Tuesday, May 25, 2010

0 နိုင်ငံရေးသီလ ချိုးဖောက်ပျက်ပြားသွားခြင်းနဲ့ဒူးထောက်အညံ့ခံသူများ။

မောင်ခင်အေးတင့်(မဒေါက်)
၂၀၁၀ခုနှစ် မေလ(၂၃)ရက်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေ နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ မေလ(၆)ရက်နေ့တော့ ကျော်လွန် သွားခဲ့ပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့မန်းန်ဒိတ်ကို ကိုင်ဆောင်သုံးစွဲခွင့်ရရှိခဲ့တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အန်န်အယ်လ်ဒီကလည်း လက်ရှိ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကို မှတ်ပုံမတင်ပါလို့ ပြီးခဲ့ တဲ့လ (၂၉)ရက်နေ့က သမိုင်းတင်တဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်ကို ဒီချုပ်အဖွဲ့ဝင်တွေက အများသဘောတူ တခဲ နက် ကန့်ကွက်သူမရှိ ဆုံးဖြတ်ချမှတ်လိုက်တဲ့အတွက် အချို့သောသူတွေမှာ အန်န်အယ်လ်ဒီရဲ့ အခြေအနေ ဟာ ဘယ်လိုများ ဆက်ဖြစ်သွားမလဲလို့ သို့လောသို့လော ဖြစ်ကောင်းဖြစ်ကြပါလိမ့်မယ်။

အဖြေကတော့ ထူးထူးခြားခြား ဘာမှမဖြစ်သွားဘူး ဆိုတာပါပဲ။ ပိုနေမြဲ ကျားနေမြဲ ခါတိုင်းလို အနေအထား ပါပဲ။ လူထုနဲ့အတူ တိုက်ပွဲအတွင်းမှာ ဆက်ရှိနေပါတယ်။ လူထုကိုမျက်နှာမူတဲ့ ပထမဆုံးအလုပ်အနေနဲ့ လက်မှတ်ထိုးလှုပ်ရှားမှုကို ဆရာကြီးဦးဝင်းတင်က ဦးဆောင်ပြီး မကြာခင် ရက်ပိုင်းလေးကတင် စတင်ပြုလုပ် ခဲ့ပါသေးတယ်။ ဒါတွေဟာ လူထုကိုမျက်နှာမူတဲ့ နိုင်ငံရေးတွေပါပဲ။

ဒီလိုမှတ်ပုံတင်ဖို့ ငြင်းဆိုလိုက်တာကိုက ဥပဒေကြောင်းနဲ့အညီ မှတ်ပုံတင်ထားပြီးသား တရားဝင်နိုင်ငံရေး ပါတီအဖြစ် အတိအလင်း ထပ်မံ ဖော်ပြလိုက်တာပါပဲ။ တရားဝင်နိုင်ငံရေးပါတီအဖြစ် နိုင်ငံတော်အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ကိုယ်၌က အသိအမှတ်ပြုထားတာ ဖြစ်တဲ့အတွက် အခုတခါ နောက်ထပ် မှတ်ပုံတင်လိုက်တော့မှသာ တရားဝင်နိုင်ငံရေးပါတီအဖြစ်က လျောကျဇာတ်သိမ်းသွားမှာပါ။

အကြောင်းကတော့ အခုထပ်မံထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကိုက ဥပဒေကြောင်းသဘော
အရ ဥပဒေတရပ်နဲ့ ညီညွတ်ကိုက်ညီမှု မရှိတဲ့အတွက်ကြောင့် လိုက်နာဖို့ကို မဖြစ်နိုင်တဲ့အနေအထားပါ။ လိုက်နာမှတ်ပုံတင်မိခဲ့ရင်သာ ဥပဒေနဲ့မကိုက်ညီဘဲ ဥပဒေကို ဖောက်ဖျက်သလို ဖြစ်သွားပါလိမ့်မယ်။

အဲဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပါတီက ပျက်သွားမှာမဟုတ်ဘူး၊ ဖျက်လို့လည်းမရဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။ သူတို့တွေက ဖျက်လိုက်ရင်တောင် ဥပဒေကြောင်းအရ ညီညွတ်မှုမရှိလို့ ပျက်သွား တယ်လို့ မခေါ်နိုင်ဘူး။ ကိုယ် ကိုယ်တိုင် ဖျက်သိမ်းမှသာ ပျက်နိုင်မှာလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီနေရာမှာ ပြောဖို့လိုလာတာက ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦး၊ ဒေါက်တာဝင်းနိုင်၊ ဒေါက်တာသန်းဝင်း၊ ဦးသာဆိုင်နဲ့ ဦးတိုးပို အစရှိတဲ့ (၂၈)ဦးတို့က ဦးဆောင်ပြီး မေလ (၇)ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုနဲ့ ပတ်သက်လို့ပါ။ သဘောကတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ အမျိုးသားဒီမိုကရေစီအင်အားစုဆိုတဲ့ အမည်နဲ့ မှတ်ပုံတင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

ဒါဟာ ဒီမိုကရေစီလုပ်ဟန်နဲ့ မကိုက်ညီဘူးလို့ ယူဆမိပါတယ်။ ဘာကြောင့်ဆို ပြီးခဲ့တဲ့ ဧပြီလ(၂၉)ရက်နေ့ က ဒီချုပ်အဖွဲ့ဝင် အများသဘောတူညီချက်နဲ့ ပါတီမှတ်ပုံမတင်ရေးကို ကန့်ကွက်သူမရှိ တခဲနက်ဆုံးဖြတ်ချက် အပေါ် ကျန်တဲ့အနည်းစုကလည်း ဒီမိုကရေစီသဘောတရားအရ လိုက်နာကျင့်ကြံဖို့ လိုအပ်ပါလိမ့်မယ်။

ဒီနေရာမှာ အန်န်အယ်လ်ဒီရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးလည်းဖြစ်တဲ့ ဆရာကြီးဦးဝင်းတင်ရဲ့ စကားတချို့ ကို ကောက်နှုတ်ကိုးကားဖို့ ဖြစ်လာပါတယ်။

အဲဒါကတော့ အများစုရဲ့ တညီတညွတ်တည်း သဘောထားနဲ့ သူတို့သဘောထား မကိုက်ညီပြန်တော့လည်း ပါတီရဲ့ အားလုံးဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ ပြောဆိုပြီးကာမှ တဖက်မှာ ဒါကိုဆန့်ကျင်တဲ့ အယုံအကြည် မရှိတာမျိုး ပြောတယ်။ နောက်ဆုံးတော့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်ခံပြီး ပါတီသွားထောင်တယ်။

ဦးခင်မောင်ဆွေတို့ အုပ်စုကတော့ နောက်ဆုံးအချိန်အထိ ပါတီတွင်းမှာနေပြီးတော့ ပါတီဝင်တွေကို ခွဲထုတ် တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီကို သစ္စာရှိပါတယ်။ ပါတီ ပျက်စီးသွားတာကို မလိုလားပါဘူးဆိုတဲ့ စကားလုံးတွေ သုံးစွဲပြီးတော့ တဖက်ကလည်း သူတို့က ဥပဒေတွင်းက လုပ်ကြမှာလို့ပြောတော့ ပါတီရဲ့ ရပ်တည်ချက်ဟာ ဥပဒေပြင်ပရောက်အောင် တွန်းပို့လိုက်သလို ဖြစ်သွားတယ်။ ဥပဒေမလိုက်နာဘူး ဆိုတဲ့ စကားနဲ့အတူ အကြမ်းဖက်သမားတွေလိုလို၊ ယူဂျီတွေလိုလို ပါတီကို ထိခိုက်နစ်နာအောင် လုပ်နေသလို ဖြစ် နေတယ်။


နောက်ပြီးတော့ ဦင်္းဉာဏ်ဝင်း ထောက်ပြခဲ့သလိုမျိုး - ပါတီရဲ့ ဆုံးဖြတ်ချက်၊ အားလုံးဆုံးဖြတ်ချက်နဲ့ ပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ကန့်ကွက်တယ်။ ဒါကို လိုက်နာမယ်လို့ ပြောထားပြီးသားကနေ သူတို့က ချိုးဖောက်လိုက်တာ ဖြစ်တယ်။ ဆိုတော့ သူတို့က ပါတီကို သစ္စာရှိတာမဟုတ်ဘူး ဆိုတာ ထင်ရှားတယ်။

