Letterfrom Burma: Flowers in her hair 2
၁၉၄၁ ခုနှစ်ကုန်ပိုင်းလောက်မှာ ကမ္ဘာစစ်ကြီးဟာ မြန်မာနိုင်ငံကိုရှေ့ရှုရောက်ရှိလာခဲ့ပါတယ်။ အရှေ့ တောင်အာရှကို ဂျပန်စစ်တပ်ကဖြတ်သန်းလာတာနဲ့အမျှ ရန်ကုန်မြို့ဟာလဲညလယ်တွေမှာမကြာခဏ ဗုံးကြဲခံလာရပါတယ်။ ကျွန်မမိခင်ရဲ့ အန္တရာယ်ရင်ဆိုင်နေရတဲ့ကြားထဲ မပူမပန်လှုပ်ရှားနေမှုကြောင့် လုပ်ဖော်ကိုင်ဘက် သူနာပြု ဆရာမတွေရဲ့ အထင်ကြီးမှုနဲ့စိတ်အနှောက်အယှက်ဖြစ်မှုကို ခံရပါတယ်။ ဗုံးခိုကျင်းထဲမသွားခင် သူ ဟာ မရမက သေသပ်လှပစွာ ဝတ်စားခြယ်မှုန်းနေတတ်ပါတယ်။ လုံခြုံစိတ်ချရမဲ့နေရာကို မျက်ရည်စက်လက် သုတ်သီးသုတ်ပြာသွားနေကြတဲ့သူငယ်ချင်းတွေက သူမ ရဲ့အရူးထ အမူအရာကို မြည်တွန်တောက်တီးလုပ်ကြပါတယ်။ သူကတော့ “တကယ်လို့ သေသွားရင်လဲ လှလှပပ အဆင်းနဲ့ပဲ သေသွားချင်တယ်” လို့ ပေါ့ပေါ့ပါးပါးပဲ ပြန်တုန့်ပြန်ခဲ့ပါတယ်။
အဆုံးစွန်ကြိုးပမ်းရုန်းကန်နေရတဲ့အခြေအနေတွေအောက်မှာတောင် စံနှုန်းများကိုဆုပ်ကိုင်ထားလိုတဲ့ မေမေ့ရဲ့ဆုံးဖြတ်ချက်ကို ဒီအချက်ကဖော်ညွှန်းနေခဲ့တာပါ။ သူမရဲ့နောက်ဆုံးနေ့များအထိ ခေါင်းမူး ခြင်းရဲ့ အားကုန်ခမ်းနွမ်းနယ်မှုများကို မကြာခဏ မေမေခံစားနေခဲ့ပါတယ်။ လက်တွေ့မှာခံစားနိုင်စွမ်း မရှိနိုင်တဲ့ အချိန်မှာတော့ မေမေဟာ မနက်ပိုင်းမှာ အိပ်ရာကထပြီး၊ မျက်နှာသစ်၊ အဝတ်အစားလဲ၊ ခေါင်းကို သပ်ယပ်စွာ ဖြီးသင် ထုံးဖွဲ့ကာ မျက်နှာမှာ သနပ်ခါးလိမ်းခြယ်သလျက် တနေကုန် အိပ်တော့ တာပါပဲ။ ဘဝမှာကြုံတွေ့လာမဲ့စိန်ခေါ်မှုများကို သူမရဲ့သတ္တိနဲ့ဂုဏ်သိက္ခာတို့က တွန်းလှန်ပစ်နိုင်ဘို့ကို ပဲ ဆန္ဒပြုခဲ့ပါတယ်။
၁၉၄၁ ခုနှစ်မှာ ဗြိတိသျှတွေ ရန်ကုန်မှစတင်ဆုတ်ခွါသွားစဉ် ရန်ကုန်ဆေးရုံကြီးမှလူနာများကို ရေ ကြောင်းမှ တဆင့် ကာလကတ္တား(ခိုးလ်ကတ္တား)သို့ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ပြောင်းရွှေ့ပေးခံရသူ များကို စေတနာ့ဝန်ထမ်းအဖော်ပြုလိုက်ပါမဲ့သူနာပြုများတွင် မေမေလဲပါဝင်ခဲ့ပါတယ်။ ဂျပန်စစ်တပ် ရောက်မလာခင် မြန်မာပြည်ကလွတ်မြောက်သွားလိုသူ သင်္ဘောပေါ်ပါ ဆေးဝန်ထမ်းအများစုဟာ မြန်မာနိုင်ငံသားများ မဟုတ်ကြပါ။ သူတို့ရဲ့စိုးရိမ်ကြောက်ရွံ့မှုများကို မေမေက စာနာနားလည်ပေးခဲ့ ပါတယ်။ အိန္ဒိယမှာပဲ စစ်အတွင်းနေထိုင်မယ်ဆိုတဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်ကိုလဲ မဝေဘန်ခဲ့ပါဘူး။ မေ မေကတော့ သူ့နိုင်ငံရဲ့ကံကြမ္မာကိုပဲ
မျှဝေခံစားမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ကာလကတ္တားရဲ့ရှုခင်း များကိုကြည့်ခဲ့ရတဲ့ ပူပင်ကြောင့်ကြမှုကင်းတဲ့ ရက်သတ္တပတ် အနည်းငယ်ကြာ ပြီးနောက် မြန်မာနိုင်ငံ ကို နောက်ဆုံးသင်္ဘောဖြင့် မေမေပြန်လာခဲ့ပါတယ်။ ဆေးရုံတွေအားလုံး ပိတ်ထားတဲ့ အတွက် မြောင်းမြကို ပြန်လာခဲ့ပါတယ်။ ဒါကတော့ ဝမ်းနည်းကြေကွဲဘွယ် အိမ်အပြန်ဖြစ်ခဲ့ပါတော့တယ်။ မေမေမရှိခင်အချိန်အတွင်းမှာ သူ့မိခင်ဟာ အဆုတ်အအေးပတ်ရောဂါ နမိုးနီးယားနဲ့ ကွယ်လွန်သွားခဲ့ တာကြောင့်ပါ။ မေမေဟာ အလဟဿ ဝမ်းနည်းပူဆွေးမှုကို အချိန်ကြာရှည်စွာ ယစ်မူးနေသူတဦးမဟုတ်ခဲ့ပါ။ မေမေ ဟာ ငယ်ရွယ်ပြီး ကြ့ကြံ့ခံနိုင်ရည်ရှိသူဖြစ်ပါတယ်။ စစ်ကလဲဖြစ်ပွါးနေပါတယ်။ ပြည်သူလူထုလဲ ခံစား နေကြရပါ တယ်။ ခံစားနေမှုများမှ လျော့ပါးပျောက်ကွယ်အောင်ဆောင်ရွက်ပေးရမှာက သူ့ရဲ့ အသက် မွေးကြောင်း မဟုတ်ပါလား။ နိုင်ငံတဝှမ်းလုံးမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ အထူးတလည်လိုအပ်နေ လျက်ပါ။ ရန်ကုန် မြို့မှာ စစ်အတွင်း အခြေခံအုပ်ချုပ်ရေးကို ထူထောင်ပြီးပြီးခြင်း ဆရာဝန်တစုဟာ ရန်ကုန်ဆေးရုံကြီးကို ပြန်ဖွင့်ဘို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွမ်းကျင်သူများခေါ်ဆိုလိုက်တဲ့အခါ မေမေ ဟာချက်ခြင်းပဲ စာရင်းပေး တုန့်ပြန် လိုက်ခဲ့ပါတယ်။ စိတ်ဒုံးဒုံးချလျက် ကျန်းမာရေးဝန်ဆောင်မှုပေးမဲ့ ရဲဝံ့သတ္တိရှိလှတဲ့အဖွဲ့မှာ သူနာပြုချုပ်အဖြစ် ပါဝင်တာဝန်ယူခဲ့ပါတယ်။ ၁၉၄၂ ခုနှစ် ဆေးရုံကိုရောက်ရှိလာတဲ့ လူနာတွေအထဲမှာ ကျွန်မဖေဖေလဲပါလာခဲ့ပါတယ်။ သူဟာ ဂျပန်တွေ နဲ့ အတူ မြန်မာနိုင်ငံအတွင်းချီတက်လာခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ ငယ်ရွယ်တဲ့ စစ်သေနာပတိချုပ် ဖြစ်ပါတယ်။ သူဟာ ကြမ်းတမ်းမှု၊ အစာရေစာချို့တဲ့မှုနဲ့ ငှက်ဖျားရောဂါကြောင့် ပင်ပန်းနွမ်းနယ် လျက်ရှိနေပါတယ်။ သူဟာ စိတ်လှုပ်ရှားနေပြီး၊ အံကြိတ်ကာ ကတ်တီးကတ်ဖဲ့ခေါင်းမာ စွာ ချဉ်းကပ်ရန်ခက်ခဲသူဖြစ်နေပါတယ်။ ဖေဖေ့အတွက်တာဝန်ချထားပေးတဲ့ သူနာပြုငယ်ဟာ သူ့ လူနာဟာ ကြောက်စရာကောင်းပြီး ပေကတ်ကတ်နိုင်ကြောင်းတွေ့မြင်လာခဲ့ပါတယ်။ အမှန်ပါပဲ။ ယခုလို ထင်ရှားပြီး ခက်ခဲတဲ့အမျိုးသားတယောက်ကို ကိုင်တွယ် ဆက်ဆံနိုင်စွမ်းမှုဟာ သူနာပြုချုပ် ဆီမှာပဲရှိနိုင်ပါတယ်။ ဒါကြောင့် မေမေက လွှဲပြောင်းယူခဲ့ပါတယ်။ ဖေဖေကလဲ အပြည့်အဝနဲ့ အမြဲ တမ်းအဖြစ် လွှဲပြောင်းပေးခြင်း မျိုးပဲ ဖြစ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ မေမေလက်ထပ်ချိန်မှာ အသက် ၂၀ နှောင်းပိုင်းအတွင်းမှာပါ။ ကိုယ်ဟန်ကြော့ရှင်းလျက် ယုံကြည် ချက်ခိုင်မာစွာ ကောင်းမွန်တဲ့ကျန်းမာရေးနဲ့ ဘဝပျော်ရွှင်ချမ်းမြေ့မှုများဖြင့် လန်းဆန်းနေပါတယ်။ မေမေဟာ အလှကြီးလို့တော့ မဆိုသာပါဘူး။ ဘဲဥပုံမျက်နှာပေါက်၊ ကျယ်ပြန့်တဲ့မျက်ခုံးနဲ့ ကြီးမားပြီး အရည်လဲ့တဲ့ မျက်ဝန်း၊ ပင်ကိုယ်ဟန်ပန် အာရုံနဲ့ ချစ်မွေး တို့ကြောင့် မေမေဟာ ထူးထူးခြားခြား ဆွဲ ဆောင်မှုရှိသူတဦးဖြစ်ပါတယ်။ ကျွန်မဘခင်ကိုတွေ့ မြင်ရတဲ့အထိတော့ မေမေဟာ သူ့လုပ်ငန်းမှာပဲ အာရုံဝင်နှစ်မြုပ်နေလျက်ပါ။ လက်ထပ်ရေးကိစ္စကို အလေးထား ပုံမပေါ်ပါဘူး။ မေမေ့ရဲ့အိမ်ထောင် သည်ဘဝကိုဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို သူနာပြုငယ်များက စိတ်အား ထက်သန်စွာ မကြိုဆိုခဲ့ကြ ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ မျိုးချစ်ပုဂ္ဂိုလ်တဦး သူရဲကောင်းတဦးဖြစ်တာတော့ မှန်ပါတယ်။ ဒါပေ မင့် မျိုးချစ်ပုဂ္ဂိုလ် သူရဲကောင်းတွေဟာ လင်သားကောင်းတွေတော့ သေချာပေါက် မဖြစ်တတ်ပါဘူး။ တကယ်လို့ သူဟာ မယားကိုရိုက်နှက်နှိပ်စက်တတ်သူဖြစ်ရင်ကော။ “မပူကြပါနဲ့လေ…တို့ကို သူရိုက် ရင် သူ့ကိုထားရစ်ခဲ့ပြီး သူနာပြုပဲ ပြန်လာလုပ်မှာပါ”လို့ မေမေကသူ့ရဲ့လုပ်ဖော်ကိုင်ဘက်အငယ်များကို ပြောခဲ့ပါတယ်။ ဆရာဝန်များဟာလဲ မေမေလက်ထပ်မဲ့ကိစ္စကို အားလုံးက အတူတကွမပျော်ရွှင်ကြပါ။ ဗိုလ်ချုပ်ကို သူတို့ အမှန်တကယ်လေးစားကြပါတယ်။ ဗိုလ်ချုပ်အနေနဲ့ မယားကောင်းကိုရထိုက်ကြောင်းလဲ သံသယ မရှိကြပါ။ ဒါပေမင့် အရည်အချင်းအရှိဆုံး အထက်တန်းသူနာပြုတဦး ဆုံးရှုံးရမဲ့အရေးမှာ ကတော့ ကျေနပ်ဝမ်းသာစရာတော့မဟုတ်လှပါ။ အထက်တန်းခွဲစိတ်ဆရာဝန်ကြီးကတော့ အဘိုး အတန်ဆုံးခွဲစိတ်ခန်းလက်ထောက်တဦး ဆုံးရှုံးရပြီလို့ ညည်းတွားခဲ့ပါတယ်။ တူညီတဲ့အရည်အချင်းနဲ့ ယုံကြည်စိတ်ချရမဲ့ အစားထိုးနိုင်သူတဦးကိုတွေ့ဘို့ဆိုတာ အလွန်ခဲယဉ်းကြောင်းလဲ တတွတ်တွတ် ပြောခဲ့ပါတယ်။ ကျွန်မမိဘများရဲ့ မင်္ဂလာပွဲမတိုင်ခင်ညမှာ လေယာဉ်ဗုံးကြဲဒဏ်ကြောင့် ဆေးရုံကြီးတွင် အရေးပေါ်ခွဲစိတ်မှုလုပ်ရပါတယ်။ သူနာပြုများအဆောင်မှာနေဆဲဖြစ်တဲ့မေမေဟာ အိပ်ရာမှထပြီး ခွဲစိတ်ခန်း ဝင်ကူခဲ့ရပါတယ်။ ခွဲစိတ်မှုပြီးသွားတော့ အထက်တန်းခွဲစိတ်ဆရာဝန်ကြီးက “သူကတော့ သူနာပြုတွေအနက် စံတင်လောက်သူပါပဲ။ လက်ထပ်ရက်မတိုင်ခင်ညမှာတောင် ဉာဉ့်နက်နက် အချိန် တွင် ခွဲစိတ်ခန်းဝင်ပေးရသေးတယ်နော်”လို့မှတ်ချက်ချခဲ့ပါသေးတယ်။ ဆရာဝန်ကြီးကပဲ မေမေရဲ့ ဘဝသစ်ရဲ့ပထမနေ့ကို ရင်မဆိုင်ရမီ သွားအိပ်စေခဲ့ပါတယ်။ ကျွန်မဘခင် အသတ်မခံရမီအထိ ကျွန်မမိဘများမှာ အိမ်ထောင်ရေးသက်တမ်း ၅ နှစ် မပြည့်ခဲ့ပါ။ ကျွန်မမိခင် က ရိုးရိုးလေးပဲ ကျွန်မကိုပြောခဲ့ပါတယ်၊ သူတို့ဇနီးမောင်နှံနှစ်ဦး အလွန်ပျော်ရွှင်စွာပဲ အတူတကွပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်…တဲ့။ သူတို့ပျော်ရွှင်စွာနေထိုင်ကောင်း နေထိုင်ခဲ့ပေမင့် လွယ်ကူမှုမရှိတဲ့ သို့မဟုတ် ငြိမ်းအေးမှုမရှိ တဲ့အချိန်များလဲ ရှိခဲ့ပါတယ်…တဲ့။ ကျွန်မဖေဖေဟာ စစ်အတွင်းတပ်မတော်ရဲ့အကြီးအကဲဖြစ်ရုံသာမက နောက်ဆုံးအထိ လွတ်လပ်ရေးလှုပ်ရှားမှု ရဲ့ အဦးဆုံးခေါင်းဆောင်ဖြစ်ပါတယ်။ ဖေဖေ့ရဲ့ဘဝဟာ ကြမ်းတမ်းကာ အန္တရယ်များလှပါတယ်။ မေမေ ကတော့ ကြေကွဲဘွယ်အဆုံးသတ်ခဲ့ရတဲ့အထိ မျှဝေခံစားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခု မေ ၂၇ မိုင်အိနိချိနေ့စဉ်၊ ဂျပန် [၂၀၁၂ မေ ၂၇ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter from Burma: Flowers in her hair 2 ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။] မောင်မောင်လှကြိုင် ၂၀၁၂-မေ-၂၈
သတင်းအကျဉ်းချုပ် ...
