Saturday, May 21, 2011

0 သံတိုင်များ၏နောက်ကွယ်က တံခါးခေါက်သံနှစ်ထောင်( စာပေစိစစ်ရေးဖြုတ်ပယ်လိုက်သော ဆောင်းပါးတပုဒ်)


မနက် ၈ နာရီကျော်အချိန်ခန့်သာရှိသေးသော်လည်း တောက်ပပူပြင်းသော နေရောင်၏အရှိန်ကြောင့် ပတ်ဝန်းကျင်တခုလုံး အိုက်စပ်စပ်ဖြစ်နေသည်။ ထိုအချိန်ရာချီရှိသော လူအုပ်ကြီးက နေရောင်ခြည်၏အပူ ဒဏ်ကို ဂရုမပြုနိုင်ဘဲ သံတိုင်များစီခြယ်ထားသော အနက်ရောင် သံတခါးကြီး၏နောက်ကွယ်သို့လှမ်းမျှော် ကြည့်ပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြသည်။

သူတို့မျက်လုံးများက သံတံခါးကြီး၏နောက်ကွယ်သို့သာ စုပြုံကျရောက်နေပြီး ဗီဒီယိုကင်မရာ၊ ဒီဂျစ်တယ်ကင်မရာများကို ကိုင်ဆောင်ထားသော လူအချို့ကိုလည်း နေရာတိုင်းတွင်တွေ့မြင်နေရသည်။ မေလ ၁၆ ရက်နေ့ သမ္မတဦးသိန်းစိန်ထုတ်ပြန်လိုက်သော လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့ မေလ ၁၇ ရက်နေ့တွင် အကျဉ်းသားများကို လွှတ်ပေးမည်ဖြစ်ရာ မိမိတို့၏ ချစ်ခင်လှစွာသော ဆွေမျိုးသားချင်း ပါဝင်လေမည်လားဆိုသည့်အတွေးများနှင့် မိသားစုပေါင်းမြောက်မြားစွာ ရန်ကုန်အင်းစိန်ထောင်ရှေ့ လာရောက်စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး ပြည်တွင်း ပြည်ပသတင်းထောက်များအားလုံးကလည်း သတင်းယူရန်ရောက်ရှိနေကြပြီ။

ယနေ့မေလ ၁၇ ရက်နေ့သည်ကား သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် နေ့ဖြစ်သည့်အပြင် ဗုဒ္ဓဘာသာ ၀င်မြန်မာလူမျိုးတို့၏ ဘာသာရေးအထွဋ်အမြတ်နေ့ထူးနေ့မြတ်တစ်ခုဖြစ်သော ကဆုန်လပြည့်နေ့လည်း ဖြစ်သည်။

သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်ကျအကျဉ်းသားများသည် တစ်သက်တစ်ကျွန်းထောင်ဒဏ်

သို့ပြောင်းလဲလျှော့ပေါ့သက်သာခွင့်ရရှိမည်ဖြစ်ပြီး ထောင်ဒဏ်ကျခံနေရသော အကျဉ်းသားများအားလုံး သည် ထောင်ဒဏ်တစ်နှစ်လျှော့ပေါ့သက်သာခွင့်ရရှိမည်ဖြစ်သည်။

“ဘေးဖယ်ကြဗျာ၊ လမ်းလုပ်ပေးထားပါ။ ကားဝင်ဖို့လမ်းလုပ်ပေးထားပါ။ နောက်နည်းနည်းဆုတ်ပေးကြပါ” ဆိုသော အသံက အကျဉ်းဦးစီးဌာန၀န်ထမ်းအချို့ဆီမှ စူးရှစွာထွက်ပေါ်လာသည်။ အချိန်ကာလကြာမြင့် လာသည်နှင့်အမျှ စောင့်ဆိုင်းစုဝေးလာသော လူအုပ်ကလည်းများပြားလာပြီး အင်းစိန်ထောင်ရှေ့တွင် ကြက်ပျံမကျစည်ကားလွန်းလှသည်။

