Sunday, June 13, 2010

0 တချိန်တုန်းက ကဌေး ရုပ်ရှင်ရုံ

ကျနော်တို့ ငယ်စဉ် ၁၉၆၀ နှောင်းပိုင်းနဲ့ ၁၉၇၀ ပြည့်နှစ်များ လောက်က ရန်ကုန်မြို့ လမ်းမတော် မြို့နယ်မှာ စံပြနဲ့ ကဌေး ရုပ်ရှင်ရုံ နှစ်ရုံရှိတဲ့ အနက်က ကဌေး ရုပ်ရှင်ရုံ အကြောင်းကို သတိတရ ပြောချင်ပါတယ်။

ဗိုလ်ချုပ်နေ၀င်းရဲ့ တော်လှန်ရေးအစိုးရ တက်လာပြီးနောက် ကဌေး ရုပ်ရှင်ရုံဟာ ပြည်သူပိုင် သိမ်းတဲ့ အထဲမှာ ပါသွားခဲ့ပါတယ်။ ကဌေးရုပ်ရှင်ရုံဟာ ရန်ကုန်အနောက်ပိုင်း ဖရေဇာလမ်းမကြီး တလျှောက် ရွှေတောင်တန်းလမ်း လမ်းတို နဲ့ ၁၄ လမ်း လမ်းတိုကြားထဲမှာ တည်ရှိပါတယ်။

ရွှေတောင်တန်း လမ်းဟာ ရန်ကုန်မြို့မှာ အကောင်းဆုံးကြေးအိုး၊ ခေါက်ဆွဲ စတင် ရောင်းခဲ့တဲ့ နာမည်ကြီး ကြေးအိုးဆိုင်လမ်း တလမ်းထဲမှာ ပါ ပါတယ်။

ကဌေး ရုပ်ရှင်ရုံပိုင်ရှင်ဟာ တရုတ်လူမျိုးတယောက်လို့ သိရပါတယ်။ ကဌေး ရုပ်ရှင်ရုံဟာ ကျနော့် အမေပြောပြ ချက်အရ ပထမတုန်းက ပြဇာတ်ရုံလို့ သိရပါတယ်။ နာမည်ကျော် ရုပ်ရှင်မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေး၊ ဒေါ်မြင့်မြင့်ဌေး တို့ဟာ ကဌေး ရုပ်ရှင်ရုံကနေ ထွက်ပေါ်လာခဲ့တဲ့ သူတွေလို့ သိရပါတယ်။

အကယ်ဒီမီ ဦးဖိုးပါကြီး၊ လူရွှင်တော် ဦးကြယ်နီ တို့ဟာလည်း ကဌေး ပြဇာတ်ရုံက စတင်တဲ့ အထဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းကျမှ ပြဇာတ်ရုံကနေ ရုပ်ရှင်ရုံအဖြစ် ပြောင်းလိုက်တာပါ။ ရှေးခေတ် ရုပ်ရှင်ရုံသမိုင်းမှာ အပါ အ၀င်တစ်ခု ဖြစ်ခဲ့ပါတယ်၊။

အဲဒီအချိန်တုန်းက ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေရဲ့ ပြသချိန်တွေက နေ့လ ၁၂း ၃၀ နာရီ၊ ၃း ၃၀ နာရီ၊
၆း ၃၀ နာရီ၊ ည ၉း ၃၀ နာရီ ဆိုပြီး တနေ့ ၄ ပွဲပြသပါတယ်။ သောကြာနေ့တိုင်း ရုပ်ရှင်ကား အသစ်လဲပါတယ်။

ဒါပေမယ့် ကဌေး ရုပ်ရှင်ရုံကတော့ ကားအဟောင်းတွေ ပြသတာ များပါတယ်။ သောကြာနေ့ ရောက်ပြီဆိုရင် ကဌေးရုံမှာ ရုံတင်တဲ့ ဇာတ်ကားကို တရုတ်ကြီးတယောက်က ရုပ်ရှင်ပိုစတာ ဆိုင်းဘုတ်ကြီး ၂ ခုကို ကျောချင်းပူး၊ လှည်းဘီးပေါ်မှာ တင်ပြီး မြို့ထဲကို လှည့်ပါတော့တယ်။

သူက အဲဒီလို လှည်းဘီးကို တွန်းပြီး လှည့်တဲ့အချိန်မှာပဲ ပါးစပ်ကလည်း အော်ပါသေးတယ် ။

“နားမူးတန်း၊ နားမူးတန်း” လို့ အော်ပါတယ်။ သူအမှန်တကယ်အော်တာက “ငါးမူးတန်း၊ ငါးမူးတန်း ” ပါ။

