Tuesday, June 15, 2010

0 နအဖမှစစ်ဗိုလ်ချုပ်စီးပွားရေးသမားများအကျိုးအတွက်ဖန်တီးထုတ်ပြန်သောသွင်းကုန်လုပ်ငန်း ဥပဒေနှင့်ပတ်သတ်၍ဝေဖန်ချက်

နိုင်ငံခြားငွေရရှိသော ပြည်တွင်း လုပ်ငန်းရှင်များ၏ ဝင်ငွေကို သွင်းကုန်အတွက် လွတ်လပ်စွာ လွှဲပြောင်းခွင့်ပြု

နိုင်ငံခြားငွေရရှိသော ပြည်တွင်း စီးပွားရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၏ ဝင်ငွေအားလုံးကို ပို့ကုန်ရငွေအဖြစ် သတ်မှတ်ပေးခဲ့ ပြီဖြစ်ရာ အဆိုပါငွေအား သွင်းကုန် လုပ်ငန်းရှင်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လွတ်လပ်စွာ လွှဲပြောင်းခွင့်နှင့် သွင်းကုန် တင်သွင်းခွင့်များ ခွင့်ပြုလိုက်သည်ဟု ရန်ကုန်မြို့တော် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဘဏ်လုပ်ငန်း နယ်ပယ်မှ အကြီးတန်း အရာရှိကြီးများက ပြောကြားသည်။ ပို့ကုန်ရငွေအဖြစ် သတ်မှတ်၍ နိုင်ငံခြားငွေစာရင်း လွှဲပြောင်းခွင့် ပြုသော လုပ်ငန်းများတွင် စီးပွားရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများသာမက လက်မှုပစ္စည်း၊ အနုပညာပစ္စည်းများ ရောင်းချရာမှ ရရှိသော နိုင်ငံခြားငွေများ၊ အိမ်၊ ခြံ၊ မြေအဆောက်အအုံ ငှားရမ်းရာမှ ရရှိသော နိုင်ငံခြားငွေများနှင့် လုပ်ခလစာငွေကို နိုင်ငံခြားငွေဖြင့် ရရှိသူများ၏ ဝင်ငွေများကိုပါ နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်ခွင့်ပြု၍ အခြား နိုင်ငံခြားငွေ စာရင်းများသို့ လွတ်လပ်စွာ လွှဲပြောင်းခွင့် ပြုမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြား သုံးငွေ စီမံခန့်ခဲမှုဌာန၏ မေလ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်များအရ သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဌာနက ယခုကဲ့သို့ မူဝါဒဆိုင်ရာ ပြောင်းလဲပေးမှုမှာ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ များပြားလာ၍ ငွေကြေး လည်ပတ်မှု ပိုမိုချောမွေ့လာစေရန်အတွက်ဟု တရားဝင် ဖော်ပြထားသည်။ ပြည်တွင်းရှိ စီးပွားရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းမှ ရရှိသော နိုင်ငံခြားငွေအား ပို့ကုန်ရငွေအဖြစ် သတ်မှတ်၍ လွတ်လပ်စွာလွှဲပြောင်း ခွင့်ပြုခဲ့ခြင်းကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့လာဖွယ်ရှိပြီး မြန်မာကျပ်ငွေ တန်ဖိုးများ မြင့်တက် လာဖွယ် ရှိကြောင်း သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းတွင် လုပ်ကိုင်နေသူများထံမှ သိရသည်။ နိုင်ငံခြားငွေရရှိသော လုပ်ငန်းများ၏ ဝင်ငွေကို သွင်းကုန်လုပ်ငန်းအတွက် လွှဲပြောင်းခွင့်ပြုရာတွင် သတ်မှတ်အခွန်ငွေပေးသွင်း၍ ပို့ကုန်ရငွေအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားသော စာရင်းဟောင်းများနှင့် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ဝင်ငွေများကို စာရင်းအသစ် ဖွင့်လှစ်ပေးသွားမည် ဖြစ်ပြီး ယင်းမတိုင်မီက ရရှိထားသော နိုင်ငံခြားငွေများ အကျုံးဝင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံခြားငွေ မူဝါဒဆိုင်ရာ အပြောင်းအလဲများကြောင့် သွင်းကုန်လုပ်ငန်းများ ပိုမို အဆင်ပြေလာမှုနှင့် အတူ မြန်မာကျပ်ငွေ တန်ဖိုး မြင့်တက်လာနိုင်သော်လည်း ပို့ကုန် လုပ်ငန်းရှင်များ အကျိုးအမြတ် နည်းပါးလာခြင်းကဲ့သို့သော အကောင်းအဆိုးများ ဒွန်တွဲနေကြောင်း ဘဏ်လုပ်ငန်း ပညာရှင် ဦးဝင့်ကျော်ကဆိုသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ သုံးစွဲမှုနှင့် ပတ်သက်၍ အမေရိကန် ဒေါ်လာ၊ ပို့ကုန်ရငွေ၊ FEC နှင့် D-transfer ဟု လေးမျိုးရှိနေရာမှ ယခုကဲ့သို့ ပို့ကုန်ရငွေ မူဝါဒ ဖြေလျှော့လိုက်သည့် အတွက် D-transfer ဟုခေါ်သည့် ငွေကြေးမှာ နိဂုံးချုပ် အဆုံးသတ်သွားကြောင်း ပို့ကုန် လုပ်ငန်းရှင် တစ်ဦးက သုံးသပ် ပြောကြားခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ထုတ် The Voiceဂျာနယ်တွင် ဖော်ပြထားပါသည်။