ပါတီက တခဲနက်ဆုံးဖြတ်ထားတာကို မတ်လ ၂၉ အစည်းအဝေးမှာ လက်ခံပြီးတော့မှ မေလ ၆ ရက်နေ့အထိ ပါတီတွင်းမှာ ရပ်တည်နေခဲ့ရာကနေ အနည်းစုဆန္ဒကို ပြန်လည် ဖော်ဆောင်ပြီး ပါတီတခု သွားထောင်တယ် ဆိုတာက ပါတီကို ပစ်ပယ်တာ ဖြစ်ပါတယ်လို့ ဆရာကြီးက အမေးအဖြေတခုမှာ ပြောကြားခဲ့ပါတယ်။

မေလ(၆) ရက်နေ့အထိ ပါတီအပေါ် သစ္စာရှိပါ့မယ်လို့ ပြောထားချက်က ဒီရက်ကျော်ရင်တော့ သစ္စာရှိတော့ မှာ မဟုတ်ဘူးလို့ ဆိုလိုတဲ့သဘောမျိုး ဖြစ်တယ်လို့ မေလ(၇)ရက်နေ့ လုပ်ဆောင်ချက်က ထုတ်ဖော်ပြသ လိုက်တာပါပဲ။ ဒီ့မတိုင်ခင်လည်းပဲ ဒီလိုမျိုးလုပ်မယ်ဆိုတဲ့ သဘောကွဲလွဲမှုအသံတွေ အစောကြီးကတည်းက ပါတီအတွင်းမှာ ကြားနေထွက်နေခဲ့တာပါ။

အဲဒါကြောင့်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်အတွင်း လူမွေးတဲ့အလုပ်၊ လူမွေး တယ်လို့ ယူဆနိုင်တဲ့အလုပ်များ လုံးဝ မကြိုက်၊ လုံးဝ လက်မခံလို့ သတိပေးမှာကြားခဲ့တာ မဟုတ်ပါလား။

အဖွဲ့ချုပ်အတွင်းမှာ အုပ်စုဖွဲ့ ဂိုဏ်းဂဏဖွဲ့ချင်တဲ့သူတွေ ရှိနေတယ်၊ ဒါမျိုးဟာ ပါတီကို အင်အားယုတ်လျော့ သွားစေတယ်၊ ပြည်သူလူထုတွေကို စိတ်ဝမ်းကွဲပြားစေတယ်၊ အတွေးအခေါ် ရှုပ်ထွေးသွားစေတယ်၊ အဆိုး ဆုံးက ရန်သူအကြိုက်ဖြစ်စေတဲ့အပြင် ရန်သူကို အဖွဲ့ချုပ် ပျက်စီးရာပျက်စီးကြောင်းအတွက် ထိုးခွဲဖို့ကို လမ်း ကြောင်းပြ ခေါ်ငင်လိုက်တာပဲ မဟုတ်ပါလား။

ဒါဆို အမျိုးသားဒီမိုကရေစီအင်အားစုရဲ့ တုန့်ပြန်ပြောဆိုချက်၊ တန်ပြန်လှုပ်ရှားမှုတွေဟာ လူထုခေါင်းဆောင် တင်ကြိုပြောကြားထားတဲ့အတိုင်း ဖြစ်နေပါပေါ့လား။ ရန်သူကို မျက်စပစ်ပြနေသလို ဖြစ်နေတာ သေချာ သလောက် ဖြစ်နေပြီပေါ့။

ဖက်ဆစ်အာဏာရှင်တွေရဲ့ ၀ါးမြိုပေးကျွေးတာကို လက်ခံလိုက်ပြီး အရိုးအရင်းလေးပဲ စားရစားရ စားပါတော့ မယ်၊ ခိုင်းတာမှန်သမျှ တာဝန်ကျေပွန်စေရပါမယ်လို့ အရိုးကိုက်နေရရင် ကျေနပ်နေတဲ့အကောင်လိုမျိုး ဆို ရင်တော့ လူမျိုးစုံပြည်သူတရပ်လုံးနဲ့ လုံးဝဥဿုံ ပြဒါးတလမ်း သံတလမ်းအဖြစ်ကို ရောက်သွားပါပြီ။

ဒါကြောင့်လည်း ထာဝရ ရန်သူ၊ ထာဝရ မိတ်ဆွေ ဆိုတာ မရှိ၊ ထာဝရ အကျိုးစီးပွားသာလျှင် ရှိတယ်လို့ တိုင်းပြုပြည်ပြု တော်လှန်ရေးသမား စာရေးဆရာကြီး ဗန်းမော် တင်အောင်က မှတ်ချက်ပြုခဲ့တာနေမှာပါ။