The Former Political Prisoners List in Um Pi Em Refugee Camp သို့ / ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရန်ကုန်မြို့  နေ့ စွဲ- ၂၈-၅-၂၀၁၂ အကြောင်းအရာ။ ။ထိုင်းနိုင်ငံတခ်ခရိုင် ဖုတ်ဖရမြို့ နယ် အုန်းပြန်ကရင်ဒုက္ခသည်စခန်းတွင် ရောက်ရှိခိုလှုံနေသောမြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်း(၄၈)ဦးမှဒုက္ခသည်စခန်းများ၏ လက်ရှိအခြေအနေကိုသိရှိနိုင်ပါရန် တင်ပြအစီရင်ခံခြင်း။ လေးစားရပါသော အန်တီစုခင်ဗျား ထိုင်းနိုင်ငံဘန်ကောက်မြို့ တွင် ကျင်းပမည့် (World Economic Forum) အစည်းဝေးသို့ တက်ရောက် ပြီး နောက် ၂၀၁၂ ဇွန်လ (၂) ရက်နေ့ တွင် မယ်လဒုက္ခသည်စခန်းသို လာရောက်မည့်အစီအစဉ်ကို သိရှိရ ပါသဖြင့် ထိုင်းနိုင်ငံ တခ်ခရိုင်အတွင်းရှိ ဒုက္ခသည်စခန်း(၃)ခု၏ လက်ရှိအခြေအနေကို အကျဉ်းအား ဖြင့် သိရှိနိုင်ရန်တင်ပြအစီရင်ခံအပ်ပါသည်။ အဆိုပါစခန်း(၃)ခုမှာ မယ်လ၊အုန်းပြန်နှင့် နိုးဖိုးဒုက္ခသည်စခန်း တို့ ဖြစ်ကြပြီး ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရသူ လူဟောင်းများ (Registered Refugees) နှင့် ဒုက္ခသည် အဖြစ် အသိအမှတ်မပြုခံရသေးသူ လူသစ်(Unregistered Refugees) ဟု သတ်မှတ်ထားသော နှစ်မျိုးနှစ်စားသော ဒုက္ခသသည်များ အခြေချနေထိုင်ကြပါသည်။ ကရင်ဒုက္ခသည်များမှာ အများစုဖြစ်ပြီး ကျန်တိုင်းရင်းသားများလည်း လူနည်းစုအဖြစ်ရှိနေကြပါသည်။ မယ်လဒုက္ခသည်စခန်းမဲဆောက်မြို့ မြောက်ဘက်ကီလိုမီတာ (၄၀)ခန့် အကွာတွင်တည်ရှိပြီး ဒုက္ခသည်ဦးရေ (၃၀,၀၀၀)ခိုလှုံနေပြီး လူဟောင်း (၁၂,၀၀၀) နှင့် လူသစ်ဦးရေ ( ၁၈,၀၀၀) ခန့် ရှိကြောင်းခန့် မှန်းခြေအရသိရှိရပါသည်။ အကြီးဆုံးစခန်းဖြစ်ပြီးတည်ရှိခဲ့သည်မှာ (၂၀) နှစ်ခန့် ရှိပြီဖြစ်ပါသည်။ UNHCR နှင့်ထိုင်းအာဏာပိုင်တို့ မှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုသည့်(Refugee Status Process) ကို ၂၀၀၅ ခုနှစ်က နောက်ဆုံးပြုလုပ် ခဲ့ပါသည်။ ထိုအချိန်နောက်ပိုင်းမှ ဒုက္ခသည်စခန်းသိုရောက်ရှိလာသူများမှာ လူသစ် (Unregistered) များဖြစ်ကြပါသည်။အုန်းပြန်ဒုက္ခသည်စခန်း မဲဆောက်မြို့ တောင်ဘက်ကီလိုမီတာ (၈၀) အကွာ ပေ (၃၀၀၀) ကျော်မြင့်သော တောင်တန်းပေါ်တွင် တည်ရှိ ပြီး လူဦးရေ (၁၇,၀၀၀) ခန့် ခိုလှုံနေခါ လူဟောင်း (၁၁,၀၀၀) နှင့် လူသစ် (၆,၀၀၀) ခန့် ရှိကြောင်း ခန့် မှန်းခြေအရသိရှိရပါ သည်။ ရာသီဥတုဆိုးရွားသော တောင်ထိပ်တောင်စောင်းပေါ်တွင် တည်ရှိသည့်နေထိုင်သွားလာမှုပင်ပန်းခက်ခဲသော စခန်းတစ်ခု ဖြစ်ပြီး လွန်ခဲ့သော(၁၁)နှစ်ကတည်ထောင်ခဲ့ ပါသည်။ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းကို ၂၀၀၆ ခုနှစ် နှစ်ဆန်းတွင် UNHCR နှင့် ထိုင်းအစိုးရတို့ မှ နောက်ဆုံးပြုလုပ်ပေးခဲ့ပါသည်။ ၂၀၀၆ခုနှစ်နောက်ပိုင်းမှရောက်ရှိခိုလှုံလာသူအားလုံးသည်လူသစ်များဖြစ်ကြပါသည်။ လွန်ခဲ့သော (၃) လခန့်  ကဤစခန်းတွင်မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၅၀၀) ကျော်မီးသင့်ခဲ့ပါသည်။နို့ ဖိုးဒုက္ခသည်စခန်း မဲဆောက်မြို့ တောင်ဘက် ကီလိုမီတာ (၁၆၀) အကွာကြာအင်းဆိပ်ကြီး နယ်စပ်တွင်တည်ရှိပြီး လူဦးရေ(၁၂,၀၀၀) ခန် ခိုလှုံနေခါ လူဟောင်း (၄၀၀၀) နှင့် လူသစ် (၈,၀၀၀) ခန့် ရှိကြောင်း ခန့် မှန်းခြေအရ သိရှိရပါသည်။ (Refugee Status Process) ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းကို ၂၀၀၅ ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်နှစ်ဆန်းပိုင်းတွင် UNHCR နှင့် ထိုင်းအစိုးရမှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုရေး(Refugee Status) အတွက်ပဏာမစုံစမ်းစီ စစ်ခြင်း (Pre-Screening Process) ကို လုပ်ဆောင်ခဲ့ပါသည်။ သို့ ဖြစ်၍နို့ဖိုးဒုက္ခသည်စခန်းမှာလူဟောင်းဒုက္ခသည်နှင့်ပဏမစုံစမ်းစီစစ်ခြင်းပြီးထားသည့်လူသစ်ဒုက္ခသည်များနေထိုင်သည့် စခန်းဖြစ်ပါသည်။ အထက်ဖော်ပြပါစခန်း (၃) ခုတွင်မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ နှင့်မိသားစုဝင်များသည် အကြောင်းအားလျော်စွာ ရောက်ရှိခိုလှုံနေကြရပါသည်။၂၀၀၇ခုနှစ်ရွှေဝါရောင်တော်လှန်ရေးအချိန်ကာလများ ၌လည်း ၎င်း၊၂၀၀၈ ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကာလနှင့် နာဂစ်မုန်တိုင်း လွန်ကာလများ၌၎င်း၊ ၂၀၁၀ ရွေးကောက်ပွဲအကြိုနှင့်အပြီးကာလများ၌၎င်း၊နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သတ်မှုများကြောင့် အာဏာပိုင်အဖွဲ့ စည်းများ၊ ထောက်လှမ်းရေးအဖွဲ့ အစည်းများ၏ စုံစမ်းစစ်ဆေး ဖမ်းဆီးအရေးယူ ခြင်းခံရပြီး နှစ်ရှည်ထောင်ဒဏ်များကျခံရနိုင်သည့် အခြေအနေများကို ရှောင်ရှားနိုင် ရန် မိသားစုနှင့်အတူ (သို့မဟုတ်)တစ်ကိုယ်တည်းကိုယ်လွှတ်ရုံးရှောင်ရှားပြီးမှ မိသားစုဝင်များကနောက်မှ လိုက်ပါ၍ ပေါင်းစည်းခြင်းဖြင့် ရောက်ရှိလာခဲ့ကြသူများဖြစ်ကြပါသည်။ တစ်ဘက်နိုင်ငံသို့ ရောက်ရှိပြီးနောက် မဲဆောက်မြို့ တွင်ဦးစွာခိုအောင်းခဲ့ကြပြီး မိမိနှင့်သက်ဆိုင်သည့် အဝေးရောက်ပါတီနှင့်အဖွဲ့ အစည်းမျာနှင့်၎င်း ၊ UNHCR /AAPP စသည့်အဖွဲ့ အစည်းများနှင့်၎င်း အကူအညီရယူရန်ဆက်သွယ်ခဲ့ကြရပါသည်။ မိမိတို့  နိုင်ငံရေးအကျဉ်းသားဟောင်းမိသားစုများ မှာ မဲဆောက်မြို့ ၌နေထိုင်ရာတွင် ထိုင်းရဲတို့ မှဖမ်းဆီးမိပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ခံရပါက လွန်စွာအန္တရာယ်ကြီးသောကြောင့် UNHCR / AAPP စသည့်အဖွဲ့ အစည်းတို့ ကညွှန်ကြားကူညီစီစဉ်ဆောင်ရွက်ပေးသည့်အတိုင်း လှုံခြုံစိတ်ချရသည့် ဒုက္ခသည် စခန်းများသို့ မဲဆောက်မှရွှေ့ ပြောင်းပြီးရောက်ရှိခိုလှုံနေထိုင်ခဲ့ကြသည်မှာ နှစ်နှစ်ကျော် သုံးနှစ်မှ ငါးနှစ်အထိရှိနေကြပြီ ဖြစ်ပါ သည်။ စခန်းသုံးခုတွင်လက်ရှိအချိန်၌ခိုလှုံနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုများမှာ အောက်ပါအတိုင်းဖြစ်ပါ သည်။ မယ်လစခန်း - (၁) ဦးနှင့်မိသားစု (လူဟောင်း- Registered Refugee ဖြစ်ပါသည်။) အုန်းပြန်စခန်း- (၄၈) ဦးနှင့်မိသားစုများ (လူသစ်များ- all Unregiatered Refugees ဖြစ်ပါသည်။) နို့ ဖိုးစခန်း - (၁၂) ဦးနှင့်မိသားစုများ (လူသစ်များ- Pre-Screening Completed Unregistered Refugeesဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများ မယ်လစခန်းတွင် နည်းပါးရခြင်းမှာ ထိုစခန်း၏လူနေမှုစရိတ်စက အလွန်ကြီး မြင့်မှုကြောင့် UNHCR နှင့် AAPP တို့ မှနိုင်ငံရေးအကျဉ်းသားဟောင်းအများစုကို အုန်းပြန်နှင့်နို့ ဖိုးစခန်းတို့ သာဝင်ရောက် ခိုလှုံ ရန် အကြံပေးညွှန်ကြားမှုကြောင့် ဖြစ်ပါသည်။ လူသစ်ဒုက္ခသည်များသည် လူဟောင်းဒုက္ခသည်များကဲ့သို့ ပင် TBBC (Thai Burma Border Consortium) မှထောက်ပံ့သည့် ရိက္ခာ(Food Ration)ဆန်၊ဆီနှင့်မီးသွေးများရရှိကြပါသည်။လက်ရှိအခြေအနေ အုန်းပြန်စခန်း (၄၈) ဦးနှင့် နို့ ဖိုးစခန်း (၁၂) ဦးပေါင်းနိုင်ငံရေးအကျဉ်းသားဟောင်း (၆၀) ဦးနှင့်မိသားစုဝင်တိုသည်ဒုက္ခသည်အဖြစ်အသိအမှတ်ပြုမခံရေသေးသောလူသစ် (Unregistered Refugees) များဖြစ်ကြပါသည်။ ကရင်ရွေပြောင်းဒုက္ခသည်များနှင့်လည်းပတ်သက်မှုမရှိခြင်းကြောင့် မကြာမီအချိန်တွင်ဖြစ်လာနိုင်သည့်မြန်မာနိုင်ငံကရင်ပြည်နယ်နယ်စပ်တွင် ကရင်အဖွဲ့ အစည်းတို့ ၏ ပြန်လည်နေရာချထားခြင်းအစီအစဉ်များနှင့်လည်းသက်ဆိုင်မှုရှိမည်မဟုတ်ပါ။ အထွေထွေလွှတ်ငြိမ်းချမ်းသာခွင့် ကဲ့သို့ ကြေငြာချက်များကို လက်ရှိအစိုးရမှ ထုတ်ပြန်၍ခေါ်ယူခြင်းမပြုသည့် အတွက် ဂုဏ်သိက္ခာရှိစွာ မြန်မာနိုင်ငံသို့ ပြန်နိုင်မည့်အခြေအနေမှာလည်း မရှိဖြစ်နေပါသည်။ မြန်မာနိုင်ငံနှင့်နှစ်ရှည်လကြာကွဲကွာနေသူများဖြစ်၍ ပြန် လည်အခြေချရာတွင်လည်းများစွာသော အခက်အခဲများရှိနေမှာဖြစ်ပါသည်။ ပင်ပန်းဆင်းရဲစွာ ဒုက္ခသည်စခန်းများတွင်နေထိုင် နေကြရ၍ မိသားစုဝင်တို့ ၏ပညာရေး၊ကျန်းမာရေး၊လူမှုရေး ဆုံးရှုံးမှုများစွာရှိနေပြီး အနာဂတ်ပျောက်ဆုံးနေကြပါသည်။ အထူးသဖြင့်နိုင်ငံရေးအကျဉ်းသားဟောင်းများသည် မြန်မာနိုင်ငံ၌စစ်မှန်သောဒီမိုကရေစီ မရရှိလျှင် စစ်မှန်သောလူ့ အခွင့်အရေးမရှိလျှင် စစ်အာဏာရှင်စနစ်အမြစ်မပြတ်လျှင် အမိနိုင်ငံသို့ ပြန်ရန်လွန်စွာခက်ခဲနေကြသူများ ဖြစ်ကြပါသည်။ သို့ ဖြစ်ပါ၍ မြန်မာနိုင်ငံသို့ ပြန်၍မရသေးသည့်အခြေအနေတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများကို UNHCR နှင့် ထိုင်းအစိုးရတို့ မှသီးခြားဒုက္ခသည် POC Status(Refugee Status for Person of Concern) အဖြစ်အသိအမှတ်ပြု၍ လုံခြုံစိတ်ချသည်ရသည့် အချိန်အတိုင်းအတာတစ်ခု အထိထိုင်းနိုင်ငံတွင် ဆက်လက်ခိုလှုံနေထိုင်ခွင့်ရရှိနိုင် ရန် ကူညီဆောင်ရွက်ပေးစေလိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကြုံတောင့်ကြုံခဲနှစ် (၂၀)အတွင်းပထမဆုံးပြည်ပခရီးစဉ်တွင်ထိုင်းနိုင်ငံခေါင်းဆောင်များ၊နိုင်ငံတကာခေါင်းဆောင်များ၊နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် တွေ့ ဆုံရာတွင်ထိုင်းနိုင်ငံရောက်ရွေ့ပြောင်းဒုက္ခသည်များ၊ ရွေပြောင်းအလုပ်သမားများ နှင့် အခြေအနေခြင်းမတူညီသည့် ဒုက္ခသည်စခန်းရောက် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏အရေးကိစ္စကို အကောင်းမွန်ဆုံးကြိုးပမ်း ဆောင်ရွက်ပေးပါ ရန် မေတ္တာရပ်ခံအပ်ပါသည်။ သင့်လျော်မည့်ညွှန်ကြားလမ်းညွှန်မှု များကိုလည်း အကြံပြုပေးပါရန် တောင်းခံအပ်ပါသည်။ ပြည်သူများအတွက် အမိနိုင်ငံဒီမိုကရေစီ အလျှင်အမြန် ရရှိစေရန်ဦးဆောင်ထမ်းရွက်နိုင်စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ အားကိုးယုံကြည်စွာဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အုန်းပြန်ဒုက္ခသည်စခန်း မှတ်ချက် ။ စာကြွင်း၊ UNHCR သည်နိုင်ငံရေးအကျဉ်းသားဟောင်းများကို ယခင်က POC Status ဖြင့်ဒုက္ခုသည်အဖြစ်အသိအမှတ်ပြုခဲ့ပါသည်။ သက်ဆင်အစိုးရလက်ထက်တွင် UNHCR ၏လုပ်ပိုင်ခွင့်ကိုရပ်ဆိုင်းခဲ့ပါသည်။
သတင်းအကျဉ်းချုပ် ...
ကမ္ဘာ့ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ကမ္ဘာ့စံချိန်သစ်များကို ထုတ်ပြန်လိုက်ပါသည်။ ထူးခြားချက်မှာစံချိန်သစ်များအားလုံးကို မြန်မာနိုင်ငံမှ အားလုံးကိုရရှိသွားခြင်းဖြစ်သည်။ ဤသည်ကိုက ကမ္ဘာစံချိန်သစ်ထပ်မံတင်လိုက်ပြန်သည်။ ၎င်းစံချိန်သစ်များမှာ.... ( ၁ ) အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် ထင်ရှားစွာမြင်တွေ့နိုင်သောတစ်ခုထဲသာရှိသော နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသော အကြောင်းအရင်း။ ။မီးများ ထိန်ထိန်လင်းနေသော ကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် မှောင်မဲနေသောကြောင့် အခြားနိုင်ငံများကိုကျော်လွန်ပြီး အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ဂုဏ်ယူဖွယ်ရာ ထင်ရှားစွာမြင်တွေ့ရခြင်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ( ၂ ) ကမ္ဘာ့အကောင်းဆုံး အလုပ်အကိုင်အဖြစ် မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ ၀န်ကြီးရာထူးများအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသော အကြောင်းအရင်း။ ။ဝင်ငွေအလွန်ကောင်းပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်လို့ရပြီး ၊ တာဝန်လည်းယူစရာမလိုသော ကြောင့် ဤလိုအလုပ်မျိုး တခြားနိုင်ငံများတွင် မရှိသောကြောင့် ယခုနှစ်ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ( ၃ ) ပြဿနာများအား အလွန်လျှင်မြန်စွာဖြင့် အကောင်းဆုံးဖြေရှင်းပေးနိုင်ဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသော အကြောင်းအရင်း။ ။လျှပ်စစ်ဓာတ်အား လွန်စွာနည်းပါးစွာရရှိမှုကြောင့် ပြည်သူများမှ ဖယောင်းတိုင်များထွန်းညှိပြီး အစိုးရမင်းများသတိပြုမိစေရန် ငြိမ်းချမ်းစွာလှည့်လည်ပြီး မိမိတို့၏ဆန္ဒများအားဖော်ထုတ်ခဲ့သောကြောင့်လျှပ်စစ်ဓာတ်အားပေးရေးဌာနသည် အလွန်လျှင်မြန်စွာဖြင့် သတင်းစာရှင်းလင်းပွဲအားပြုလုပ်ပြီးတာဝန်ရှိသူ အရာရှိတစ်ဦးမှ ၎င်းတို့မှာ လျှပ်စစ်ဓာတ်အား တကယ်မရှိ၍ မပေးနိုင်ခြင်းသာ ဖြစ်ပါကြောင်း လျှပ်စစ်ဓာတ်အား ရရှိလိုပါက ( မိုးနတ်မင်း ) ထံတွင်သာ ဆုတောင်းကြရန်ဟု ပြောကြားရှင်းလင်း၍ ပြဿနာ ထိရောက်လျှင်မြန်စွာ ဖြေရှင်းပေးလိုက်ရာ ပြည်သူများမှာ မိမိတို့၏ အထက်တွင် အားကိုးစရာအစိုးရအရာရှိမင်းများသာရှိသည်ဟု ထင်ရာမှ၊ ယခုမူ အစိုးရမင်းများ၏ အထက်တွင် ( မိုးနတ်မင်းကြီး )ရှိနေသေးကြောင်း သိရ၍ အားတက်သွားပြီး ( မိုးနတ်မင်း ) ထံ ထပ်မံတိုင်တည် ဆုတောင်းရာ ၊ပြည်သူများ၏ ဆန္ဒ ပြင်းပြမှုကြောင့် မိုးနတ်မင်းမှာ မနေသာတော့လောက်အောင် မိမိထိုင်ရာ ကျောက်ဖျာတင်းမာလာ၍ မိမိ၏ခုံနေရာလေး ပျောက်မည်စိုး၍ ငါကိုယ်တော်လည်း အမြန်သတင်းစာ ရှင်းလင်းပွဲ လုပ်မှ ဖြစ်တော်မူတော့မည်ဟု နှလုံးပိုက်ပြီးသကာလ online သတင်းစာရှင်းလင်းပွဲလုပ်ရန် online ပေါ်တက်၍ မိမိ၏ facebook acconunt အားဖွင့်ရာ internet connection မှာ ကမ္ဘာ့အမြင့်ဆုံးမျှော်စင် ( ၁၀ ) လုံး၏ foundation များချိတ်ဆွဲထားသည့်အလား ယခင်နေ့များထက်ပင် ပို၍လွန်စွာလေးလံနေပြီး ( မိုးနတ်မင်း )လည်းလွန်စွာ စိတ်ပျက်ပြီး internet connection ကောင်းလာရန်လည်း မိမိကိုယ်တိုင် ( မိုးနတ်မင်း ) ဖြစ်နေသော ကြောင့် ဘယ်သူ့ဆီတိုင်တည်ဆုတောင်းရမှန်း မသိဖြစ်နေစဉ် မိဘအလစ်တွင် ချစ်သူနှင့်ခိုးတွေ့ရန် ခဏလစ်ထွက်လာသည့် မိန်းကလေးနှယ် connection မှာလည်းဝုန်းကနဲဆိုပြီး အနည်းငယ်လေး မြန်လာတုန်း ( မိုးနတ်မင်း )လည်း အမြန်ပင် သတင်းစာရှင်းလင်းပွဲလေးအား လုပ်လိုက်ရသည်။ သတင်းစာရှင်းလင်းပွဲ အပြည့်အစုံမှာ " မင်းတို့တောင့်တလွန်းလို့ငါကိုယ်ထင်ပြရတာကွ။ မင်းတို့ဘာသာမင်းတို့ လျှပ်စစ်ဓာတ်အားတွေပိုလျှံတယ်ဆိုပြီးနိုင်ငံခြားကို စွမ်းအင်တွေ၊ ဓာတ်ငွေ့တွေရောင်းစားခဲ့ပြီးခုမှ ငါ့ဘာလို့လာတောင့်တနေရတာလဲ????? " ဟု internet connection ကိုကြောက်၍ တိုတို တုတ်တုတ်online သတင်းစာ ရှင်းလင်းပွဲလုပ်၍ ပြည်သူများဖြေရှင်းပေးခဲ့ရ သော ကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ( ၄ ) ကမ္ဘာပေါ်တွင် ပါဝါမျက်မှန်များ၊ နားကြားကိရိယာများ အများဆုံးတပ်သင့်သော အဖွဲ့များအဖြစ်သော်လည်းကောင်း၊ မိမိတို့ပြည်သူများပါ် စာနာသနားကြင်နာတတ်သောသူများ အဖြစ်သော်လည်းကောင်း မြန်မာနိုင်ငံမှ အစိုးရဌာနများ၊ ရဲအရာရှိများ၊၎င်းတို့နှင့် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအား ရွေးချယ်လိုက်ရသည်။ ရွေးချယ်ရသော အကြောင်းအရင်း။ ။အထက်ပါအဖွဲ့အစည်းများသည် အလုပ်အလွန်လုပ်သောကြောင့် အလုပ်၏ပင်ပန်းမှုဒဏ်ကိုခံရပြီး မျက်စိများမှုန်၊ နားများလေးသွားသောကြောင့်လားမသိ။ ၎င်းတို့အဖွဲ့အစည်းများ၊ ၎င်းတို့အောက်ရှိ အဖွဲ့အစည်းများ၊၎င်းတို့နှင့်မကင်းရာမကင်းကြောင်း ပတ်သက်ရာ ပတ်သက်ကြောင်း အဖွဲ့အစည်းများ၊ လူများသည် ပြည်သူများနေထိုင်ရာ ရပ်ကွက်၊ ဆိုင်များတွင်းသို့ အုပ်စုလိုက်ဝင်ရောက် ရမ်းကား၊ နှောင့်ယှက်ဖျက်ဆီးသည်များကို ပြည်သူများမှ တိုင်ကြားသော်လည်း၊ လူပေါင်းများစွာမှသိရှိသော်လည်း၊အထက်ပါအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ လူပုဂိုလ်များသည်၎င်းတို့ မသိပါ၊ မမြင်ပါ၊ မကြားပါဟုပြောကြားဖြေရှင်းခြင်း၊သာမာန်ရန်ဖြစ်မှုပါဟုပြောကြားပြီး မသိချင်ယောင်ဆောင် နေ သည်ကိုတွေ့ရှိရခြင်း။ သာမာန်ရိုးရိုးပြည်သူပြည်သားများကိုမူ၊ အာဏာရှင်များ၊ ၎င်းတို့နှင့်မကင်းရာမကင်းကြောင်း ပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများမှလည်းကောင်း ၊အနိုင်ကျင့်၊ ဖိနှိပ်နှိပ်စက်သည့်ဒဏ်ကို မခံနိုင်၍အဆုံး ပြည်သူများမှ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကိုမူ ဆူပူနှောင့်ယှက်ဖျက်ဆီးသူများဟုသော် လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများဟူ၍လည်းကောင်း ကင်ပွန်းတပ်၊ ပုဒ်မ၊ ပုဒ်ထီး၊ ပုဒ်အခြောက်၊ ပေါင်းစုံတပ်ပြီးသကာလ ကိုယ့်နိုင်ငံမှ တပ်စရာပုဒ်မကုန်သွား၍ ဤလောက်နဲ့အားမရသေးပဲ အခြားနိုင်ငံမှ ပုဒ်မများပါငှားရမ်းပြီးထပ်တပ်လို့ရပါက ထပ်တပ်ပြီး ဖမ်းရင်ကောင်းမလားဟုစဉ်းစားသေးသော်လည်း၊ ကိုယ့်နိုင်ငံသားမို့ ညှာလိုက်ပါ့မယ့်ဆိုပြီး ကိုယ့်နိုင်ငံတွင်သာရှိသော ပုဒ်မ၊ ပုဒ်ထီး၊ ပုဒ်အခြောက်လောက် ဖြင့် သာ ဖမ်းဆီးသည်ကိုထောက်ချင့်ခြင်းအားဖြင့်အထက်ပါအဖွဲ့အစည်းများသည် ပါဝါမျက်မှန်များ၊ နားကြားကိရိယာများအများဆုံးတပ်သင့်သောအဖွဲ့အစည်းများအဖြစ်သော်လည်းကောင်း၊မိမိတို့ပြည်သူများအပေါ် စာနာသနားကြင်နာတတ်သောသူများအဖြစ်သော်လည်းကောင်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ( ၅ ) ကမ္ဘာပေါ်တွင် မျှတသောတရားစီရင်ရေးစနစ်ရှိသော နိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသော အကြောင်းအရင်း။ ။ မကြာသေးမီကဖြစ်ပွါးခဲ့သော နာမည်ကြီးမင်းသမီးတစ်ဦးမှ သတင်းထောက်တစ်ယောက်အား လူပုံအလယ်တွင် ပါးရိုက်ခဲ့သောဖြစ်ရပ်အားအမှုဖွင့်ရာ ပါးရိုက်ခဲ့သောဖြစ်စဉ်တွင်လူသက်သေများရှိသော်လည်း တရားစီရင်ရေးအား ပိုမိုတိကျစေရန်ကြိုးပမ်းသည့် အနေဖြင့် ဤလောက်နှင့်လက်မခံနိုင်ပဲ ပိုမိုတိကျစေရန် ဆေးစာယူခိုင်းရာ ဆေးရုံသို့ရောက်သောအခါ ဒဏ်ရာမရှိ၍ ဆေးစာမရမှာစိုးရိမ်သောကြောင့် ကိုယ့်ပါးကိုယ်ပဲပြန်ရိုက်ပြီးဆေးစာယူရင်ကောင်းမလား၊ ဒါမှမဟုတ် မိမိပါးကိုရိုက်ခဲ့သော မင်းသမီးကိုပဲ တောင်းတောင်းပန်ပန်နဲ့ဆေးရုံသို့ပင့်ဖိတ်ပြီး ဆေးစာရေး ပေးမည့် တာဝန်ရှိသူရှေ့မှောက်တွင်ဆေးစာရအောင် ထပ်ရိုက်ခိုင်းရမလားမသိအောင် ခေါင်းစားသွားစေ အောင် အလွန်တရာ စေ့စပ်သေချာသော မှုခင်းစစ်ဆေးပုံကြောင့်သော်လည်းကောင်း၊ဆေးစာရရှိ၍ တရားရုံးသို့ရောက်ရှိသော အခါတွင်လည်း ဤလိုအမှုကိုပင် တရားရေးမဏ္ဍိုင်လွဲချော်မည်စိုးရိမ်သောကြောင့် တစ်နှစ်ကျော်အောင် အသေးစိတ်တိတိကျကျမလွဲမချော်ရလေအောင်စစ်ဆေးပြီး သကာလ တရားစီရင်ရေး စနစ်၏အလွန်တရာကောင်းမွန်မှု၊ ဥပဒေများ၏ မျှတမှန်ကန်မှုတို့ ကြောင့် တရားခံသည် မည်သို့မျှမငြင်းနိုင်တော့ပဲ ဥပဒေ၏ဆုံးမအရေးယူခြင်းကိုခံရပြီး ( ဒဏ်ငွေ တစ်ထောင် ) အားပိုးစိုးပက်စက် ပေးဆောင်စေကာ နှောင်းလူများ ဤသို့မလုပ်နိုင်စေရန် စံပြစီရင်ထုံးအနေဖြင့် အမိန့်ချမှတ်ခဲ့ပြီး ဥပဒေ၏ အထက်တွင်ဘယ်သူမှမရှိဟူသော ဆောင်ပုဒ်အတိုင်း ဖော်ဆောင် အကောင်အထည် ဖော်နိုင်သောကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ( ၆ ) ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသော အကြောင်းအရင်း။ ။မြန်မာနိုင်ငံတွင် ရောင်းချနေသော phone များ၊ ကားများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများကို မြန်မာပြည်တွင်ရောင်းချနေသောဈေးနှုန်းဖြင့် တခြားကမ္ဘာ့နိုင်ငံများတွင် သွားရောက်ရောင်းချပါက ဘယ်သူမှဝယ်ယူနိုင်မည်မဟုတ်ပေ။ ဤသို့တခြားနိုင်ငံတွင် မည်သူမျှမ၀ယ်ယူနိုင်သော ဈေးနှုန်းဖြင့်ရောင်းချမှုကို မြန်မာနိုင်ငံသားများသည် ၀ယ်ယူနိုင်သောကြောင့် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံအားရွေးချယ်လိုက် ရခြင်းဖြစ်သည်။ ( ၇ ) မြန်မာနိုင်ငံသည် ကမ္ဘာ့အတော်ဆုံး၊ အကျွမ်းကျင်ဆုံး စီးပွါးရေးသမားများပေါ်ထွက်ရာ နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသော အကြောင်းအရင်း။ ။အခြားနိုင်ငံများတွင် တစ်ရာ၊ တစ်ထောင်လောက်သာ ရနိုင်သော ပစ္စည်းများ၊ ဘယ်သူမှမ၀ယ်မည်စိုး၍ သုံးစွဲသူများကို အောက်ကျနောက်ကျခံပြီး မိမိပစ္စည်းသုံးအောင် အလကားပေးပြီး မနည်းရုံးကန်ယှဉ်ပြိုင်နေရခြင်းတို့ဖြင့် မိမိတို့လုပ်ငန်းလည်ပတ်အောင်မနည်း လုပ်နေရ သော်လည်း၊ မြန်မာနိုင်ငံတွင်မူ ထိပ်ပိုင်းတာဝန်ရှိသူအချို့နှင့် စီးပွါးရေး လုပ်ငန်းရှင်ကြီးအချို့သည် အခြားနိုင်ငံများတွင် တစ်ရာ၊ တစ်ထောင်လောက်သာရနိုင်သော ပစ္စည်းများကို မိမိတို့နိုင်ငံတွင် အဆပေါင်း သောင်း နဲ့ချီရအောင်ရောင်းပြသွားပြီး၊ စားသုံးသူများမှလည်း ဤပစ္စည်းများကို မျက်နှာငယ်လေးများဖြင့် အဟောက်ခံ၊ အဟစ်ခံ တိုးဝှေ့ဝယ်ယူရပြီး ရောင်းချသူများ၏ ခြေသလုံးဖက်ပြီး မ၀ယ်ယူရသည်ကိုပင် ၎င်းတို့မှ သဘောထားကြီးမားလှပေသည်ဟုအောင့်မေ့ကျေးဇူးအထူးတငရှိပြီး ၀ယ်ယူရလေအောင် မိမိတို့၏စီးပွါးရေးပညာဘယ်လောက်ကျွမ်းကျင်ကြောင်းကိုပြသသွားပြီး၊အခြား ကမ္ဘာ့နိုင်ငံများမှ မျက်လုံး အပြူးသား နဲ့ အံ့သြ မှင်တက်ပြီး လေးစားသွားရလောက်အောင် ပြသနိုင်သောကြောင့် နိုဘယ်လ်ဆု ပေးရေးအဖွဲ့သည် မြန်မာ့စီးပွါးရေးလုပ်ငန်းရှင်ကြီးများအား ( စီးပွါးရေး နိုဘယ်လ်ဆု ) ပင်ပေးရင်ကောင်းမလားဟု နိုဘယ်လ်ဆု ပေးရေးအဖွဲ့ကိုပင်ခေါင်းစားအောင် ပြုလုပ်နိုင်သောကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ( ၈ )စွန့်ပစ်အမှိုက် ပစ္စည်းများအား အလေအလွင့်မရှိရလေအောင် ကမ္ဘာပေါ်တွင် အကောင်းဆုံးစီမံခန့်ခွဲမှုအရှိဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသော အကြောင်းအရင်း။ ။တချို့သော နိုင်ငံများသည် မိမိနိုင်ငံတွင်ထားရှိပါက အန္တရာယ်ရှိသောကြောင့်လည်းကောင်း၊ စွန့်ပစ်စရာနေရာမရှိသောကြောင့်သော်လည်းကောင်း၊ အမှိုက်အဖြစ် ဖျက်ဆီးလိုက်ပါကလည်းတစ်ပြားမှမရပဲဆုံးရှုံးမည့်အတူတူ ၊ဘယ်နိုင်ငံမှမယူသော ၎င်းတို့နိုင်ငံ၏ အမှိုက်များ အား ၊အလကားလည်းစွန့်ပစ်ပြီးသားလည်းဖြစ်၊ ပိုက်ဆံလဲရ တစ်ပြားရရ၊ တစ်ပဲရရဆိုပြီးမြန်မာနိုင်ငံသို့ တင်ပို့လိုက်ရာ မြန်မာအစိုးရ အဖွဲ့ဝင်အချို့နှင့် လုပ်ငန်းရှင်အချို့သည် ဤအမှိုက်များအား သိသိကြီးနှင့် သော်လည်းကောင်း၊ မသိလိုက် မသိဘာသာသော်လည်းကောင်း ပြည်တွင်းတွင် အလေအလွင့်မရှိရလေအောင် စနစ်တကျ စီမံခန့်ခွဲပြီး အလေအလွင့်မရှိ ရောင်းချနိုင်သောကြောင့် စွန့်ပစ်အမှိုက် ပစ္စည်းများအားအကောင်းဆုံးစီမံခန့်ခွဲမှုအရှိဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ( ၉ ) မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဧည့်သည်များနေပျော်ရာ၊ ဧည့်သည်အများဆုံးနေထိုင်ရာ နိုင်ငံအဖြစ်လည်းကောင်း၊ ကမ္ဘာပေါ်တွင် ဤလုပ်ငန်းမှ နိုင်ငံ့ဝင်ငွေအများဆုံးရှာဖွေပေးရာ နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသော အကြောင်းအရင်း။ ။မြန်မာနိုင်ငံသားများသည် နိုင်ငံသားဆိုသော်လည်း အခြားပြည်နယ်၊ တိုင်းမဆိုထားနဲ့ဦး၊ ဟိုဘက်လမ်းနှင့် ဒီဘက်လမ်းညအိပ်ညနေသွားနေလျှင်ပင် ဧည့်စာရင်းတိုင်ရပေသည်။ ဤသို့ကြောင့် မြန်မာနိုင်ငံသားများသည် နိုင်ငံသားဆိုသော်လည်းဧည့်သည်များဖြစ်နေသောကြောင့် ဧည့်သည်အများဆုံးနေထိုင်ရာ တိုင်းပြည်ဖြစ်ခြင်းထိုကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအား အားကိုး စရာမလိုပဲ ဧည့်စာရင်းတိုင်ကြားခ ၀င်ငွေဖြင့်ပင် တိုင်းပြည်အားအခွန် ၀င်ငွေအား တိုးပွါးအာင် ပြုလုပ် ပေးနိုင် သောကြောင့်အခြားဒီမိုကရေစီနိုင်ငံများ အတုယူ လေ့လာနိုင်စေရန် ဧည့်သည်အများဆုံး နေထိုင်ရာ နိုင်ငံအဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ( ၁၀ ) ကမ္ဘာပေါ်တွင် အပြောနှင့်အလုပ်ညီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်အရှိဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသော အကြောင်းအရင်း။ ။မြန်မာပြည်၏ ကျန်းမာရေး ဌာနမှ ၎င်းတို့ကျန်းမာရေးဌာနသည် လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနကဲ့သို့မဟုတ်ပဲ အပြောနှင့်အလုပ်ညီသော ဌာနဖြစ်ကြောင်း ၊ဤသည်အား အတည်ပြုပေးပါရန် ဖိတ်ခေါ်သောကြောင့်ကျွန်ုပ်တို့၏ ကမ္ဘာ့ စံချိန်စံညွှန်း စစ်ဆေးရေးအဖွဲ့သည် နိုင်ငံပိုင်ဆေးရုံများ၊ ကျန်းမာရေးဌာနများသို့ ရုပ်ဖျက်ပြီးသွားရောက်စစ်ဆေးရာ တကယ်ပင် အပြောနှင့်အလုပ်ညီသော ၀န်ကြီးဌာနအဖြစ် ကျွန်ုပ်တို့ စံချိန်စံညွှန်း စစ်ဆေးရေးအဖွဲ့မှကန့်ကွက်သူမရှိ ချက်ချင်း အသိအမှတ်ပြုလိုက်ရပေသည်။မပြု၍ မဖြစ်ပေ။ ၎င်းတို့၏ ကျန်းမာရေးဝန်ကြီးဌာနဆောင်ပုဒ်ဖြစ်သော ( " စရိတ်မျှပေး ကျန်းမာရေး " ) ပေါ်လစီကို အောက်ခြေ၀န်ထမ်းမှစပြီး အထက်ဆုံးပုဂိုလ်အထိ လွန်စွာလိုက်နာကျင့်သုံးသောကြောင့် ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့မှာ် အပြန်လေယာဉ်ခကိုပင် သံရုံးမှချေးသွားရသောကြောင့်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့သည်ကျန်းမာရေးဌာနများ၊ ဆေးရုံဆေးပေးခန်းများသို့ဝင်ရောက်ရာ ( " စရိတ်မျှပေး ကျန်းမာရေး " )ဆိုသော ဆောင်ပုဒ်အတိုင်း ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့သည် တံခါးပေါက်စောင့်ဝန်ထမ်းမှစပြီး အပေါ်ဆုံးအကြီးဆုံးပုဂိုလ်အထိ မိမိတို့တွင်ပါလာသော( ဒင်္ဂါးပြား )လေးများအား မျှပြီးပေးခဲ့ရသောကြောင့် ဖြစ်သည်။ ဆေးရုံမှ ပြန်ထွက်ခ မတောင်းသည်ကိုပင် ကျေးဇူးတင်ခဲ့ရသေးသည်။ ထိုကြောင့်မြန်မာပြည်၏ ကျန်းမာရေး ဌာနများ၊ ဆေးရုံဆေးခန်းများ၊ ကျန်းမာရေး ၀န်ကြီးဌာနအား အပြောနှင့်အလုပ်ညီသော ဌာနအဖြစ် တညီတညွှတ်တည်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ဤသို့ ဂုဏ်ယူစရာကောင်းသော စံချိန်များ ဆက်လက်ထိန်းသိမ်းနိုင်ရန၊် စံချိန်များ ဒီထက်ပိုမို၍ တိုးတက်စေရန် မြန်မာနိုင်ငံရှိ အထက်ပါ စံချိန်ရှင်များသည် ဆက်လက်၍်ကြိုးပမ်းလျှက် ရှိသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ချီးမြှင့်သော ဆုများအားလုံးကို သိမ်းပိုက်သွားနိုင်သောကြောင့် မြန်မာနိုင်ငံသည် ဤစံချိန်များရရှိအောင် မည်သို့ကြိုးစားအားထုတ်ထားသည်ကို လေ့လာရအောင် အခြားနိုင်ငံများမှ အစိုးရအဖွဲ့ဝင်များ၊ သံတမန်များ၊ NGO များ၊ ပညာရှင်များ၊ စီးပွါးရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့ လာရောက်ရန်ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။
သတင်းအကျဉ်းချုပ် ...
