
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရတဲ့ကာလတွေကို စုစုပေါင်းရင် ဒီနေ့ဟာ ၁၄နှစ်ပြည့်ပြီဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားကြတဲ့ ထောက်ခံကြသူတွေဟာ၊ ကမ္ဘာ့အရပ်ရပ်မှာ အထိမ်းအမှတ်အခမ်းအနားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒိမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေအတွက် အနစ်နာခံစွန့်လွှတ်မှုတွေကို ဂုဏ်ပြုဖို့စီစဉ်နေကြပါတယ်။
မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေတဲ့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ပြန်လွှတ်ပေးအောင် ထပ်မံကြိုးစားကြဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ကုလသမဂ္ဂတို့ကို တိုက်တွန်းလိုက်ပါတယ်။
ဒီလို ကြိုးစားရာမှာ ရာဇ၀တ်မှု၊ လူမဆန်တဲ့ ပြစ်မှုတွေအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စုံစမ်းတာမျိုး တရားဥပဒေဆိုင်ရာ ဖိအားပေးတာမျိုးနဲ့ လက်တွေ့ထိရောက်အောင်လုပ်ကြဖို့ လိုတယ်လို့ဆိုပါတယ်။
အမေရိကန်အခြေခိုက်ပြည်ထောင်စု အခြေစိုက် US Campaign for Burma အဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံကာလ ၁၄နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စုတခုလုံးက ပြည်နယ်၃၃ခုမှာ အထိမ်းအမှတ်အခမ်းအနား ၁၃၀ခန့်ကို ဒီကနေ့ကစပြီး နိုဝင်ဘာလ ၁ရက်နေ့အထိ ကျင်းပဖို့စီစဉ်ထားပါတယ် ။( BBC)
Saturday, October 24, 2009
0 ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံ ကာလ၁၄နှစ်ပြည့်
0 ပျက်လိုက်တဲ့မီး
23-10-09 ( သောကြာနေ့)
ဒီနေ့မနက် ၆ နာရီခွဲလောက်ကတည်းက ရန်ကုန်မြို့နေရာအတော်များများမှာ မီးပြတ်နေပါတယ်။ အရင်ကဆိုရင် မီးပျက်တဲ့အခြေအနေက နိုဝင်ဘာလောက်မှစပြီး တဖြည်းဖြည်းနဲ့ ပျက်လာတဲ့အနေအထားမျိုးပါ။
လွန်ခဲ့တဲ့ ၄၊၅ ရက်လောက်ကတည်းက စပြီး မီးကနဲနဲပျက်ချင်လာနေပါတယ်။
အခုမနက်ပျက်ပုံကတော့ ရန်ကုန်တမြို့လုံးနီးနီးပဲ ဖြစ်မယ်လို့ ထင်တယ်။ အခုစာရေးနေတဲ့အချိန်ထိတော့ မလာသေးပါဘူး။ မီးပွိုင့်တွေအားလုံးနီးပါးလည်း ပျက်နေပါတယ်။ တစ်ချို့ ပွိုင့်တွေမှာတော့ ယာဉ်ထိန်းရဲကိုယ်တိုင်လမ်းကြောင်းရှင်းပေးနေပြီး ပွိုင့်အများစုမှာတော့ ယာဉ်ထိန်းရဲကို မတွေ့ရဘဲယာဉ်မောင်းသူများအချင်းချင်း နားလည်မှုနဲ့ မီးပွိုင့်ကိုဖြတ်နေရပါတယ်။
တစ်လောက လုပ်ခဲ့ကြတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေနဲ့ အားသွင်းဘက်ထရီအိုးတွေ သုံးပြီး မီးပျက်ရင် အခက်အခဲမရှိအချက်ပြမီးကို သုံးနိုင်အောင်လုပ်ခဲ့တာတွေလည်း ဘယ်ရောက်ကုန်မှန်းတောင် မသိရတော့ဘူး ...အင်းလေ....မြန်မာပြည်ပဲ...။နားလည်ပေးရမှာပေါ့....
အစိုးရရုံးများမှာလည်း မှောင်မှောင်မဲမဲနဲ့ ပဲ အလုပ်လုပ်နေကြရတယ်။မြန်မာပြည်ရဲ့ အထင်ကရဘဏ်ကြီးဖြစ်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ကြီးမှာဆိုရင်လဲ မှောင်မှောင်မဲမဲနဲ့ လူတွေကြိတ်ကြိတ်တိုးနေပြီး ချွေးတလုံးလုံးနဲ့ ဖြစ်နေကြပါတယ်။ ဘဏ်မှာမီးစက်တော့ရှိပါရဲ့...ကွန်ပြူတာအချို့နဲ့ မီးအချို့ပဲသုံးနိုင်ကြပါတယ်။
မြို့ထဲလမ်းတွေထဲမှာတော့ မီးစက်သံတွေ တညံညံနဲ့ပေါ့ခင်ဗျာ.....
ရှက်တတ်ကြရင်ရှက်စရာတွေကြီးပါပဲ။
ခက်နေတာက ...ဒါတွေကို ဒီလို လိုအပ်ချက်တွေကို လုံးဝလုံးဝဂရုစိုက်စရာမလိုဘူး၊ အရေးတယူဆောင်ရွက်စရာကိစ္စမဟုတ်ဘူးလို့ထင်နေကြတော့ ဘယ်လိုလုပ်ပြီးကောင်းတော့မှာလဲ။
ကျွန်မတို့လှိုင်မြို့နယ်မှာ အင်းစိန်လမ်းမကြီးပေါ် တောက်လျှောက်ရပ်ကွက်တွေကပေါ့နော် ..
