Saturday, May 21, 2011

0 သံတိုင်များ၏နောက်ကွယ်က တံခါးခေါက်သံနှစ်ထောင်( စာပေစိစစ်ရေးဖြုတ်ပယ်လိုက်သော ဆောင်းပါးတပုဒ်)


မနက် ၈ နာရီကျော်အချိန်ခန့်သာရှိသေးသော်လည်း တောက်ပပူပြင်းသော နေရောင်၏အရှိန်ကြောင့် ပတ်ဝန်းကျင်တခုလုံး အိုက်စပ်စပ်ဖြစ်နေသည်။ ထိုအချိန်ရာချီရှိသော လူအုပ်ကြီးက နေရောင်ခြည်၏အပူ ဒဏ်ကို ဂရုမပြုနိုင်ဘဲ သံတိုင်များစီခြယ်ထားသော အနက်ရောင် သံတခါးကြီး၏နောက်ကွယ်သို့လှမ်းမျှော် ကြည့်ပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြသည်။

သူတို့မျက်လုံးများက သံတံခါးကြီး၏နောက်ကွယ်သို့သာ စုပြုံကျရောက်နေပြီး ဗီဒီယိုကင်မရာ၊ ဒီဂျစ်တယ်ကင်မရာများကို ကိုင်ဆောင်ထားသော လူအချို့ကိုလည်း နေရာတိုင်းတွင်တွေ့မြင်နေရသည်။ မေလ ၁၆ ရက်နေ့ သမ္မတဦးသိန်းစိန်ထုတ်ပြန်လိုက်သော လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့ မေလ ၁၇ ရက်နေ့တွင် အကျဉ်းသားများကို လွှတ်ပေးမည်ဖြစ်ရာ မိမိတို့၏ ချစ်ခင်လှစွာသော ဆွေမျိုးသားချင်း ပါဝင်လေမည်လားဆိုသည့်အတွေးများနှင့် မိသားစုပေါင်းမြောက်မြားစွာ ရန်ကုန်အင်းစိန်ထောင်ရှေ့ လာရောက်စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး ပြည်တွင်း ပြည်ပသတင်းထောက်များအားလုံးကလည်း သတင်းယူရန်ရောက်ရှိနေကြပြီ။

ယနေ့မေလ ၁၇ ရက်နေ့သည်ကား သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် နေ့ဖြစ်သည့်အပြင် ဗုဒ္ဓဘာသာ ၀င်မြန်မာလူမျိုးတို့၏ ဘာသာရေးအထွဋ်အမြတ်နေ့ထူးနေ့မြတ်တစ်ခုဖြစ်သော ကဆုန်လပြည့်နေ့လည်း ဖြစ်သည်။

သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်ကျအကျဉ်းသားများသည် တစ်သက်တစ်ကျွန်းထောင်ဒဏ်

သို့ပြောင်းလဲလျှော့ပေါ့သက်သာခွင့်ရရှိမည်ဖြစ်ပြီး ထောင်ဒဏ်ကျခံနေရသော အကျဉ်းသားများအားလုံး သည် ထောင်ဒဏ်တစ်နှစ်လျှော့ပေါ့သက်သာခွင့်ရရှိမည်ဖြစ်သည်။

“ဘေးဖယ်ကြဗျာ၊ လမ်းလုပ်ပေးထားပါ။ ကားဝင်ဖို့လမ်းလုပ်ပေးထားပါ။ နောက်နည်းနည်းဆုတ်ပေးကြပါ” ဆိုသော အသံက အကျဉ်းဦးစီးဌာန၀န်ထမ်းအချို့ဆီမှ စူးရှစွာထွက်ပေါ်လာသည်။ အချိန်ကာလကြာမြင့် လာသည်နှင့်အမျှ စောင့်ဆိုင်းစုဝေးလာသော လူအုပ်ကလည်းများပြားလာပြီး အင်းစိန်ထောင်ရှေ့တွင် ကြက်ပျံမကျစည်ကားလွန်းလှသည်။

သမီးရယ်၊ အမေမူးလိုက်တာ” ဟူသော အသံက တစ်ကိုယ်လုံးချွေးများစိုစွတ်နေသော အသက် ၇၀ ကျော် အရွယ် အမယ်အိုတစ်ဦးထံမှ ထွက်ပေါ်လာသော အသံဖြစ်သည်။ အမယ်အို၏ မြေးဖြစ်ဟန်တူသော အသက် ၂၀ ကျော်အရွယ် မိန်းကလေးငယ်က အမယ်အိုကို ရေသန့်ဘူးလေးကမ်းပေးရင်း သူ၏ အရောင် လွင့်ညစ်ထေနေသော လက်ကိုင်ပ၀ါနှင့်ယပ်ခပ်ပေးကာ အမယ်အို၏ မောဟိုက်နွမ်းနေသော ဝေဒနာကို ဖြေသိမ့်ပေးနေသည်။

