Wednesday, November 3, 2010

0 တစ်ခုတည်းသော လမ်းစဉ်-
ရေးသူ-ဗမာ့သွေး

ဒီမိုကရေစီ နိုင်ငံကို ချီတက်မယ်ဆိုတဲ့ အစိုးရက ဘာတွေများ တရားမျှတမှုတွေ ဖော်ဆောင် နေလို့လည်း ။ ပဲခူးလို မြို့ပေါ်မှာ အရပ်သားနဲ့ စစ်သား အချင်းများရာ သေနတ်နဲ့ ပစ်သတ်လိုက်တယ် ။ ဘယ်သူကို တရားသွားစွဲမလဲ ၊ အပြစ်မဲ့တဲ့ မိန်းကလေး တွေ မုဒိန်းကျင့်ခံရတယ် ၊ ဘယ်သူ့ကို သွားတိုင်ရမှာလည်း ။ တိုင်းရင်းသားကျေးရွာတွေ ဖျက်စီးတာ ခံရတယ် ဘယ်သူ့က လာပြီး အရေးယူပေးမှာလည်း ။ အခြား လွတ်လပ်ခွင့်ကို ဆိုတာ အသာထား စာပေလွတ်လပ်ခွင့်တောင် ရလို့လား ။ ဒါဟာ ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ်နေတာလား ။ ဘယ်လို အချက်အလက်တွေနဲ့ ဒီမိုကရေစီ လမ်းစဉ်ကြီးပါလို့ လိုက်လံပြီး ကြွေးကြော်နေတာ ကို လက်ခံထားကြတာလည်း ။ ဒါတောင် တရားဝင် အုပ်ချုပ်ရေး အာဏာအပ်နှင်းခြင်းခံထားရတဲ့ အစိုးရ မဟုတ်ဘူးနော် ။ ပြည်သူလူထုကသာ ရွေးကောက်ပွဲကို လက်ခံလိုက်ရင် ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်စွပ် လိုက်တာနဲ့ တူတူပါဘဲ ။

ကျွန်တော်တို့ တိုင်းပြည်ဟာ အဘက်ဘက်က ချွတ်ခြုံကျနေသည့် အပြင် သဘာဝ ဘေးအန္တာရယ် အမျိုးမျိုးကလည်း အခါမလပ် နှိပ်စက်လျှက်ရှိနေသည် ။ တိုင်းပြည် တပြည်တွင် အုပ်ချုပ်သူ အစိုးရ မကောင်းလျှင် တိုင်းသူပြည်သားတို့ ကိုယ်ကျင့်သီလ မတည်ဆောက် နိုင်ကြတော့ ။ စီးပွားရေး ကျပ်တည်း ကျဉ်းမြောင်းလာတယ်ဆိုတော့ မစင်ကြတဲ့အသက်မွေးဝမ်းမှု တွေကို ပြုလုပ်လာကြရတယ် ။ အဲဒီလို ကိုယ်ကျင့်သီလ မလုံခြုံတဲ့လူတွေ များလာတဲ့ အခါ ကပ်ကြီး သုံးပါး က သူ့သဘာဝ အတိုင်း ဆိုက်ရောက်လာတာပေါ့ ။ ဒီလို အဖြစ်အပျက်တွေ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေ မှာ အထင်အရှားရှိပါတယ် ။ အခုလို အဖြစ်အပျက်တွေကို ကျော်လွှားနိုင်ဖို့ တခုတည်းသော လမ်းစဉ်က တိုင်းပြည်ကို မတရား အုပ်ချုပ်နေတဲ့ အာဏာရှင် အစိုးရကို အမြန်ဆုံး ဖယ်ရှားနိုင်ဖို့ပါဘဲ ။

တိုင်းပြည် ရဲ့ ပကတိ အနေအထားက သယံဇာတတွေ ကုန်ခမ်းလာလို့ အခွံသာသာ ဘဲ ကျန်ပါတော့တယ် ။ အဲဒီ အခွံမှာ ကပ်ကျန်နေတဲ့ အသားလေးတွေ ကိုတောင်ချမ်းသာ မပေးချင်တဲ့ အာဏာရှင်တွေက ဆက်လက် အုပ်ချုပ်ကြဖို့ အမျိုးမျိုး ကြံစည်နေကြတယ် မိတ်ဆွေ တို့ ။ ရွေးကောက်ပွဲ ကို အကြောင်း ပြပြီး ပြည်သူလူထု ဆီက တရားဝင် အုပ်ချုပ်ရေး အာဏာကို ဆက်လက် ရယူကြတော့မယ် ဆိုတာကို သိသိကြီးနဲ့ ခေါင်းငုံ့ခံနေကြတော မှာလား ။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာ အထူးအထွေ စဉ်းစားစရာ မရှိပါဘူး ။ လက်ရှိ အစိုးရရဲ့ ပြည်သူလူထု အပေါ်ကို ထားရှိတဲ့ သဘောထား အပေါ်ကို အခြေခံ ပြီး စဉ်းစားရင် အလွယ်လေးပါ ။ ဒီအာဏာရှင်တွေ ဆက်လက် အုပ်ချုပ်နေသမျှ တိုင်းပြည် အခြေအနေ က ပိုမိုဆိုးရွားလာကြမှာအားလုံး တညီတညွတ်တည်း လက်ခံထားတဲ့ အမြင်ပါ ။ ဒါဆိုရင် ဒီအာဏာရှင်တွေ ဘဲ ဆက်လက် အုပ်ချုပ်ရေးကို ထောက်ခံပေးထားတဲ့ လက်ရှိရွေးကောက်ပွဲကို ပြည်သူတွေ လက်ခံမှာလား ဆန့်ကျင်မှာလား သေချာစွာ စဉ်းစားကြည့်သင့်တယ် ။