ရုပ်ရှင်ရုံဝင်ကြေးက ငါးမူးတန်း၊ ၁ ကျပ်တန်း၊ ၁ ကျပ်ခွဲတန်း၊ ၂ ကျပ်တန်း တို့ပါ။ ဒီထက်ပိုပြီး ကားဟောင်းတယ်ဆိုရင် အောက်ဆုံးတန်းက တမတ်တန်းပါ။ သူက အဲဒီ ငါးမူတန်း တခုကိုပဲ အော်တတ်ပါတယ်။၊ တခြားအတန်းတွေကို မအော်ပါဘူး။

အဲဒီ တွန်းလှည်းတွန်းတဲ့ တရုတ်ကြီးဟာ လေဖြတ်ထားပုံရပါတယ်။ ခြေထောက်တဘက်က လမ်းသွားရင် နည်းနည်း ဆွဲ ဆွဲ သွားပါတယ်။ ကင်းဘတ်ဖိနပ်ကို အမြဲတမ်းစီးပြီး အ၀တ်ပျော့ဦးထုပ် တလုံးကို အမြဲဆောင်းထားတာ တွေ့ရပါတယ်။

တခါတလေ ရုပ်ရှင်ရုံ ဂိတ်ပေါက်မှာ လက်မှတ်တွေ ဖြတ်နေတာကိုလည်း တွေ့ရပါတယ်။ ရုပ်ရှင်ကားလဲတိုင်း သူ အမြဲ ဒီ ပိုစတာကြော်ငြာကို မြို့ထဲ လှည့်ပါတယ်။ လမ်းမတော် မြို့နယ်နဲ့ လသာမြို့နယ်တွေကို လှည့်တာ များပါတယ်။ တခါတလေ အလုံမြို့နယ်ကိုလည်း ရောက်တာတွေ့ရပါတယ်။ အဲဒီမြို့နယ်တွေထက် ကျော်တာတော့ မတွေ့ရပါဘူး။

ကဌေးရုပ်ရှင်ရုံက ၂ ထပ်ပါ။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း တွေက အောက်ထပ်မှာပါ။ အထူးတန်းက အပေါ်ထပ်မှာပါ။ ပထမတန်းနဲ့ ဒုတိယတန်းတွေက သစ်သား ထိုင်ခုံတွေပါ။ တတိယတန်းက ကြိမ်ကုလားထိုင်တွေပါ။ အထူးတန်းကတော့ ဆိုဖာနဲ့ပါ။ အောက်တန်းတွေရဲ့ ထိုင်ခုံတွေက ကြမ်းပိုး ကိုက်ပါတယ်။ ရုပ်ရှင်ပြနေတုန်း ကြမ်းပိုးကိုက်ရင် ကြည့်တဲ့သူက မကြာခဏ ထပြီး ခုံကို ထုရိုက်သံကိုလည်း ကြားရပါတယ်။

ရုပ်ရှင်ပြနေတုန်း ကားကလည်း ခန ခန ပြတ်ပါတယ်။ ရုပ်ရှင်ပြစက်က တော်တော်ဟောင်းနေပါပြီ။ အဲဒီလို ကားပြတ်ရင် ပထမတန်းနဲ့ ဒုတိယတန်းက လူတွေက ထိုင်ခုံတွေကို ရိုက်ကြ၊ ထုကြ၊ အော်ဟစ်ကြပါတယ်။ ပထမတန်းက လူတွေက ပိုဆိုးပါတယ်။

ကဌေးရုံရဲ့ ထူးခြားချက် တခုရှိပါတယ်။ အဲဒါကတော့ ရုံတင်လိုက်တဲ့ ကားမကောင်းဘူး၊ လူမကြိုက်လို့ လူမ၀င်ဘူး ဆိုရင် အဲဒီကားကို ၂ ရက်၊ ၃ ရက်လောက်ပြပြီး ရွှေဘ ဇာတ်ကားကို ပြောင်းပြီး ရုံတင်လိုက်ပါတယ်။ အဲဒီအခါမှာ လူ ကြိတ်ကြိတ်တိုးတာကို တွေ့ရပါတယ်။ အဲဒီ အချိန်လောက်က လမ်းမတော်မြို့နယ်မှာ ကီလီဈေးကြီး ရှိပါတယ်။

ကုန်တင် ကုန်ချသမားတွေ၊ ကုန်စိမ်းဒိုင်တွေ၊ သားငါး ဒိုင်တွေကလူတွေက ရွှေဘ ကားဆိုရင် ကြိုက်ကြပါတယ်။
ည ၉း ၃၀ ခွဲပွဲတောင် ရုံပြည့်ပါတယ်။ သူတို့က ည ၉း ၃၀ ပွဲဆိုရင်အားကြတယ်။ ရုပ်ရှင်က ည ၁၂ နာရီဆိုပြီးတယ်။
ရုပ်ရှင်ပြီးရင် ဒိုင်ကိုပြန်ပြီး ခဏ တရေးတမောအိပ်၊ မနက်၂ နာရီ၊ ၃ နာရီလောက် ဆိုရင် အလုပ်လုပ်ရပါပြီ။