သမီးရယ်၊ အမေမူးလိုက်တာ” ဟူသော အသံက တစ်ကိုယ်လုံးချွေးများစိုစွတ်နေသော အသက် ၇၀ ကျော် အရွယ် အမယ်အိုတစ်ဦးထံမှ ထွက်ပေါ်လာသော အသံဖြစ်သည်။ အမယ်အို၏ မြေးဖြစ်ဟန်တူသော အသက် ၂၀ ကျော်အရွယ် မိန်းကလေးငယ်က အမယ်အိုကို ရေသန့်ဘူးလေးကမ်းပေးရင်း သူ၏ အရောင် လွင့်ညစ်ထေနေသော လက်ကိုင်ပ၀ါနှင့်ယပ်ခပ်ပေးကာ အမယ်အို၏ မောဟိုက်နွမ်းနေသော ဝေဒနာကို ဖြေသိမ့်ပေးနေသည်။

“အမေ့သားက နှစ်လုံးထီကော်မရှင်ရောင်းရင်းအဖမ်းခံရပြီး ထောင်ကျသွားတာ။ ၂၀၀၉ ကတည်းကကျ သွားတာ လွတ်ဖို့ခြောက်လလောက်လိုသေးတယ်။ အဲဒါလွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါနိုင်တယ်ဆိုလို့လာ စောင့်နေတာ” ဟု မောဟိုက်နေသည့်ကြားမှ အမယ်အိုက ထောင်ဒဏ်ကျခံနေရသောသူ၏ အသက် ၄၀ ကျော်အရွယ်သားအကြောင်း ဖြည်းညှင်းစွာ ရှင်းပြသည်။ အင်းစိန်ထောင်ရှေ့ရှိ လူများအားလုံးအပူရှိန် ကြောင့် ချွေးတစ်လုံးလုံးဖြစ်နေကြေသော်လည်း သူတို့ချစ်ခင်လှစွာသော သား၊ သမီး၊ မောင်နှမဆွေမျိုး သားချင်းများကို တွေ့မြင်လိုစိတ်ကသာ ကြီးစိုးနေပုံရပြီး ပူပြင်းသော နေရောင်ကို အေးမြသောလရောင် အလား သဘောထားကာ အပြုံးမပျက်ဆက်လက်ရင်ဆိုင်နေကြသည်။

ရန်ကုန်အင်းစိန်ထောင်ဝင်ပေါက်မှတစ်ဆင့် ထောင်တွင်းသို့ သတင်းရယူရန် ပြည်တွင်းပြည်ပသတင်း ထောက်များက ကြိုးစားနေကြသည်။

“ဘယ်ကလဲ။နေပါဦးဗျာ။ခဏလေးပါ။ သတင်းပို့ပြီးမှ ၀င်လို့ရမယ်။တစ်ဦးချင်းဝင်ရမယ်” ဟု အကျဉ်းဦးစီး ဌာန၀င်ပေါက်ဂိတ်မှ တာဝန်ကျအရာရှိတစ်ဦးက စိတ်မရှည်ဟန်နှင့်စကားပြောစက်ကိုင်ရင်း အော်ဟစ်ပြော ဆိုနေသည်။အဆိုပါအရာရှိဘေးတွင်ချထားသော အဖြူရောင်ကြိုးဖုန်းကလည်း“ကလင်” “ကလင်” ဆို သောအသံဖြင့် အဆက်မပြတ်အော်မြည်နေသည်။

မနက် ၉ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်တွင် ပြည်တွင်းပြည်ပသတင်းသမားအားလုံးတစ်သုတ်ပြီးတစ်သုတ် အင်းစိန်းဗဟိုအကျဉ်းထောင်တွင်းသို့ ၀င်ရောင်ခွင့်ရရှိသွားကြသည်။

