Sunday, October 4, 2009

1 နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဂျပန်နိုင်ငံတိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ပြန်လွှတ်ပေးဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာအိုကားဒါးက မြန်မာစစ်အစိုးရကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

မဲခေါင်ဒေသ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနဲ့ သီးခြား တွေ့ဆုံစဉ်မှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးသင့်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောတဲ့အခါမှာ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ရွေးကောက်ပွဲမှာ ဘယ်သူမဆို ပါဝင်နိုင်တယ်လို့သာ ပြန်လည်ဖြေကြားပါတယ်။

ဆက်လက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အစိုးရအနေနဲ့  မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့ နည်းလမ်းရှာဖွေနေတာကို မြန်မာစစ်အစိုးရဘက်ကလည်း ပြန်လည်သင့်မြတ်ရေး လမ်းဖွင့်ပေးဖို့ တိုက်တွန်းပြောကြားပါတယ်။ ဒါ့အပြင် မြောက်ကိုးရီးယားနိုင်ငံကနေ ညူကလီးယား နည်းပညာကို မြန်မာစစ်အစိုးရ လွှဲပြောင်းယူဖို့ ဖြစ်နိုင်ခြေရှိတာနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးက စိုးရိမ်ကြောင်း ပြောကြားချက်ကို ဦးဥာဏ်ဝင်းက မြန်မာစစ်အစိုးရဟာ ညူကလီးယား နည်းပညာတွေကို ငြိမ်းချမ်းစွာ အသုံးချရေးအတွက် ရုရှားနိုင်ငံရဲ့ အကူအညီကို ရယူနေကြောင်းနဲ့ မြန်မာစစ်အစိုးရအနေနဲ့ ညူကလီယားလက်နက် ထုတ်လုပ်ဖို့ မရည်ရွယ်ပါဘူးလို့ ဖြေကြားခဲ့ပါတယ်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားပေမယ့်လည်း ကြေညာထားတဲ့အတိုင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ရှေ့နှစ်မှာ ပြုလုပ်မယ်လို့ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ကတိပေးလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆီရမ်ရီရပ်မြို့မှာ မဲခေါင်ဒေသ ဖွံ့ဖြိုးရေး အစည်းအဝေး တက်ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ဂျပန်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးခြားတွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိ၊မရှိဆိုတာ ရွေးကောက်ပွဲပြီးမှ သိနိုင်မှာဖြစ်ပြီး အခုချိန်မှာ ဘယ်သူမှ အကဲဖြတ်လို့ မရနိုင်ဘူးလို့လည်း ဆိုပါတယ်။

စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးက ဒီမိုကရေစီကို ပြည်ပကနေပြီး သတ်မှတ်လို့ မရနိုင်ဘူးလို့ ပြောခဲ့ကြောင်းလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။*RFA

1 comment:

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.