှိသေးတာတွေ့ရပါတယ် ။
ဘာကြောင့် စစ်အုပ်စုဖန်တီးလိုက်တဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲတခုသာဖြစ်တယ်လို့ပြောရလဲဆိုတော့ ပြည်ထောင်စုအစိုးရအမည်ခံ စစ်အုပ်စုမှာ အမျိုး သားပြန်လည်သင့်မြတ်ရေးကိုလိုလားတဲ့ သဘောထားမရှိဘူးဆိုတာ လက်တွေ့သိမြင်နေရလို့ပါပဲ ။
(၁)နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်မပေးတဲ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိပါဘူးလို့ ပြောင်ငြင်းဆိုထားတာ ။
(၂) ကရင် ၊ ကချင် ၊ ရှမ်း စတဲ့တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ကြီးတွေဆင်နွှဲပြီး ပြည်တွင်းစစ်မီးကိုအရှိန်မြှင့်နေတာ ။
(၃)မကြာသေးခင်(တစ်လတောင်မပြည့်သေးတဲ့ ဇွန်လ၂၈ ရက်နေ့)က စစ်အုပ်စုရဲ့သတင်းစာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေအရ ပျက်ပြယ်သွားပြီးဖြစ်ကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ရင် တည်ဆဲဥပဒေတွေနဲ့ငြိစွန်းနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန ကနေ ဦးအောင်ရွှေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုပေးစာအဖြစ် ဖေါ်ပြပြီးခြိမ်းခြောက်ဖိအားပေးမှုလုပ်တာနဲ့ မန္တလေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်း ရုံး ဆိုင်းဘုတ်တင်တာကို ပြန်ဖြုတ်ချဖို့ခြိမ်းခြောက်ခဲ့တာ ။
(၄)ဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့အကြောင်းအရာတွေဖေါ်ပြခွင့်ကို ပိတ်ပင်လိုက် ၊ ခွင့်ပြုလိုက်အမျိုးမျိုးလုပ်တာနဲ့ ဒေါ်စုကို သာမန် ပြည်သူတယောက်လိုပဲသဘောထားပါတယ်လို့ ဒုတိယသမ္မတတင်အောင်မြင့်ဦးကိုယ်တိုင်က အမေရိကန်အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းနဲ့တွေ့ဆုံ စဉ်မှာ တရားဝင်ပြောခဲ့တာ ။
(၅)နအဖအမည်နဲ့စစ်အုပ်စုလက်ထက်မှာ ဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးအောင်ကြည်ကိုခန့်အပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉ကြိမ်တွေ့ဆုံဆွေး နွေးစေခဲ့တဲ့အကြောင်းအရာတွေကို ထုတ်ပြန်ကြေငြာမှုမလုပ်ခဲ့သလို အရပ်သားအစိုးရအမည်ခံ အစိုးရသစ်အနေနဲ့ ဦးအောင်ကြည်ကိုပဲ ဆက်ဆံရေး ကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုတာဝန်လွှဲအပ်သွားမှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ကြေငြာမှုမရှိတာ ။
(၆)အမျိုးသားညီလာခံကို ၁၅နှစ်ကြာအောင်လုပ်ခဲ့သလိုမျိုး ၊ သင့်တော်တဲ့အချိန်မှာ နောက်တစ်ကြိမ်ပြန်တွေ့ကြမယ်ဆိုတာသာရှိပြီး ဆွေးနွေးကြရမဲ့ အကြောင်းအရာနဲ့အချိန်ကာလ တိကျရေရာစွာ သတ်မှတ်မှုမရှိတာ ။
(၇)မုဒိန်းကျင့် ၊ ပေါ်တာဆွဲ ၊ အဓမ္မစစ်သားစု ၊ လုပ်အားပေးခိုင်းစေဆိုတာမျိုး လက်နက်ပြခြိမ်းခြောက်အနိုင်ကျင့်မှုမျိုးစုံ ဆက်ကျူးလွန်နေတာ။
စတဲ့ အချက်တွေကိုကြည့်ရင် စစ်အုပ်စုရဲ့သဘောထားအမှန်ကို သိမြင်နိုင်ပါတယ် ။
ဒါဆိုရင် စစ်အုပ်စုရဲ့ကိုယ်စားလှယ်ဦးအောင်ကြည်က (၁၈)လကျော်ကြာ ဆွေးနွေးမှုတွေ ပြတ်တောက် နေခဲ့ ပြီးမှ အစိုးရသစ်ရဲ့ကိုယ်စားလှယ်အဖြစ် ဒေါ် အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ကောက်ခါငင်ကာတွေ့ခဲ့တာလဲ ၊ ရှင်းပါတယ် ၊ စစ်အုပ်စုအနေနဲ့ အရပ်သားအစိုးရအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ဆံ့အောင်လို့ ၊ ပြီးတော့ လတ်တလောလိုအပ်ချက်ဖြစ်နေတဲ့ အာဆီယံဥက္ကဌနေ ရာအတွက် နိုင်ငံတကာအစိုးရတွေရဲ့ထောက်ခံချက်တွေရဖို့ နိုင်ငံရေး ကစားကွက်တခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့တာပဲဖြစ်ပါတယ် ။
မေလထဲမှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ ၂၀၁၄ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌနေရာအတွက် မြန်မာစစ်အုပ်စုက အဆိုပြုတဲ့ကိစ္စကို လူ့အခွင့် အရေးအဖွဲ့တွေက ၀ိုင်းပြီးကန့်ကွက်ခဲ့ကြပါတယ် ၊ သမ္မတအိုဘားမားနဲ့ အမေရိကန်အစိုးရကလည်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီပြောင်းလဲ ရေး ဆောင်ရွက်ချက်ညံ့ဖျင်းမှုတွေကြောင့် မြန်မာနိုင်ငံသာ အာဆီယံဥက္ကဋ္ဌနေရာရခဲ့ရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံနဲ့လက်တွဲအလုပ်လုပ် ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့သလို စစ်ယူနီဖေါင်းဝတ်၂၅%နဲ့ စစ်ယူနီဖေါင်းချွတ်ပြထားတဲ့ပုဂ္ဂိုလ်တွေချယ်လှယ်နေတဲ့ ကြံ့ဖွတ်အစိုးရသစ်ကို အာဆီယံ ဥက္ကဌရာထူးမပေးသင့်ဘူးလို့ မြန်မာ့အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC)ကလည်း အာဆီယံခေါင်းဆောင်တွေကို အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ကျရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ်၊ မပေးဘူးဆိုတာက နိုင်ငံတကာအစိုးရတွေရဲ့ သဘောထားတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး အလားအလာကိုကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝန်ကပြောကြားခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြန်မာနိုင်ငံ အနေနဲ့ နိုငိငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့၊ မြောက်ကိုရီးယားနဲ့ နြူကလီးယားဆိုင်ရာဆက်နွယ်မှု အပေါ် နိုင်ငံတကာကစိုးရိမ်မကင်းဖြစ်ရတာတွေကိုဖြေရှင်းဖို့လိုတယ် ၊ အဲဒါတွေဆောင်ရွက်ဖို့ငြင်းဆန်နေမယ်ဆိုရင် အာဆီယံအဖွဲ့ရဲ့စည်းလုံးညီညွတ်မှုကို ထိ ခိုက်စေလိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ် ။
စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ အဲဒီလိုဖိအားပေးမှုတွေကို လျှော့ချဖို့ လက်ရှိအာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူတည်ဆောက်တဲ့ နည်းနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့ နည်း ဆိုတာမျိုး ကစားကွက်တွေနဲ့ ကြိုးစားခဲ့တာဖြစ်ပါတယ် ။