“အမေ့သားက နှစ်လုံးထီကော်မရှင်ရောင်းရင်းအဖမ်းခံရပြီး ထောင်ကျသွားတာ။ ၂၀၀၉ ကတည်းကကျ သွားတာ လွတ်ဖို့ခြောက်လလောက်လိုသေးတယ်။ အဲဒါလွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါနိုင်တယ်ဆိုလို့လာ စောင့်နေတာ” ဟု မောဟိုက်နေသည့်ကြားမှ အမယ်အိုက ထောင်ဒဏ်ကျခံနေရသောသူ၏ အသက် ၄၀ ကျော်အရွယ်သားအကြောင်း ဖြည်းညှင်းစွာ ရှင်းပြသည်။ အင်းစိန်ထောင်ရှေ့ရှိ လူများအားလုံးအပူရှိန် ကြောင့် ချွေးတစ်လုံးလုံးဖြစ်နေကြေသော်လည်း သူတို့ချစ်ခင်လှစွာသော သား၊ သမီး၊ မောင်နှမဆွေမျိုး သားချင်းများကို တွေ့မြင်လိုစိတ်ကသာ ကြီးစိုးနေပုံရပြီး ပူပြင်းသော နေရောင်ကို အေးမြသောလရောင် အလား သဘောထားကာ အပြုံးမပျက်ဆက်လက်ရင်ဆိုင်နေကြသည်။

ရန်ကုန်အင်းစိန်ထောင်ဝင်ပေါက်မှတစ်ဆင့် ထောင်တွင်းသို့ သတင်းရယူရန် ပြည်တွင်းပြည်ပသတင်း ထောက်များက ကြိုးစားနေကြသည်။

“ဘယ်ကလဲ။နေပါဦးဗျာ။ခဏလေးပါ။ သတင်းပို့ပြီးမှ ၀င်လို့ရမယ်။တစ်ဦးချင်းဝင်ရမယ်” ဟု အကျဉ်းဦးစီး ဌာန၀င်ပေါက်ဂိတ်မှ တာဝန်ကျအရာရှိတစ်ဦးက စိတ်မရှည်ဟန်နှင့်စကားပြောစက်ကိုင်ရင်း အော်ဟစ်ပြော ဆိုနေသည်။အဆိုပါအရာရှိဘေးတွင်ချထားသော အဖြူရောင်ကြိုးဖုန်းကလည်း“ကလင်” “ကလင်” ဆို သောအသံဖြင့် အဆက်မပြတ်အော်မြည်နေသည်။

မနက် ၉ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်တွင် ပြည်တွင်းပြည်ပသတင်းသမားအားလုံးတစ်သုတ်ပြီးတစ်သုတ် အင်းစိန်းဗဟိုအကျဉ်းထောင်တွင်းသို့ ၀င်ရောင်ခွင့်ရရှိသွားကြသည်။

လူအများစုမလာရောက်ချင်ကြသော နေရာဖြစ်သော်လည်း သတင်းထောက်များအတွက်မူ အင်းစိန် အကျဉ်းထောင်သွားရာလမ်းတလျှောက်စိတ်ဝင်စားစရာများပြည့်နှက်နေသည်ဟု ပြည်တွင်းသတင်း ထောက်တစ်ဦးက အင်းစိန်ထောင်ဝင်လမ်းမကြီးတွင် လမ်းလျှောက်ရင်းပြောဆိုသည်။

မနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အနီရောင်ပလတ်စတစ်ခုံများ စီရီစွာချထားသော အဆောက်အအုံကြီး တစ်ခုထဲသို့ ရောက်ရှိသွားသည်။ အမျိုးသားများက လယ်ယာဘက်ခြမ်း၊ အမျိုးသမီးများက လက်ဝဲဘက် ခြမ်းတွင်ထိုင်နေကြပြီး သူတို့အားလုံး၏မျက်နှာတွင် ညှိုးငယ်မှု၊သိမ်ငယ်မှုများကို အထင်းသားတွေ့မြင် ရသည်။ သူတို့ကား လွတ်ငြိမ်းချမ်းသာခွင့်အရ မကြာမီထောင်မှ ပြန်လည်လွတ်မြောက်တော့မည့် ပြစ်ဒဏ် ကျအကျဉ်းသားများပင်ဖြစ်တော့သည်။