အောက်တိုဘာလ ပထမပတ်လောက်ကစပြီး ညစဉ်ပုံမှန်မီးစပျက်နေတာဖြစ်ပါတယ်။မီးပျက်ရင် လိုင်းဖုန်းတွေပါပျက်တယ်။
မီးပျက်တိုင်း ဖုန်းပျက်တယ်။ဖုန်းကလဲ မီးနဲ့ဆက်ထားတာမို့တဲ့ ။အခုဆို မနက်စောစောတွေ ၊နေ့ခင်းတွေ အကုန်နီးပါးစပျက်နေတယ်။မီးအားကလဲလုံးဝမကောင်း ။မီးပျက်တာများ ထူးဆန်းလို့လားလို့မေးရင် ကျွန်မတို့လို မြန်မာပြည်မှာနေနေတဲ့ သူတွေအတွက် ပုံမှန် နှစ်စဉ်ကြုံတွေနေရတဲ့ ကိစ္စမို့ မီးပျက်တိုင်း အကျင့်ပါနေတော့ ညီးတွားမိ ၊ကျိန်ဆဲမိတာတွေကလွဲရင် ကျွန်မတို့တတွေကဘာမှမတတ်နိုင်တဲ့ကိစ္စ ဆိုတော့လဲ စိတ်ထဲမှာ ဘယ်လိုမှမနေတော့ပါဘူး။
တစ်နှစ်မှာ လျှပ်စစ်မီး ရချိန် ၃လ - ၄လ လောက်ပဲမို့ကြိုတင်ပြင်ဆင်စရာတွေဖြစ်တဲ့ စက်တင်ဘာလောက်ဆိုရင်မီးစက်တွေကိုပြန်ပြုပြင် ဒီဇယ်ဝယ်စုထားနဲ့ကြိုတင်ပြင်ဆင်ထားခဲ့ရပါပြီ။
ဒါပေမဲ့ ...ဘယ်တိုင်းပြည် ဘယ်လိုနိုင်ငံမှာ မှ မရှိတဲ့ လျှပ်စစ်မီးကို ၂၄နာရီ မပေးနိုင်တဲ့ ၁နှစ်မှာ ၃လ (သို့ ) ၄လလောက်သာ မီးကို ၂၄နာရီ မပြည့်တပြည့်ပေးနိုင်တာ ကျွန်မတို့ မြန်မာပြည်ပဲရှိတာလေ။
မီးပွိုင့်တွေမှာ ယာဉ်ထိန်းရဲ ရှိချင်ရှိမယ်၊ ကားအသွားအလာကို လမ်းပြပေးချင်တဲ့ ယာဉ်ထိန်းကမှ ထွက်ပြတယ်။ မီးပွိုင့်တွေမှာ မီးပျက်တော့ ကားတွေအသွားအလာ အန္တ္တရယ်များတယ်၊
ယာဉ်တိုက်မှု့မှု့ခင်းတွေပိုများလာတယ်။
ကားတွေ ကိုယ်အချင်းချင်းကြည့်ရှု့ပြီးနားလည်မှု့နဲ့ မီးပွိုင့်တွေမှာဖြတ်သန်းကြတယ်။
ရုံးတွေမှာမီးတွေပျက်တယ်။အလုပ်အကိုင်တွေနှောင့်နှေးမယ်။ကွန်ပြုတာတွေသုံးစွဲရခက်မယ်။
ညဆို ရန်ကုန်မြို့တော်လမ်းမတွေမှောင်နေတယ်။ရုံးအသွားအပြန် ကျောင်းအသွားအပြန် ၊ စက်ရုံတွေကနောက်ကျမှအလုပ်ပြန်ကြရတဲ့ မိန်းခလေးတွေအတွက် မှောင်မဲနေခြင်းက အန္တရယ်များပါတယ်။
မီးမလာတော့ မီးစက်တွေနိုးကြရတယ်။အဲတော့ ကုန်ကျစရိတ်တွေပိုလာကြတယ်။ကုန်ထုတ်လုပ်မှု့တွေမှာလဲ ပိုပြီးစရိတ်စကများသွားတယ်။
နောက်ဆုံးတော့ သေချာသာတွေးကြည့်ရင် ..........တိုင်းပြည်နစ်နာတာပါပဲလို့ကျွန်မကတော့ထင်မြင်မိပါတယ်။
သူများနိုင်ငံတိုင်းပြည်က ဒီက Gas တွေနဲ့ အဆင်ပြေနေကြတယ်။မြန်မာပြည်က လျှပ်စစ်နဲ့ လုပ်ငန်းတွေလည်ပတ်နေကြတယ်။
ယိုးဒယားကစက်ရုံတစ်ခုမှာ မေးကြည့်ဖူးတယ် ။လျှပ်စစ်ဘယ်ကရလဲဆိုတော့ မင်းတို့ဆီက Gas ၂၄နာရီမီးရတာတဲ့ ရင်နာစရာကောင်းတာပါ။အဲဒီကနေ ကုန်ထုတ်လုပ်ပြီး အမေရိကန်ကိုပြန်ပို့တယ်တဲ့ ၊ ကုန်ထုတ်တဲ့ပစ္စည်းကလဲ မြန်မာရဲ့ အဖိုးတန်တွေနဲ့ပါပဲ။ လာအိုနိုင်ငံတောင်မီးပျက်တယ်ဆိုတာမရှိဘူးတဲ့ ။ပြောရမယ်ဆိုရင်တော်တော်စိတ်ပျက်စရာကောင်းပါတယ်။
သတင်း။ ။ linlet
0 အာဆီယံထိပ်သီးများနှင့် တွေ့ဆုံမည့်အစီအစဉ် မခင်ဥမ္မာ ပယ်ချခံရ
ဒေသတွင်းနိုင်ငံတွေအကြား သမိုင်းမှာ ပထမဆုံးအကြိမ် AIHRC လို့ခေါ်တဲ့ လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်တဲ့ (၁၅) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကြီးကို ထိုင်းနိုင်ငံ ဟွာဟင်း အပန်းဖြေ ကမ်းခြေမြို့မှာ ဒီနေ့ စတင်ကျင်းပပါတယ်။ ဒေသတွင်း နိုင်ငံတွေအကြား အစိုးရတွေရဲ့ အခန်းကဏ္ဍကို အဓိကထားတဲ့ အဖွဲ့အစည်းကနေ ပြည်သူတွေရဲ့ ပါဝင်ခွင့် ပြည်သူကို ပိုပြီးဦးစားပေးတဲ့ အဖွဲ့အစည်းတခု ဖြစ်လာဖို့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌဖြစ်တဲ့ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေက တိုက်တွန်းနေပါတယ်။ ထိုင်း ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ က ထိပ်သီးစည်းဝေးပွဲ အဖွင့်မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့ပါတယ်။ "အာဆီယံဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ တန်ဘိုးတွေကို သင်္ကေတပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်ရပါလိမ့်မယ်။ အာဆီယံ ပဋိညာဉ် စာတမ်းပါ အခြေခံမှုတွေကို အလေးထား လိုက်နာဖို့ ဦးတည်ကြိုးစားတဲ့တချိန်တည်းမှာ လူ့အခွင့်အရေးနဲ့ အခြေခံမှုတွေကို လေးစားလိုက်နာတဲ့ တိကျတဲ့ အရေးယူဆောင်ရွက်မှုတွေ ရှိရပါလိမ့်မယ်။" အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် ကလည်း ဒီနေ့ စတင်ထုတ်လွှင့်တဲ့ အာဆီယံ ရုပ်မြင်သံကြားကနေ အခုလို ပြောပါတယ်။ "ကျနော်တို့ ဒေသတွင်းနိုင်ငံတွေမှာ လူသန်းပေါင်း ၅၅၈ သန်းရှိပါတယ်။ ဒီ ပြည်သူတွေကို အာဆီယံ လူ့အဖွဲ့အစည်း တည်ထောင်ရေးမှာ ပါဝင်ခွင့်ရဖို့ လိုပါတယ်။ ဒီအဖွဲ့အစည်းကနေ ရလာမယ့် အကျိုးခံစားခွင့်တွေကလည်း ပြည်သူတွေပဲ ရရမှာပါ။" အာဆီယံဟာ ရည်မှန်းချက်တခုအောက်မှာ ပေါင်းစည်းနိုင်ရေး၊ ပြည်သူတွေကို မဏ္ဍိုင်ပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်ဖို့ ဦးတည်ကျိုးပမ်းနေတယ်လို့ သူက ပြောပါတယ်။ ဒီလို အာဆီယံ ခေါင်းဆောင်တွေက ပြည်သူတွေရဲ့ ပါဝင်ခွင့်ကို ပြောနေပေမယ့် မြန်မာနိုင်ငံအပါဝင် ဒေသတွင်းနိုင်ငံ စုစုပေါင်း ၅ နိုင်ငံက Civil Society ခေါ် အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းတွေက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ် တွေကို တွေ့ဆုံဖို့ ငြင်းပယ်လိုက်ပါတယ်။ မြန်မာ၊ ကမ္ဘောဒီးယား၊ လော၊ ဖိလစ်ပိုင်နဲ့ စကာင်္ပူနိုင်ငံတွေ ဖြစ်ပါတယ်။ မြန်မာနဲ့ စင်္ကာပူနိုင်ငံတွေကတော့ သူတို့ဘာသာ ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေကိုပဲ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခွင့်ရတဲ့ ကိုယ်စားလှယ်တွေကိုလည်း အာဆီယံခေါင်းဆောင်တွေက ဆွေးနွေးခွင့် မပေးခဲ့တဲ့အကြောင်း ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တခု ဖြစ်တဲ့ Alternative ASEAN Network အဖွဲ့က Debbie Stothard က အခုလို ပြောပါတယ်။ "အဲဒီမှာသွားတက်တဲ့ ကိုယ်စားလှယ်တွေ အံအားသင့်သွားတာက မြန်မာနိုင်ငံ မူးယစ်တိုက်ဖျက်ရေးအဖွဲ့က နှစ်ယောက်ကို မြန်မာစစ်အစိုးရက လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေအဖြစ် တက်ရောက်ခွင့်ပေးထားတာကို အစည်းအဝေးခန်းထဲမှာ တွေ့လိုက်ရလို့ပါ။ ဒါကြောင့် ဒီဆွေးနွေးပွဲဟာ လူထုအခြေပြု လူ့အဖွဲ့စည်းတွေနဲ့ အစိုးရအကြား ဆွေးနွေးပွဲ မဟုတ်ဘူးဆိုပြီး မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံက ကိုယ်စားလှယ်တွေက အစည်းအဝေးခန်းထဲကနေ ထွက်သွားခဲ့ကြပါတယ်။" အောက်တိုဘာလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ အခု အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကျင်းပနေတဲ့ ဟွာဟင်းအပန်းဖြေ ကမ်းခြေနဲ့ကပ်ရပ် ချာအမ်း ကမ်းခြေမှာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေက ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ထိုင်းအခြေစိုက် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD က မခင်ဥမ္မာကို လူထုအခြေပြု အဖွဲ့တွေက ရွေးချယ်ခဲ့ကြပါတယ်။ မခင်ဥမ္မာကတော့ တွေ့ဆုံခွင့် ငြင်းပယ်ခံရတာနဲ့ပတ်သက်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။
အာဆီယံ အဖွဲ့ကြီးဟာ ဒေသတွင်း ပြည်သူတွေရဲ့ ပါဝင်ခွင့်ကို မြှင့်တင်ပြီး ပြည်သူကို ဗဟိုပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်အောင် ကြိုးစားသွားမယ်လို့ (၁၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကြီးမှာ ထိုင်း ၀န်ကြီးချုပ်နဲ့ အာဆီယံ ခေါင်းဆောင်တွေက ပြောဆိုပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအပါအ၀င် အာဆီယံ အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံက ခေါင်းဆောင်တွေက Civil Society ခေါ် လူထုအခြေပြု လူ့အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေကို တွေ့ဆုံဖို့ ငြင်းပယ်လိုက်ပါတယ်။ အသေးစိတ်ကို ထိုင်းနိုင်ငံကနေ ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။
"Civil Society ကိုယ်စားလှယ်တွေကို အစည်းအဝေး ပေးမတတ်ဘဲနဲ့ ပယ်ချယုံတင်မကဘဲနဲ့ သူတို့လူတွေကို သူတို့ ထည့်ပြီးတော့မှ ဒီအစည်းအဝေးကို ဖြစ်အောင် ကျင်းပတာဟာ ရှင်းရှင်းပြောရလို့ရှိရင် ကျမတို့ ဒီဒေသတွင်း အာဆီယံနိုင်ငံတွေရဲ့ ပြည်သူတွေ လွတ်လပ်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့အဖွဲ့အစည်းတွေ Civil Society တွေအပေါ်မှာ သူတို့ လူလည်ကျတာ။ သာမန်ပြည်သူတွေကြားထဲမှာ ဒီလိုလုပ်တဲ့နည်းနဲ့ လှည့်စားပြီးတော့မှ လွတ်လပ်တဲ့ ပြည်သူ့အသံတွေကို ပိတ်ပင်ဖို့ ကျိုးစားတယ်လို့ပဲ ကျမ မြင်ပါတယ်။"
ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု အဖွဲ့မှ မခင်ဥမ္မာ
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ပထမအကြိမ် အာဆီယံ ခေါင်းဆောင်တွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အစည်းအဝေး တုန်းကလည်း မခင်ဥမ္မာ ပါရင် အစည်းအဝေး တက်ရောက်မှာမဟုတ်ဘူး ဆိုပြီး မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ကန့်ကွက်ခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံ လူထုအဖွဲ့အစည်းတွေကို ကိုယ်စားပြုတက်ရောက်ဖို့ ရွေးချယ်ခံခဲ့ရတဲ့ မခင်ဥမ္မာ အပါအ၀င် ကမ္ဘောဒီးယား၊ လော၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူ နိုင်ငံတို့က ကိုယ်စားလှယ်တွေကိုလည်း တွေ့ဆုံဖို့ ငြင်းပယ်ခဲ့ပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဘရူနိုင်းနိုင်ငံတွေက ကိုယ်စားလှယ်တွေကို တွေ့ဆုံဖို့ သဘောတူခဲ့ပေမယ့် အဲဒီကိုယ်စားလှယ်တွေကို အစည်းအဝေးအခန်းထဲမှာ စကားပြောဆိုခွင့် မပေးခဲ့ပါဘူး။ စကားပြောခွင့်ပေးတဲ့ တဦးတည်းသောသူကတော့ ချူလာလောင်ကွန် တက္ကသိုလ်က ဒေါက်တာ Surichai Wangaeo ပဲ ဖြစ်ပါတယ်။ တကယ်ကတော့ တွေ့ဆုံပွဲမှာ ညှိနှိုင်းစီစဉ် ပေးဖို့ သူ့ကို မူလက ရွေးချယ်ထားတာပါ။ ဒါ့ကြောင့်လည်း ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား လူထုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေဟာ စည်းဝေးပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ကမ္ဘောဒီးယား၊ လာအို၊ စင်္ကာပူ၊ ဖိလစ်ပိုင်နဲ့ မြန်မာအစိုးရတွေရဲ့လုပ်ရပ်ဟာ ဒီကနေ့ ကြာသပတေးနေ့မှာပဲ စတင် ဖွဲ့စည်းလိုက်တဲ့ အာဆီယံလူ့အခွင့်အရေး ကော်မရှင်အပေါ် ယုံကြည် ကိုးစားရမှုကို ထိခိုက် ပျက်စီးစေတယ်လို့ အာဆီယံဒေသတွင်း လူထု အခြေပြု အဖွဲ့အစည်းတွေက ဝေဖန် ပြောဆိုခဲ့ပါတယ်။(voa)