ကျွန်တော့်အနေနဲ့ အဆိုးမြင်ဝါဒီအနေနဲ့ ရှိတယ်လို့ပဲ ဆိုချင်ဆို....ကျွန်တော်အနေနဲ့ ပြည်ပမှ သံရုံးအခွန်ဆောင်ရုံနဲ့ လွယ်လွယ်ကူကူ သွင်းကုန်ထုတ်ကုန်အတွက် လွပ်လပ်စွာ လွဲပြောင်းခွင့်ကို ရမယ်လို့တော့ မထင်မိဘူး။ ဒီဥပဒေဟာ လက်ရှိ ပြည်တွင်းမှာ ရှိတဲ့ လုပ်ငန်းရှင်အနေနဲ့ နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့ အခါမှ လွယ်လွယ်ကူကူ လုပ်ကိုင်လို့ ရနိုင်အောင် အယ်လ်စီတွေကို လွယ်လွယ်လုပ်နိုင်အောင် ပြည်တွင်းမှာ ရှိတဲ့ နအဖအကောင်ကြီးကြီးတွေအတွက် လမ်းကြောင်းတချက်ချပေးလိုက်တယ်လို့ပဲ မြင်တယ်။

သံရုံးမှာ အခွန်ဆောင်ရုံနဲ့ ကျွန်တော်တို့ အခွန်ဆောင်ထားတာတွေက မြန်မာနိုင်ငံမှာ တရားဝင် ဝင်ငွေအဖြစ်အလိုလို မရပ်တည်သေးပါဘူး။ အရိုးအရှင်းဆုံးပြောရရင် ပြည်ပမှာလုပ်ကိုင်နေတဲ့သူတွေ ရန်ကုန်မှာရှိတဲ့ အိမ်ခြံမြေကို ဝယ်ယူမယ်ဆိုရင် ဝင်ငွေ အနေနဲ့ ပြဖို့ဟာ သံရုံးမှ အခွန်ဆောင်ထားကြောင်း စာရွက်က အိမ်ခြံမြေဝယ်မဲ့ငွေဟာ ငွေဖြူပါဆိုတာကို ပြလို့မရခဲ့ပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ သံရုံးမှာ အခွန်ဆောင်ထားပြီးတော့ အဲဒီငွေရဲ့ ကျန်ရှိတဲ့ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ နိုင်ငံခြားငွေ ရင်းနှီမြုပ်နှံမှု ဘဏ်မှာ တရားဝင်လွဲပြီး အကောင့်အနေနဲ့ ဖွင့်ထားတာ မဟုတ်လို့ပါပဲ။ အဲဒီဘဏ်မှာ အကောင့်အနေနဲ့ ဖွင့်ထားပြီး နိုင်ငံခြားကနေ အဲဒီဘဏ်ကို တရားဝင်လွဲပြောင်းတာ မဟုတ်လို့ပါ။

ဥပမာ မြန်မာသံရုံးမှာ ကျွန်တော်က တစ်လကို အခွန်ငွေ ယူအက်စ် ဒေါ်လာ ၁၀ဝကို အခွန်ဆောင်တယ်ဆိုရင် ကျန်ရှိတဲ့ ၉၀ ရာနှုန်းဖြစ်တဲ့ ၉၀ဝ ကို နိုင်ငံခြားဘဏ်ကနေ မြန်မာနိုင်ငံမှာ ရှိတဲ့ အမ်အက်ဖ်တီဘီကို တရားဝင်လွဲပြောင်းရပါတယ်။ အကြမ်ဖျဉ်းသိထားတာက အဲဒီ ၉၀ဝ ရဲ့ ၁၀ရာနှုန်းကို ဘဏ်ရဲ့ ဆားဗစ်အတွက် ပေးအပ်ပြီး ကျန်တဲ့ငွေကို အဲဒီဘဏ်ကနေ စာရင်းအရ ထုတ်တဲ့ငွေသာလျင် မြန်မာနိုင်ငံမှာ တရားဝင်ငွေဖြူဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် ကျွန်တော် ကတော့ အခုအချိန်ထိ အဲဒီ ဥပဒေတွေက ကျွန်တော်တို့အတွက်ကြည့်ပြီး ထုတ်တဲ့ ဥပဒေတွေမဟုတ်ပဲ။ နအဖက သူတို့လိုအပ်တဲ့ အကွက်အတွက် ဖန်တီးမှုတခုလို့သာ အဆိုးမြင်လျက်

မောင်ခြိမ့်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.