ခိုးမှု၊ လောင်းကစားမှု၊ ညပိုင်းမှောင်ရိပ်ခိုမသင်္ကာမှု၊ ခါးပိုက်နှိုက်မှု၊. အပြင်းအထန်နာကျင်စေမှုအပါအ၀င် မှုခင်းပေါင်းစုံကျူးလွန်ခဲ့ကြရင်း တရာဥပဒေ၏ထိန်းကွပ်မှုအောက်ဝယ် ပေးအဆပ်ပြုပြင်ခဲ့ကြသော သူတို့ မကြာခင် လွတ်မြောက်ကြတော့မည်။ လွတ်မြောက်တော့မည်သူတို့ထဲတွင် အသက် ၁၇ နှစ်၊ ၁၈ နှစ် ငယ် ရွယ်သောလူငယ်များ၊ လသားအရွယ်ကလေးငယ်များ ချီပိုးထားသော မိခင်များ၊ မသန်စွမ်းများ၊ လူတန်းစား မျိုးစုံ၊ အလွှာမျိုးစုံပါဝင်နေသည်။

“ကျွန်မက မင်္ဂလာတောင်ညွှန့်မြို့နယ်ဘက်မှာ ကလေးလေးချီပြီးလိုက်အလှူခံနေတုန်း ရဲအဖမ်းခံရတယ်။ ရဲအက် ၄၁(ခ) နဲ့တရားစွဲခံရပြီး ထောင်တစ်လကျတယ်” ဟု ဆိုလိုက်သူက တောင်ဒဂုံမြို့နယ်မှ အသက် ၂၄ နှစ်အရွယ် မအေးအေးခိုင်ဆိုသူဖြစ်ပြီး သူ၏လက်ထဲရှိ ချစ်စဖွယ်ကလေးငယ်က သနပ်ခါးပါးကွက်ကြား နှင့်အရာရာကို စူးစမ်းလေ့လာနေသည်။

မနက်၁၀ နာရီအချိန်၊ အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဇော်ဝင်းရောက်ရှိလာပြီး အကျဉ်းသားများ အားလုံးနှင့်အကျဉ်းဦးစီးဌာနမှ ၀န်ထမ်းများအားလုံးမတ်တပ်ရပ်အရိုအသေပေးရသည်။

ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဝင်းက ယခင်လွတ်ငြိမ်းချမ်းသာခွင့်များပေးသည့်အချိန်အခါတိုင်းပြောကြားခဲ့ သောမိန့်ခွန်းများအတိုင်းပင် ထောင်မှ လွတ်သည့်နေ့သည် လူ့ဘ၀တွင် အပျော်ဆုံးသောနေ့ဖြစ်သည်ဆို သော ပြောကြားချက်အပါအ၀င် နိုင်ငံတော်၏စေတနာကို နားလည်ကြရန်၊ ထောင်တွင်းသို့နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိခြင်းမရှိအောင် ပြစ်မှုများမကျူးလွန်ရန်များကို အတိုချုံးမှာကြားသည်။

ဦးဇော်ဝင်းမိန့်ခွန်းပြောကြားရာ စင်မြင့်ထက်မှ ပြန်လည်ဆင်းလာချိန် သတင်းထောက်များက သူ့နားတွင် ၀ိုင်းအုံလာတော့သည်။

လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်လွှတ်ပေးမည်၊ သေဒဏ်ကျအကျဉ်းသား ၃၄၈ ဦး ထောင်ဒဏ်တစ်သက်သို့ပြစ်ဒဏ်လျှော့ပေါ့လိုက်သည်၊ သေဒဏ်ကျဦးနေ၀င်း၏သားသမက်နှင့်မြေးများ ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ပြောင်းလဲသွားပြီ၊ နေအိမ်အကျယ်ချုပ်ရှိနေသာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့် လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်၊ စသည့် သတင်းထောက်များစွာ၏ မေးခွန်းများကို ဦးဇော်ဝင်းက ပြန်လည်ဖြေကြားနေသည်။

မနက် ၁၁ နာရီကျော် အင်းစိန်ထောင်ဝရှိ အနက်ရောင်သံတခါးကြီးကို ဆွဲဖွင့်လိုက်သည်နှင့် “ဟေး”ဆို သော လူအုပ်ကြီး၏အော်ဟစ်သံက ဆူညံသွားတော့သည်။ အမျိုးသမီးအကျဉ်းသားများကို ပထမဆုံး အကြိမ်လွတ်ပေးလိုက်ပြီ။