လက်ရှိအာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူတည်ဆောက်တဲ့နည်း ၊ တနည်းအားဖြင့်မျက်နှာချိုသွေးဖားတဲ့နည်းကို နိုင်ငံတော်သမ္မတ အမည်ခံထားတဲ့ ဦးသိန်းစိန်ကိုယ်တိုင်သွားရောက်ဆောင်ရွက်ခဲ့တာတွေတွေ့ရပါတယ် ၊ စစ်အုပ်စုအနေနဲ့ ကိုယ့်နိုင်ငံရဲ့အထွဋ်အမြတ်အာဇာနည်နေ့ကို မြို့ တော်ဝန်လောက်နဲ့တင် ပြီးပြီးရော ဝတ်ကျေတန်းကျေလုပ်ခဲ့ပေမဲ့ လက်ရှိအာဆီယံဥက္ကဌ မာတီနာတာလေဂါဝါက အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဆိုတော့ သမ္မတကြီးအမည်ခံဦးသိန်းစိန်ကိုယ်တိုင် အင်ဒိုနီးရှားနိုင်ငံသူရဲကောင်းဗိမ္မာန်ကို တလေးတစားသွားဂါရဝပြုခဲ့တာမျိုးတွေဟာ စစ်အုပ်စုရဲ့မာယာ တွေထဲက နည်းလမ်းတခုဆိုတာ မြင်သိနိုင်ပါတယ် ။
နိုင်ငံတကာကတောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့နည်းဆိုတဲ့ အပိုင်းက တော်တော်အရေးကြီးပါတယ် ၊ စစ်အုပ်စုဟာ သူ့အတွက်နိုင်ငံရေးအကြပ်အတည်းတွေကြုံလာမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ်ဆိုတာ မျိုးလုပ်ခဲ့တာပဲဖြစ်ပါတယ် ၊ စစ်အုပ်စုအနေနဲ့ ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးခန့်အပ်ပြီး ဒေါ်စုနဲ့ပထမဆုံးစတင်ဆွေးနွေးဖို့စီစဉ်ခဲ့တာ ၂၀၀၇ခုနှစ်၊ အောက်တိုဘာလ၊ ၂၅ ရက်နေ့ဖြစ်ပါတယ် ၊ စက်တင်ဘာလ ၂၇ ရက်နေ့က ဂျပန်သတင်းထောက် ခန်းဂျိနာဂအိကိုပစ်သတ်ခဲ့မှု ၊ ရဟန်းသံဃာတော်တွေ မေတ္တာပို့စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖေါ်ခဲ့ကြတဲ့ ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်ရိုက်နှက်ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ပြင်းထန်နေတဲ့ နိုင်ငံ တကာဖိအားတွေကို ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီဆိုပြီး အရှိန်လျော့လမ်းလွဲစေခဲ့တာပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေပါတယ်ဆိုတဲ့ ကာလတွေထဲမှာပဲ ဒေါ်စုရဲ့နေအိမ်အကျယ်ချုပ်သက်တမ်းကိုထပ်တိုးခဲ့သလို အင်းလျားကန်ကိုရေကူး ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဂျွန်ယက်တောကိုလက်ခံခဲ့မှုနဲ့လည်း ဒေါ်စုကိုရုံးတင်တရားစွဲ ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ် ၊ ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၁၅ ရက်နေ့မှာ ၉ ကြိမ်မြောက်အဖြစ် နောက်ဆုံးတွေ့ဆုံခဲ့ပြီး တဘက်သတ်ဖိနှိပ်အနိုင်ကျင့်မှုတွေကလွဲရင် ဘယ်လိုဆွေးနွေးမှုရလာဒ်မျိုးမှ မရှိခဲ့ပါဘူး ။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ထွက်ပေါက်ရှာတဲ့နည်းကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလထဲမှာလည်း လုပ်ခဲ့ပါသေးတယ် ၊ မဲလိမ်မဲခိုး တဘက်သတ်အစီအစဉ်တွေနဲ့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့မသမာမှုတွေကိုဖေါ်ထုတ်ဖို့ နိုင်ငံတကာကစိတ်ဝင်စားနေချိန် ၊ ငြိမ်းချမ်းရေးအဖွဲ့အဖြစ် နှစ်ပေါင်းများစွာ အပစ်ရပ်အတူယှဉ်တွဲနေထိုင်လုပ်ကိုင်ခဲ့တဲ့ DKBAတပ်တွေက နယ်ခြားစောင့်တပ်ဖွဲ့ရေးကိုငြင်းဆန်ပြီး မြဝတီမြို့သိမ်းတိုက်ပွဲနဲ့ ဆန့်ကျင် တွန်းလှန်မှုတွေပြန်စတင်ခဲ့လို့ လက်နက်ကိုင်တော်လှန်ရေးကို အာရုံစိုက်လာကြချိန် ၊ မတရားတဲ့ရွေးကောက်ပွဲနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်အုံကြွမှုတွေဖြစ်ဖို့ တာဆူလာနေတဲ့အချိန် ၊ အဲဒီလိုနိုင်ငံရေးအကျပ်အတည်းတွေအများကြီးရှိလာတဲ့ အချိန်မှာ လွတ်ရက်စေ့လို့လွှတ်လိုက်ပါပြီဆိုပြီး ဒေါ်စုကိုလွှတ်ပေးလိုက်တာ၊ လမ်းပိတ်ဆို့စေတဲ့အထိဒေါ်စုမိန့်ခွန်းပြောတာကိုတောင် ခွင့်ပြုပေးလိုက်တာ တွေဟာ အာရုံလွှဲဖို့ဖန်တီးလိုက်တဲ့ ကစားကွက်တွေသာဖြစ်ပါတယ် ။
ခုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးသယောင်ပြတဲ့နည်းနဲ့ နောက်ထပ်ကစားကွက်တခုကို ဖန်တီးလိုက်တာပါပဲ ၊ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအမြင်နဲ့တွေ့ဆုံဆွေးနွေးခဲ့တာလဲ၊ ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးတယောက်အနေနဲ့လား ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေကို ကိုယ်စားပြုခေါင်းဆောင်တယောက် အနေနဲ့လား ၊ ဒါမှမဟုတ် ကမ္ဘာ့အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လုပ်နေလို့ ပြဿနာ အေးပြီးရော “ဆွေးနွေးပါတယ်” လို့ သရုပ်ပြယုံလားဆိုတာ ကျနော်တို့တွက်စစ်ကြည့်ဖို့လိုပါတယ် ။
စစ်အုပ်စုဟာ ၁၉၉၀ရွေးကောက်ပွဲကို အလေးမထားခဲ့သလို NLD ပါတီကိုလည်းအလေးမထားခဲ့ပါဘူး ၊ ပြီးတော့ NLD ရဲ့ကိုယ်စားလှယ်အဖြစ် ဆွေးနွေး ချင်သပဆိုရင်လည်း ဥက္ကဌ ဦးအောင်ရွှေ ၊ ဒုဥက္ကဌ ဦးတင်ဦးတို့နဲ့ဆွေးနွေးရင်လည်း ရနေတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးတယောက်အနေနဲ့ NLDကိုကိုယ်စားပြုဆွေးနွေးလိုတာမျိုး မဟုတ်ပါဘူး ၊ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုမဆိုထားနဲ့ တိုင်းရင်းသားတွေ ပြည်တွင်းအဖွဲ့အစည်းတွေကိုတောင် တပေါင်းတစည်းထဲမတည်ဆောက် နိုင်သေးတဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေဘက်က ကိုယ်စားပြုခေါင်းဆောင်တယောက်အနေနဲ့ ဆွေးနွေးဖို့ဆိုတာ လည်း ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး ၊ ဒီတော့ ပြဿနာအေးပြီးရော “ဆွေးနွေးပါတယ်” လို့ ကမ္ဘာ့အသိုင်းအဝိုင်းကို သရုပ်ပြယုံသာသဘောထားခဲ့ပြီး ဝတ် ကျေတန်းကျေဆွေးနွေးမှုအဖြစ် NLD ပါတီကိုတရားဝင်မှတ်ပုံတင်ဖို့ ၊ တည်ဆဲဥပဒေတွေအရပဲ လှုတ်ရှားသွားလာဆောင်ရွက်ဖို့ ၊ လက်ရှိအာဏာရအစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တွေပြောကြားမှာဖြစ်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကရော ၊ ဦးအောင်ကြည်ဆီကနှုတ်ထွက်စကား (ဆွေးနွေးချက်)ဆိုတာတွေက လက်ရှိအာဏာပိုင်တွေကို ဘယ်လောက် ကိုယ်စားပြုတယ်ဆိုတာ ဘယ်လိုအာမခံချက်တွေရရှိခဲ့ပါပြီလဲ ၊ တိုးတက်မှုတွေရှိလာတယ်လို့ နှစ်ဦးသဘောတူထုတ်ပြန်ကြေငြာချက်တောင်ထွက်ခဲ့ပြီးပြီ ဆိုတော့ ဘာရလာဒ်တွေရခဲ့ပြီလဲ၊ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာကိုကိုယ်စားပြုဆွေးနွေးခဲ့ပါသလဲ ၊ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုး အဖြစ်နဲ့ ပဲဆွေးနွေးခဲ့တာလား ၊ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်စားပြုပါသလား ၊ စစ်ပွဲတွေဖြစ်နေတဲ့ဒေသတွေကပြည်သူတွေကို ကိုယ်စားပြုပါသလား ၊ အတိုက်အခံပါတီတွေ ၊ ဒီမိုကရေစီရေးအင်အားစုတွေ အားလုံးကို ကိုယ်စားပြုပါသလား ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ရပ်တည်ခွင့်အတွက် သက် သက်ပဲလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစရဲ့ဘယ်အခြေအနေလို့ ရှုမြင်ပါသလဲ ၊နောင်ထပ်နှစ်နဲ့ချီကြာတဲ့အထိ ဒီဆွေးနွေးပွဲကိုအချိန်ဆွဲမယ်ဆို ရင် ဘယ်လိုတုန့်ပြန်ရင်ဆိုင်မှုတွေလုပ်မလဲ၊ ပြည်သူတွေကြားမှာ ပွင့်ပွင့်လင်းလင်းထုတ်ပြန်ဖို့နဲ့ ဒီမိုကရေစီရေအင်အားစုတွေရဲ့ အကြံပြုမှုတွေကို လက်ခံ ဆောင်ရွက်ဖို့ လိုပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ်ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးပြီးရလာဒ်ကောင်းတွေရခဲ့ပါတယ်ဆိုတဲ့အချိန်မှာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် ၈၈မျိုးဆက်ကျောင်းသားတွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ၊ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်အုပ်စုရဲ့ထောင်တွေထဲမှာ နှိပ်စက်ညှင်း ပန်းခံနေကြရတုန်း၊ တိုင်းရင်းသားဒေသတွေမှာ ယောက်ကျားတွေပေါ်တာဆွဲခံပြီး မိန်းမတွေမုဒိန်းကျင့်ခံနေကြရတုန်း၊စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ကျေးရွာ တွေ မီးတဟုန်းဟုန်းတောက်လောင်လို့ ပြည်သူတွေအိုးအိမ်အခြေမဲ့ပြေးလွှားရှောင်တိမ်းနေကြရတုန်းဆိုတာ သတိထားမိကြစေချင်ပါတယ် ၊ ဘကြီးအောင် ရဲ့အညာဇတ်လမ်းမှာ ရွှေရုပ်လေးရလိမ့်နိုး မျှော်လင့်ရင်းအသက်ဆုံးသွားရတဲ့ မောင်ချစ်လိုအဖြစ်မျိုးဟာပုံနှိုင်းအတုယူစရာပါ ။
အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေမလွှတ်ပဲ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးပဲ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အတိုက်အခံအဖွဲ့အစည်းတွေကခေါင်းဆောင်တွေမပါပဲ ၊ တိကျရေရာတဲ့ အချိန်ကာလသတ်မှတ်ချက်မရှိပဲ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ၊ ဒီတော့ စစ်အုပ်စုရဲ့အလိမ်အညာလုပ်ရပ်တွေကို ထောက်ခံပေးနေသလိုမျိုးမဖြစ်စေပဲ ပါးနပ်လိမ္မာစွာ အချိန်ယူရင်ဆိုင်ဖြေရှင်းနေ ပါတယ်ဆိုတာထက် ပိုတဲ့ဦးဆောင်မှုမျိုးဖြစ်ဖို့လိုနေတယ်ဆိုတာ အဖြေရှာတွက်စစ်လို့ရပါတယ်ဆိုတဲ့အကြောင်း…။
အင်အားတူအခြေအနေမရှိရင် စစ်မှန်တဲ့ဆွေးနွေးညှိနှိုင်းမှု ဘယ်လိုမှမဖြစ်နိုင်ပါ ။
မောင်ချင့်ချိန်
Thursday, July 28, 2011
0 “သေချာရေရာမှုဘာမှမရှိတဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲကို အဖြေရှာတွက်စစ်ကြည့်လေသော်…”
Wednesday, July 27, 2011
0 ၀န်ကြီးအဆင့်ထက် ပိုမြင့်သူနှင့် ဒေါ်စု ဆွေးနွေးရန် တိုင်းရင်းသားများ လိုလား
(YPI) -မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာအစိုးရသစ်ထဲမှ ၀န်ကြီးအဆင့်သာ ရှိသည့် ဦးအောင်ကြည် နှင့် တွေ့ဆုံနိုင်မှု အပေါ် ကချင် ၊ ချင် ၊မွန် ၊ ကရင် စသည့် ခေါင်းဆောင်များက အားရစရာ မရှိကြောင်း ပြောဆိုလိုက်သည်။ အထူးသဖြင့် တိုင်းရင်းသား အရေးတွင် လက်ငင်း မျှော်လင့်နိုင်စရာ မရှိဟု ဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည့်တို့၏ ယနေ့ တွေ့ဆုံပွဲ အပြီး ထုတ်ပြန်သည့် ပူးတွဲကြေငြာချက်တွင် “ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်” ဆွေးနွေးခဲ့သည်ဟု ဖေါ်ပြထားသော်လည်း ကချင်တိုင်ရင်သား အတိုင်ပင်ခံအဖွဲ့ ဦးဆင်ဝါးနော်က တိုင်ရင်းသားအရေး နှင့် ပတ်သက်ပြီး ကိုင်တွယ်နိုင်မည်ဟု မမျှော်လင့်နိုင်ကြောင်း ပြောသည်။
“ကျွန်တော်တို့ အနေနဲ့ ဒီတွေ့ဆုံမူအပေါ်မှာဘာမှ မမျှော်လင့်ပါဘူး မျှော်လင့်နေရင် မောရုံပဲပေါ့ ” ဟု ဦးဆင်ဝါးနော်က ပြောသည်။
တိုင်းရင်းသား အရေး ဖြေရှင်းပေးနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံတော် ဒုတိယ သမ္မတ အဆင့်နှင့် တွေ့ဆုံသင့်သည်ဟု ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ဘောက်ဂျာကပြောသည်။
“ဦးအောင်ကြည်ဆိုတာ အလုပ်သမားဝန်ကြီးပဲ တကယ်ဒေါ်စုနဲ့တွေ့သင့်တာက ဒုသမ္မတအဆင့် တွေ့သင့်တယ်လို့ ထင်ပါတယ်၊ အခုတွေ့ဆုံမှုကနေ ကျွန်မအနေနဲ့ ဘာမျော်လင့်ချက် မရှိပါဘူး” ဟု သူမကပြောသည်။
၂၀၁၀ ရွေးကောက်ပွဲဝင် ချင်းတိုင်ရင်သား ပါတီတစ်ခုဖြစ်သည့် ချင်းအမျိုးသားပါတီ ဥက္ကဌဦးဇိုဇမ် ကလည်း ဦးအောင်ကြည်သည် ယခင်စစ်အစိုးရလက်ထက်က ဆက်ဆံရေးဝန်ကြီး ဖြစ်ခဲ့သော်လည်း ယခုအခါ အလုပ်သမားဝန်ကြီး၊ လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး အနေဖြင့် တွေ့ဆုံသည့်အတွက် “တိုင်ရင်သားအနေနဲ့ ဘာမှာမမျော်လင့်ပါဘူး” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့သည် လွန်ခဲ့သည့် ၄ နှစ်အတွင်း ၉ကြိမ် တိုင်တွေ့ဆုံခဲ့ သော်လည်း ထူးခြားမှု မရှိခဲ့သဖြင့် ယခု နောက်ဆုံး တွေ့ဆုံမှုသည်လည်းတိုင်ရင်းသား နှင့် ပြည်သူများအတွက်ပါ အကျိုးရှိမည် မဟုတ်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းကပြောသည်။