လူအများစုမလာရောက်ချင်ကြသော နေရာဖြစ်သော်လည်း သတင်းထောက်များအတွက်မူ အင်းစိန် အကျဉ်းထောင်သွားရာလမ်းတလျှောက်စိတ်ဝင်စားစရာများပြည့်နှက်နေသည်ဟု ပြည်တွင်းသတင်း ထောက်တစ်ဦးက အင်းစိန်ထောင်ဝင်လမ်းမကြီးတွင် လမ်းလျှောက်ရင်းပြောဆိုသည်။

မနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အနီရောင်ပလတ်စတစ်ခုံများ စီရီစွာချထားသော အဆောက်အအုံကြီး တစ်ခုထဲသို့ ရောက်ရှိသွားသည်။ အမျိုးသားများက လယ်ယာဘက်ခြမ်း၊ အမျိုးသမီးများက လက်ဝဲဘက် ခြမ်းတွင်ထိုင်နေကြပြီး သူတို့အားလုံး၏မျက်နှာတွင် ညှိုးငယ်မှု၊သိမ်ငယ်မှုများကို အထင်းသားတွေ့မြင် ရသည်။ သူတို့ကား လွတ်ငြိမ်းချမ်းသာခွင့်အရ မကြာမီထောင်မှ ပြန်လည်လွတ်မြောက်တော့မည့် ပြစ်ဒဏ် ကျအကျဉ်းသားများပင်ဖြစ်တော့သည်။

ခိုးမှု၊ လောင်းကစားမှု၊ ညပိုင်းမှောင်ရိပ်ခိုမသင်္ကာမှု၊ ခါးပိုက်နှိုက်မှု၊. အပြင်းအထန်နာကျင်စေမှုအပါအ၀င် မှုခင်းပေါင်းစုံကျူးလွန်ခဲ့ကြရင်း တရာဥပဒေ၏ထိန်းကွပ်မှုအောက်ဝယ် ပေးအဆပ်ပြုပြင်ခဲ့ကြသော သူတို့ မကြာခင် လွတ်မြောက်ကြတော့မည်။ လွတ်မြောက်တော့မည်သူတို့ထဲတွင် အသက် ၁၇ နှစ်၊ ၁၈ နှစ် ငယ် ရွယ်သောလူငယ်များ၊ လသားအရွယ်ကလေးငယ်များ ချီပိုးထားသော မိခင်များ၊ မသန်စွမ်းများ၊ လူတန်းစား မျိုးစုံ၊ အလွှာမျိုးစုံပါဝင်နေသည်။

“ကျွန်မက မင်္ဂလာတောင်ညွှန့်မြို့နယ်ဘက်မှာ ကလေးလေးချီပြီးလိုက်အလှူခံနေတုန်း ရဲအဖမ်းခံရတယ်။ ရဲအက် ၄၁(ခ) နဲ့တရားစွဲခံရပြီး ထောင်တစ်လကျတယ်” ဟု ဆိုလိုက်သူက တောင်ဒဂုံမြို့နယ်မှ အသက် ၂၄ နှစ်အရွယ် မအေးအေးခိုင်ဆိုသူဖြစ်ပြီး သူ၏လက်ထဲရှိ ချစ်စဖွယ်ကလေးငယ်က သနပ်ခါးပါးကွက်ကြား နှင့်အရာရာကို စူးစမ်းလေ့လာနေသည်။

မနက်၁၀ နာရီအချိန်၊ အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဇော်ဝင်းရောက်ရှိလာပြီး အကျဉ်းသားများ အားလုံးနှင့်အကျဉ်းဦးစီးဌာနမှ ၀န်ထမ်းများအားလုံးမတ်တပ်ရပ်အရိုအသေပေးရသည်။

ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဝင်းက ယခင်လွတ်ငြိမ်းချမ်းသာခွင့်များပေးသည့်အချိန်အခါတိုင်းပြောကြားခဲ့ သောမိန့်ခွန်းများအတိုင်းပင် ထောင်မှ လွတ်သည့်နေ့သည် လူ့ဘ၀တွင် အပျော်ဆုံးသောနေ့ဖြစ်သည်ဆို သော ပြောကြားချက်အပါအ၀င် နိုင်ငံတော်၏စေတနာကို နားလည်ကြရန်၊ ထောင်တွင်းသို့နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိခြင်းမရှိအောင် ပြစ်မှုများမကျူးလွန်ရန်များကို အတိုချုံးမှာကြားသည်။

ဦးဇော်ဝင်းမိန့်ခွန်းပြောကြားရာ စင်မြင့်ထက်မှ ပြန်လည်ဆင်းလာချိန် သတင်းထောက်များက သူ့နားတွင် ၀ိုင်းအုံလာတော့သည်။

လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်လွှတ်ပေးမည်၊ သေဒဏ်ကျအကျဉ်းသား ၃၄၈ ဦး ထောင်ဒဏ်တစ်သက်သို့ပြစ်ဒဏ်လျှော့ပေါ့လိုက်သည်၊ သေဒဏ်ကျဦးနေ၀င်း၏သားသမက်နှင့်မြေးများ ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ပြောင်းလဲသွားပြီ၊ နေအိမ်အကျယ်ချုပ်ရှိနေသာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့် လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်၊ စသည့် သတင်းထောက်များစွာ၏ မေးခွန်းများကို ဦးဇော်ဝင်းက ပြန်လည်ဖြေကြားနေသည်။

မနက် ၁၁ နာရီကျော် အင်းစိန်ထောင်ဝရှိ အနက်ရောင်သံတခါးကြီးကို ဆွဲဖွင့်လိုက်သည်နှင့် “ဟေး”ဆို သော လူအုပ်ကြီး၏အော်ဟစ်သံက ဆူညံသွားတော့သည်။ အမျိုးသမီးအကျဉ်းသားများကို ပထမဆုံး အကြိမ်လွတ်ပေးလိုက်ပြီ။

“သမီးလေး၊ သမီးလေး” “မမ” ဆိုသော အသံများ၊ ငိုသံများ၊ ၀မ်းသာဝမ်းနည်းမချိတင်ကဲ အော်ဟစ်သံများ ယာဉ်ထိန်းရဲများ၏ခရာမှုတ်သံများ အသံပေါင်းစုံက အင်းစိန်ထောင်ပတ်ဝန်းကျင်တခုလုံးကို ဖုံးလွှမ်းသွား သည်။

အင်းစိန်ထောင်ရှေ့တွင် နေကပူနေဆဲ။ ညနေ ၃ နာရီကျော်သည်အထိ အင်းစိန်ထောင်ရှေ့တွင် လူစု မကွဲသေး။

အင်းစိန်ထောင်ရှေ့မလာရောက်နိုင်သော်လည်း မိမိတို့၏ ချစ်ခင်ရသော အဖေ၊ အမေ၊ သား၊ သမီး၊ လင်သား၊ မယား၊ ညီအစ်ကို၊ မောင်နှမ ဆွေမျိုးသားချင်း၊ သူငယ်ချင်းများ၏အိမ်ပြန်ချိန်ကို ပူဆွေးမျှော် လင့်နေသူများရှိနေပါသည်။

အိမ်ပြန်တံခါးခေါက်လာမည့် နှစ်ထောင်ကျော်တို့၏ မိသားစုဝင်များက တံခါးခေါက်သံကို မ၀ံ့မရဲနားစွင့် နေကြဆဲ.................

(အရောင်အသွေးမပါသော်လည်း စာပေစိစစ်ရေးဖြုတ်ပယ်ခြင်းခံရမှုအတွက် အလွန်ဝမ်းနည်းရပါကြောင်း)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.