“သမီးလေး၊ သမီးလေး” “မမ” ဆိုသော အသံများ၊ ငိုသံများ၊ ၀မ်းသာဝမ်းနည်းမချိတင်ကဲ အော်ဟစ်သံများ ယာဉ်ထိန်းရဲများ၏ခရာမှုတ်သံများ အသံပေါင်းစုံက အင်းစိန်ထောင်ပတ်ဝန်းကျင်တခုလုံးကို ဖုံးလွှမ်းသွား သည်။

အင်းစိန်ထောင်ရှေ့တွင် နေကပူနေဆဲ။ ညနေ ၃ နာရီကျော်သည်အထိ အင်းစိန်ထောင်ရှေ့တွင် လူစု မကွဲသေး။

အင်းစိန်ထောင်ရှေ့မလာရောက်နိုင်သော်လည်း မိမိတို့၏ ချစ်ခင်ရသော အဖေ၊ အမေ၊ သား၊ သမီး၊ လင်သား၊ မယား၊ ညီအစ်ကို၊ မောင်နှမ ဆွေမျိုးသားချင်း၊ သူငယ်ချင်းများ၏အိမ်ပြန်ချိန်ကို ပူဆွေးမျှော် လင့်နေသူများရှိနေပါသည်။

အိမ်ပြန်တံခါးခေါက်လာမည့် နှစ်ထောင်ကျော်တို့၏ မိသားစုဝင်များက တံခါးခေါက်သံကို မ၀ံ့မရဲနားစွင့် နေကြဆဲ.................

(အရောင်အသွေးမပါသော်လည်း စာပေစိစစ်ရေးဖြုတ်ပယ်ခြင်းခံရမှုအတွက် အလွန်ဝမ်းနည်းရပါကြောင်း)

Friday, May 20, 2011

0 စာရိတ္တ သတ္တိ(ဆရာ အောင်သင်း)


ရေးထားတဲ့ ဥပဒေက ဖျက်လို့ ရတယ် ရေးမထားတဲ့ ဥပဒေက ဖျက်လို့ မရဘူး (ဆရာ အောင်သင်း)

0 မလေးရောက်မြန်မာတွေကို သာဓုအနုမောဒနာခေါ်စေချင်လို့ပါ


(မလေးရှားနိုင်ငံရှိမြန်မာလူမှုထောက်ကူအဖွဲ့)မှ မြန်မာကျပ်ငွေသုံးသိန်း (၃၀၀၀၀၀)အား18.5.2011..နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ကိုကျော်သူ (နာရေးကူညီမှုအသင်း)၏ သုခ (ကုသိုလ်ဖြစ် )ဆေးရုံအား လှုဒါန်းလိုက်ပြီး ဖြစ်ပါသည်။ ထိုအဖွဲ့အား အိုးဝေသတင်းဂျာနယ်အယ်ဒီတာ ကိုစစ်ကိုနိုင်၏ဦးဆောင်မှုဖြင့် ၁၂.၃.၂၀၁၁.စနေနေ့တွင် ကွာလမ်လာပူမြို့ရှိ မြန်မာစားသောက်ဆိုင်တဆိုင်တွင် စိတ်ဝင်စားသူလူငယ်များပါဝင်ပြီး စတင်ဖွဲ့စည်းခဲ့ပါသည်။ အဖွဲ့ဝင်လူငယ်များမှ တလလျှင်အနည်းဆုံးထည့်ဝင်ငွေ မလေးရင်းဂစ် ၆၀ နှုန်းဖြင့်လှူဒါန်းသွားရန်ဆုံးဖြတ်ခဲ့ပါသည်။ မြန်မာပြည်ရှိ အောက်ပါနေရာဋ္ဌာနများသို့ ပေးပို့လှူဒန်းသွားရန် အဖွဲ့မှဆုံးဖြတ်ထားပါသည်။

(၁) ကိုကျော်သူဦးဆောင်သည့် (နာရေးကူညီမှု့အသင်း) ၏ သုခ (ကုသိုလ်ဖြစ်) ဆေးရုံ…

(၂) မဖြူဖြူသင်းဦးဆောင်သည့်(NLD)လူမှုထောက်ကူအဖွဲ့မှ စောင့်ရှောက်ထားသော HIV/AIDS ဝေဒနာရှင်များ…

(၃) (NLD) ဦးဆောင်သည့် နိုင်ငံရေးအကျဉ်းသားများအားကူညီထောက်ပံ့ပေးရေး...စသည်တို့အား လစဉ်ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်..