အခုတော့ ရှင်းသွားပါပြီ်။ ရွေးကောက်ပွဲဝင်ဖို့ အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အမည်နဲ့ ပါတီမှတ်ပုံတင်လိုက်တာဟာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်လိုက်သလို ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကိုလည်း သစ္စာခံပါတယ်လို့ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

သိသိချည်းနဲ့ စစ်ဘိနပ်အောက်ကို ကမန်းကတန်း ခေါင်းထိုးပေး အညံ့ခံလိုက်တာဟာ တခြားအကြောင်း ရှိကောင်းရှိလို့သာ ဖြစ်ပါလိမ့်မယ်။ သတိပြုသင့်တာက သူတို့တွေထဲက အများစုဟာ ပြန်ထွက်လာကတည်း က ရန်သူရဲ့ ဦးချိုးမှုအောက်မှာ ပြားပြားဝပ်ဆင်း တွားသွားခဲ့ကြတဲ့သူတွေဖြစ်တယ် ဆိုတာကိုပါ။

အခုတော့ နိုင်ငံရေးပါတီသစ်တခုကို ထူထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့လုပ်တာဟာ ဒီချုပ်နဲ့အဖွဲ့ဝင်အားလုံးကို သစ္စာဖောက် စော်ကားလိုက်တဲ့ လုပ်ရပ်ပါပဲ။ နောက်ပြီး ဒီချုပ်ရဲ့ နှစ်(၂၀)တလျှောက်လုံး ကိုင်စွဲလာခဲ့တဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ကြဆိုတဲ့ အာဏာဖီဆန်ရေးမူကိုလည်း ချိုးဖောက်လိုက်သလို ခေါင်း ဆောင်ရဲ့ဆုံးဖြတ်ချက်ကို ငြင်းဆန်လိုက်တာဟာလည်း ဒီမိုကရေစီလုပ်ဟန်ကို သွေဖည်ရာရောက်ပါတယ်။ နောက်ပြီး အီးစီအဖွဲ့ဝင်တွေအနေနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ ပါတီပေါ်လစီ မူပိုင်းဆိုင်ရာ ကိစ္စလည်း ဖြစ်နေပါတယ်။

အရေးကြီးဆုံးဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ပေါ်ပေါက်လာစေဖို့ စတင်ကျေးဇူးပြုခဲ့တဲ့ ၁၉၈၈ခုနှစ် လူထု အရေးတော်ပုံကြီးကို လုံးဝ မျက်ကွယ်ပြုလိုက်သလို တလျှောက်လုံး ကိုင်စွဲတိုက်ပွဲဝင် တောင်းဆိုလာတဲ့ ၁၉၉၀ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေးဆိုတဲ့ မူ ကိုလည်း ချိုးဖောက်လိုက်တာပါပဲ။ အဆိုးဆုံး ကတော့ ရွှေဂုံတိုင်ရပ်တည်ချက်ကို စွန့်လွှတ်လိုက်တဲ့အချက်ပါပဲ။ ဒါဟာလူမျိုးစုံပြည်သူလူထုတရပ်လုံးအပေါ် သစ္စာဖောက် စော်ကားလိုက်တာနဲ့ အတူတူဖြစ်သလို ကိုယ့်သေတွင်း ကိုယ်တူးလိုက်တာပါပဲ။

ဒါဆိုရင်တော့ ဒီချုပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ လုံးလုံးလျားလျားကြီးကို ဆန့်ကျင်သွားပြီဆိုတာ အခိုင်အမာ ပြောလို့ရပါပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးရည်မှန်းချက် လက်ရှိရပ်တည်ချက်ကရွှေဂုံတိုင်ကြေညာစာတမ်းပါပဲ။