အဲဒီလို ရုပ်ရှင်ပြရင်း ရွှေဘနဲ့ လူဆိုးတွေ ထိုးကြ ကြိတ်ကြတဲ့အခါမှာ ရွှေဘရှုံးရင် ၀ိုင်းပြီး အော်ဟစ်ကြပြီး ရွှေဘနိုင်ရင် လက်ခုပ် ၀ိုင်းတီးကြပါတယ်။ ဆူညံနေတာပါပဲ။ တောကဖိုးတုတ်၊ ဗိုလ်စံဖဲ၊ တို့ပိုင်တဲ့မြေ၊ ၀ရမ်းပြေးဖိုးသိန်း ... စတာတွေဟာ ရွှေဘရဲ့ နာမည်ကြီး ဇာတ်ကားတွေဖြစ်ပါတယ်။ ဂျပန်ပြည်မှာ သွားရိုက်ခဲ့တဲ့ အလောင်းတော် ရာမ ဆေးရောင်စုံ ဇာတ်ကားမျိုးလည်း ပြပါတယ်။ “ဆောင်း” ဆိုတဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကရင်၊ ဗမာ ချစ်ကြည်ရေးကို အခြေခံတဲ့ စစ်ကားလည်း ပြသခဲ့ပါတယ်။ ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ၊ ဒေါ် စံရှားတင်၊ ညွန့်ဝင်းတို့ ပါဝင်ပါတယ်။ ဇာတ်ကားက ၃ နာရီကြာအောင်ပြသရတဲ့ ဇာတ်လမ်းရှည် ဖြစ်ပါတယ်။

ကွယ်လွန်သူ မင်းသားကြီး ဦးကျော်ဆွေရဲ့ ဇာတ်ကားတွေလည်း မကြာခဏပြသပါတယ်။ “ပုလဲမျက်ရည်” ဆိုတဲ့ ဇာတ်ကားဟာ သူကိုယ်တိုင် ဒါရိုက်တာလုပ်၊ သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပါတယ်။ သမိုင်း ၀င် ဇာတ်ကား တကားပါ။ မင်းသမီးကြီး ခင်ယုမေနဲ့ တွဲပြီး ရိုက်ထားပါတယ်။ ဌေးဝင်း၊ စံတင် စတဲ့ လူကြမ်း မင်းသားကြီး ပေါင်းစုံ ပါဝင်တဲ့ ဂျပန်တော်လှန်ရေး မြင်ကွင်းကျယ် စစ်ကားကြီး တကားဖြစ်ပါတယ်။

တခါတလေ အင်္ဂလိပ်ရုပ်ရှင် ကားဟောင်းတွေလည်း ပြတတ်ပါတယ်၊ (The Longest Day) ဒုတိယကမ္ဘာစစ်ကို အခြေခံတဲ့ နော်မန်ဒီ ကမ်းတက် သမိုင်းဝင်ကား၊ (The Guns of Navarone) နဲဗားရွန်း ခံတပ် စတဲ့ သမိုင်းဝင်ကား တွေလည်း ရုံတင်တတ်ပါတယ်။

အစိုးရက ကဌေးရုပ်ရှင်ရုံဟာ ရုံဟောင်းကြီး တခုဖြစ်တဲ့အတွက် ကားဟောင်းတွေများ တင်တာလားလို့ စိတ်ထဲမှာ ထင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံ တမတ်၊ ငါးမူးလောက်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင်ကားတွေ ကြည့်ရတာ ထူးခြားမှု တခုဖြစ်ပြီး ကျေနပ်အားရစရာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ကဌေးရုံကို ကေသွယ်ရုံ ဆိုပြီး နာမည် ပြောင်းလိုက်ပါတယ်။

အခု နအဖ ခေတ်မှာတော့ ကဌေးရုံကြီးကို တရုတ်တယောက်က ၀ယ်ပြီး ကြမ်းခင်းဖယောင်းပုဆိုး စတဲ့ ကုန်ပစ္စည်းတွေ ရောင်းနေတဲ့ ကုန်စုံဆိုင်ကြီးအဖြစ် ၀မ်းနည်းဖွယ်တွေ့ရပါတော့တယ်။

(ဧရာဝတီ)
စာ အဆုံးမှာတော့ တရုတ်လက်ထဲ စစ်အာရှင်တွေက ကေသွယ်ရုံကြီး ဝကွက် အပ်လိုက်ပါတော့တယ်။ နအဖ.. နအဖ.. ဘယ်လောက်များ မိုက်တွင်း နက်ပြီး တိုင်;ပြည်ကို တရုတ်ကျွန်ဖြစ်အောင် လုပ်တော့မည် ဆိုတာ ထင်သာနေပါ တယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.