ဆက်သွယ်လှုဒါန်းနိုင်မည့် လူပုဂ္ဂိုလ်များ၏အမည်နှင့် ဖုန်းနံပါတ်များအားလည်း မလေးရှားနိုင်ငံတွင် ၂ ပတ်တကြိမ်ထုတ် ဝေဖြန့်ချိလျှက်ရှိသည့် အိုးဝေသတင်းဂျာနယ်တွင် ထည့်သွင်းဖေါ်ပြထားပါသည်။ ကျနော်တို့၏ မလေးရှားနိုင်ငံရှိမြန်မာလူမှုထောက်ကူအဖွဲ့) မှ BURMA SOLDIER Documentary Film..ဘားမားဆိုးဂျာမှတ်တမ်း ရုပ်ရှင်ကား ဒီဗွီဒီအခွေဖြန့်ချိရောင်းချရာမှရရှိသည့် အမြတ်အစွန်းများအားလည်း အထက်ဖေါ်ပြပါမြန်မာပြည်ရှိ အဖွဲ့အစည်းသုံးခုအား အလှည့်ကျစံနစ်ဖြင့်လစဉ်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းလေးစားစွာဖြင့် သတင်းပေးပို့အပ်ပါသည်ခင်ဗျား...

စစ်ကိုနိုင်..

အိုးဝေသတင်းဂျာနယ်နှင့် မလေးရှားလူမှု့ထောက်ကူရေးအဖွဲ့

အီးမေးလ်...philosophermgmyathar@gmail.com ph..+60389336641.

................professordrsakephur@gmail.com hotline..016 6319069, 0102004493, 016 6300796

................naymintun.com @gmail.com



ko myo myit (Facebook)

0 နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကိုလွှတ်ပေးဖို့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း


Aung San Suu Kyi Urges Burmese Regime To Release... NTDTV

Thursday, May 19, 2011

0 သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် ပေးသည် ဆိုသော်လည်း

အကျဉ်းချခံနေရသူများအား “လွတ်ငြိမ်းချမ်းသာခွင့်” ပေးသည် ဆိုသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဆောင်ရွက်ချက်မှာ လွတ်ငြိမ်းချမ်းခွင့် အစစ်အမှန် မဟုတ်ပဲ ပြည်တွင်းပြည်ပ ဖိအားများကြောင့် မဖြစ်မနေ လုပ်ပေးရသည့် “လျှော့ရက် စတိ” မျှသာ ဖြစ်နေသည်ကို တွေ့ရသည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသား ပြည်သူများအပေါ် အမှန်တကယ် ထားရှိအပ်သည့် စေတနာ မပါမှန်း၊ မြန်မာ့နိုင်ငံရေး တိုးတက် ပြောင်းလဲမှုအတွက် အထောက်အကူ မပြုမှန်း၊ ပြည်သူတို့အတွက် လူ့အခွင့်အရေး အာမခံချက် မရှိမှန်း ဆက်လက် သိသာနေဆဲ ဖြစ်သည်ကိုလည်း တွေ့ရပြန်သည်။

သို့သော် သေဒဏ် အမိန့်ချမှတ်ခံရသူများအတွက် တသက်တကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲခွင့်ပြုခြင်းကိုမူ အပြုအမူကောင်းတရပ်အဖြစ် သတ်မှတ်နိုင်ပါသည်။

တိုင်းပြည်နှင့် ပြည်သူတို့၏ ကောင်းရာကောင်းကျိုးအတွက် နိုင်ငံသမတတို့က အကျဉ်းကျနေသူများအား လွတ်ငြိမ်းချမ်းသာခွင့် (amnesty) နှင့် အပြစ်မှ ခွင့်လွှတ်ခြင်း (pardon) ပြုလေ့ရှိကြသည်။ ဗီယက်နမ်စစ်ပွဲအတွင်း စစ်မှုထမ်းဆောင်ရန် ငြင်းဆန်မှုကြောင့် အကျဉ်းချခံရသူ တသောင်းကျော်ကို အမေရိကန်သမတများ ဖြစ်ခဲ့ကြသော ဂျရယ်ဖို့ဒ်နှင့် ဂျင်မီကာတာတို့က လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ဖူးသည်။ ပြည်ထောင်စုအခွန် မပေးဆောင်ရေး ဆန့်ကျင်ခဲ့ကြသူ ဝီစကီ တော်လှန်ရေး (Whiskey Rebellion) သူပုန်အားလုံးကို အမေရိကန်သမတ ဂျော့ဝါရှင်တန်က လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ဖူးသည်။ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ပြည်သူတို့၏ စာရေးသားတောင်းဆိုမှုများကြောင့် အမေရိကန်သမတ ဖရန်ကလင် ရုစ်ဘဲ့က အကျဉ်းသား လေးထောင်နီးပါးအား အပြစ်မှ ခွင့်လွှတ်ခဲ့ဖူးသည်။

ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းနေသူများအား ပြစ်ဒဏ်ပေးသည့်အနေဖြင့် ကန့်သတ်ချုပ်ချယ် အကျဉ်းချထားခြင်းသည် နိုင်ငံအကြီးအကဲ၊ နိုင်ငံတော်သမတ တဦး၏ မည်သည့်အခါမျှ မှန်ကန်သောလုပ်ရပ် မဖြစ်ပါ။ အဆိုပါ နိုင်ငံ၏ တရားစီရင်ရေးစနစ်နှင့် တရားဥပဒေများက မှားယွင်းလျက်ရှိနေကြောင်းကိုပင် ထပ်မံ သက်သေပြရာ ရောက်သွားသည်။

ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူများ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်ရန်အတွက် (အစိုးရနှင့် ပြည်သူတို့၏) အလေ့အကျင့်မျှသာ ဖြစ်သည်။ သို့ဖြစ်ရာ သမတအနေဖြင့် ဒီမိုကရေစီအရေး ကြိုးပမ်းနေသူများအား အထူး စိုးရိမ် ကြောက်လန့်နေစရာ၊ ရန်ငြိုးထား ချုပ်ချယ် အကျဉ်းချထားစရာ မလိုပါ။ ဒီမိုကရေစီ ရရှိရေး ထောက်ခံအားပေး ကြိုးပမ်းနေသူများသည် ဒီမိုကရေစီ အလေ့အကျင့်များကိုသာ အခြေခံ၍ ကြိုးပမ်းနေခြင်း ဖြစ်သောကြောင့် မည်သည့်ဥပဒေနှင့်မျှ တိုင်းတာ ကန့်သတ် ချုပ်ချယ်၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီနိုင်ငံ အစစ်အမှန် ဖြစ်သည်ဆိုလျှင် နိုင်ငံ၏ ဥပဒေနှင့် တရားစီရင်ထုံးများသည် ဒီမိုကရေစီ အလေ့အကျင့်များကို လိုလိုလားလား ခွင့်ပြုထားရပေလိမ့်မည်။

သမတ ဦးသိန်းစိန်အနေဖြင့် ဒီမိုကရေစီ နိုင်ငံတော်ကို အမှန်တကယ် ဦးဆောင် တည်ဆောက်လိုလျှင် ဦးစွာအားဖြင့် ဒီမိုကရေစီ ရရှိရေး ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများအား လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝ ပေးကိုပေးရမည် ဖြစ်သည်။ လက်ရှိ တရားစီရင်ရေးစနစ်နှင့် တရားဥပဒေများကို ပြန်လည်စိစစ်ကာ ဒီမိုကရေစီရှုထောင့်မှနေ၍ ပြုပြင်သင့်သမျှ ပြုပြင်နိုင်ရေးကို အားထုတ်သင့်သည်။ ပြုပြင်ပြီးသည့်အတိုင်း လက်ရှိအုပ်ချုပ်ရေး ယန္တယားဘက်မှလည်း တိကျစွာ လိုက်နာကျင့်သုံးနိုင်ရေးကို စီမံခန့်ခွဲထားသင့်သည်။

ဒီမိုကရေစီ နိုင်ငံတော်ကို တဦးတည်းက ဦးဆောင်နိုင်သော်လည်း တဦးတည်းဖြင့် တည်ဆောက်၍ မရနိုင်ပါ။ ယုံကြည်ချက် ရှိသူ၊ အရည်အချင်းရှိသူများနှင့်အတူ လက်တွဲ ကြိုးပမ်းရမည်သာ ဖြစ်သည်။ တချိန်တည်းမှာပင် သမတအနေဖြင့် ပြည်သူတို့၏ ပံ့ပိုး ကူညီမှုနှင့် ထောက်ခံ အားပေးမှုများ လိုအပ်သည်။ ကိုယ်တိုင် အမြော်အမြင် ကြီးမားဖို့၊ သန္နိဌာန် ခိုင်မာဖို့၊ စိတ်ထားဖြူစင်ဖို့၊ ကျောသား-ရင်သား မခွဲခြားဖို့၊ လောဘ-ဒေါသ-မောဟ ကင်းစင်ဖို့လည်း လိုသည်။