Friday, October 23, 2009
0 ဒေါ်အောင်ဆန်းစုကြည်နဲ့အစိုးရရဲ့ဆွေးနွေးပွဲကိုထောက်ခံပွဲဆိုပြီး ပြည်သူလူထုအားလှည့်ဖျားရန်စည်းဝေးပွဲပြုလုပ်
သံလျှင်မှာ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ြ
၂၀၁၀ နိမိတ်
မျှားတွေကို
အယုံသွင်း
လှ့ည်ဖျားပြီးသတ်ဖို့
ပစ်မှတ်ကိုသူတို့ခေါ်သွားကြပြီ
အယုံလွယ်တဲ့မျှားတွေအဖြစ်က
ပစ်မှတ်မှာဦးခေါင်းနှစ်ပြီး
သေရစ်ကြပေတော့. . . . .။ ( မီးဒုတ် )
အောက်တိုဘာလ ၁၈ရက် နေ့နံနက်ပိုင်းမှာ ရန်ကုန်တိုင်း သံလျှင်မြို့နယ် ဗိုလ်ချုပ်နေ၀င်းလမ်း ထန်းပင်ကုန်း ရပ်ကွက် အိမ်အမှတ် (၁၅၀) ဖို့မြေ မှတ်တိုင်အနီးက အဲ့ဒီအိမ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့  ဆွေးနွေးပွဲကိုထောက်ခံပွဲ ဆိုပြီး ဆိုင်းဘုတ် အနီနဲ့ အကြီးကြီးတင်ထားတယ်။ ကျင်းပတဲ့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်ထောင်စုမြန်မာနိုင်ငံ)က သူတွေရဲ့စည်းရုံးရေး
လုပ်ကြတာပါ လူထုအစည်းအဝေးပွဲပုံစံလုပ်တာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ကြိုဆိုထောက်ခံတဲ့ ပွဲလို့ ကျင်းပတဲ့သူ့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်ထောင်စုမြန်မာနိုင်ငံ) ကပြောပါတယ် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်ထောင်စုမြန်မာနိုင်ငံ) ဆိုတာကို အစိုးရကအခုထိ ပါတီတရားဝင်ဖွဲ့ စည်းခွင့် ပေးတာမဟုတ်ပဲနဲ့ ရဲတွေ မီးသတ်တွေ SB တွေအစောင့် အရှောက်နဲ့ ဒီပွဲကိုလုပ်ခဲ့တာ လို့သိရပါတယ်။
သူတို့ လူ့ ဘောင်သစ်မှာအရင်ကလူ့ ဘောင်သစ်ကဘက်ပြောင်းလာတဲ့ (ဖောက်ပြန်ရေးသမား)ဇင်အောင်ဆိုတဲ့ သူကဦးဆောင်ပြီးလုပ်တာပါ ဇင်အောင်နဲ့ 88 ကအေးလွင်နဲ့ ပါတနာ ဖြစ်ပြီးဖေါက်ပြန်ရေးသမားဖြစ်ကြောင်း ဇင်အောင်ကအခုသန်လျင်ကတောင်မပြန်တော့ဘူး သန်လျင်က ပါကြီး ဆိုသူ အမှုပွဲစားနဲ့ ချိတ်ပြီး လှုပ်ရှားနေတာပါကြီးနာမည်အရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ပါကြိးဆိုသူရဲ့ အိမ်လိပ်စာကတော့ အိမ်နံပါတ်စုံစမ်းဆဲနေတာက ဗိုလ်ချုပ်ကျေးရွာ သဲတန်းပိုင်း၊သန်လျင်မြို့ နယ် ဖြစ်ပါတယ် ။
ကျင်းပတဲ့ အဲဒီပွဲကိုလာကြတဲ့ လူတွေကိုသူတို့ ပါတီရဲ့ ကဒ်တွေလုပ်ပေးတယ် ၊ပါတီဝင်ရင်တယောက်ကို ငါးထောင် ပေးပါတယ်။အများအားဖြင့် အခမ်းအနားကိုတက်ရောက်လာသူတွေက သန်လျင်က ဆိုင်ကယ်ကယ်ရီသမားတွေ ဆိုက်ကားသမားတွေနဲ့ ရပ်ကွက်ထဲကအလုပ်လက်မဲ့ အချို့ လာရောက်ခဲ့တာလို့ အဲ့ဒီပွဲကနေပြန်လာတဲ့ ဆိုက်ကားဆရာကပြောပြတယ် ၊ “ ဒီနေ့မနက် ဂိတ်မှာ လူစုပြီး သွားကြတယ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲပေါ့ လူထု သဘောထားထောက်ခံပေးရမယ် လို့ပြောလို့ရယ် (၅၀၀၀) ဆီရမယ်ဆိုတာလဲပါတယ်ဗျာ အဲ့ဒါကြောင့်သွားလိုက်တာ ပါ ” ဒီအခမ်းအနားမှာ သတင်းပေး အမှုပွဲစား ပါကြီးဆိုသူကလဲ လူများကိုရှာဖွေစည်းရုံးပေးထားကြောင်းသိရပါတယ်။
အဲ့ဒီအခမ်းအနားကိုနယ်မြေရဲတွေကိုတိုင် ဦးဆောင်ပြီးစောင့် ရှောက်ပေးခဲ့တယ် ထို့အပြင့် သန်လျင်(SB) ရဲထောက်လှမ်းရေး ( ၂ ) ဦးက အဓိကစီစဉ်ပေးတယ် လုံခြုံရေးကအစသူတို့ကြီးကြပ်ပေးနေတာတွေ့ရတယ်။
အဲ့ဒီနှစ်ဦးထဲက ( SB ) တစ်ဦးရဲအမည် နဲ့ လိပ်စာကတော့ အမှတ် 31 ဟံသာဝတိလမ်း မြို့သစ်အရှေ့ အောင်လင်းဥိး သန်လျင် SB ပဲဖြစ်ပါတယ်။ အဲဒီထောက်လှမ်းရေးရဲ့ အိမ်လိပ်စာ အတိအကျပါ ။
ဒီအခမ်းအနား ပွဲမကျင်းပခင် ရက်တပတ်ခန့်ကသန်လျင်က မြိုမတောင်ရပ်ကွက်ထဲမှာ သတင်းပေးပါကြီးရယ် ကိုဇင်အောင်ရယ် ဦးဆောင်တဲ့ အဖွဲ့ က(လူရှစ်ယောက်လောက်ရှိတယ်) တအိမ်တက် တအိမ်ဆင်း စည်းရုံးရေး လုပ်ကြပါတယ်။ ပြီးတော့ မှဒီပွဲကိုလုပ်တာ ကိုဇင်အောင့် သားကကျောင်းသား(နိုင်ငံရေး)အမှုတစ်ခုနဲ့ အခုထောင်ထဲ မှာ အနှစ်နှစ်ဆယ်ကျနေပါတယ် ။ ဘယ်အဖွဲ့ ကလဲမသိရသေးပဲ လှုပ်ရှားမှုတခုမှာ ကျသွားတာလို့ ကြားသိရပါတယ် နာမည် နဲ့ သူရှိနေတဲ့ ထောင်ကိုတော့စုံစမ်းဆဲပါ ။
ကိုဇင်အောင်တို့ လူ့ ဘောင်သစ်(မြန်မာပြည်)ကသူတွေက တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းနက်ဝေါ့ နဲ့ မဟာမိတ် လုပ်ထားပြီး (၀ါဒ) ဖြန့်နေကြောင်း ၊ အဲဒီတသီးပုဂ္ဂလကိုယ်စားလှယ်လောင်းနက်ဝေါ့ ကိုဦးဆောင်ဖွဲ့ တဲ့ လူကမှော်ဘီမြို့ နယ်က နေမျိုးဝေ ဆိုတဲ့ လူကသူဦးဆောင်ပြီး 2010 ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ၀င်အရွေးခံမယ့် လူတွေကို အစုအဖွဲ့ လုပ်ပေးထားတာ နေမျိုးဝေမှာဘလော့ တခု (http://www.naymyowai.co.cc/)ရှိပါတယ် ။ သမိုင်းကြောင်းနဲ့ ခေတ်အဆက်ဆက်ကို မမှီလိုက်သူတွေအတွက် အထူးသဖြင့် လူငယ်မျိုးဆက်သစ်တွေအတွက် ဦးတည်ရေးသားပြီး လက်ညိုးထိုးနိုင်ငံရေးသမားလုပ်နေကြောင်း ကိုတွေ့ရပါတယ်။ အဲ့ဒီဝက်ဆိုက်ကနေ အပြန်အလှန်အနေနဲ့ နေမျိုးဝေရဲ့ ဘလော့ မှာ ကိုဇင်အောင် နဲ့ ပါကြီး တို့ လူ့ ဘောင်သစ်ပါတီရဲ့ မူဝါဒတွေကိုတင်ပေးတယ်။ သူတို့ မဟာမိတ်လုပ်ထားတဲ့ အတွက်လူ့ ဘောင်သစ်ရဲ့ စည်းရုံးရေးပွဲတွေမှာ နေမျိုးဝေတို့ တသီးပုဂ္ဂလကို ၀င်ရောက်စည်းရုံးခွင့် အပြန်အလှန်ပေးနေကြတယ်လို့ သိရပါတယ်။