ထို့အတူ ကရင်အမျိုးသား အရေး လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၏ အထွေထွေ အတွင်းရေးမှူးချူပ် နော်စီဖိုးရာစိန်ကလည်း ယခုအစိုးရသည် ယခင် စစ်အစိုးရ၏ အဆက် ဖြစ်သောကြောင့် ယခုတွေ့ဆုံမှုမှ မျှော်လင့်စရာမရှိ ဟုဆိုပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ “ဘာပဲလုပ်လုပ်၊ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲ တွေ့တွေ့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည်၊ ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါ။” ပြောကြားခဲ့ကြောင်း ဆွေးနွေးပွဲ အပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ကြောင်း ပြည်တွင်းထုတ် Weekly Eleven ဂျာနယ် အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
ယခုတစ်ကြိမ် တွေ့ဆုံမှုမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် “အမည်ခံ” အရပ်သားအစိုးရသစ် တက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရဝန်ကြီး အဆင့်ရှိသူတစ်ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။
ယခင်အစိုးရဟောင်းလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ကိုးကြိမ်တွေ့ဆုံခဲ့ပြီး ၂၀၁၀ ဇန်န၀ါရီ ၁၅ တွင် နောက်ဆုံးတွေ့ဆုံခဲ့သည်။
သမ္မတဦးသိန်းစိန် အာဏာလွှဲပြောင်းယူပြီး ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင်အမြင်ချင်း မတူသည့် မြန်မာနိုင်ငံသားဖြစ်ကြသည့် ပြည်တွင်ပြည်ပ အဖွဲ့အစည်းများလည်း ရှိနေသေးသည်ကို အသိအမှတ်ပြုထားပြီး ထိုသို့ကွဲပြားသည့် အမြင်ရှိသူအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် တူညီသည့် ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ကြမည်ဟု ထည့်သွင်းပြောကြားခဲ့ဖူးသည်။
Yangon PressInternational
0 သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ဇယသိလကာရာမကျောင်းတိုက်တွင်ကျင်းပသော နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေး၏(၆၉)နှစ်ပြည့်မွေးနေ့မင်္ဂလာအလှူတော်…။
Tuesday, July 26, 2011
0 ဟုတ်ပါ့မလား မောင်ကာဠုရယ်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရသစ်ရဲ့ အလုပ်သမားဝန်ကြီး ဌာန ဦးအောင်ကြည်တို့ ၂၀၁၁ ဇူလိုင် ၂၅ ရက် တနင်္လာနေ့ နေ့လည်က ရန်ကုန် စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာမှာ မိနစ် ၇၀ ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီလိုတွေ့ဘို့ ၂၀၁၁ ဇူလိုင် ၂၄ ရက် တနင်္ဂနွေနေ့ကမှ အကြောင်းကြားဘိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။
“ထိုသို့ ဆွေးနွေးရာတွင် တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနှင့် အများ ပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအ၀င်ဖြစ်ပါသည်။ သင့်လျော်သောရက်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူကြပါသည်။”လို့ တွေ့ဆုံပြောဆိုပြီးနောက် ဦး အောင်ကြည်က အသင့်ပြင်လာတဲ့ ကြေညာချက်ကိုဘတ်ကြားပြခဲ့ပါတယ်။ ဦးအောင်ကြည်ရဲ့အမူ အရာ လှုပ်ရှားမှုတွေဟာ အသက်ဝင်မှုမရှိသလို တက်ကြွမှုလဲ မရှိလှပါ။ မဖြစ်မနေ တာဝန်ထမ်း ဆောင်ပေးနေရတဲ့အသွင် ပေါ်လွင်လှပါတယ်။ “ပျားရည်ဖုံးမျက်နှာ”မှာ“သကာရည်” အတတ်နိုင်ဆုံး လောင်းထားလျက်ပါ။ တွေ့ဆုံပြောဆိုတာကို ‘အပြသဘော SHOW JOBSအနေနဲ့ မလွှဲသာ မရှောင် သာ လုပ်ဆောင်ပြခဲ့တာပါ။ စိတ်ရင်း စေတနာကောင်းနဲ့တော့ ဟုတ်ဟန်မတူပါ။
အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ယင်းတို့အကြား ဆက်သွယ်ရေးအတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ၂၀၀ရ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာအီဗရာဟင် ဂမ်ဘာရီ၏ အကြံပြုချက်အရ နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများဆက်သွယ်လုပ်ဆောင်ရန် ယင်းဆက်ဆံရေးဝန်ကြီးကို ခန့်အပ်ခြင်းဖြစ်တယ်လို့ စစ်အစိုးရကဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ဟာ ၂၀၀၇ အောက်တိုဘာ ၂၅ ရက်နေ့က စတင် တွေ့ဆုံ ခဲ့ပြီး တွေ့ဆုံမှု ၉ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ တွေ့ဆုံခဲ့တဲ့အချိန်တွေကတော့
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်၊
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်၊
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်၊
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်၊
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်၊
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်၊
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်၊
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်၊
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်။ တို့ဖြစ်ကြပါတယ်။
ဒါပေမဲ့ သိသာ ထင်ရှားတဲ့ရလဒ် တခုမှ ထွက်ပေါ်လာတာမျိုး မရှိတဲ့အတွက် ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒီ ၉ ကြိမ်တွေ့ဆုံမှုတွေအပေါ် ဒေါ်စုက အားရကျေနပ်မှုမရှိခဲ့လို့ စိတ်ပျက် မိရကြောင်း ပြောကြားခဲ့ပါတယ်။ မျက်နှာသွင်ပြင်မှာလဲ ခံပြင်းမှုတွေပေါ်လွင်ခဲ့တာတွေ့ရပါတယ်။
“လက်ရှိ မြန်မာအစိုးရ အနေနဲ့ အရပ်သားအစိုးရ အစစ်အမှန် ဖြစ်အောင် လုပ်မှာလား၊ ဒါမှမဟုတ် ဒီမိုကရေစီ အရေခြုံ စစ်အစိုးရ ဆိုတဲ့ လမ်းဟောင်းအတိုင်း လိုက်မှာလား ဆိုတာ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ဖို့အတွက် လမ်းဆုံလမ်းခွကို ရောက်ရှိနေပါပြီ”လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီကနေ့ ၂၀၁၁ ဇူလိုင် ၂၂ ပြောလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း မှာပြုလုပ်တဲ့ အာစီယံဒေသဆိုင်ရာ လုံခြုံရေးအစည်းအဝေးမှာ သူက အခုလို ပြောလိုက်တာပါ။ အရပ်သားအစိုးရ လမ်းကြောင်းကို တကယ် ပြောင်းလဲချင်တယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသား တွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ရမှာဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြတ်ပြတ်သားသား ပြောပါတယ်။