သမတ အလုပ်သည် နိုင်ငံရေး အလုပ်တခုဖြစ်သည်။ နိုင်ငံရေးတွင် ရန်ငြိုး၊ ဒေါသနှင့် အကြောက်တရားများ ပါရှိနေလျှင် မည်သည့်အခါမျှ အောင်မြင်နိုင်မည် မဟုတ်ပါ။ အောင်မြင်သည့်တိုင်အောင် လူထုမကြိုက်သော တဖက်စွန်းရောက် အာဏာရှင် အောင်မြင်မှုသာ ဖြစ်လာပေလိမ့်မည်။

နိုင်ငံတော်သမတ ဟု ဆိုလိုက်ကတည်းက သမိုင်းဝင် ပုဂ္ဂိုလ်မှန်း သိကြသည်သာ ဖြစ်သည်။ သမတအလုပ်တွင် ကောင်းကောင်းဆိုးဆိုး လုပ်သမျှ အသေးအဖွဲကအစ မှတ်တမ်းတင်ခံရမည်။ လူသိရှင်ကြား ထုတ်ဖော်ခံရမည်။ တရက်တလမျှသာ မဟုတ်ပဲ နှစ်ပေါင်းများစွာမက ရာစုနှစ်နှင့်ချီ၍ နာမည်ကောင်း (သို့) နာမည်ဆိုးဖြင့် သမိုင်းတွင်နေမည် ဖြစ်သည်။

အကောင်းအဆိုးကို ဆုံးဖြတ်ပေးသူမှာ ပြည်သူလူထုဖြစ်သည်။ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်တတ်သူ လူတဦးစ၊ နှစ်ဦးစက ချီးကျူး ထောပနာပြုခြင်းကို ခံယူရသည်ထက် ပြည်သူ သန်းပေါင်းများစွာတို့၏ ထောက်ခံသော လက်ခုပ်သံများကို ခံယူရခြင်းက နာမည်ကောင်းဖြင့် သမိုင်းတွင်သွားသည့် သမတအဖြစ် တိုင်းပြည်အကျိုး သယ်ပိုးရကျိုး နပ်ပေလိမ့်မည်။

လွင်အောင်စိုး
၁၉-၅-၂ဝ၁၁

Wednesday, May 18, 2011

0 ပြန်လည်လွတ်မြောက်လာသော အဆိုတော်ဇေယျာသော်ရဲ့ပြောဆိုချက်(ရုပ်/သံ)

0 မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာတပ်ပေါင်းစုအဖွဲ့ကြီး,၈၈မျိုးဆက်ကျောင်းသားများ,ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ထုတ်ပြန်ကြေငြာချက်

0 Aung San Suu Kyi in video appeal to Australia


Burmese democracy advocate Aung San Suu Kyi has urged Australian politicans to keep up the pressure for political reform in her country.

0 ဇေယျာသော် အယ်လ် ဘမ် -၁


ဇေယျာသော် ....
အနာဂတ်တောင်ပံခတ်သံတို့ရဲ့ စည်းချက်...။
မင်းရင်ဘတ်ထဲက သစ္စာအလင်းစက်ကို ငါမြင်တယ် ...
မင်းရင်ဘတ်ထဲက လမ်းပြကွန်းပက်စ် ကို ငါမြင်တယ်....
ကောင်းကင်နှစ်ထပ်နဲ့ အမြဲလင်းကျင်းလို့ .....
ဇေယျာသော်တို့ တစ်ခေတ် အညှောင့်ပေါက်ရှင်သန်ခဲ့တဲ့ ခုနှစ်...
မမေ့ဘူး ဇေယျာသော် ....။

ဟောဒီ ညှီစို့စို့ အမှောင်ထဲ ...
မင်းအမြဲ လဲ့ပြာတောက်ပတယ် ဇေယျာသော်...
မင်းနှလုံးသားရဲ့ ဇာတိမြို့ဟာ .၀ိမုတ္တိ.ဆိုတာ
ကိုယ်တိုင်ဖွင့်ြ့ပ ကမ္ဘာဆန်ခဲ့ရပြီ ဇေယျာသော်...
အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ထက်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့
ပြသွားတဲ့ သက်သေ ...
လရောင်ကတောင်ညွတ်ကျ အလေးပြုရပြီ ဇေယျာသော် ....
မင်း ဟစ်ဟော့ပ် စာသားထဲက ကျောက်ထွင်းအက္ခရာ
တာရာမင်းဝေမသိပေမယ့်
မင်းအမြဲလင်းပတယ် ဇေယျာသော်...
ဟောဒီ ခုနှစ်ရက်သားသမီး ကမ္ဘာထဲ
မင်းယုံကြည်ချက်မိတ္တူတွေ
ရိုးသားစွာရဲရင့်ခဲ့ကြတဲ့ သကရာဇ်တွေ ...
မမေ့ဘူး ဇေယျာသော် .....။