၁၉၆၈ ခုနှစ် မေလ ၁၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဒုံကျေးရွာတွင် မွေးဖွားခဲ့သည်။ အဖ ဒူဝါလဖိုင်ဇော်ရစ် (ကွယ်လွန်) နှင့် အမိ ဒူဂျန် အင်ဒေါင်လုဘောက် တို့ဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် ဒသမတန်း အောင်မြင်ခဲ့ပြီး ၁၉၈၈ ခုနှစ်၌ ရန်ကုန် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်သို့ တက်ရောက်ပြီး B.Th ဘွဲ့ရရှိခဲ့သည်။ ထို့နောက် မန်ဒုံ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် ဓမ္မအမှုဆောင်အဖြစ် ၁ နှစ် ဆောင်ရွက်ခဲ့သည်။ ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်တွင်လည်း ၁ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အင်းစိန်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်တွင် B.D ဘွဲ့ထပ်မံ ရယူခဲ့သည်။ ကျောင်းတက်နေချိန်တွင် ဓမ္မတက္ကသိုလ် ကချင်ကျောင်းသားများ မိတ်သဟာရအဖွဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။ မန္တလေး အဝေးသင်တက္ကသိုလ်မှလည်း သမိုင်းဘာသာအဓိကဖြင့် B.A ဘွဲ့ ရရှိခဲ့သည်။ ကျောင်းတက်နေချိန်အတွင်း ကချင်ဘာသာမဂ္ဂဇင်းများတွင် အသိပညာပေးဆောင်းပါးများ ရေးသားခဲ့သည်။ လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။ မွေးရပ်မြေ မန်ဒုံကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်တွင် ဓမ္မအမှုတော်ဆောင်အဖြစ် ပြန်လည်ဆက်ကပ်ပြီး၊ ရှမ်းပြည်နယ်ဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် လူငယ်ဌာန၏ တာဝန်ခံအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ လူမှုရေးလုပ်ငန်းဆောင်ရွက်ရာတွင် ငွေကြေးအဖိုးအခကို မကြည့်ဘဲ ဆောင်ရွက်တတ်သူဖြစ်သည်။ ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံကျေးရွာကလေးတွင် အမှုတော်ဆောင်ရင်း ဒေသဖွံ့ဖြိုးရေး၊ လူငယ်များအား ပြုစုပျိုးထောင်ရေးတို့ကို အာဏာပိုင်များ၏ဖိနှိပ်ခံ ဒေသခံများအတွက် ရပ်တည်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ မန်တုံကျေးရွာတွင် ဘုရားရှိခိုးကျောင်းဆောက်လုပ်မှုတွင် ဦးဆောင်ခဲ့မှုအတွက် မြန်မာစစ်တပ်၏ရိုက်နှက်၊ ဖမ်းဆီးချုပ်နှောင်မှုကိုလည်း ခံခဲ့ရသည်။ ဒေသခံရွာသူ/သားများကို မြန်မာစစ်တပ်မှ ပေါ်တာဆွဲခြင်း၊ မတရားဖမ်းဆီးခြင်းများအတွက် မားမားမတ်မတ်ရပ်တည်၍ ကာကွယ်ခဲ့သောကြောင့်လည်း စစ်တပ်၏စောင့်ကြည့်ခံရမှုနှင့် ဖမ်းဆီးစစ်ဆေးခြင်း မကြာခဏခံရသူဖြစ်ပါသည်။ ၂ဝဝ၂ ခုနှစ်မှစ၍ မီဒီယာလုပ်ငန်း အဓိကလုပ်ကိုင်ရန်အတွက် မိုင်ဂျာယန်တွင် Sinpraw Bum Media (ဆင်ပရော့ဘွမ် မီဒီယာ) လုပ်ငန်းကို အဓိက ဦးဆောင်လုပ်ကိုင်ခဲ့သည်။ လူငယ်များအား မီဒီယာနှင့်ပတ်သက်သည့် သင်တန်းများ ပို့ချခြင်း၊ ကေအိုင်အိုအဖွဲ့၏ သတင်း မှတ်တမ်းဌာနတွင် ကူညီပံ့ပိုးခြင်း၊ ကချင်စကားပြော ဗီဒီယိုဇာတ်လမ်းများ တာဝန်ယူရိုက်ကူးခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် Kachinlandnews Web Site ကို တက်ကြွသည့် ကချင်လူငယ်တစုနှင့်လက်တွဲ၍ ဦးဆောင်တည်ထောင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် ဇွန်လတွင် ကချင်ပြည်နယ်အတွင်း ပြန်လည်စတင်ခဲ့သော ပြည်တွင်းစစ်ကာလအတွင်း ကချင်လူငယ်တစု စုပေါင်း၍ Kachinland News သတင်းဌာနကို စတင်တည်ထောင်ရာ လဖိုင်နော်မိန်းသည် တက်ကြွစွာပါဝင်ခဲ့ပြီး Kachinland News သတင်းဌာန၏ သတင်းထောက်ချုပ် တာဝန်ကိုယူခဲ့သည်။ ၂ဝ၁၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် စိန်လုံဒေသရှိ ကောင်းဝဲတိုက်ပွဲအတွင်း စစ်ဖြစ်နေသည့်နေရာသို့ ကိုယ်တိုင်သွားရောက် သတင်းယူနေစဉ် မြန်မာအစိုးရစစ်တပ်မှ ပစ်ခတ်သော သေနတ်ကျည်ဆံထိမှန်ကာ လည်ပင်းအောက်ပိုင်း ခန္ဓာကိုယ်တခုလုံး မလှုပ်ရှားနိုင်ဖြစ်သွားခဲ့သည်။ လက်ရှိအချိန်တွင် ဇနီးဖြစ်သူ ဒေါ်အင်ခွန်ဆိုင်းအောင် နှင့် သမီး လဖိုင်နန်ဆိုင်းပန် တို့က အနီးကပ် ပြုစုစောင့်ရှောက် ပေးနေရသည်။ လဖိုင်နော်မိန်းသည် ပတ်ဝန်းကျင်ရှိ လူငယ်များအား လူသားတစ်ယောက်အနေဖြင့် အရေးကြီးသည့် ရှင်သန်ရပ်တည်မှုအပြင် ချစ်ခြင်းမေတ္တာ၊ စိတ်နှလုံးနှိမ့်ချခြင်းများနှင့် လူ့အဖွဲ့အစည်းအား အကျိုးပြုစေလိုပြီး လူသားဆန်စွာ အသက်ရှင်သန်ရန် စံနမူနာပြနေထိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဘဝကို ရိုးသားစွာဖြတ်သန်းပြီး သူတပါးအကျိုးအား အမြဲရှေးရှု ကူညီတတ်သူတစ်ဦးလည်းဖြစ်သည်။ www.citizenofburma.org
သတင်းအကျဉ်းချုပ် ...
ပုသိမ်မြို့တွင် လျှပ်စစ်မီးမှန်မှန်ရရေးအတွက် ဖယောင်းတိုင်ထွန်းညှိကာ ဆန္ဒထုတ်ဖေါ်သည့် လှုပ်ရှားမှုတတိယနေ့ကို ယနေ့ည ၇နာရီ ၂၀မိနစ်မှ စတင်ခဲ့ကြရာ ယမန့်နေ့က လုပ်ဆောင်ခဲ့ကြသည့် အတိုင်း တိုင်းလျှပ်စစ်ရုံးရှေ့မှ စတင်ကာ ရွှေမုဋ္ဌော ဘုရားထိ လမ်းလျှောက်ကိုင်ဆောင်ခဲ့ကြသည်။ ယနေ့ည စတင်ရာနေရာ၌ လူ ၈၀၀ ခန့်က ဖယောင်းတိုင် စတင်ထွန်းညှိပြီး မြေနုလမ်း၊ မင်းကြီးလမ်း မှတဆင့် မဟာဗန္ဓုလလမ်း ပေါ်ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့များသို့ ဖြတ်ကျော် ကာ နောက်ဆုံး ရွှေမုဋ္ဌောဘုရားတွင် သွားရောက် ဆီမီးပူဇော်ပြီး ၈နာရီ ၄၀ မိနစ်၌ လူစုခွဲခဲ့ကြသည်။ လုံခြုံရေးရဲများ တိုင်းလျှပ်စစ်ရုံးရှေ့တွင် ညနေစောင်းမှ စတင်ချထားသော်လည်း ဖယောင်းတိုင် ထွန်းညှိသူများအား နှောက်ယှက်ခြင်းမရှိခဲ့ပေ။ ။ သတင်းဓာတ်ပုံ..Laypyay aung, ကိုထက်(ပုသိမ် hrdp)
သတင်းအကျဉ်းချုပ် ...
ဒီကနေ့ မနက် လမ်းပေါ်ထွက်ပြီး သတင်းစနည်းနာကြည့်တော့ ....... သတင်းတစ်ခုထွက်လာပါတယ် ။ မနေ့ ( ၂၆-၅-၂၀၁၂ စနေနေ့ ) က လမ်းမတော်မြို့နယ် အမှတ် ( ၅ ) ရပ်ကွက်ထည်းမှာ ခြိမ်းချောက် အကျပ်ကိုင် တဲ့ လုပ်ရပ်တစ်ခု သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ပြုလုပ်ခဲ့တယ်ဆိုပဲ ။ လုပ်ပုံက တော့ရပ်ကွက်အတွင်းက လ္ဘက်ရည်ဆိုင်က ပိုင်ရှင်တွေ စားသောက်ဆိုင်ပိုင်ရှင်တွေ တာဝန်ရှိသူ ကိုယ်စားလှယ်တွေကို ခေါ်ပြီး ပြောသတဲ့ ။ကိုရဲလွင်ဦးစီးတဲ့ အဖွဲ့ ကိုသိသလား ပေါ့ ။ သီချင်းတွေလိုက်ဆိုပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ စစ်ဘေးဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေးအတွက် အလှူခံပေးနေတဲ့အဖွဲ့ကလေတဲ့ ။ ဆိုင်ပိုင်ရှင်တွေ က ကြားတော့ကြားဖူးပါတယ် လို့ ဖြေကြတယ် ။ ( အထက်ကညွှန်ကြားချက် ) ကြောင့်ပါ လို့ပြောပြီး ။ ကိုယ်သဘောနဲ့ကိုယ် အဲ့ဒီအဖွဲ့ သီချင်းဆိုဖို့ ကိစ္စ ( လက်မခံပါဘူး ) ++++++++++++++++++++++++++++++++++++++++++++ ရပ်ကွက်က အုပ်ချုပ်ရေးရုံးကို အရင် အသိပေး ခွင့်တောင်းမှု ယူပါ့မယ် ။ ++++++++++++++++++++++++++++++++++++++++++++++++ ဆိုတဲ့ ကိုယ်တိုင် ခံဝန် ကတိပြုချက်တွေ လက်မှတ်ထိုးခိုင်းသတဲ့ ။ ကိစ္စကတော့ အဲ့ဒါပါပဲ ။ သမ္မတကြီးနဲ့ သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝင် လူကြီးမင်းများကို မသိလို့ မေးကြည့်ချင်တယ် ။ အဲ့ဒီညွှန်ကြားချက်မျိုး တကယ်ပဲ ပေးခဲ့သလား ။ မပေးခဲ့ဘူးလား ။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ် တာဝန်ယူလုပ်ဆောင်နေသူတွေကို အနှောက်အယှက်ပေးတာဟာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှု မရှိလို့ပဲလား ။ ဒါမှမဟုတ် သမ္မတကြီးနဲ့ သက်ဆိုင်ရာအစိုးရ အဖွဲ့ဝင် လူကြီးများကို သိက္ခာမရှိအောင် နာမည်ပျက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ အောက်ခြေက အုပ်ချုပ်ရေးမှူးတွေက လုပ်နေတာလား ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြဖို့တော့ လိုနေပါပြီ ။ ပြည်သူလူထုကို ကိုယ့်ကြိုးနဲ့ ကိုယ်ပြန်ချည်ခိုင်းတဲ့ ခြိမ်းချောက် လက်မှတ်ထိုးခိုင်းတဲ့ လုပ်ရပ်မျိုးတွေ ၊ ငြိမ်းချမ်းရေးကိုဟန့်တားတဲ့လုပ်ရပ်တွေ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မလိုလားပဲ ဖျက်လိုဖျက်ဆီး လုပ်ရပ်တွေကို အောက်ခြေက အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို လုပ်ဆောင်ဖို့ ဘယ်သူမှန်းမသိတဲ့ ( အထက်က ) ဆိုတဲ့သူတွေက တကယ်ပဲ အမိန့်ပေးစေခိုင်းနေတာလား ။ ဒါမှမဟုတ် သမ္မတကြီး လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ဖျက်လိုဖျက်ဆီး မလေးမစားနဲ့ အောက်က လူတွေ တမင်လုပ်နေတာလားဆိုတာကို သိဖို့ ( လမ်းမတော်မြို့နယ် ) အမှတ်( ၅ ) ရပ်ကွက်နဲ့ အမှတ် ( ၄ ) ရပ်ကွက် အုပ်ချုပ်ရေး ရုံးတွေကို သက်ဆိုင်ရာတာဝန်ရှိသူများကိုယ်တိုင် ကွင်းဆင်းစုံစမ်း အဖြစ်မှန်ကို အဖြေရှာပေးဖို့ အထူးလိုအပ်နေပါသည် ။ ( ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတယ်ဆိုရင်ပေါ့ )" Ah Ba Yah
သတင်းအကျဉ်းချုပ် ...