ဒါ့ပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ ကုလသမဂ္ဂ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက်တွေကို လေးစားလိုက်နာဖို့ လိုကြောင်းလည်း မစ္စက်ကလင်တန်ကပြောပါတယ်။
ဟီလာရီ ကလင်တန်က တရုတ်ပြည်ရောက်၊ ၂ နိုင်ငံအရေးကြီးကိစ္စများပြောမယ်၊ မြန်မာ့အရေးလဲ ပြောမယ်၊ တိုက်တွန်းမယ်၊ တရုတ်ကလဲ မြန်မာ့အစိုးရကိုပြောမယ်။ အမေရိကန်ရဲ့စကားကြောင့် ရုတ်ချည်း ကောက်လုပ်ပြတာလား၊ တရုတ်ရဲ့ဖိအားကြောင့် ကမန်းက တန်းထလုပ်တာလား၊ အာဆီ ယံဥက္ကဌ ဖြစ်လိုစိတ်အားကြီးလို့ အချိန်မှီ ထလုပ်ပြတာလား၊ တဘက်သတ်ဖန်တီးနေတဲ့ ပြည်တွင်းစစ် ကိုဖုံးကွယ်လိုလို့လား၊ ဒီမိုကရေစီအစိုးရဖြစ် SHOW JOBSတွေလုပ်ဘို့ ဖန်တီးလိုလို့လား ဆိုတဲ့ သံသယ အတွေးတွေနဲ့ စောင့်ကြည့်ကြရဦးမှာပါ။
ဒီမိုကရေစီအတုအယောင်အစိုးရရဲ့ ရောင်းစားမဲ့ “အချိန်” တွေကို အလကားပဲတင်းနဲ့ ဝယ်ကြရဦးမှာပါ။
အခုတကြိမ်တွေ့ဆုံစကားပြောဘို့လဲ ဗြုန်းစားကြီးစီစဉ်တာပါ။ နောင်ဆက်လုပ်မဲ့အစီအစဉ် အတိအ ကျ မရှိလှပါ။ မရေရာ မသေချာတဲ့ ယေဘူယျဆန်တဲ့ အပြောတွေနဲ့ပဲ တခန်းရပ်လိုက်ပြန်ပါပြီ။ မဖြစ်မ နေ အခြေအနေကြောင့် ထလုပ်ပြရနေသလိုပဲ။ ယခင် ၉ ကြိမ်က လုပ်နည်းလုပ်ပုံအတိုင်း မသပ်မယပ် ထလုပ်ပုံပေါ်နေလျက်ပါ။ မနက်ဖန်တွေ့ဘို့ ဒီနေ့အကြောင်းကြား၊ ချိန်းထားချိန်ရောက်တော့ လာခေါ်၊ ခဏတဖြုတ်ပြောနဲ့။ ဒေါ်စုကိုများ ဂျပန်ပြည်က “ရိုဘော့”အရုပ်ကလေးလိုပဲ။ လိုရင် ယူဆော့လိုက်၊ မလိုရင် ချောင်ထိုးထားလိုက်နဲ့။
ဒေါ်အောင်ဆန်းစုကြည် နယ်စည်းရုံးရေးခရီးစဉ်အတွက်လုံခြုံရေးကို အစိုးရမှာတာဝန်ရှိတယ်လို့ ဇွန် လထဲမှာ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John Mccain)က မြန်မာနိုင်ငံကို လာရောက်ရင်း ပြောဆိုခဲ့တဲ့နောက်ပိုင်း ဒေါ်စုကို သာမန်ပြည်သူတယောက်လိုသာ သဘောထား ကြောင်း လက်ရှိ နိုင်ငံ့အကြီးအကဲတဦးက အတိအလင်းပြောခဲ့ပါတယ်။ အစိုးရသစ်အဖွဲ့ရဲ့ ပြည်ထဲ ရေးဝန်ကြီးက ဦးအောင်ရွှေ၊ ဒေါ်စုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို နိုင်ငံရေးလှုပ်ရှားမှုများ မလုပ်ကြဘို့ ရပ်တန်းက ရပ်ဘို့ (၂၀၁၁ ဇွန် ၂၈)နေ့က အကြောင်းကြား သတိပေးခဲ့တာပါ။
ခုတော့လဲ သူတို့ မဟုတ်သလိုပါပဲ။ တလေးတစားအရေးတယူနဲ့ ပျူငှာရင်းနှီးပြနေလိုက်ကြတာ။
ဖြတ်ကနဲပေါ်- ဖြုတ်ကနဲထ- ဖြစ်ကတတ်ဆန်း လုပ်လေ့ရှိတဲ့ အာဏာရှင်တွေရဲ့ဉာဉ်အတိုင်း “ဖ ဦးထုပ် ၃ လုံး လမ်းစဉ်” ပါပဲ။ ယခင်က လုပ်ကိုင်ပြောဆိုသလိုပဲ အပြောင်းအလဲမရှိသေးပါ။ မိမိ တို့အကျိုးစီးပွါးကို ထိခိုက်လာတော့မှ အိနြေ္ဒမဲ့စွာ ကောက်ကာ ငင်ကာ ထလုပ်တတ်ကြတာပါ။
မလိုအပ်တဲ့အချိန်ကျရင် ဒေါ်စုကို တရားခံရှာလိုတာ မဟုတ်ဘူးလို့ ဘယ်သူကအာမခံမှာလဲ။
ဗက ဘိုးဘိုးကြီးလို “ဟုတ်ပါ့မလား မောင်ကာဠု ရာ”လို့သာ ဦးးအောင်ကြည်ကို မေးရတော့မှာပေါ့။
မောင်မောင်လှကြိုင်
၂၀၁၁ ဇူလိုင် ၂၆
0 သူငယ်ချင်းထံ ပေးစာ
ဘူးသီးထောင်အကျဉ်းထောင်
ရခိုင်ပြည်နယ်
၂၆၊ ဇူလိုင်လ၊ ၂၀၁၁ ခုနှစ်။
သူငယ်ချင်းမောင်ဌေးကြွယ်
မနေ့  နေ့ လည်ခင်းက ရန်ကုန်မြို့ ၊ စိမ်းလဲ့ကန်သာဧည့်ရိပ်သာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့  တွေ့ ဆုံစကားပြောကြတယ်သူငယ်ချင်း။ သူတို့ နှစ်ယောက် လူသိ
ရှင်ကြား တွေ့ ကြတော့မယ်လို့  သိရတဲ့အခါ မင်းကို ပြေးသတိရမိတယ်ကွာ။ မင်း ယောက်ဖတော်ဖြိုးမင်းသိန်းနဲ့  ဘူးသီးတောင်အကျဉ်းစခန်းကနေ ပါးလိုက်တဲ့ သူငယ်ချင်းရဲ့  သ၀ဏ်လွှာကိုလည်း ဧရာဝတီသတင်းက တစ်ဆင့် လွန်ခဲ့တဲ့ (၆)လ ကျော်လောက်တုန်းက ငါတို့ တွေ သိခွင့်ရခဲ့တာလေးကို ပြန်တွေးဖြစ်မိတယ်ချစ်တီးရေ။
“ဆန်စင်ရာ ကျည်ပွေ့ လိုက်နေလို့  မဖြစ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ ဆုံဆွေးနွေးမှုကို မလွဲမသွေ
လုပ်ရမယ်၊ ဒေါ်စုကို ၀န်းရံကြရမယ်” လို့  မင်းပြောခဲ့တယ်လေ။ မြန်မာ့နိုင်ငံရေး စိတ်ဝမ်းကွဲမှုတွေကို ရိုးသားစွာ
ချုပ်ငြိမ်းလိုတဲ့ ဆန္ဒရှိကြတဲ့သူတိုင်းရဲ့  အနှစ်ချုပ်ပန်းတိုင်ကတော့ မင်းပြောတဲ့ စကားတွေပါဘဲ။
သူငယ်ချင်းရေ...
ခက်သားကလားကွာ။ တို့ နိုင်ငံအနှံ့  ဗုံးတွေ ခပ်စိတ်စိတ် ပေါက်ကွဲကြတုန်းက မိတ်ဆွေတစ်ဦးရဲ့  သုံးသပ်
ချက်လေးကို မင်းကို ပြောပြချင်ပါတယ်။ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ က သူတို့ လုပ်တာလို့  ၀န်ခံ
ရင်တောင် ပြည်သူတွေက ယုံမှ ယုံကြပါ့မလားတဲ့” ။ ဘယ်လိုလုပ်မလဲချစ်တီး။ ပြည်သူလူထုကြီးရဲ့  ယုံကြည်မှု၊
မယုံကြည်မှုကိစ္စဆိုတာ ကျောသပ်ရင်သပ် လုပ်လို့ မရသလို၊ ဆူးခက်နဲ့ နာနာရိုက်လို့ လည်း ရတာမှ မဟုတ်
တာကွာ။ ဖြတ်သန်းမှုဘ၀တွေနဲ့ ရင်းရတယ်၊ ပြီးတော့ ထိုက်သင့်သလောက် အချိန်ယူရတယ်။ လွယ်လွယ်နဲ့ 
စံပယ်တွေ ပွင့်ရိုးထုံးစံမရှိပါဘူး။
ည အိပ်ခါနီးတိုင်း၊ မနက် မျက်စိနှစ်လုံးဖွင့်လိုက်တိုင်း ထောင်ထဲရောက်နေကြတဲ့ မင်းတို့ လို နိုင်ငံရေး
အကျဉ်းသမားတွေကို ငါ အမြဲသတိရတယ်။ တစ်ခါတစ်ရံ မင်းကို အိပ်မက်မက်တယ်။ အဲဒီ အိပ်မက်ဟာ
ဆူးတစ်ချောင်းဆိုရင် တို့ နိုင်ငံရဲ့ အတွင်းနက်နက်ကို ထိုးစိုက်နေတဲ့ ဆူးတစ်ချောင်းဘဲသူငယ်ချင်း။ တို့ နိုင်ငံဟာ
ဆူးပေါင်းမြောက်မြားစွာ စူးနေရှာတဲ့ ဝေဒနာသည်နိုင်ငံကြီးပါကွာ။ လက်ထိပ်ခြေထိပ်မှာ ဆူးသေးသေးလေး
စိုက်ဝင်နေရင်တောင် ခန္ဓာကိုယ်တစ်ခုလုံး နေရထိုင်ရပျက်နေသလို ခံစားရတယ်မဟုတ်လား။ မင်းတို့ လို
အရွယ်ကောင်းလူတော်တွေ မြန်မာ့လူ့ အဖွဲ့ အစည်းနဲ့  ဝေးရာကို အပို့ ခံထားရလေသမျှ တည်ငြိမ်အေးချမ်းမှုနဲ့ 
တရားဥပဒေဆိုတာကို ငါတို့  စိတ်ဒုံးဒုံးချ မယုံနိုင်သေးဘူး။ ဘယ်လိုတွေ့ ဆုံဆွေးနွေးခြင်းကိုမှ အမြင်မကြည်လင်
နိုင်သေးဘူးဆိုခဲ့ရင် ငါတို့ ကို အဆိုးမြင်ဝါဒီလို့  တံဆိပ်ကပ်လည်း သေတဖန်သက်တဆုံးသာ ရှုမြင်လိုက်ကြ
ရုံပေါ့ကွာ။ မင်းတို့  လွတ်မှ ဖြစ်မယ်။ အကျဉ်းထောင်နဲ့  မင်းတို့ နဲ့  ဘာဆိုင်လို့ လဲ။
ချစ်တီးရေ...