အထက်ပါ အကြောင်းအရာများနှင့်ပါတ်သက်ပြီး အထူးသဖြင့်ပြည်တွင်းရှိ ပြည်သူများ အထင်မှားခြင်း နှင့်ထင်ရောင်ထင်မှားဖြစ်ခြင်း၊ ကာလအခြေအနေအရ သူတို့ ကျင်းပရာအခမ်းအနားများတွင် ဒေါ်စု ၏ အမည်ကိုတတ်ပြီးထင်ရောင်ထင်မှားလုပ်ခြင်း ၊ သူတို့၏ လူဘောင်သစ် (မြန်မာနိုင်ငံ) သည် တရားဝင်မဖွဲ့စည်းရသေးပဲ စည်းရုံးရာတွင် သူက လူဘောင်သစ်ကပါ ၈၈ မျိုးစက် ကျောင်းသား ဇင်အောင်ပါ ဟု အသုံးပြုနေခြင်းတို့ကိုအထူးသတိပြုရန်နှင့် လည်းကောင်းတို့သည် စစ်အာဏာရှင်၏ လက်ပါးစေ (သို့တည်းမဟုတ်) မျှော်လင့်ချက်
တစ်ခုခုဖြင့် နအဖ ရဲ့ ပြည်သူကို အာဏာရှင်အောက်ပြန်လည်သွတ်သွင်းရေးစီမံချက်ဖြင့် ရေးစွဲထားသော တရားမျှတခြင်း လုံးဝမရှိသည့်အပြင် ပြည်သူကိုယ်စားလှယ်မပါ လက်ညိုးထောင်ခေါင်းညွတ်တွေနဲ့ စစ်အာဏာရှင်အလိုကျရေးစွဲပြီး ချမှတ်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကို ပြည်သူကိုလိမ်ညာပြီးမဲမဆွယ်ကြရေး ဒီနေ့အချိန်မှာ ရွှေဂုံတိုင်ကြေငြာချက်ပါအချက်တွေကို ပြုပြင်ပြောင်းလဲပြီးမှ ဒီရွေးကောက်ပွဲကိစ္စကိုစဉ်းစားရမှာဖြစ်တဲ့အတွက် ပြည်သူကို မိမိ မိသားတစ်စု မိမိမသေခင် အမတ်တစ်ဦးဖြစ်ဘူးယုံလောက်နဲ့ ပြည်သူတွေကို စစ်အာဏာရှင်ရဲ့ စနစ်အောက်ကိုပြန်မပို့ကြပါနဲ့လို့တိုက်တွန်းလိုကြောင်း ၊ လူဘောင်သစ် (ပြည်ပ)အနေနဲ့လည်း ဒီကိစ္စမှာ လူဘောင်သစ် အမည်တပ်ခြင်းခံရခြင်းက တစ်ကြောင်း ၊နောက်တစ်ချက်အနေနဲ့က လူဘောင်သစ်ရဲ့ရွှေဂုံတိုင်ကြေငြာစာတမ်းပါ အချက်အလက်တွေ မပြုပြင်သမျှ ၂၀၁၀ ကို ကန့်ကွက်ကြလို့ပြောတဲ့အပေါ် အားပြိုင်မှုတစ်ခု လဲ ဖြစ်မယ်လို့ထင်တယ် (ဒါကလွတ်လပ်စွာ အမြင်ပါ တစ်ဦးထဲရဲ့အမြင်ပါ )
ပြည်တွင်းပြည်ပမီဒီယာတွေနဲ့ ပြည်တွင်း လက်ရှိအနေအထားအရ ၈၈ ကိုမမှီလိုက်သူတွေဟာ ယနေ့ အသက် ( ၂၀ ) ကျော်နေပါပြီ ၊ ဒီမျိုးစက်သစ်တွေကို ပြည်တွင်းကဖောက်ပြန်ရေးသမား တွေက သူတို့ကိုသူတို့၈၈ ပါ လူဘောင်သစ်ပါ ဆိုပြီး သူတို့လိုရာဝါဒမှိုင်းတိုက်နေတာတွေလည်းတွေရပါတယ် ။ ဥပမာ (နေမျိုးဝေ) လိုဟာမျိုးတွေ ပြန်ရှင်းနေဖို့မလိုပေမယ့် သတိထားရမယ် ၊ ပြင်ဆင်သင့်တာတွေကို မကြာခင်မှာ ၂၀၁၀ အတွက် အရာရာပြင်ဆင်နိုင်ဖို့ ပြည်သူတစ်ရပ်လုံးကလည်း (မိမိဘ၀ မိမိ ရှာဖွေထားတဲ့ပစ္စည်း နောက်ဆုံး မိမိနဲ့ မိမိပါတ်ဝန်းကျင် အတွက် ဘယ်လိုမှ အာမခံချက်မရှိနိုင်တဲ့ ၂၀၀၈ ဥပဒေ ကို ကန့်ကွက်ကြဖို့ အလေးအနက် စဉ်းစားကြပါ စိတ်ကူး ယဉ် ခြင်းသည် စိတ်ကူးသာဖြစ်ပြီး လက်တွေ့မှာအာဏာရှင် ဟာ ထင်ထားသလိုမဟုတ် သူအာဏာဘက်က ရပ်မည်
မှအပ အခြားမရှိ သောကြောင့် ) ဒီ ၂၀၁၀ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ကြေငြာစာတမ်းနှင့်အတူ တကွ ရပ်တည်လိုက်ကြပါစို့လို့ တင်ပြလိုက်ပါတယ်
(ငထ) ဘလုပ်မြေ
ပေးပို့သူ။ ။ စစ်နိုင်အောင်
Thursday, October 22, 2009
1 အင်တာနက်စွဲရောဂါ
ခုခေတ်ဟာခေတ်ဖြစ်တာနဲ့အမျှ၊ အင်တာနက်ရဲ့ကောင်းကျိုးတွေကြောင့်လူတွေ အကျိုးကျေးဇူးရကြတယ်။ ဒါပေမယ့်ဒါဟာ အင်တာနက်ကိုမဇ္ဈိမပဋိပဋာနည်းနဲ့သုံးတတ်သူတွေအတွက်ဖြစ်ပါတယ်။ အလွန်အကျွံစွဲလမ်းသွားမိသူတွေကတော့ ဘိန်း၊ အရက်၊ ဆေးစတာတွေလို အင်တာနက်စွဲရောဂါရတတ်ပါတယ်။
About disorder - ရောဂါအကြောင်း
အင်တာနက်စွဲရောဂါမှာ၊ တခြားဘိန်း-ဆေးတွေလိုပစ္စည်းကိုစွဲတဲ့ substance addiction မဟုတ်ဘဲ ချက်နေရတာ၊ ဘလောဂင်နေရတာ၊နက်ရှော့ပင်နေရတာစတဲ့ လုပ်ဆောင်မှုကိုစွဲတဲ့ process addiction ဖြစ်ပါတယ်။
Symptoms - ရောဂါလက္ခဏာများ
၁။ tolerance - ယဉ်ပါးသွားခြင်း (ဆေးယဉ်သကဲ့သို့)- အင်တာနက်သုံးတဲ့အချိန်များနေပေမယ့် ဆက်ပြီးဆက်ပြီးသုံးချင်နေတာ၊ အချိန်နည်းတယ်လို့ခံစားရ၊ စိတ်ကျေနပ်မှုမရတာ။
၂။ withdrawal symptoms- ဆေးဖြတ်လက္ခဏာများခံစားရခြင်း - အင်တာနက်သုံးတာလျှော့ချလိုက်ရရင်၊ စိတ်မပျော်တာ၊ စိတ်တိုစိတ်ဆတ်လာတာ၊ စိတ်ဓာတ်ကျသလိုခံစားရတာ၊ စိတ်အလိုမကျသလိုခံစားရတာ။ အင်တာနက်သုံးနေတုန်းမှာ အနှောက်အယှက်ပေးသလိုဖြစ်ရင် ပုံမှန်ထက်ပိုပြီးစိတ်တိုလာတာ။
အင်တာနက်ကြည့်နေရမှ စိတ်ပျော်ရွှင်ကျေနပ်မှုရတာ။
၃။ပုံမှန်အချိန်တွေမှာပါ အင်တာနက်နဲ့ပတ်သက်တာတွေးနေမိတာ၊ ဥပမာ-ဘလော့ဂ်မှာ ဘာတင်လိုက်မယ်၊ ဘယ်သူ့ဆီသွားမလည်ရသေးဘူးစသဖြင့် ဈေးသုံးနေရင်းစဉ်းစားနေမိတာမျိုး။
၎။ အင်တာနက်နဲ့ပတ်သက်တဲ့အိပ်မက်မကြာခဏမက်တာ။
၅။ type ရိုက်သလိုမျိုးလက်ဂနာမငြိမ်လှုပ်ရှားတတ်လာတာ။
၆။ စိတ်ကူးထားတာထက်ပိုပြီးအင်တာနက်ကိုအချိန်ပေးနေမိတာ။ ဥပမာ-မအိပ်ခင် နာရီဝက်လောက်ကြည့်လိုက်ဦးမယ်ဆိုပြီး ၂-၃ နာရီဆက်မိတာ။
၇။ အင်တာနက်နဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စတွေမှာ အချိန်ပိုပေးနေမိတာ (အင်တာနက်ကြည့်တာအပြင်) ဥပမာ- ဘလော့ဂ်မှာတင်ဖို့ စာအုပ်ရှာဖတ်တာမျိုး
၈။ အင်တာနက်ကို လျှော့ဖို့စိတ်ကူးပေမယ့် မအောင်မြင်တာ။
၉။ တခြားလူမှုရေးနဲ့ နေ့စဉ်ဘ၀လုပ်ငန်းဆောင်တာတွေပျက်ကွက်လာတာ။ အထူးသဖြင့် မိသားစုရှိသူတွေမှာ၊ ချက်ပြုတ်သန့်ရှင်းလိုစိတ်နည်းလာ၊ လင်မယားဆက်ဆံရေးစိတ်ဝင်စားမှုလျော့လာ၊ လိင်စိတ်အလိုဆန္ဒနည်းလာ-သားသမီးပေါ်ဝတ္တရားပျက်လာတာ။ တစ်ဦးထဲသမားတွေမှာ အပြင်သူငယ်ချင်းတွေနဲ့ထိတွေ့ဆက်ဆံမှုနည်းလာတာ။ ကျောင်းသားတွေမှာအဆင့်ကျလာတာ။ အလုပ်သမားတွေမှာ အလုပ်ထဲစိတ်ပါဝင်စားမှုနည်းလာတာ။