မြန်မာပြည်မှာ ဟိုးအရင်ကတည်းကနေ ယနေ့အထိ ကြုံတွေ့နေရတဲ့ လျှပ်စစ်လုံလောက်အောင် မပေးနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါပေမဲ့လည်း သေသေချာချာသာ နှစ်တို၊ နှစ်ရှည် စီမံကိန်းတွေချပြီး လုပ်ဆောင်မယ်ဆိုရင် ပြေလည်နိုင်မဲ့အရာတွေလို့ ယူဆပါတယ်။ အစ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဘယ်လို အရင်းအမြစ်တွေကနေ လျှပ်စစ်ကို ထုတ်လုပ်သလဲဆိုတာကို လေ့လာကြည့်ရင်...... ၁.) Fossil fuels လို့ ဆိုတဲ့ Coal, Natural gas, Petroleum စတာတွေနဲ့လည်ပတ်တဲ့ စက်ရုံ၊ ၂.) Nuclear Fission နဲ့လည်ပတ်တဲ့ Nuclear Powerစက်ရုံ၊ ၃.) Renewable Energy လို့ဆိုတဲ့... i) Biomassနဲ့ လည်ပတ်တဲ့ စက်ရုံ၊ ii) Solar Power နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ၊ iii) Geothermal power နဲ့လည်ပတ်တဲ့ စက်ရုံ၊ Ocean thermal energy conversion(OTEC)နဲ့ လည်ပတ်တဲ့ စက်ရုံ၊ ၄.) Hydroelectric ရေစွမ်းအင်သုံး စက်ရုံ၊ ၅.) Wind turbine လေစွမ်းအင်သုံး စက်ရုံ၊ ၆.) Waste-to-Energy စွန့်ပစ်ပစ္စည်းတွေ နဲ့ လည်ပတ်တဲ့ စက်ရုံ တွေဆိုပြီး အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။ အဲဒီထဲကမှ ရွေးထုတ်ပြီး ပြောချင်တာက ကျနော်တို့ ဒေါ်လာသန်း ၃၅၀ လောက်ဖြုန်းနိုင်ရင် ၁-၂ နှစ်အတွင်း မီဂါဝပ် ၅၀၀လောက်ထုတ်နိုင်တဲ့ Combined Cycle Power Plant (CCPP) တလုံးကောင်းကောင်းရနိုင်ပါတယ်။ Combined cycle power plant (CCPP) ဆိုတာက ၁.) Gas Turbine Generator (GT) ၂.) Steam Turbine Generator (ST) ၃.) Heat recovery steam generation (HRSG-Boiler) စတာတွေကို အချိုးညီညီပေါင်းစပ်ပြီး စွမ်းအင်အလေအလွင့်မရှိရအောင် စက်ရုံကို Efficiency အမြင့်ဆုံးရနိုင်သလောက် ရအောင် လည်ပတ်သုံးစွဲရတာဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မူအနည်းဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Technology တခုလည်းဖြစ်ပါတယ်။Natural Gas ဒါပေမဲ့ အရေးကြီးတာက အဲဒီ CCPP ကို Supply အဓိကလုပ်ပေးတဲ့ Natural gas လုံလုံလောက်လောက်ရှိရဲ့လားဆိုတဲမေးခွန်းပါပဲ။ ။ Natural gas ကလည်း မြေကြီးတွင်းထဲက ထွက်လာတာနဲ့ တိုက်ရိုက်ပိုက်နဲ့ဆက်ပြီးသုံးစွဲလို့မရပါဘူး။ Treatment လိုပါသးတယ်။ Gas composation ကို အချိုးကျရောစပ်စေပြီးမှ စက်ရုံကိုပို့ပေးလို့ရတာပါ။ အဲဒီတော့ Natural Gas processing plant လိုပြန်ပါပြီ။ အဲဒီအတွက်ကတော့ အခုအခါ တခြားနိုင်ငံတွေကို Gas ရောင်းစားနေတော့သိပ်ပူစရာမရှိလောက်ဘူး ထင်ပါတယ်။ အကြောင်းတခုခုကြော့် Gas မရှိရင်၊ Gas supply ပြတ်တောက်သွားခဲ့ရင် စက်ရုံ လည်ပတ်လို့ရအောင် Secondary Fuel Supply (e.g. Diesel) ကိုလည်းထားပေးရပါမယ်။Training and Support အဲဒီ CCPP စတင်ပြီးလည်ပတ်ဖို့ ပညာရှင်တွေလိုပါတယ်။မြန်မာတွေ မညံပါဘူး။ ဟုတ်ပါတယ် ကျနော်တို့ မညံ့ကြပါဘူး။ ဒါပေမဲ့ Proper Training တော့လိုအပ်ပါတယ်။ အဓိကကျတဲ့ Operation, Instrument and control, Mechanical and Electrical maintenance စတာတွေမှာ ကျွမ်းကျင်သူတွေ တကယ်လိုအပ်ပါတယ်။ Overhaul maintenance ရှိခဲ့ရင်လည်း ကိုယ့် In-house maintenance team နဲ့တင်မလုံလောက်ပဲ တခြားအပြင်က Contractors တွေကိုပါ ခေါ်ပြီး အချိန်မှီပြီးစီးအောင်လုပ်ရပါတယ်။ အဲဒီလို ပံ့ပိုးနိုင်တဲ့ Outsources O&M company တွေ, Manpower supplierတွေ ကျနော်တို့မှာမရှိသေးပါဘူး။ Asset Management Spear parts တွေ၊ စက်အပိုပစ္စည်းတွေကိုလည်း အဆင်သင့် ပြင်ဆင်၊ ဖြုတ်လဲ၊ တပ်ဆင်နိုင်အောင် အမြဲထားရပါမယ်။ ပြဿနာဖြစ်မှ ပစ္စည်းထွက်ဝယ်ဖို့၊ order မှာဖို့၊ quotation တောင်းဖို့ဆိုတာ မဖြစ်သင့်ပါဘူး။ အဲဒီအတွက် Logistic ကောင်းကောင်း၊ Asset management ကောင်းကောင်းရှိဖို့၊ ရှိနေဖို့ လိုအပ်ပါတယ်။ ဥပမာ။ ။ စက်ရုံရဲ့ critical ဖြစ်တဲ့ motor တလုံး ပြဿနာတက်ပါပြီဆိုပါတော့။ motor ကကွိုင်ပြန်ရမဲ့ အခြေအနေဆို စက်ရုံကို အချိန်ကြာကြာ ပိတ်ပြီး ကွိုင်ပြန်ပတ်မလား၊ အသစ်တလုံးနဲ့ချက်ချင်းအစားထိုးပြီး နာရီပိုင်းအတွင်း စက်ရုံကိုလည်ပတ်မလားဆိုတဲ့ စိန်ခေါ်မူတွေရှိလာပါပြီ။ ။ Specialist Support နောက်ထပ်တခု အရေးကြီးတာတခုက ဒီစက်တွေရဲ့ Specialists တွေကို ကိုယ်ရဲ့ စက်ရုံမှာ အမြဲတမ်း standby 24/7 ထားပေးရပါတယ်။ ဥပမာ။ ။ Gas turbine က Samsung or GE or Mitsubishi or Alstom ဆိုပါစို့။ အဲဒီစက်တွေရဲ့ Specialistတွေကို ဆိုလိုတာပါ။ အဲဒါမှ Gas Turbine, Steam Turbine, Heat recovery steam generation (HRSG- Boiler), transformers, High voltage breakers, Sub-station စတာတွေ တခုခု ပြဿနာဖြစ်တာနဲ့ သူတို့က ထဲထဲဝင်ဝင် ချက်ချင်းဖြေရှင်းနိုင်မှာပါ။ တချို့သော အရေးကြီးတဲ့ Operation Control Logic တွေကို စက်တွေရဲ့ Supplier က သူတို့ စက်တွေရဲ့ လှို့ဝှက်ချက်အနေနဲ့ ထားတတ်တော့ သူတို့ Support ပေးတဲ့ Specialists team ကထားဖို့ လိုကိုလိုပါတယ်။ Water Treatment Plant Heat recovery steam generation (HRSG- Boiler) လည်ပတ်ဖို့အတွက် Treatment လုပ်ထားတဲ့ ရေလိုအပ်ပါတယ်။ Water treatment Plant (Demineralization Water) လိုကို လိုအပ်လာပါပြီ။ အများသုံးအတွက် ပုံမှန် ဖြန့်ဝေနေတဲ့ ရေကို Process water အဖြစ်နဲ့ တိုက်ရိုက် သုံးလို့မရပါဘူး။ PH ကို ၉ လောက်အထိမြှင့်ထား၊ conductivity ကိုလည်း ၀.၀၅ ucm လောက်အထိ အနိုမ့်ဆုံး လျှော့ချပေးဖို့လိုပါတယ်။ အဲဒါမှ Heat recovery steam generation (HRSG- Boiler) က Water Steam cycle Piping, Water-Steam drums, Steam Turbine Blades တွေရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်မှာဖြစ်ပါတယ်။ Treatment Water/ Process water Quality ကို အမြဲတမ်း စစ်နေနိုင်ဖို့အတွက် Laboratory နဲ့ ကျွမ်းကျင်တဲ့ Station Chemists တွေ၊ Lab Tech တွေ လိုကို လိုလာပါပြီ။ Treatment လုပ်ဖို့အတွက် လိုအပ်တဲ့ Chemicals တွေကို အချိန်မှီပံ့ပိုးနိုင်မဲ့ Supplier တွေ မရှိမဖြစ်လိုလာပါပြီ။ Electricity Supply နောက်ဆုံးတချက်အနေနဲ့ စက်ရုံကထွက်လာတဲ့ လျှပ်စစ်ဓါတ်အားကို National grid ထဲကို ပို့ရန်အတွက် delivery System လည်းလိုလာပါပြီ။ စက်ရုံကထွက်လာတဲ့ Voltage မြှင့်ထားတဲ့ လျှပ်စစ်ဓါတ်အားကို (e.g 230kV) သယ်ဆောင်ပေးနိုင်တဲ့ delivery system ကိုလည်း အဆင့်ထပ်မြှင့်ရန်လိုလာပါပြီ။ ။ လိုအပ်တဲ့ Sub-station တွေ၊ Voltage Transformers တွေကိုလည်း နိုင်ငံအနှံအပြားမှာ တပ်ဆင်ဖို့လိုအပ်လာပါပြီ။ ။ ကျနော်တို့မှာ မရှိသေးပါ။တကယ်တမ်းကျတော့........................... ကျနော်တို့မှာ ဘာမှမရှိပါ။ ကျနော်တို့မှာ ဘာမှမပြင်ဆင်ရသေးပါ။ ကျနော်တို့မှာ ဘာမှအဆင်သင့် မဖြစ်သေးပါ။ မြင်နိုင်ကြပါစေ။ ။ နိဂုံး ကျနော်ရဲ့ တချက်ခုတ် နှစ်ချက်ပြတ် အကြံတခုအနေနဲ့ recommend လုပ်ချင်တာကတော့Waste-to-energy ဖြစ်တဲ့ Incineration plant ဆောက်ဖို့ပါပဲ။ ။ Incineration plant ဆိုတာက အမှိုက်တွေ၊ စွန့်ပြစ်ပစ္စည်းတွေကို အရမ်းမြင့်တဲ့ Temperature တခုမှာလောင်ကျွမ်းစေခြင်းပဲဖြစ်ပါတယ်။ အဲဒီလို High Temperatureနဲ့ လောင်ကျွမ်းတဲ့အခါ energy ထွက်လာပါတယ်။ အဲဒီ energy ကို သုံးပြီး Boiler မှတဆင့် Electric power ကို ထုတ်ယူသုံးစွဲစေခြင်းဖြစ်ပါတယ် အကယ်၍သာ Incineration plant ဆောက်ဖြစ်ခဲ့ရင် ရန်ကုန်မှာ ဖြစ်နေတဲ့ အမှိုက်စွန့်ပြစ်ရေးပြဿနာကိုလည်း တစိတ်တပိုင်း ပြေလည်သွားမှာဖြစ်သလို မြို့အတွက် လိုအပ်တဲ့ လျှပ်စစ်ပြဿနာကိုလည်း တစိတ်တပိုင်းပဲဖြစ်ဖြစ် ဖြေရှင်းပေးသွားနိုင်မယ်လို့ ယူဆပါတယ်ခင်ဗျာ။ ။ မစ္စတာမောင်ကိုသက် မေလ ၂၇ ရက် ၂၀၁၂ တနင်္ဂနွေနေ့
သတင်းအကျဉ်းချုပ် ...
