Sunday, March 21, 2010

0 ပါတီ မှတ်ပုံတင်ရေးတိုက်တွန်းချက် ဝခေါင်းဆောင်တွေ ငြင်းပယ်


UWSA ဝပြည်သွေးစည်းညီညွတ်ရေး ပါတီကို မှတ်ပုံတင်ဘို့ စစ်အစိုးရရဲ့ တိုက်တွန်းချက်ကို ဝခေါင်းဆောင်တွေက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်၊

ပြီးခဲ့တဲ့လအတွင်းက နယ်ခြားစောင့်တပ်များ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ ဝခေါင်းဆောင်တို့ တွေ့ဆုံကြစဉ်မှာ ဗိုလ်ချုပ်ကြီးရဲမြင့်က စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ကိုးကားပြီး ဝပြည် သွေးစည်းညီညွတ်ရေးပါတီကို မှတ်ပုံတင်ဖို့ ပြောခဲ့တာ ဖြစ်ပါတယ်။ UWSA အနေနဲ့ ပါတီတည်ထောင်ခဲ့တာ နှစ်ပေါင်း ၂၀ ရှိပြီဖြစ်ပြီး ဝဒေသတွင်း ပြည်သူတွေကို ကိုယ်စားပြု ဆောင်ရွက်နေတာ ဖြစ်တာကြောင့် မှတ်ပုံတင်စရာ မလိုဘူးလို့ ဝခါင်းဆောင်တွေက ပြောခဲ့တယ်လို့ သိရပါတယ်။

ခုလို ပါတီမှတ်ပုံမတင်ဘူးဆိုရင် လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်ဖို့ အစီအစဉ် ရှိပါသလဲလို့ မေးတဲ့အခါမှာ ဝခေါင်းဆောင်တဦးက လတ်တလော ဝခေါင်းဆောင်ပိုင်းမှာ ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီး ဆွေးနွေးတာမျိုး မရှိသေးဘူးလို့ ဖြေကြားပါတယ်။ UWSA အနေနဲ့ ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းတွေမှာ ဝပြည်သူတွေရဲ့ သဘောထားကိုခံယူပြီးမှ ဆောင်ရွက်မှာဖြစ်ကြောင်း ပြည်သူတွေရဲ့ သဘောတူညီချက် မပါဘဲ ဘာတခုမှ ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

UWSA ဘက်က တင်ပြထားတဲ့ အချက် ၉ ချက်ကို စစ်အစိုးရက ငြင်းပယ်ခဲ့သလို စစ်အစိုးရက အကြောင်းပြန်ကြားဖို့ သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မတိုင်ခင် UWSA က ဝပြည်တောင်ပိုင်းကိစ္စနဲ့ နယ်ခြားစောင့်ကိစ္စ နှစ်ခုလုံးအတွက် ပြန်ကြားခဲ့ပေမယ့် စစ်အစိုးရဘက်က ဘာမှအကြောင်းကြားချက်မှမရသေးဘူးလို့သိရပါတယ်။
RFA

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.