‘ရွှေဂုံတိုင်ကြေညာစာတမ်း’ မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေး ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေး ရှိတဲ့ ပြည်ထောင်စုတည်ဆောက်ရေးနှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုရေး စတဲ့အချက်တွေကို လက်ငင်းဖြေရှင်းရမယ့် ပြဿနာတွေအဖြစ် ဖော်ပြထားပြီး တွေ့ဆုံဆွေးနွေးအဖြေရှာ ရေးအထိ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒါကိုကြည့်ရင် ဒီချုပ်ရဲ့ ရွေးကောက်ပွဲမ၀င်ရေး၊ မှတ်ပုံမတင်ရေးဟာ လူမျိုးစုံပြည်သူလူထုကြီးရဲ့ မန်းန်ဒိတ်ဖြစ် တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ထိန်းသိမ်းခြင်း( ပြည်သူအပေါ် သစ္စာစောင့်သိခြင်း)နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝ သစ္စာမခံနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကိုက ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် အခိုင်အမာ ဆက်လက် ရပ်တည်နေတယ်ဆိုတာရဲ့ သက်သေပြချက်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဆိုတဲ့ကိစ္စဟာ နိုင်ငံရေးပါတီတရပ်အဖို့ ဖြတ်သန်းရမယ့် မှတ်တိုင်တခုဖြစ်တယ် ဆို တာကို လက်ခံထားသလို ရွေးကောက်ပွဲရဲ့ အနိမ့်ဆုံးလိုအပ်ချက်တွေအဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ဖို့၊ ဖွဲ့စည်းပုံမှာရေးထားတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့အချက်တွေကို ပြင်ဆင်ဖို့၊ အားလုံး လွှမ်းခြုံပါဝင်နိုင်မယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့်ကြည့်မှု ခွင့်ပြုဖို့ စတာတွေကိုလည်း ကြေညာစာတမ်းမှာ ဖော်ပြထားပါသေးတယ်။ ပြည်သူလူထုအများစုကလည်း ဒီဆုံးဖြတ် ချက်တွေကို ထောက်ခံခဲ့ကြပါတယ်။


ဒီချုပ်ဟာ လူထုတိုက်ပွဲအတွင်းက ပေါ်ထွက်ခဲ့တဲ့ လူထုပါတီဖြစ်ပါတယ်။ အာဏာရှင်အလိုကျ ပါတီမဟုတ် တဲ့အတွက် အာဏာရှင်က အသိအမှတ်မပြုရုံလေးနဲ့ အန်အယ်လ်ဒီ ပျောက်ကွယ်မသွားနိုင်ပါဘူး။ ပြည်သူ လူထုအကျိုးကို မဆောင်နိုင်တော့မှ လူထုက အသိအမှတ်မပြုတော့မှသာ ကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်။

ဒီချုပ်က ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်လို့ တခဲနက် ဆုံးဖြတ်လိုက်တာဟာ မတရားတဲ့ စစ်အာဏာ အမိန့်ကို အာခံဆန့်ကျင် ဖီဆန်အံတုလိုက်တာပဲ ဖြစ်ပါတယ်။ အမြင့်ဆုံးဖြစ်တဲ့ အာဏာဖီဆန်ရေး ဆောင် ရွက်ချက်ပါပဲ။ အဲဒါကိုက ဒီချုပ်ဟာ တိုက်ပွဲအတွင်းမှာ ဆက်ရှိနေသေးတယ်ဆိုတာ ထင်ထင်ရှားရှား ဖော်ပြ လိုက်တာပါ။

အဲဒီတော့ကာ ဒီချုပ်ဟာ နိုင်ငံရေးပါတီ မဟုတ်တော့ဘူး၊ တရားမ၀င်တော့ဘူး၊ ပျက်သွားပြီလို့ အားပါးတရ လက်တို့ ပြောချင်ဆိုချင်ကြတဲ့ စုန်းပြူးတွေ အလံရှူးတွေအနေနဲ့ မိမိဟာ ဘယ်ဘ၀ ဘယ်အဆင့်ကို ရောက် သွားပြီဆိုတာ ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်ကြပါဦးလို့ သတိပေးချင်ပါတယ်။ တော်ကြာ လူစင်စစ်ကနေ အဆင့် နိမ့်သတ္တ၀ါအဖြစ် ရောက်မှန်းမသိ ရောက်သွားမှာ စိုးလို့ပါ။

နောက်ဆုံးအနေနဲ့ အန်န်ဒီအက်ဖ် ခေါင်းဆောင်တွေအနေနဲ့လည်း မိမိတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း (လူမျိုးစုံပြည်သူတရပ်လုံးအပေါ် သစ္စာစောင့်သိခြင်းနှင့် ၈၈လူထုအရေး တော်ပုံကို အသိအမှတ်ပြု ဦးညွတ်ခြင်း)ကို ဆက်လက် အားထုတ်ဆောင်ရွက်ဖို့ထက် မိမိအကျိုးစီးပွား အတွက် လူထုကိုကျောခိုင်းပြီး သီးခြားပါတီထောင်ရတာပါဆိုတာ သတ္တိရှိရှိ ရိုးရိုးသားသား ၀န်ခံဖြောင့်ချက် ပေးဖို့သာ ရှိကြောင်းပါ။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.