တိုင်းဒေသကြီး အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ရွှေနံ့သာ ကျေးရွာမှာ အငြင်းပွာနေတဲ့ လယ်မြေတွေကို ဇေကမ္ဘာ ခင်ရွှေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သီးစားလုပ်ကိုင်ခွင့် ပြုလိုက်ကြောင်းခင်ရွှေက စက်မှုဇုန် လုပ်မည် ပြောထားပြီး မြင့်ဇော်က သီးစားလုပ်ခွင့် လျှောက်အမျိုးမျိုးလှည့်ပတ်လိမ်ညာသည့် အပေါ် နိုင်ငံရေးအင်အား စုများ စုပေါင်း၍ နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး ခင်ရွှေနဲ့ သက်ဆိုင်ရာအစိုးရတွေကို တရားစွဲ လက်မှတ်ရေးထိုး လှုပ်ရှားဖို့ ဆောင်ရွက်သွားပါမည်။ ဇေကမ္ဘာခင်ရွှေကို ရွှေနံ့သာ အငြင်းပွားနေတဲ့ လယ်မြေတွေကို သီးစားလုပ်ကိုင်ခွင့် ပြုလိုက်ခြင်းဟာ ဥပဒေနဲ့လည်း မညီညွတ်ပါဘူး ... ဆူပူအောင် သက်သက်ဖန်တီးနေသလို ဖြစ်ပါတယ် လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာလယ်သမားအရေးကို ရှေးရှု ပြောဆိုလိုပါတယ်။ အစမှာ ကျေးရွာအုပ်ချုပ်ရေးနဲ့ ဇေကမ္ဘာကုမ္ပဏီပူးပေါင်းပြီး လယ်သမားတွေကို ခေါင်းစဉ်မရှိတဲ့ စာရွက်ပေါ် မှာလက်မှတ် ထိုးခိုင်းတယ်။ လယ်သမားတွေ က အကြိမ်ကြိမ်ငြင်းဆိုခဲ့တယ်။ အ...ဲဒီနောက် ဦးခင်ရွှေက နိုင်ငံတော် သိမ်းတာ ငါသိမ်းတာ မဟုတ်ဘူး။ မင်းတို့ကို နိုင်ငံတော်က သိမ်းရင် တပြားမှ ရမှာမဟုတ်ဘူး။ မင်းတို့ကို ကိုယ့်လူမျိုး ချင်း စာနာသောအားဖြင့် ကရုဏာကြေးပေးမှာလို့ ပြောပြီး စည်းရုံးသိမ်းသွင်း တယ်။ အဲဒီနောက် ၅၀၀၀၀ ကနေ လယ်သမားတွေ လက်မခံ လက်ခံအောင် ၃၀၀၀၀၀ အထိ တိုးပေးပြီး လယ်သမားတွေက လယ်မလုပ်ချင်တော့လို့ လယ်အပ်တဲ့ သဘောမျိုးဖြစ်အောင် အုပ်ချုပ်ရေးနဲ့ ခင်ရွှေ ပူးပေါင်းကြံစည်ခဲ့ခြင်းက အစိုးရကို ခုတုံးလုပ်တဲ့ ပထမဆုံး ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်း သိသာစေပါတယ်။ အဲဒီနောက် လယ်သမားတွေကို လယ်ပြန်စိုက်ခွင့်ပြုတယ်။ သီးစားပြေစာအတွက်တော့ ဘယ်သူ့လက် အပ်လိုက် တယ် ဆိုတာ လယ်သမားတွေက နားစွန်နားဖျား ဇေကမ္ဘာကို ပေးလိုက်တယ် ဆိုတာလောက်ပဲ သိပါတယ်။ လယ်သမားတွေ စပါးသိမ်းနေချိန်မှာပဲ ၂၀၁၁ ခုနှစ်ထဲမှာ လယ်ကန်သင်းတွေ ဖျက်တယ်။ နွေစပါး စိုက်လို့မရ အောင် ရေမြောင်းတွေ ပိတ် ပစ်တယ်။ လယ်တွေကို အပြောင်ရှင်းတယ်။ မြေတွေကိုလည်း ရောင်းချထားပြီး ဖြစ်ကြောင်း လယ်မြေတွေပေါ်မှာ ဘယ်က ဘယ်သူမှန်းမသိတဲ့ ကောင်တွေ နာမည်တွေ လာတပ်ထား ပါတယ်။ ဒီကြား ထဲမှာ လယ်သမားတွေဟာ လယ်လုပ်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားလာတာကြောင့် အငြင်းပွားမှုတွေ ဖြစ်လာပြီး ဇေကမ္ဘာရဲ့ ဖျက်စီးရေး လုပ်ငန်းတွေကို သက်ဆိုင်ရာက တားမြစ် တယ်။ နိုင်ငံတော်က စက်မှုဇုန် လုပ်ကိုင်ခွင့် ခွင့်ပြုထား သယောင် ငါးမဖမ်းရ ၊ ဖားမရိုက်ရ ဆိုတဲ့ စာတွေကပ်၊ ဇေကမ္ဘာ မန်နေဂျာ မြင့်ဇော်နေ တဲ့ ရုံးကို လယ်ထဲမှာ လာဆောက်၊ လယ်သမားတွေကို ခြိမ်းခြောက်မှုတွေနဲ့ အတူ တုတ်တပြတ် ဓားတပြတ် လုံခြုံရေး ၀န်ထမ်း အင်အားကလည်း ကြောက်ခမန်းလိလိပါပဲ။ လယ်သမားတွေက လယ်ပြန်လုပ်ဖို့ နွားချေးမြေသြဇာတွေချနေတဲ့အချိန် ခင်ရွှေရဲ့ ကုမ္ပဏီက လယ်ကန်သင်း တွေ ကိုဖျက်လို့ ကောင်းဆဲ။ ဒီ ၂၀၁၂ ခုနှစ်ထဲမှာပါပဲ။ လယ်သမားတွေကလည်း တရုံးရုံးဖြစ်လာပြီ။ မြင့်ဇော်ကလည်း သက်ဆိုင်ရာက တားမြစ်နေတဲ့ကြားက တုတ်တပြတ် ဓားတပြတ် မိုက်ကြေးခွဲတဲ့ ပုံစံမျိုးအထိ ဖြစ်လာတာတွေဟာ မင်းမဲ့တိုင်းပြည် ဥပဒေမဲ့ တိုင်းပြည်လိုပါပဲ။ တားမြစ်စာတွေပို့ပြီး ဇေကမ္ဘာကုမ္ပဏီကို လယ်ကန်သင်းတွေမဖြတ်ဖို့၊ လယ်သမားတွေကိုလည်း လယ်မလုပ်သေး ဖို့ အငြင်းပွားနေဆဲ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ကစာတွေ ပို့တယ်။ အဲဒီအထဲမှာ လယ်သမားတွေက သူတို့တစ်ခုခုလုပ်တိုင်း သက်ဆိုင်ရာကို အသိပေးအကြောင်းကြား ပါသည်လို့ ရေးတာကိုတောင် နောက်နောင် အသိပေးအကြောင်းကြားပါသည်ဟု မရေးသားရန်လို့ မြို့နယ် အုပ်ချုပ် မှူးက ဆိုလာတယ်ဗျ။ ဘယ်လို ပြောရမှာလဲ တင်ပြအသနားခံပါသည် ဆိုတဲ့ စာသားတွေ သူတို့ရဲ့ အမှိုက်တောင်းထဲမှာ တပုံတခေါင်းပါ။ လူပါးဝချင် စိတ်က မကုန်သေးဘူး။ အဲဒါ အုပ်ချုပ်ရေး ပိုင်းကို ပြောတာ။ လယ်သမားတွေဟာ မထူးဇာတ်တော့ မဟုတ်ဘူး။ ဘယ်လို အခင်းအကျင်းဖြစ်လာမလဲ ဆိုတာသိချင်လို့ လယ်ထွန်တော့မယ်လို့ သတင်းလွှင့်လိုက်တယ်။ နောက်နေ့ တကယ်လယ်ထွန်ဖို့ လယ်ထွန်စက်ကြီးတွေ ပြင်ဆင်ကြတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနဲ့ ကျေးရွာ အုပ်ချုပ်ရေါ်မှူး ဦးထွန်းထွန်းဦးတို့ ကိုယ်တိုင်ရောက်လာပြီး တားကြတယ်။ လယ်သမားတွေက ဥပဒေကို မလေးစားလို့၊ အုပ်ချုပ်ရေးကို မလေးစားလို့ လုပ်တာ မဟုတ်ပါဘူး။ ဥပဒေနဲ့ အုပ်ချုပ်ရေးကို ဘယ်သူတွေ ပေါ်ပေါ်လွင်လွင် ချိုးဖောက်နေလဲ ဆိုတာ သိချင်လို့ လယ်ထွန်စက်ကြီးနဲ့ ဟန်ရေးပြလိုက်တာပါ။ လယ်သမားတွေကို လာတားတော့ ဇေကမ္ဘာကို လည်း သွားတားကြည့်ပါအုံးလို့ ပြောလိုက် တယ်။ အုပ်ချုပ်ရေးမှူးကြီးတွေ သွားတားတယ်။ မြင့်ဇော်က မကောင်းတတ်လို့ အားနာသမှုနဲ့ ခဏရပ်ပေးလိုက် တယ်။ အဲဒီညနေမှာပဲ ဖျက်စီးရေးကို ဆက်လုပ်တယ်။ နောက်နေ့လည်း ဆက်လုပ်တယ်။ မီဒီယာတွေရဲ့ အမေးကို တစ်ပတ်အတွင်း အဖြေသိပါလိမ့်မယ်။ ဖြေစရာစကားမရှိဘူးလို့ မာမာတင်းတင်းပဲ ပြောတယ်။ လယ်သမားတွေက သီးစားလုပ်ကိုင်ခွင့်ကို လျှောက်ထားပြီးဖြစ်နေပြီ။ ဇေကမ္ဘာကုမ္ပဏီက နောက်မှသွားပြီး သီးစား လုပ်ကိုင်ခွင့် လျှောက်တယ်။ ပြဌာန်းထားတဲ့ ဥပဒေတွေအရ လယ်သမားတွေဟာ လက်ငုတ်လုပ်ကိုင်သူတွေဖြစ်လို့ ဒီကိစ္စမှာတော့ ဥပဒေအရဆိုရင် လယ်သမားတွေ အောင်ပွဲခံလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ အငြင်းပွားနေတဲ့ ကိစ္စအတွက် သက်ဆိုင်ရာက ဘယ်သူ့ဘယ်သူမှ ခေါ်ယူညှိနှိုင်းခြင်းမရှိဘဲ လယ်ယာမြေတွေ ကို ဟောဒီနေ့ (၂၆.၅.၂၀၁၂) ရက်နေ့မှာပဲ ဇေကမ္ဘာကို ဆက်လက်လုပ်ကိုင်ခွင့်ပြုလိုက်ြေ ကာင်းလို့ ဆုံးဖြတ်ချက် ချလိုက် ပါလေရောဗျာ။ လွှတ်တော် ကိုယ်စားလှယ်၊ ဇေကမ္ဘာဥက္ကဌ ခင်ရွှေကြီးက The Voice ဂျာနယ်မှာ လယ်လုပ်မှာ မဟုတ်ဘူး။ စက်မှုဇုန်လုပ်မှာလို့ ပြောထားပါလျှက် ဇေကမ္ဘာကို လယ်လုပ်ကိုင်ခွင့် ပြုတဲ့ ရန်ကုန်တိုင်းအစိုးရကို သောက်သုံးမကျတဲ့ အစိုးရ ဥပဒေမဲ့လုပ်တဲ့ အစိုးရလို့ မှတ်ချက်ပြုပါတယ်။ ဥပဒေကို လက်တစ်လုံးကြားလိမ်တာသည် အစိုးရအဖွဲ့ဖြစ်ပြီး လယ်သမားတွေဘက်က ဥပဒေအရ အကာအကွယ် ယူလို့ မရတော့တဲ့အခါမှာ လယ်သမာတွေက အရိုးကျေကျေ အရေခန်းခန်း တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဆက်လက်ပြီးတော့လည်း ဥပဒေကြောင်းအရ ခင်ရွှေကို ဖိုးတွမ်တီးနဲ့ စွဲချက်တင်ပါမယ်။ ငွေကုန်ကြေးကျ မတတ်နိုင် လို့ နောက်ဆုံးလုပ်စရာက ဆန္ဒပြဖို့ပဲ ဖြစ်ပါတယ်။ ဥပဒေမဲ့နိုင်ငံတော်မှာ ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ပြည်သူအသံကို စောင့်မျှော်နေတဲ့ လူလိမ်အသိုင်းအ၀ိုင်းထဲက လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ပြည်သူ့ဆန္ဒ ပြည်သူ့အမှန်တွေကို ကြားသိအောင် အသေခံတိုက်ပွဲဝင်သွားဖို့ပဲ ဖြစ်ပါတယ်။ နောက်ဆုံအနေနဲ့တော့ လူပါးဝ သူက ခင်ရွှေ ဆိုတဲ့ လွှတ်တော် အမတ်ကြီးပါ။ ဥပဒေမဲ့ ဘက်လိုက်ဆုံးဖြတ် တာက ရန်ကုန်တိုင်းအစိုးရအဖွဲ့ပါ။ ခံနေရတာတော့ လယ်သမားတွေပါ။ အဲဒီအရေးအတွက် ပြည်သူ့အကျိုးလိုလား သူ ပူးပေါင်းကူညီချင်သူ နိုင်ငံရေး အင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများက ၀ိုင်းဝန်းကူညီကြပါရန် မတရား မှုတွေကို ပြည်သူများ ခံနေရစဲ ဖြစ်ကြောင်း တင်ပြရင်း နိဂုန်းချုပ်ပါတယ်။ ငြိမ်းချမ်းစွာနေတဲ့ ပြည်သူကို ဆူပူအောင် ဖန်တီးနေတာ အစိုးရနှင့် ခရိုနီ အုပ်စုဖြစ်ကြောင်း နိုင်ငံတော် ရှေ့ဆက်သွားခြင်း မသွားခြင်းတွင် အလျဉ်း မသက် ဆိုင်ဘဲ မတရားမှုသည် မတရားမှုသာ ဖြစ်လို့ လူလိမ်လူညာများကို ပြည်သူအင်အားနဲ့ ၀ိုင်းဝန်း တိုက်ဖျက် ကြပါစို့။ နောင်တော်လေး
သတင်းအကျဉ်းချုပ် ...