ရှစ်လေးလုံး နှစ်ပတ်လည်နေ့ လည်း တစ်ကျော့ပြန် နီးလာပါပြီ။ ငါတို့ အုပ်စုကို “မြန်မာနိုင်ငံတွင်းမှ သစ္စာ
ဖောက် ပုဆိန်ရိုးများ”လို့  အခု ဖမ်းဆီးခံထားရတဲ့ ထောက်လှန်းရေးတပ်မှူးဟောင်းဦးခင်ညွန့် က ပယ်ပယ်နယ်
နယ် ဝေဖန်ခဲ့တာ ဒီကနေ့ တိုင် မမေ့နိုင်သေးဘူး။ ပေါ်ဦးတို့ အုပ်စုကိုတော့ “ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ 
မြေပေါ်မြေအောက်လှုပ်ရှားမှု” ခေါင်းစဉ်အောက်မှာ သွတ်သွင်းထားတာလည်း ဦးခင်ညွန့် ဘဲ။ မင်းတို့ ရော
ဦးခင်ညွန့် ရော အခု ကြံ့ဖွံ့ အစိုးရရဲ့  အကျဉ်းသားတွေအဖြစ် ဘ၀တူနေကြပေမယ့် တချိန်ကျရင် “ပုဆိန်ရိုး၊
ကွန်မြူနစ်” ကိစ္စတွေလည်း ရှင်းလင်းဖြည်ထုတ်ဖို့  မဖြစ်မနေလုပ်ကြရဦးမယ်။ ဒါသည်လည်း စူးတစ်ချောင်း
ဘဲလို့  ငါတို့ တွေ ယူဆထားပြီးသားပါ။
၈၈ လူထုအုံကြွမှုကြီးကို “ဒီမိုကရေစီရေး၊ လူ့ အခွင့်အရေး တောင်းဆိုကြခြင်း” ဆိုတဲ့ မြင့်မြတ်တဲ့ အခန်း
ကဏ္ဍထဲက ဖယ်ရှားမောင်းထုတ်ချင်နေကြတဲ့၊ “ပုဆိန်ရိုး ကွန်မြူနစ်” ခေါင်းစဉ်ထဲ ဆွဲသွင်းထားချင်နေကြတဲ့
လူတစ်စု အခုထိ ရှိနေသေးတယ်ဆိုရင်တော့ ဧရာမအမှားဘဲလို့  ပြောလိုက်ပါရစေ။ မပြေလည်မှုတွေ၊ စိတ်
ဝမ်းကွဲမှုတွေဟာ အဲဒီက စီးဆင်းလာတာဘဲသူငယ်ချင်း။ နိဂုံးချုပ်သွားလို့ လား၊ အဆုံးသတ်နိုင်ခဲ့လို့ လား။
“ပုဆိန်ရိုး ကွန်မြူနစ် တွေဟေ့၊ ရှောင်ကြရှားကြ” လို့  ဦးခင်ညွန့် ရိုက်နှိပ်ပေးခဲ့တဲ့  တံဆိပ်တွေကို ငါတို့ 
ပြည်သူလူထုကြီးက ယုံကြည်လက်ခံခဲ့ကြလို့ လား။ ပြောခြင်းပြောရရင် ပုဆိန်ရိုး ကွန်မြူနစ်တွေသာ ပိုတိုးတိုး
လာတယ်လို့  ဆိုရမလားဘဲနော်။ ရှစ်လေးလုံးလှုပ်ရှားမှုကြီးဟာ ဘယ်တော့မှ နွံမနစ်ဘူး။ ရာသီတွေပြောင်းပေ
မယ့် ငါတို့ သမိုင်း မနွမ်းဘူ၊ တည်စေခန့် စေရမယ်။
မောင်ဌေးကြွယ်ရေ...
ဘီဘီစီသတင်းထောက်ကြီးခရစ်တိုဖာဂါးနက်ကို သတိရတယ်ကွာ။ ၆- ၈- ၁၉၈၈ ရက်နေ့ က ဘီဘီစီ
မြန်မာပိုင်းရဲ့  ညဘက်ထုတ်လွှင့်ချက်ကို သတိရတယ်ကွာ။ အဲဒီနေ့ က အင်တာဗျူးမှာ ပါဝင်ခဲ့ကြတဲ့သူတွေ
အားလုံးကို ဒီရက်ပိုင်းတွေ ရောက်လာရင် နင့်နင့်သီးသီး လွမ်းဆွတ်မိပါတယ်။ မင်းတစ်ယောက်ထဲသာ
ကြံ့ဖွံ့ အစိုးရရဲ့  အကျဉ်းစခန်းမှာ အချုပ်အနှောင်ခံထားရပြီး အများစုက နိုင်ငံခြားမှာ၊ ကျန်တဲ့ သုံးယောက်ဘဲ
ပြည်တွင်းမှာ ရှိပါတော့တယ်။ မင်းကဖြင့် အလံတွေ လွှင့်တုန်း၊ လူးလွန့် နာကျင်တုန်း၊ တကယ့် သံမဏိ
စိတ်ဓာတ်နဲ့  ခရီးရှည်ထွက်နေတုန်း။
ဘယ်လိုတွေ ခံရမယ်၊ ဘာတွေ ပေးဆပ်ရမယ်ဆိုတာ လုံးလုံးမစဉ်းစားဘဲ ငါတို့ ယုံကြည်ရာကို ရဲရဲဝံ့ဝံ့
နဲ့  အရိုးရှင်းဆုံးလုပ်ခဲ့ကြတဲ့သမိုင်းကို နှစ်(၂၀) ကြာလာတဲ့အချိန်မှာ ချောင်ထိုးအရောင်ဆိုးပြီး ပုံဖျက်ချင်ကြ
တဲ့ သမိုင်းဆရာဆိုး လူ့ အန္ဓတွေကိုတော့ ငါတို့ အနေနဲ့  တာဝန်အရ ဆက်လက်ရင်ဆိုင်သွားဦးမှာဘဲ။
၈၈ သမိုင်းကို နေရာမှန် မရောက်သေးသရွေ့ ဆက်ပြီး တွန်းရွှေ့ သွားနေရဦးမှာဘဲ။ မြန်မာ့လူ့ ဘောင်က
ထမ်းတင်ပေးလိုက်တဲ့  ၈၈ မျိုးဆက်တွေရဲ့  မပြီးပြတ်သေးတဲ့ တာဝန်တွေပါဘဲ။
လက်ရှိအစိုးရအနေနဲ့ လည်း ၈၈၈၈ သမိုင်းအပေါ် မဟုတ်မမှန်ဝါဒဖြန့် မှုတွေကို ပြည်ဖုံးကားချသင့်ပြီလို့ ငါတော့ ယူဆမိတယ်သူငယ်ချင်း။ ငါတို့ နိုင်ငံရှေ့ ခရီးအတွက် ဘယ်လိုအပေါင်းလက္ခဏာမှ ထွက်မလာနိုင်တဲ့
အပြင် အညှိုးအတေးတွေသာ ဆင့်ဆင့် ပုံလာဖို့ ရှိပြီး နိုင်ငံရေးစိတ်ဝမ်းကွဲမှု အက်ကြောင်းသာ ကြီးထွားလာ
လိမ့်မယ်မဟုတ်လား။ ကိုယ့်ဘက်ကို ကြည်ကြည်ပျပျမြင်စေချင်ရင် အဦးဆုံး ကိုယ်ကလည်း သူများဘက်ကို
စိတ်ဖြောင့်အူရှင်း သဘောထားနိုင်ဖို့  လိုအပ်ပါတယ်။
ကုလားရေ...