၁၀။ ကိုယ်လက်လှုပ်ရှားမှု၊ အပြင်ထွက်အပမ်းဖြေခြင်း၊ တီဗီကြည့်ခြင်းစတာတွေ သိပ်မလုပ်တော့တာ။
၁၁။ အင်တာနက်အချိန်များလွန်းလို့ အိပ်ရေးပျက်ပြီး၊ နောက်နေ့မနက်စောစောမထနိုင်တာ၊ အိပ်ရေးပျက်မှုကြောင့် အင်တာနက်ထိုင်တာကလွဲပြီးဘာမှလုပ်ချင်စိတ်မရှိတာ၊
၁၂။ အလုပ်အကိုင်၊ ကျန်းမာရေး၊ အိမ်ထောင်ရေးဝတ္တရားပျက်နေမှန်းသိနေလျက်နဲ့ အင်တာနက်ကို မဖြတ်နိုင်ဘဲဖြစ်လာတာ။
၁၃။ Forming cyber relationships with strangers met online is also a sign of internet addiction. - အွန်လိုင်းကတဆင့် မတွေ့ဘူးမမြင်ဘူးသူ သူစိမ်းများနဲ့မိတ်ဆွေဖြစ်-ဆက်ဆံဖြစ်တာ။ Extra-marrital relations - အိမ်ထောင်ဖက်ဇနီး၊ခင်ပွန်းအပြင် ဆက်သွယ်မှုများ
ရောဂါဖြစ်လွယ်သူများ
စိတ်ဓာတ်ရေးရာအားနည်းချက်ရှိသူများမှာ ဒီရောဂါစွဲလွယ်ပါတယ်။ ငယ်ဘ၀က စိတ်အနာရဖူးသူများ (psychological trauma)၊ စိတ်ဓာတ်ကျလွယ်သူများ၊ အများနဲ့မဆက်ဆံချင် တကိုယ်တည်းနေတတ်သူများ၊ အလုပ်ဒဏ်ကိုရှောင်တတ်သူများ၊ အင်တာနက်နဲ့စိတ်ထွက်ပေါက်ရှာတတ်သူများ
Complications - ဆက်တွဲဆိုးကျိုးများ
၁။ ကျန်းမာရေးဆိုင်ရာပြဿနာများ-health problems
(၁) မျက်စိပြဿနာ
(၂) ကျောအောင့်ခါးနာ စသော အကြောဆိုင်ရာဝေဒနာများ
(၃) လက်မ၊လက်ညိုးနှင့်လက်ခလယ်လက်ချောင်းလေးများထုံကျင်ခြင်းရောဂါ -carpal tunnel syndrome
(၄) အားအင်နည်းပါးခြင်း(fatigue)
(၅) အဆီတက်လာခြင်း-ထိုမှတဆင့် နှလုံးသွေးကြောရောဂါများ
၂။ မိသားစုပြဿနာများ-Familial problems
(၁) လင်မယားပြတ်စဲခြင်း (အွန်လိုင်းမိတ်ဆွေအဆင့်မှသံယောဇဉ်ပိုလာခြင်းကြောင့်အိမ်ထောင်ဖက်ကိုစိတ်ဝင်စားမှုနည်းလာခြင်း၊ အင်တာနက်ကိုသာအလွန်အမင်းစွဲလမ်းနေမှုကြောင့် လင်မယားဆက်ဆံရေးနည်းပါးလာခြင်း နှစ်မျိုးဖြစ်နိုင်ပါတယ်)
(၂) သားသမီးစိတ်ဝေဒနာရခြင်း-မိဘသားသမီးဆက်ဆံရေးအေးစက်လာခြင်း
၃။ လူမှုရေးအကျိုးဆက်များ-Social problems
အလုပ်ပျက်ခြင်း၊ မိတ်ဆွေစစ်နည်းပါးလာခြင်း၊
Treatment - ကုသမှု
ဆေးကိုတိကနဲဖြတ်ရင် ဆေးဖြတ်တဲ့ withdrawal symptoms တွေကြောင့် လူထိခိုက်တတ်သလို၊ နက်သမားကို နက်တိကနဲဖြတ်ခိုင်းရင် စိတ်ဓာတ်ကျတာ၊စတဲ့ ဝေဒနာတွေဝင်လာတတ်ပါတယ်။ ဒါကြောင့်မျှင်းပြီးဖြတ်စေရပါတယ်။
၁။ တနေ့တာအတွင်းနက်သုံးချိန်ကို မှတ်တမ်းပြုစုစေခြင်း
၂။ ပြင်ပလောကနဲ့ပိုဆက်ဆံစေခြင်း-ခရီးတိုထွက်ခြင်းစသည်
၃။ မိသားစုသမားများအတွက်၊ မိဘ၀တ်-သားသမီးဝတ်-လင်ဝတ်-မယားဝတ် စသည်များပြန်လည်သတိရစေခြင်း
၎။ သင်တန်း-လက်မှုအတတ်ပညာစတာတက်စေခြင်း
၅။ တရားထိုင်စေခြင်း
Prognosis - ရောဂါပျောက်ကင်းနိုင်မှု
ခံယူချက်နဲ့ အမူအကျင့်ပြောင်းလဲနိုင်မှု attitude and behavioral change ပေါ်မှာမူတည်ပါတယ်။
Dr.Nyan ရေးသည်။
0 မြန်မာလူထုကိုယ်စားပြု ကိုယ်စားလှယ်တဦး အာဆီယံအစည်းအဝေး တက်ရောက်မည်
လာမည့် အောက်တိုဘာ (၂၃) ရက်၌ စတင်ကျင်းပမည့် (၁၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံဒေသတွင်း လူထုအခြေပြု အဖွဲ့အစည်းကိုယ်စားလှယ်တို့ တွေ့ဆုံပွဲသို့ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် မြန်မာအတိုက်အခံတဦးကို ရွေးချယ်လိုက်သည်။
ယမန်နေ့က ပြီးဆုံးသွားသည့် အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းများ ညီလာခံတွင် နိုင်ငံ့ကိုယ်စားပြု လူထုကိုယ်စားလှယ်အဖြစ် အာရှပစိဖိတ်ဒေသဆိုင်ရာ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့မှ အဖွဲ့ဝင် ဒေါ်ခင်ဥမ္မာအား ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကြီးမှူးသည့် အာဆီယံ ဦးဆောင်ကော်မတီက ဒုတိယအကြိမ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ဒေါ်ခင်ဥမ္မာက “အခု ရွေးချယ်တာက ဒေသတွင်းမှာသာမက နိုင်ငံတကာနဲ့ သတင်းဌာနတွေမှာလည်း အခြေခံပြည်သူလူထု ကိုယ်စား အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို တင်ပြနိုင်မယ့်သူကို ရွေးတာဖြစ်တယ်။ ဒါကြောင့် ပြည်တွင်းက လူတွေက စစ်အစိုးရကို ထောက်ပြပြောဆိုရမယ့် ဒီလိုဆွေးနွေးမှုတွေအတွက် အခက်အခဲအမျိုးမျိုးရှိနေတာကြောင့် ကျမကို ပြန်ရွေးတာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
မြန်မာနိုင်ငံလူထု ကိုယ်စားပြုတက်ရောက်မည့် တဦးတည်းသောကိုယ်စားလှယ် ရွေးချယ်ရန်အတွက် ပြည်တွင်းပြည်ပမှ လူထုအခြေပြု မြန်မာအဖွဲ့အစည်းတို့က အာဆီယံ ဦးဆောင်ကော်မတီသို့ အမည်စာရင်းအသီးသီး တင်သွင်းခဲ့ကြရာတွင်
ဒေါ်ခင်ဥမ္မာ အရွေးခံရခြင်းဖြစ်သည်။
(၁၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ တောင်ပိုင်း ဟိုဟင်မြို့တွင် ယခုလ (၂၃-၂၅) ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည်ဟု မြန်မာစစ်အစိုးရက ပြောကြားထားသည်။
အစည်းအဝေးတွင် အာဆီယံ နိုင်ငံ့ခေါင်းဆောင်တို့နှင့် လူထုအခြေပြုအဖွဲ့အစည်း ကိုယ်စားလှယ်တို့၏ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးပွဲသို့ လူထုအခြေပြု ကိုယ်စားလှယ်အဖြစ် ဒေါ်ခင်ဥမ္မာ တက်ရောက်မည်ကို မြန်မာစစ်အစိုးရက ကန့်ကွက်မှု ပြုလုပ်လာနိုင်ကြောင်း သိရသည်။