၂၀၁၂ မေလ ၂၆ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်၊တောင်လုံးပြန်ရပ်ကွက်တွင်မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှရံပုံငွေဈေးရောင်းပွဲနှင့်ဖျော်ဖြေရေးအစီအစဉ်များဖြင့်စီစဉ်တင်ဆက်ခဲ့ကြပါတယ်။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊Generation Waveနှင့် ၈၈မျိုးဆက်ကျောင်းသားများပူးပေါင်း ပါဝင် တင်ဆက်ကြပြီး ပုဇွန်တောင်မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းလည်း တက်ရောက် အားပေးတာတွေ့ရပါတယ်။ ဂီတမှူး ကိုဝင်းမော်ဦးစီးတဲ့ရွှေသံစဉ်တေးဂီတအဖွဲ့နဲ့အတူတေးသံရှင်သျှီ၊အနဂ္ဂ၊သံသာဝင်း၊ခိုင်မြဲသာ၊ကာကာ တို့ကလည်းတေးသီချင်းများနဲ့ဖျော်ဖြေခဲ့ကြပါတယ်။ ပြဇာတ်တိုများ၊သံချပ်များ၊ဟာသတေးသရုပ်ဖေါ်များနဲ့လည်းတင်ဆက်ခဲ့ကြပါတယ်။၈၈မျိုဆက်ကျောင်းသားတွေဖျော်ဖြေမှုအစမှာ ကိုမင်းကိုနိုင်ကဦးဆောင်ပြီး ၈၈တုန်းကဒီမိုကရေစီရေးအတွက်အသက်စွန့်သွားကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေအတွက်ရည်စူးတဲ့ပန်းစည်းနဲ့လက်ရှိမြန်မာနိုင်ငံ အကျဉ်းထောင် တွေထဲ မှာ ကျန်ရှိနေသေးတဲ့ သံတိုင်များနောက်က နိုင်ငံရေးအကျဉ်းသားတွေအတွက် ရည်စူးတဲ့ ပန်းစည်းတွေကို စင်ပေါ်မှာချပြီးမှသူတို့ရဲ့ဖျော်ဖြေရေးအစီအစဉ်တွေကိုစတင်ခဲ့ပါတယ်။ လက်ရှိပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ မီးပျက်တဲ့ဒုက္ခကိုတင်ပြတဲ့အနေနဲ့ ကိုမင်းကိုနိုင်ကိုယ်တိုင် စန္ဒယားတီးပြီး သီချင်းတစ်ပုဒ်ဖျော်ဖြေခဲ့ပါတယ်။ ပရိသတ်များကပါ ဖရောင်းတိုင်များထွန်းညှိကိုင်ဆောင် ပြီးပူးပေါင်းပါဝင်ကြတာတွေ့ရပါတယ်။ Shwe than zin
သတင်းအကျဉ်းချုပ် ...
အဆိုတော်မျိုးကျော့မြိုင်က အရွယ်မရောက်သေးတဲ့ ကလေးတဦးကို ငွေကြေးခိုးယူမှုနဲ့စွပ်စွဲပြီး ထိုးကြိတ်ခဲ့တဲ့သတင်းနဲ့ အဲဒီလို နှိပ်စက်ခံထားရတဲ့ ကလေးရဲ့ဓါတ်ပုံတွေကို အင်တာနက် အီးမေးတွေ ကနေတဆင့် လက်ခံရရှိခဲ့ပါတယ်။ နှိပ်စက်ခံရတဲ့ ကလေးအမည်က မောင်ဟိန်းမင်းသူ ဖြစ်ပါတယ်။ ဆေးရုံမှာ ကုသမှုခံခဲ့ရပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ By: RFA Burmese
သတင်းအကျဉ်းချုပ် ...
၈၈ မျိုးဆက်ကျောင်းသား ကျောင်းသားဟောင်းခေါင်းဆောင် ဦးကိုကိုကြီးအားပြည်တွင်းပြည်ပ မီဒီယာများက ယခုတလောဖြစ် ပွားနေသော လျှပ်စစ်မီးကိစ္စ/ဆန္ဒ ဖော်ထုတ်မူကိစ္စများအပေါ်သဘော ထားမှတ်ချက်ပေးပါရန် မေးမြန်း ချက်များကို ယခုလိုဖြေကြားသွား ခဲ့သည်။ အခုဒီမီးပျက်တဲ့ကိစ္စတွေက တော့ အထူးသဖြင့်တော့ မြို့ကြီး တွေမှာ ဒီဒုက္ခတွေခံစားနေကြရ တာတော်တော်ကြာပါပြီ။ အခု တိုင်းပြည်ကနည်းနည်းပွင့်လင်းလာ တော့ လူထုကလည်းသူတို့လိုအပ် ချက်တွေကို တင်ပြတောင်းဆိုတာ တွေ ဆန္ဒဖော်ထုတ်တာတွေလုပ် လာတာဟာ ပွင့်လင်းတဲ့လူ့အဖွဲ့ အစည်းမှာကြိုဆိုရမယ့်ကိစ္စတွေပါ ၀န်ကြီးကလျှပ်စစ်နဲ့ ပတ်သက်လို့ လူထုရဲ့တင်ပြမူတွေ ဆန္ဒဖော်ထုတ် မူတွေအပေါ်မှာတုန့်ပြန်တဲ့ ကြေညာချက်လည်းပေးတယ် ဒါဟာလူထုရဲ့လိုအပ်ချက်ကိုအလေး ထားလာတယ်။ဂရုတစိုက်နဲ့ပြန်ပြီး တုန့်ပြန်လာတယ်ဆိုတော့ကြိုဆို ရမယ့်တစ်ချက်ပါပဲ။ အစိုးရက ယခင်ကလို ဖမ်းလားဆီးလားကိစ္စ မျိုးတွေဖြစ်လာဦးမှာလားဆိုပြီး မေးမြန်းချက်ကိုတော့ ကိုကိုကြီးက ဒါအခြေအနေချင်းနည်းနည်းကွာ သွားတယ်။ အဲဒီကာလကစစ်အုပ် ချုပ်ရေးကာလ အခုကဖွဲ့စည်းပုံ အခြေခံဥပဒေအရလွှတ်တော်တွေ ပေါ်လာတယ်။ လွှတ်တော်က နေရွေးကောက်တင်မြှောက်တဲ့ အစိုးရအဖွဲ့ပေါ်လာတယ်ဆိုတော့ ဒီလိုပြဿနာတွေကို ကိုင်တွယ်တဲ့ ပုံစံတွေပြောင်းလဲသွားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်ဟု ပြောသည်။ တစ်ဘက်ကလည်း လူထုကိုသည်းခံဖို့မေတ္တာရပ်ခံတဲ့ ကြေညာချက် ထွက်လာတော့သည်း ခံဖို့ဆိုတာကတော့ ကျွန်တော်တို့ ကသည်းခံလာကတစ်လျှောက်လုံး ပါပဲ။ အခုကိစ္စယနေ့ချင်းညချင်း ကြီးတော့ မဖြေရှင်းနိုင်ဘူးဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမဲ့ သာမန်လူထုရဲ့ အမြင်မှာ တော့ ကျွန်တော်တို့နိုင်ငံမှာ သဘောဝဓာတ်ငွေ့တွေအပြင် ထုတ်ရောင်းနေတယ်။ ရေအား လျှပ်စစ်တွေအရင်အမြစ်တွေအများ ကြီးရှိနေတယ်ပြည်ပကိုထုတ်ရောင်း နေတဲ့အခြေအနေမှာ ပြည်တွင်း မှာ မှောင်ထဲငုတ်တုတ်ထိုင်နေရ မယ်ဆိုတာကတော့ မကျေနပ်တာ အမှန်ပါဘဲ။ အဲဒီတော့နိုင်ငံတော် အနေနှင့် Good Govermance ပေါ့ ကောင်းမွန်တဲ့အုပ်ချုပ် ရေးစနစ် ဒါကိုသမ္မတကလည်း အကြိမ်ကြိမ် ပြောထားတော့ အဓိက နိုင်ငံသားတွေရဲ့ လိုအပ်ချက်ကို အထူးပြုပြီးတော့ ဆောင်ရွက်တဲ့ စီမံချက်တွေ၊ အဲဒါရှေ့ဆက်ပြီးတော့ ဒီလိုမျိုးလျှပ်စစ်မီးတင်မဟုတ်ဘဲ နေ့စဉ်ကြုံတွေရတဲ့ ပြဿနာတွေ ကို ဘယ်လိုဘယ်ပုံ ဖြေရှင်းမယ်ဆို တာကို ဒါလူထုနားလည်လက်ခံ လာအောင်ရှင်းပြတာမျိုးတွေပါ။ ကောင်းမွန်တဲ့ စီမံအုပ်ချုပ် ရေးကို ကျင့်သုံးတာတွေပါဆက်ပြီးတော့ လုပ်သင့်တယ်လို့ကျွန်တော်တော့ မြင်ပါတယ်ဟုဆိုသည်။ မီဒီယာတစ်ခုက အခုလို ကိစ္စတွေမှာ အာဏာပိုင်အပိုင်းက နိုင်ငံရေးအမြတ်ထုတ်လိုသူတချို့ ရှိလာမယ်လို့စိုးရိမ်စိတ်ယူဆတာ တွေဖြစ်လာနိုင်သလားဟုမေးခဲ့ရာ ဦးကိုကိုကြီးမှ ကျွန်တော့်အနေနှင့် ကတော့နိုင်ငံတော်အကြီးအကဲတွေ ရဲ့ မိန့်ခွန်းမှာထပ်ခါတလဲလဲပြော နေတဲ့အချက်က အမူအကျင့် အဟောင်းတွေအတွေးအခေါ် အဟောင်းတွေကို ပြင်ဆင်ဖို့ဆို တာက ကျွန်တော်လည်းသတိထား မိပါတယ်။ အဲဒီတော့ ဒီလိုမျိုးနိုင်ငံ သားတွေပြည်သူတွေရဲ့ လိုအပ် ချက်တွေကို ထုတ်ဖော်တဲ့နေရာ မှာ တစ်ဘက်က တာဝန်ရှိသူတွေ ကိုယ်၌ကလည်းရှုမြင်တဲ့ပုံစံတွေ ပြောင်းသင့်တယ်လို့ကျွန်တော်တော့ မြင်ပါတယ်သူကတစ်ခုခုဖြစ်တိုင်း ဖြစ်တိုင်းမှာနောက်ကွက်ကနေပြီး တော့ ဘယ်သူလှုံ့ဆော်သလဲ။ ဘယ်သူကနေစီမံဖန်တီးသလဲဆို တာကို သဘောကတော့ အပြစ် ရှာတဲ့ပုံစံ၊ တရားခံရှာတဲ့ ပုံစံနှင့် ချဉ်းကပ်တာထက် ဒီပြဿနာတွေ ဟာ တိုင်းပြည်မှာတကယ်ဖြစ်ပျက် နေတဲ့ပြဿနာဆိုတာတွေကိုအရှိ အတိုင်းလက်ခံဖို့လိုတယ် အဲဒါကို ဖြေရှင်းမယ်နည်းလမ်းတွေကို စနစ်တကျနဲ့ ထိထိရောက်ရောက် ကြိုးပမ်းသင့်တယ်၊ ပြင်ဆင်သင့် တယ်လို့မြင်တယ်။ အဲဒီလိုမဟုတ် ဘဲနဲ့ ဒါလူထုဟာတစ်ခါမှဆန္ဒထုတ် ဖော်ခွင့်မရခဲ့ဘူး။ အခုအစိုးရသစ် အပေါ်မှာ ယုံကြည်မျှော်လင့်ပြီး တော့ သူတို့ဒီလိုမျိုးဆန္ဒထုတ်ဖော် ပြသလိုက်ရင်တော့ထိထိရောက် ရောက်ကိုင်တွယ်ဖြေရှင်းပေးမှာဘဲ ဆိုတဲ့မျှော်လင့်ချက်ကိုချိုးနှိမ်ပစ်တဲ့ ချဉ်းကပ်မူမျိုးဖြေရှင်းမူမျိုးတော့ မလုပ်သင်ဘူးလို့လည်းကျွန်တော် မြင်ပါတယ်။ ဆန္ဒဖော်ထုတ်တဲ့သူတွေအပိုင်း ကလည်း သတိထားရမှာက ကျွန်တော်တို့က ကျွန်တော်တို့ တကယ်လိုအပ်တဲ့ တကယ်နစ်နာ တဲ့ဟာကို အထက်အဖွဲ့အစည်း အဆင့်ဆင့်ကနေအရေးတယူဆောင် ရွက်ပေးအောင် ဆန္ဒဖော်ထုတ်တာ ဘဲဖြစ်သင့်တယ်အဲဒီကနေပြီးတော့ မလိုလားအပ်တဲ့အကြမ်းဖက်မှုတွေ ဒါက ကိုယ်ကိုယ်တိုင် မလုပ်ယုံတင် မကဘူး။ အဲဒီလိုအခြေအနေရောက် အောင်တွန်းပို့နိုင်တဲ့ ဖန်တီးမှုမျိုး တွေဟာ ဘက်အသီးသီးက ဖြစ် လာနိုင်တယ် အဲဒါမျိုးတွေကို သတိကြီးစွာထားပြီးတော့ ရှောင် ရှားသင့်တယ်လို ကျွန်တော်တော့ မြင်ပါတယ်ဟုပြောပြသွားပါသည်။ http://www.hotnewsweekly.com/archives/5058#.T793_6UGqqt.facebook
သတင်းအကျဉ်းချုပ် ...