Wednesday, November 3, 2010

0 ရွေးကောက်ပွဲ အကြိုကာလယုတ်မာမှုများ

မထသ ဝန်ထမ်းအားလုံး ကြိုတင်မဲပေးရမည်

မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) လက်အောက်ရှိ ၀န်ထမ်းအားလုံး နိုဝင်ဘာ ၅ ရက်နေ့၌ ကြိုတင်မဲပေးနိုင်ရန် မထသ ရုံးချုပ်တွင် မဲ ရုံ ၂ ခု တည်ဆောက်ပေးမည်ဟု သိရသည်။ ရုံးဝန်ထမ်းများ၊ ယာဉ်မောင်းများနှင့် ယာဉ်အကူများအားလုံး မိမိနေရပ်တွင် မဲ သွားပေးရန် မလိုတော့ကြောင်း၊ ကျိုက္ကဆံ လမ်းမကြီးပေါ်ရှိ မထသ ဗဟို ရုံးတွင်သာ ကြိုတင်မဲ မပေးမနေရ သွားပေးရမည်ဖြစ်ကြောင်း၊ ဌာနအလိုက် လူစုက ကြိုတင်မဲ လာရောက်ပေးနိုင်ရန် ကားများ စီစဉ်ပေးမည်ဖြစ်ကြောင်း မထသ အရာရှိကြီးတဦးက ပြောသည်။

ကြံ့ဖွံ့ကိုမဲမထည့်ပါက ရွာပြောင်းရမည်ဟု ဖိအားပေး

မကွေးတိုင်း မြို့သစ်မြို့နယ်ရှိ တပ်မတော်ကာကွယ်ရေး ပစ္စည်းများထုတ်လုပ်သော ကပစ အမှတ် ၁၇ တပ်ရင်းမှ ဗိုလ်ကြီးကိုကိုဦးနှင့် ဗိုလ်ကြီးအောင်ကျော်လင်းတို့သည် ၎င်းတို့၏တပ်နှင့် အနီးတ၀ိုက်ရှိ ကျေးရွာများမှ ပြည်သူများအား ကြံ့ဖွံ့ပါတီ ကိုသာ မဲပေးကြရန်နှင့် ကြံ့ဖွံ့ကို မဲမထည့်ပါက ကျေးရွာများကို ပြောင်းရွှေ့ခြင်း၊ ရွာမှ နှင်ထုတ်ခြင်းများ ပြုလုပ်မည်ဟု ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဗိုလ် ၂ ဦးက မြို့သစ်မြို့နယ်အတွင်းရှိ ရပ်မိရပ်ဘများကို ခေါ်ယူကာ ကြံ့ဖွံ့ကို ရွာသားများ မဲထည့်ရန် စည်းရုံးခိုင်းကြောင်း၊ မည်သည့်အစိုးရ အုပ်ချုပ်သည် ဖြစ်စေ စစ်တပ်သည် အမြဲအာဏာ ရှိနေမည် ဖြစ်၍ စစ်တပ်၏ ပြောဆိုမှုကို လိုက်နာရန်လိုအပ်သည်ဟု ပြောကြောင်း၊ ထို့အပြင် ဒေသဆိုင်ရာအာဏာပိုင်များကလည်း မြို့သစ်မြို့နယ်အတွင်းရှိ ၀န်ထမ်းများနှင့် တခြားသော ကျေးရွာများတွင် ကြိုတင်မဲကောက်ခံမှုကို ဆက်တိုက် လုပ်ဆောင် နေကြောင်း ဒေသခံများက ပြောသည်။