သံသရာ အတွေ့ထူးပေစွ...
မင်းရဲ့ လောကတ္ထစရိယတွေ....
မမေ့ဘူး ဇေယျာသော်....
ကောင်းကင်နှစ်ထပ်နဲ့ အမြဲ လင်းကျင်းလို့
ဇေယျာသော်တို့ တစ်ခေတ်
အညှောင့်ပေါက်ရှင်သန်ခဲ့ကြပြီ......
နောက်က လာမယ့် အနာဂတ် ဟွန်းသံတွေအတွက်...... ။ ။

ကဗျာပေးပို့သူ။ ။ KHIT NAY

Tuesday, May 17, 2011

0 အင်းစိန်ထောင်ရှေ့ မြင်ကွင်းများ (ရုပ်/သံ)

0 နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် မပေးဘဲ လွတ်ရက်စေ့ခါနီးအကျဉ်းသားများသာဒီကနေ့လွတ်(ဓာတ်ပုံသတင်း)


Photo/ AP

ယနေ့ နိုင်ငံတ၀န်းလွတ်မြောက် လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကျော် ပါဝင်ပါတယ်။ ဒေါပုံမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တာဝန်ခံ ၃ ကိုညီညီအောင်၊တနင်္သာရီတိုင်း ကော့သောင်းမြို့အကျဉ်းထောင်မှ ဟစ်ဟော့အဆိုတော်ဇေယျသော်၊ မမိမိလေး (အင်းစိန်ထောင်)၊ နော်အုန်းလှ၊ ကိုမြသန်းထိုက် (တောင်ငူထောင်) ၊ ဗကသ ကိုရဲမင်းဦး (မြင်းခြံထောင်) ကိုဇင်လင်းအောင် (ပေါင်းတည်ထောင်) ကိုသိန်းဆွေ (မိုင်းဆတ်ထောင်) မသန္တာ၊ထက်ထက်ဦးဝေ ၊ မမြမြသိန်း (ပူတာအိုထောင်)၊ ကိုစိုင်းမင်းသိမ်း (ခန္တီးထောင်) တို့ဖြစ်ပါတယ်
သတင်းရင်းမြစ် ဒီဗီဘီ

ပြန်လွတ်လာကြတဲ့ နိုင်ငံရေး အကျဉ်းသား လက်ရှိစာရင်း

၁ မသန္တာ
၂ ထက်ထက်ဦးဝေ
၃ မြမြသိန်း ပူတာအို
၎ စိုင်းမင်းသိမ်း ခန္တီးထောင်
၅ ချိုချိုလွင် ပြည်ထောင်
၆ ကိုအေးလွင် ပြည်ထောင်
၇ မျိုးသန့် မြင်းခြံ
၈ ရဲမင်းဦး မြင်းခြံ
၉ ညီညီအောင် အင်းစိန်ထောင်
၁၀ မီးမီးလေး အင်းစိန်ထောင်
၁၁ မာမာအေး ပေါင်းတည်
၁၂ ဇင်လင်းအောင် ပေါင်းတည်
၁၃ ကျော်ဆန်း မိုင်းဆတ်ထောင်
၁၄ မချို
၁၅ စိန်လှိုင်
၁၆ ရွှေဂျိုး
၁၇ ကိုထွေးသိန်း အင်းစိန်ထောင်
၁၈ မြသန်းထိုက် တောင်ငူ
၁၉ ဇေယျာသော်
၂၀ နော်အုန်းလှ တောင်ငူထောင်
၂၁ ဦးကျော်ဆန်း(အမတ်)
၂၂ အောင်အောင်ဦး
၂၃ မြင့်ထွန်း
၂၄ ကျော်ဝင်းထွဋ်
၂၅ ညီညီစံ(ခ)စန္ဒာဒိက
၂၆ မြင့်စိုး
၂၇ ၀င်းမြင့်
၂၈ သိန်းရွှေ
၂၉ ရဲထွဋ်ခေါင်
၃၀ မြတ်ဆန်းထူး
၃၁ ဦးငွေစိုး ရမည်းသင်း
၃၂ ကျော်ညွန့် ခန္တီးထောင်
၃၃ အေးမြင့် သရက်
၃၄ ထွန်းထွန်းနိုင် ဗန်းမော်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.