Saturday, October 10, 2009

0 ဒေါ်အောင်ဆန်းစုကြည်သတင်း ပြည်သူများ အထူးစိတ်ဝင်စား


NEJ /
နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များ တွေ့ဆုံခွင့်ရခြင်း၊ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်အား နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့သည့် သတင်းများကို ရန်ကုန်နှင့် မန္တလေးမြို့ခံများအပါအ၀င် ပြည်သူတို့က အလွန်စိတ်ဝင်တစားရှိနေကြပြီး ဝေဖန်သုံးသပ်ပြောဆိုနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၊ ဗြိတိန်နှင့်သြစတြေးလျ သံရုံးတို့မှ အကြီးအကဲများနှင့် ယနေ့တွေ့ဆုံခွင့်ရပြီး အောက်တိုဘာ (၃) ရက်နှင့် (၇) ရက်တို့တွင် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် စိမ်းလဲ့ကန်သာဧည့်ရိပ်သာတွင် တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံမှုများသည် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့တားမြစ်မှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စက်တင်ဘာ (၂၅) ရက်တွင် စာပေးပို့ခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါစာတွင် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်နေသည့် နိုင်ငံအစိုးရများ၏ သဘောထားကို သိရှိနားလည်ရန် လိုအပ်သောကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးတို့နှင့် ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခွင့်တောင်းထားသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များ တွေ့ဆုံမှုနှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တခုမှ အယ်ဒီတာတဦးက “ခုလိုတွေ့ခွင့်ရတာဟာ ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှူးကြီးဆီရေးတဲ့စာကို အလေးအနက် ထားလာတယ်လို့ မြင်ပါတယ်။ ပြီးတော့ နအဖမှာလည်း အပြောင်းအလဲကို ရှာလာရပြီလို့ထင်တယ်။ အရင်ကလို တဖက်သတ်တင်းခံနေလို့ မဖြစ်နိုင်တော့ဘူး။ ၂၀၁၀ မတိုင်ခင် သူတို့အတွက် ထွက်ပေါက်လဲရှာလာတယ်လို့မြင်တယ်။ အဓိက အမေရိကန်ရဲ့လက်ကမ်းလာမှုမှာ သူတို့ဘက်ကလည်း တခုခုပြန်လုပ်ပြရတော့မယ်လေ” ဟု ပြောသည်။

အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြောဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တဖက်၌လည်း ပိတ်ဆို့တားမြစ်မှုကို ဆက်လက်ထားရှိမည့် ပေါ်လစီသစ်တရပ်ကို စက်တင်ဘာ (၂၈) တွင် တရားဝင်ကြေညာခဲ့သည်။

“အဓိကလုပ်ပြလို့ကောင်းတာကတော့ ဒေါ်စုနဲ့မိမိတို့ ဆွေးနွေးပါတယ်ဆိုတာမျိုးက သံတမန်ရေးအရဆို အကောင်းဆုံး ပြကွက်ပဲလေ။ အဓိက ဒေါ်စုတင်ပြထားတာတွေပဲ လုပ်ပေးဖို့များမှာပါ။ နောက်ပြီး ဒေါ်စုနဲ့ ပါတီစီအီးစီတွေ တွေ့ဆုံခွင့်ရပြီး
အဖွဲ့ချုပ်ရဲ့ရှေ့မူဝါဒတွေ ဆွေးနွေးနိုင်မယ်ထင်ပါတယ်။ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး၊ အခြေခံဥပဒေကို မပြင်စေဘဲနဲ့ ၀င်ကြမလားပေါ့” ဟု အဆိုပါအယ်ဒီတာက ပြောသည်။

နအဖ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍လည်း ပြည်သူများက ပြည်ပရေဒီယို အသံလွှင့်ဌာနများမှ တဆင့်ကြားသိရသဖြင့် မည်သို့ဖြစ်လာနိုင်မည်ကို စိတ်ကူးတွေးတော ပြောဆိုနေကြကြောင်း ကျောက်တံတားမြို့နယ်မှ အငြိမ်းစားရဲအရာရှိတဦးက ပြောသည်။

၎င်းက “ကျနော်တို့ ပြည်တွင်းဂျာနယ်တွေကိုလည်း ဖတ်တယ်လေ။ ပြီးခဲ့တဲ့ ဆဲဗင်းဒေးသတင်းဂျာနယ်မှာ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့တယ်။ ကျနော်တို့က ဒေါ်စုလွတ်မြောက်ပြီး တိုင်းပြည်တခုခုပြောင်းလဲသွားမယ့် အခြေအနေကိုပဲ လိုလားနေတော့ သူ့ကို ဂျာနယ်မှာတွေ့လိုက်ရင်ပဲ အခုလိုတွေ့ဆုံမှုတွေကနေ တခုခု ထူးခြားလာမလားလို့ စိတ်ဝင်စားနေမိတယ်” ဟု ပြောသည်။

မန္တလေးမှ အိမ်မြေပွဲစားတဦးက “ကျနော်တို့ကတော့ စီးပွားရေးသမားဆိုတော့ စီးပွားရေးကိစ္စတွေ တိုးတက်လာမယ့် အရိပ်အယောင်တွေ တွေ့ချင်တယ်ဗျ။ တနိုင်ငံလုံးရဲ့ အမျိုးသားရေးကိစ္စပဲ၊ ကျနော်တို့ကတော့ အပြောင်းအလဲတခုကို အရမ်းကို မျှော်လင့်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် အမ်းမြို့မှ ကြံ့ဖွံ့အဖွဲ့ဝင်တဦးကလည်း ၎င်းတို့မြို့တွင် အစိုးရအသံလွှင့်ဌာနများထက် ပြည်ပအသံလွှင့်ဌာနများကို အားထားနေရပြီး ထိုအသံလွှင့်ဌာနများကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်များကို မြန်မြန်ဆန်ဆန်သိရကြောင်း ပြောသည်။

“ကျနော်က ကြံ့ဖွံ့အဖွဲ့ဝင်ဖြစ်ပေမယ့် အခြေအနေတခုကြောင့်ပါ။ ကျနော်သိချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်နဲ့ တွေ့သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ရော တွေ့ဖို့ရှိသလား၊ တွေ့ရင်ကော ဘာတွေဖြစ်လာမလဲ။ ပြောင်းလဲမှုမရှိတဲ့ တွေ့ဆုံမှုတွေနဲ့တော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ရိုက်မချိုးဖို့လိုပါတယ်” ဟု ပြောသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.