ညီလာခံတက်ရောက်သူ လူ့အခွင့်အရေး ပညာပေးဌာနမှ ဦးအောင်မျိုးမင်းက “ပြီးခဲ့တဲ့ ထိပ်သီးအစည်းအဝေးတုန်းကလို အနီးကပ်ကျမှ ဝင်ခွင့်မရတာ၊ ကန့်ကွက်ခံရတာမျိုးလို စစ်အစိုးရဘက်က လုပ်ကောင်းလုပ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ Statement မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ၂၀၁၀ ရွေးကောက်ပွဲကိစ္စတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ဖို့ တောင်းဆိုထားတာတွေ ပါနေတော့ စုံညီဆွေးနွေးပွဲမှာ ဒီလိုတင်ပြခွင့်မရအောင် စစ်အစိုးရက တားမြစ်နိုင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ ရွေးချယ်ခံ လူထုကိုယ်စားလှယ် ဒေါ်ခင်ဥမ္မာအား မြန်မာစစ်အစိုးရနှင့် ကမ္ဘောဒီးယားခေါင်းဆောင်တို့က ကန့်ကွက်ခဲ့ဖူးသည်။ အာဆီယံ ထိပ်သီးအစည်းအဝေးအကြို (၃) ရက်ကြာ ကျင်းပခဲ့သည့် အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းများ ညီလာခံတွင် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံအပြင် လာအိုနိုင်ငံကပါ ကန့်ကွက်မှုတွင် ပါဝင်လာသည်ကို တွေ့ရကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။
အာဆီယံ ဦးဆောင်ကော်မတီမှ လူထုအခြေပြု မြန်မာကိုယ်စားလှယ် ရွေးချယ်သည့်အဆင့်သည် အစည်းအဝေး စတင်မည့် အောက်တိုဘာ (၂၃) ရက်နေ့တွင် မိနစ် (၃၀) တွေ့ဆုံဆွေးနွေးပွဲအတွက်သာ အကျုံးဝင်သေးကြောင်း သိရသည်။
ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံရေး၊ တိုင်းရင်းသားရင်ကြားစေ့ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပြဿနာရပ်များနှင့် အာဆီယံဒေသသို့ ခြိမ်းခြောက်လာနိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတို့အား တင်ပြဆွေးနွေးရန် စီစဉ်ထားကြောင်း ဒေါ်ခင်ဥမ္မာက ပြောသည်။
ပြီးဆုံးသွားသည့် လူထုအခြေပြု အဖွဲ့အစည်းများညီလာခံသို့ ဘရူနိုင်းမှလွဲ၍ အခြားအာဆီယံ (၉) နိုင်ငံတို့မှ လူထုအခြေပြု အဖွဲ့အစည်းတို့က တက်ရောက်ခဲ့ကြပြီး မြန်မာကိုယ်စားပြု ပြည်တွင်း၊ ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများအပြင် စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တို့လည်း တက်ရောက်ခဲ့ကြသည်။
လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ပေးရေး စသည့်အချက်တို့ကို ထိပ်သီးအစည်းအဝေးသို့ တင်ပြရာတွင် ထည့်သွင်းခြင်းမပြုရန် ပြည်တွင်းအဖွဲ့အချို့က အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
အာဆီယံအဖွဲ့၏ ယမန်နှစ်က အတည်ပြုခဲ့သည့် ပဋိညာဉ်တွင် အာဆီယံဒေသတွင်း ပြည်သူတို့၏ဘဝကို မြှင့်တင်ပေးရန်နှင့် အငြင်းပွားဖွယ် “လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုများ ကာကွယ်တိုးမြှင့်ရေး” အတွက် ကော်မရှင်တရပ်ဖွဲ့စည်းရန် ပါဝင်သော်လည်း အကောင်အထည် ဖော်ဆောင်နိုင်ခြင်း မရှိသေးချေ။
NEJ
Wednesday, October 21, 2009
0 ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့်ကိစ္စနှင့် ပါတ်သတ်၍ မြန်မာ့ဒီမိုအင်အားစုများအား ဦးမောင်မောင်မှ ပြန်လည်ရှင်းလင်းဆွေးနွေး
တိုကျို၊ အောက်တိုဘာ(၁၈)
သန့်မျိုးထွေး
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB)နှင့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-ပြည်ထောင်စု မြန်မာနိုင်ငံ(FTUB)တို့. အထွေထွေအတွင်းရေးမှုးဦးမောင်မောင်သည် နျူကလီးယား အဆိပ်အတောက်များ လုံးဝကင်းစင်သော ငြိမ်ချမ်းသာယာသည့် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စုသစ်ထူထောင်ရေးနှင့် စစ်အာဏာရှင်စနစ်ကိုကျားကန်ပေးမည့် (၂ဝဝ၈)ဖွဲ့စည်းပုံကို အခြေခံသည့် (၂ဝ၁ဝ)အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးတို့ကို ဆော်သြော်ရန် ၂ဝဝ၉ခုနှစ်၊အောက်တိုဘာလ(၆)ရက်နေ့က ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့ပါသည်။
ဂျပန်သို့ရောက်ရှိနေစဉ်အတွင်း ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီး(Tetsuyo Fukuyama)နှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည့် NCUBနှင့် FTUB ၏အထွေထွေအတွင်းရေးမှူးဦးမောင်မောင်က မြန်မာ့ဒီမိုကရေစီအရေးနှင့်ပါတ်သတ်၍ ဂျပန်အစိုးရသစ်၏သဘောထားနှင့် နအဖစစ်အစိုးရအပေါ်ဖိအားပေးနိုင်မှုအနေအထားတို့ကို ဂျပန်ရှိဒီမိုကရေစီအင်အား စုများနှင့်တွေ့ဆုံ၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံနှင့်တန်းတူ ဂျပန်အစိုးရအနေနှင့် နအဖနှင့်စီးပွားကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်သည့်အတွက် စီးပွားရေးပိတ်ဆို့မှုကို သဘောသိပ်မတူနိုင်ကြောင်းနှင့် မြန်မာ့ဒီမိုအင်အားစုများဘက်မှစီးပွားရေးပိတ်ဆို့မှုကို တောင်းဆိုရာတွင်လည်း လေယာဉ်အစိတ်အပိုင်းရောင်းချမှုမျိုးအစရှိသည့် နအဖအရှိုက်ထိစေမည့် စီးပွားရေးပိတ်ဆို့မှုမျိုးကိုတော့မဖြစ်မနေပြုလုပ်မှသာ ၄င်းတို့အဆိုပြုထားသော (National Reconsolidation)စကားဝိုင်းဆီသို့ စစ်အုပ်စုဘက်ကရောက်ရှိလာမှာဖြစ်ကြောင်း ဂျပန်အစိုးရကိုတိုက်တွန်းခဲ့ကြောင်း ဦးမောင်မောင်ကပြောကြားသည်။