ဒေါ်အောင်ဆန်းစုကြည်နဲ့  အစိုးရတာဝန်ရှိဝန်ကြီးတစ်ယောက်နဲ့  တွေ့ ဆုံတဲ့အပေါ် မင်းအနေနဲ့  ဘယ်လို
မှတ်ချက်ပေးချင်သလဲလို့  မေးခွင့်ရရင် မေးချင်ပါတယ်။ မင်းမှ မဟုတ်ပါဘူး။ မြန်မာပြည်က ယုံကြည်ချက်
ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေအားလုံးရဲ့  အသံကိုလည်း ကြားချင်ပါသေးတယ်။ ထို့ အတူ
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘယ်သူနဲ့ တွေ့ တွေ့ ၊ ဘာတွေ လုပ်လုပ်၊ ဘာစကား ပြောပြော “ထောင်ထဲက
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး” ဆိုတဲ့ လက်သီးဆုပ်ကို ဖြန့် မချ လိုက်ပါစေနဲ့ လို့  ငါတော့
အမှာစကား ပါးလိုက်ချင်တယ်ကွာ။
ကိုသန်းတင်ကြီး ဆေးရုံတင်ထားရတယ်သူငယ်ချင်း။
သူငယ်ချင်းအာနိုး
(အောင်မျိုးထွန်း)
Monday, July 25, 2011
0 ဂိုးလ်ဒင်န်းမွန်းမြန်မာရုပ်/သံမှ တင်ဆက်တဲ့(၈၈၈၈)အရေးတော်ပုံ ၂၃နှစ်မြောက်အထိမ်းအမှတ်စကားဝိုင်း(ရုပ်/သံ)
ဂိုးလ်ဒင်န်းမွန်းမြန်မာရုပ်/သံမှ ၁၉၈၈ အရေးတော်ပုံနဲ့ပတ်သက်တဲ့စကားဝိုင်း အပိုင်း(၁)
ဂိုးလ်ဒင်န်းမွန်းမြန်မာရုပ်/သံမှ ၁၉၈၈ အရေးတော်ပုံနဲ့ပတ်သက်တဲ့စကားဝိုင်း အပိုင်း(၂)
ဆလိုင်းကိုကိုဦး၊ ဒေါက်တာသီဟ၊ ဦးစိုးချိန်၊ ကိုမျိုးမြင့်တို့က ၁၉၈၈ (၈၈၈၈)အရေးတော်ပုံ ၂၃နှစ်မြောက်အထိမ်းအမှတ်အဖြစ်ဆွေးနွေးတဲ့စကားဝိုင်းပါ
Golden Moon TV (မြန်မာ ရုပ်သံအစီအစဉ်)
Thiha Kyi Facebookမှ
0 အဘမှိုင်းပြတိုက်
၁၉.၇.၂၀၁၁ (အင်္ဂါ) နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ ကွယ်လွန်ခြင်း (၄၇) နှစ်မြောက် အထိမ်းအမှတ်အား ရည်စူး၍ မြေးဖြစ်သူ ဒေါ်မြမြအေး (မိသားစု)တို့မှ အလှူငွေ (၁၀၀၀၀၀/-) ကျပ်တိတိကို လာရောက်၍ လှူဒါန်းခဲ့သည်။
ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ကန်တော်မင် ပန်းခြံမြေကွက်လပ်တွင် ဂူသွင်းသင်္ဂြိုလ်ပြီး ဆရာကြီး ၏ ဂုဏ်သိက္ခာနှင့်လိုက်လျောအောင် ဂုဏ်အင်္ဂါရပ် (၄) ရပ်ကို ထွင်းထုထားသော တံဆိပ်ကြီးခပ်နှိပ် ထားသည့် ဂူဗိမာန်ကိုလည်း မြင်တွေ့နိုင်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် -
(၁) စာပေယဉ်ကျေးမှု တော်လှန်ရေးကြီးဆင်နွှဲခဲ့လို့ တံဆိပ်မှာ စာအုပ်ကတစ်ကန့်။
(၂) အမျိုးသားလွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့လို့ ဒေါင်းကတစ်ကန့်။
(၃) ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရးကိုဆောင်ရွက်ခဲ့လို့ ချိုးငှက်ကတစ်ကန့်။
(၄) အဖိအနှိပ်ခံ ပြည်သူတွေဘက်က ထာဝစဉ်ရပ်တည်ခဲ့ပြီး အထူးသဖြင့် အလုပ်သမားတွေနဲ့ တောင်သူလယ်သမားတွေရဲ့ ဆင်းရဲတွင်းနက်မှုက လွတ်မြောက်စေလိုတဲ့ အထိမ်းအမှတ်အဖြစ် တူ တံစဉ်ကတစ်ကန့် တံဆိပ်ခပ်နှိပ်ထားရှိသည်။
ဂူတွင်းသို့ ၀င်ရောက်လိုက်သည်ဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကိုယ်တစ်ပိုင်းကြေး သွန်းရုပ်ပုံအား ပန်းပုဆရာကြီး ဦးဟန်တင်၏ လက်ရာကိုမြင် တွေ့ရမှာဖြစ်ပြီး ဗိမာန်အနောက်ဘက် နံရံတွင် “တပြည်သား နယ်ချဲ့ အစွန်းရန်ကို တကယ် တကယ့် တွန်းလှန်ဖို့ အရေးကလည်း မဝေးတော့ပြီမို့၊ အရေးကြီးလျှင်ဖြင့် သွေးစည်းပြီး သွေးနီးရာ ဆိုသည့်အတိုင်း ကိုင်း ထထကြွကြွနှင့် ၀ိုင်းကြပေရော့” (၁၃၁၄ ခု) (၁၉၅၂) ဆိုသည့် ဆရာကြီး၏ လေးချိုးကြီးတစ်ပုဒ်ကို ကောက်နှုတ်ချက် ရေးထားပါသည်။ တောင်ဘက်နံရံဘက်တွင် “ကောင်းမျိုး အထွေထွေရယ်နှင့် ချွန်စေမြစေစော။ ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော” (၁၂၈၁ ခု) ၁၉၂၀) လို့ ရေးသားထားပါသည်။ မြောက်ဘက် နံရံတွင်လည်း “ဆရာမသေခင် တိုင်းပြည်မှာ တကယ့် ငြိမ်းချမ်းရေးအစစ်ကို တွေ့သွားချင်တယ်” (၁၃၁၈ - ၁၃၂၆) (၁၉၅၇) (၁၉၆၄) ဟု ဆရာကြီးရေးခဲ့ ပြောခဲ့သည့် စကားလုံးများကို ထွင်းထား ပါသည်။
၁၂၃၇ ခုနှစ်၊ တပေါင်းလတွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့မှ ပြည်ခရိုင်၊ ရွှေတောင်မြို့အပိုင် ၀ါးလည်ရွာတွင် မွေးဖွားသန့်စင်ခဲ့သည်။ ငယ်အမည်မှာ မောင်လွန်းဖြစ်ပြီး (၉) နှစ်သားအရွယ်တွင် မန္တလေးရှိ ဦးလေးဘုန်းကြီးများနှင့်လိုက်ပါပြီး မြတောင်တိုက်တွင် စာပေပညာသင်ယူခဲ့သည်။ ကလေး အရွယ်ဘ၀၌ အရှင် (၂) ပါး ပါတော်မူတာကို မျက်မြင်တွေ့ခဲ့ရသူတစ်ဦးလည်း ဖြစ်သည်။ သီပေါမင်း ပါတော်မူစဉ် (၁၁) နှစ်သားအရွယ်သို့ ရောက်ရှိနေသည်။ ရန်ကုန်သို့ အလုပ်လုပ်ရန် သွားရောက်ခဲ့ပြီး ဇဗ္ဗူကျက်သရေ ပုံနှိပ်တိုက်တွင် စာစီအလုပ်သမားဘ၀မှ အယ်ဒီတာဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ပြဇာတ် (၈၀) ခန့်ကိုရေးသားပြီး ကြည့်မြင်တိုင်သူ ဒေါ်ရှင်နှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းသတင်းစာတွင် မြန်မာအယ်ဒီတာအဖြစ်၎င်း၊ မော်လမြိုင်မြို့ရှိ မြန်မာတိုင်း သတင်းစာ တွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ မောင်သမာဓိ အမည်ဖြင့်လည်း ဆောင်းပါးများ ရေးသား ခဲ့သည်။ ဇင်းကျိုက်တောင်တွင်လည်း အချိန်အတော်ကြာ အဂ္ဂိရတ်ထိုးခဲ့ပြီးနောက် ရန်ကုန်သို့ ပြန်သွားပြီး သူရိယ သတင်းစာတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ပြန်ခဲ့သည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နောက်ဆုံးစကားဖြစ်သည့် “အင်း ဆရာတော့ မသေခင် ဆရာတို့ တိုင်းပြည်ကြီးမှာ တကယ့် လွတ်လပ်ရေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် ဖြစ်တာကိုပဲ မြင်သွားချင်တာပါပဲ” လို့ တစ်လုံးစီ ပီပီသသ ဖြည်းဖြည်းနဲ့ မှန်မှန်ပြောကြားခဲ့ပြီး (၂၂) ရက်အကြာ ၂၂.၇.၁၉၆၄ ရက်နေ့တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်အနိစ္စရောက်ခဲ့သည်။
ဆရာကြီး အဘသခင်ကိုယ်တော်မှိုင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီဟူ၍ မပေါ်ပေါက်ခင် တစ်နှစ်ကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းအား သူ့အမြင်၊ သူ့မေတ္တာ၊ သူ့စေတနာနှင့် သူ့ဘာသာ ဦးဆောင်မှုယူပြီး ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ စတာလင်ငြိမ်းချမ်းဆုကြီးအားလည်း ပထမဦးဆုံး ချီးမြှင့်ခံခဲ့သော ငြိမ်းချမ်းရေးဖခင်ကြီးလည်း ဖြစ်သည်။
ရှင်ဘုရင်ခေတ်၊ နယ်ချဲ့အရင်းရှင်ခေတ်နှင့် ဆိုရှယ်လစ်လူ့ဘောင်သစ် တည်ဆောက်မည့် ခေတ်ကြီးသုံးခေတ်အတွင်းတွင် မဖောက်မပြန် တော်လှန်သည့်ပြည်သူများနှင့် လက်တွဲမဖြုတ် လုပ်ဆောင်သွားရှာသည့် ပြည်သူ့ဖခင် ဆရာကြီးကို ကြည်ကြည်ညိုညို လေးလေးမြတ်မြတ် ကန်တော့ရင်း ဆရာကြီးတစ်သက်လုံး ကြိုးပမ်းသွားရှာတဲ့ . . .