ဝန်ထမ်းများ ဌာနအလိုက် မဲမပေး မနေရ
နေပြည်တော်မှ ၀န်ထမ်းများသည် ၀န်ကြီးဌာနအလိုက် သတ်မှတ်ထားသည့် အချိန်အတိုင်း သွားရောက် မဲပေးရမည်ဖြစ်ပြီး ဝန်ကြီးဌာန တခုလျှင် မိနစ် ၅၀ အချိန်ပေးထားကြောင်း သတင်းရရှိသည်။ မဲရုံသို့ မသွားမနေရ လူစစ်၍ သွားခိုင်းမည် ဖြစ်ကြောင်း၊ ပြည်သူကို ကောင်းကျိုးပြုနိုင်မည့်သူကို မဲပေးကြရန် ကိုယ့်ဉာဏ်နှင့်ကိုယ်ရွေးဟု ပြောကြောင်း၊ ဝန်ထမ်းများက အလုပ်ရှုပ်ခံ၍ မသွားလိုကြောင်းနှင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိလျှင် ကြံ့ဖွံ့ပါတီမှ တပါး တခြားပါတီကို ရွေးမည် ဖြစ်ကြောင်း ဝန်ထမ်းများက ဆိုသည်။

NDF မဲဆွယ်ဆိုင်းဘုတ်များ ကြံ့ဖွံ့ ဖြုတ်ချ

ရေနံချောင်းမြို့နယ် NLD အဖွဲ့ဝင် ၃၀ ခန့်က “မဲမပေးရေး” စာတန်းပါ တီရှပ်များ ၀တ်ဆင်ပြီး ရေနံ ချောင်းမြို့စက်မှုဇုန် ရပ်ကွက်အတွင်း လှည့်လည်လမ်းလျှောက်သည့် လှုပ်ရှားမှုတခု ယနေ့ ပြုလုပ်သည်ဟု သတင်း ရသည်။ အဆိုပါ အဖွဲ့ကို မကွေးတိုင်း NLD စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေး ဦးဆောင်ကြောင်း၊ တီရှပ်အရှေ့ပိုင်း၌ ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ ၃ ဦး၏ ဓာတ်ပုံများနှင့် နောက်ကျောတွင် မဲမပေးဘဲ နေပိုင်ခွင့်ရှိသည် ဆိုသည့် စာသားပါရှိ ကြောင်း၊ စက်မှုဇုန်အတွင်းရှိ အလုပ်သမားများကို စည်းရုံးရန်အတွက် သွားရောက်ခြင်း ဖြစ်ကြောင်း ရေနံချောင်းမြို့ခံ NLD လူငယ် တဦးက ပြောသည်။ ယခုလှုပ်ရှားမှုကို ရေနံချောင်းမြို့နယ် အာဏာပိုင်များက စောင့်ကြည့်မှုများ ရှိကြောင်းသိရသည်။

ကြံ့ဖွံ့ မဲရရေး အကျွေးအမွေးဖြင့် စည်းရုံး

ကရင်ပြည်နယ် မြ၀တီမြို့အမှတ် ၃ ရပ်ကွက်တွင် ရယက ဥက္ကဌ က ရပ်မိရပ်ဘများနှင့် ရာအိမ်မှူး ဆယ်အိမ်မှူးများကို ယမန်နေ့က ဖိတ်ခေါ်ကာ အကျွေးအမွေးဖြင့် ဧည့်ခံပြီး ကြံ့ဖွံ့ပါတီ မဲရရှိရေး အတွက် ပြောကြောင်း သိရသည်။ မြ၀တီမြို့ တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အစိုးရ၀န်ထမ်းများ ကြားတွင်သာ စိတ်ဝင်စားမှုရှိပြီး သာမန် အရပ်သူ အရပ်သားများက စိတ်ဝင်စားမှု မရှိကြောင်း၊ ထို့ကြောင့် ကြံ့ဖွံ့ ပါတီကို မဲပေးရန် စည်းရုံးနေခြင်းဖြစ်ကြောင်း မြ၀တီမြို့ရှိ ရဲ ၀န်ထမ်း တဦးက ပြောဆိုသည်။

္စဧရာဝတီ(သတင်းတိုများ) မှ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.