ထို့အပြင် နအဖတစ်ဖက်သက်ရေးဆွဲထားသည့် အတုအယောင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံသည် Freedom of Association လွပ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်၊ Freedom of Expression လွပ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်စသည့် အခွင့်အရေးများမရှိသလို ၂ဝဝ၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီကျသောဖွဲ့စည်းပုံဖြစ်လာစေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာထားသော ရွှေဂုံတိုင်ကြေညာချက်ပါ တောင်းဆိုချက်များကို စစ်အုပ်စုက လိုက်လျောခြင်း မရှိသေးသဖြစ် ၂ဝ၁ဝ ရွေးကောက်ပွဲပြုလုပ်မည်ဟု နအဖပြောဆိုမှုအပေါ် သတိထားသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်ဟုသိရှိရသည်။
ဂျပန်အစိုးရအနေနှင့် ပြီးခဲ့သည့်လအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်နအဖဝန်ကြီးဦးဥာဏ်ဝင်းတို့တွေ့ဆုံရာတွင် ပွင့်ပွင့်လင်းလင်းနှင့်အများပါဝင်ဖို့လိုကြောင်းနှင့် ၂ဝ၁ဝ ရွှေးကောက်ပွဲမတိုင်မှီ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်း သားများအားလုံးပြန်လည်လွှတ်ပေးသင့်ကြောင်းနှင့် ဂျပန်နိုင်ငံတွင် အတိုက်အခံပါတီမှအာဏာရရှိလာခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သော်လည်း ဂျပန်နိုင်ငံ၏မှုဝါဒပေါ်လစီအနေနှင့်အပြောင်းအလဲမရှိကြောင်း ပြန်လည်ရှင်းပြခဲ့ပြီး ၄င်း၏တင်ပြမှုကိုလက်ခံပါကြောင်းနှင့် ဂျပန်နိုင်ငံအနေနှင့်မြန်မာ့အရေးကို အမြဲပင်စိတ်ဝင်စားလျှက်ရှိသည်ဟု ဦးမောင်မောင်ကပြန်လည်ရှင်းပြသည်။
ဂျပန်ရှိဒီမိုကရေစီအရေးလှုပ်ရှားသူများအနေနှင့်လည်း နအဖ၏ နျူကလိယားအစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့် ကမ်းပိန်းတခုကို ဂျပန်တွင်ပြုလုပ်သင့်ကြောင်းတိုက်တွန်းပြောကြားသွားပြီး နအဖအနေနှင့်၂ဝ၁ဝ ရွှေးကောက်ပွဲကို မည်သို့ပင်ဝေဖန်မှုများရှိနေသော်ငြား မဖြစ်မနေလုပ်ဆောင်လိမ့်မည်ဖြစ်၍ တိုင်းရင်းသားများအတွက်လည်းရှင်းလင်းသော အခွင့်အရေးပြဌာန်းမှုများမပါရှိသည့်သလို ခိုင်မာသောဒီမိုကရေစီအခွင့်အရေးများမရှိသည့်အတွက် ရွှေးကောက်ပွဲဖြစ်မြောက် သွားစေကာမှု မိမိတို့၏ခိုင်မာသောဆုံးဖြတ်ချက်ကို လက်ဆုပ်လက်ကိုင်ပြုထားဖို့လိုကြောင်း ဦးမောင်မောင်ကတိုက်တွန်း ပြောဆိုသွားသည်။
စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်တစ်ခုမှာ ယခုအချိန်တွင် ဒီမိုကရက်တစ်အင်အားစုဂြိုလ်စီးနေသည့်ကာလဟု ပြောရလောက်အောင် အမေရိကန်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့တွင် ဒီမိုကရက်တစ်ပါတီများမှ အာဏာရနေချိန်ကာလတွင် ကိုယ့်နိုင်ငံ ဒီမိုကရေစီအရေးအတွက် ဟန်ချက်ညီညီအသုံးပြုသွားကြဖို့အရေးကြီးကြောင်းနှင့် အခွင့်အရေးဟာ နှစ်ခါမလာဆိုသည့်ဆိုစကားအတိုင်း အားလုံး၏ညီညွတ်မှုနှင့် ကြိုးစားလုပ်ဆောင်လျင် အပြောင်းအလဲဖြစ်နိုင်ကြောင်းလည်း ရှင်းလင်းပြောဆိုသွားခဲ့သည်။
အိုးချနော့မိဇုအရပ်ရှိ Burma Office ရုံးတွင်ပြုလုပ်သည့်ဆွေးနွေးပွဲ ညနေ(၃)နာရီခွဲမှစတင်ပြုလုပ်ခဲ့ပြီး ဂျပန်ရှိဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်း သားအဖွဲ့များမှအစုံအလင်တက်ရောက်ခဲ့သည်။
သတင်း။ ။ မိုးသောက်ကြယ်
0 ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အကြမ်းဖက် တိုက်ခိုက်ခံရဖွယ်ရှိ
ယခုရက်ပိုင်းအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အကြမ်းဖက် ဗုံးခွဲ တိုက်ခိုက်လိမ့်မည် ဆိုသောသတင်းများ လက်ခံရရှိထားတာကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ကွက်ကဲမှုဖြင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ လေဆိပ်လုံခြုံရေးအား အထူးကြပ်မတ် လုပ်ဆောင်လျှက်ရှိပါတယ်။
ခရီးသည်များအပါအဝင် လေဆိပ်အတွင်း အဝင်အထွက် ပြုလုပ်သူများအား အထူးစောင့်ကြည့် လျှက်ရှိပြီး မသင်္ကာဖွယ်ရာ လူဟုယူဆပါက သက်ဆိုင်ရာ လုံခြုံရေးဝန်ထမ်းများထံ ချက်ခြင်းသ တင်းပို့ရန် လေဆိပ်ဝန်ထမ်းများအား ညွှန်ကြားထားကြောင်း သိရှိရပါတယ်။
ယခု လဆန်းပိုင်းကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဧရာဝတီတိုင်း ခရီးစဉ်အတွင်း လုပ်ကြံခံရနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာတာကြောင့် ခရီးစဉ်အား ခေတ္တ ရွှေ့ဆိုင်းထားကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ သတင်းရရှိပါတယ်။
အဲဒီ လုပ်ကြံ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ရန် ခြိမ်းခြောက်နေသူတွေဟာ ဘယ်သူတွေဆိုတာကိုတော့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေကိုယ်တိုင် တိတိကျကျ စုံစမ်း မသိရှိရသေးတာကြောင့် ရန်ကုန်တိုင်း အတွက် အဓိက လုံခြုံရေးတာဝန်ရှိတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေနဲ့ ရန်ကုန်တိုင်း တိုင်းမှူးဗိုလ်ချုပ်ဝင်းမြင့်တို့အား နေပြည်တော်စစ်ဌာနချုပ်မှ ဖိအားပေး ခိုင်းစေလျှက်ရှိကြောင်း သတင်းများကြားသိရပါတယ်။
လေးစားစွာဖြင့်၊
သူရဲကောင်း။
ကိုထိုက် ထံမှ ကူးယူဖေါ်ပြသည်