(၁) အမျိုးသား လွတ်လပ်ရေး၊
(၂) လွတ်လပ်တဲ့ အမျိုးသားတွေ ဆင်းရဲတွင်းက ထွက်နိုင်ရေး၊
(၃) တစ်မျိုးသားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် လုပ်ဆောင်နိုင်ရေးတို့ကို ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားဖို့ အဓိဋ္ဌာန်ပြုကြရမှာ ဖြစ်ပါတော့သည်။
ထို့အပြင် အဘ သခင်ကိုယ်တော်မှိုင်း၏ မြေးဖြစ်သူ ဒေါ်မြမြအေး၏ မွန်မြတ်သော ဆန္ဒဖြစ် သည့် အဘ သခင်ကိုယ်တော်မှိုင်းပြတိုက် ဖြစ်မြောက်ရေးကိုလည်း သမိုင်းပညာရှင်များ၊ အဖိုးတန် သမိုင်းအတ္ထုပ္ပတိကို ဖော်ထုတ်လိုသော အလှူရှင်များ၊ ပြည်သူပြည်သားများနှင့် မျိုးဆက်သစ် လူငယ်/ရွယ်များက တာဝန်သိစွာ၊ တာဝန်ရှိစွာဖြင့် ၀ိုင်းဝန်းအကောင်အထည် ဖော်အပ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
(အမေ လူထုဒေါ်အမာ၏ “ဆရာကြီး သခင်ကိုယ်တော်မှိုင်း” စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်။)
ကျော်သူ
Sunday, July 24, 2011
0 လယ်သမားကြီးဦးထွန်းအေးအား ထောင်၃လမှ ထောင်ဒါဏ်(၆)လနှင်.ရဲဘက်စခန်းအလုပ်ကြမ်းသို့ပြောင်းလဲ၍မတရားအမိန့်ချမှတ်
ကန်ကြီးထောင့်မြို.နယ်တရားရုံးတရားသူကြီး ဒေါ်ဖြူဖြူခိုင်မှ လယ်သမားကြီးဦးထွန်းအေးအား ပြစ်မူ့ဆိုင်ရာဥပဒေ၄၂၇နှင့်၄၄၇အရပြစ်ဒါဏ်ချမှတ်ရာတွင်(၃)လအလုပ်နှင်ထောင်ဒါဏ်ကိုတပေါင်းတည်းကျခံစေရန်ဟုအမိန်.ချမှတ်ထားသော်လည်း ထောင်အာဏာပိုင်တို့က ထောင်(၆)လကျခံရမည်ဖြစ်ကြောင်း ပြောဆိုကြားသိရပါသည်။
အလုပ်နှင့်ထောင်ဒါဏ်ဟုပြစ်ဒါဏ်ချမှတ်ထားခဲ့သော်လည်း အလုပ်ကြမ်းများခိုင်းစေရာ ရဲဘက်စခန်းသို့ ပို.ဆောင်မည်ဖြစ်ကြောင်း ကြားသိရပါသည်။ လယ်သမားကြီးဦးထွန်းအေးအား အလုပ်ကြမ်းခိုင်းစေမည်ဆိုပါက တနည်းအဓ္ဓမလုပ်အားခိုင်းစေရာလည်း ရောက်ပါသည်။
တရားရုံးအမိန်.ထောင်ဒါဏ်(၃)လသာကျခံရမည်ဖြစ်သော်လည်း ၎င်းအမိန့်ကိုဆန်.ကျင်၍ ထောင်ဒါဏ်(၆)လနှင်.ရဲဘက်စခန်းအလုပ်ကြမ်းတို့ကို ပြစ်ဒါဏ်ခံစားရမည်ဆိုပါက တရားရုံးအမိန့်ကိုဆန်.ကျင်ကာအာဏာပိုင်လူကြီးမင်းတို့ကပြုလုပ်ရာလည်းရောက်ပါသည်။ ထို့ကြောင့်၎င်းးကိစ္စများအား လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက် (HRWDN)အနေနှင့် လိုအပ်သလိုလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း........လယ်သမားကြီးဦးထွန်းအေး၏ တိုင်ကြားစာ
ရန်ကုန်အိုင်အယ်လ်အိုရုံးသို့တိုင်ကြားသောအမှုဖြင့်အဖမ်းခံနေရသော ဦးထွန်းအေးအကြောင်းအပြည့်အစုံကို http://www.dawnmanhon.com/2011/07/blog-post_09.html မှာရေးထားပါတယ်
4 The Burma Conspiracy ရုပ်ရှင်အစအဆုံး
The Burma Conspiracy ရုပ်ရှင်အား ပိုမို၍ ရုပ်သံကြည်လင်စွာကြည့်ရူနိုင်ရန် ပြန်လည်၍ အသစ်တင်လိုက်ပါတယ်
မြန်မာစစ်အုပ်စုရဲ့ ကမ်းကုန်အောင်လူမဆန်တဲ့ယုတ်မာမှုတွေကို ဟောလီးဝုဒ်က ဖွင့်ချဖေါ်ထုတ်တဲ့ဇာတ်ကားတခုဖြစ်ပြီး ဟောလီးဝုဒ် ကနာမည်ကျော်မင်းသမီးချော ရှယ်ရွန်စတုန်း ပါဝင်တဲ့ The Burma Conspiracy ဆိုတဲ့ရုပ်ရှင်ဇာတ်ကားအစအဆုံး အင်္ဂလိပ်စာတမ်းထိုးကို တင်လိုက်ပါတယ်...

အဆိုပါဇာတ်ကားတွင် Largo Winch အဖြစ် မင်းသား Tomer Sisley ၊ Diane Francken အဖြစ် နာမည်ကျော် မင်းသမီး Sharon Stone ၊ မြန်မာမလေး Ma Lunai အဖြစ် ထိုင်းသရုပ်ဆောင် Napakpapha Nakprasittle တို့ကပါဝင်သရုပ်ဆောင်ထားကြောင်းသိရှိရပါတယ် ။
ပြည်တွင်းမှ မိတ်ဆွေများ MOVIE downloadလုပ်ချင်ရင်
Mediafire Part 1
Mediafire Part 2
Mediafire Part 3