နိုင်ငံရေး ဝေါဟာရ စကားလုံးတွေ ရှုပ်ထွေးစွာ အသုံးပြုနိုင်မှ နိုင်ငံရေး ကို နားလည်တယ်လို့ ခေါ်ဆိုနိုင်တာ မဟုတ်ပါဘူး ။ နိုင်ငံရေး ဆိုတာ ပြည်သူလူထု အတွက် ဦးတည်ဆောင်ရွက်တာ ဖြစ်လို့ ပြည်သူလူထု နားလည် နိုင်မှ ဖြစ်မှာပေါ့ ။ ပြည်သူလူထု သဘောထားနဲ့ ဆန့်ကျင်တဲ့အယူဝါဒကို မှန်သမျှ ဟာ ပြည်သူလူထု ကောင်းစားရေး ထက် သူတို့ကောင်းစားရေးကို ဦးတည်ထားကြတာပါ ။ လက်ရှိ ရွေးကောက်ပွဲပါ ဥပဒေ အချက်အလက် တော်တော်များများက သူတို့ အာဏာတည်မြဲရေး နှင့် ကိုယ်ကြိုးရှာလူတစ်စု ကောင်းစားရေးကို ဦးထိပ် ထားကြတာပါ ။ ဒါပေမယ့် သူတို့အာဏာတည်မြဲရေးကို ဦးထိပ်ထားတဲ့ လူတစ်စု က ပြည်သူလူထု နားမလည် နိုင်တဲ့ နိုင်ငံရေး ဝေါဟာရ စကားလုံးတွေ သုံး လက်ရှိအစိုးရရဲ့ သဘောထား အမှန်ကို လှစ်လျူရှု ၊ အနာဂတ် မှာ ဘာလုပ်ပေးပါ့မယ် ဆိုတဲ့ စကားလုံးတွေကို အသုံးချပြီး ပြည်သူလူထု ကို လှည့်စားဖို့ ကြံစည်နေကြတယ် ။ လက်ရှိအနေအထားကို ထည့်မတွက်ဘဲ အနာဂတ် မှာ ကောင်းစားရေးကို ကြွေးကြော် ၊ မရောက်သေးတဲ့ လွှတ်တော်ဆိုတဲ့ စကားကို တွင်တွင်သုံး နေကြတာ ပြည်သူလူထု အနေနဲ့ အသိတရား ရသင့်ပါပြီ ။
ဒီမိုကရေစီ အုပ်ချုပ်ရေး ကို အရိုးရှင်းဆုံး အဓိပ္ပာယ် ဖွင့်ဆိုရရင် ပြည်သူလူထု က အုပ်ချုပ်ရေး အာဏာကို အမှန်တကယ် တိုင်းပြည် အကျိုးသယ်ပိုးဆောင်ရွက်မည့် လူများကို အုပ်ချုပ်ရေး အာဏာအပ်နှင်းတဲ့ စနစ်တစ်ခုပါ ။ ပြည်သူလူထု လိုလားတောင့်တချက် မှန်သမျှကိုအုပ်ချုပ်ရေးပိုင်းကို တာဝန် ပေးအပ်ခြင်းခံထားရတဲ့ လူတွေက အကောင်အထည် ဖော်ပေးရတာ ဒီမိုကရေစီ ပါ ။ ပြည်သူလူထု ကို ကိုယ်စားပြုပြီး သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များက တိုင်းပြည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြခံ ရေးဆွဲထားတဲ့ တရားမျှတတဲ့ ဥပဒေကို တိုင်းသူပြည်သားတိုင်း စောင့်ထိန်းလိုက်ကြရမယ် ။ အကယ်၍ သတ်မှတ်ထားတဲ့ ဥပဒေကို ဖောက်ဖျက် ကျူးလွန်ခဲ့ရင် မည်သူ့ကို မဆို အပြစ်ပေး အရေးယူလို့ရတဲ့ အုပ်ချုပ်ရေး စနစ်တခုပါ ။ ဥပဒေ ရဲ့ အထက်မှာ ဘယ်သူမှ ရှိမနေတာ ဒီမိုကရေစီ ။ ပြည်သူလူထု အားလုံး တညီတညွတ်တည်း တန်းတူညီမျှ အခွင့်အရေး ကို ပိုင်ဆိုင်ခွင့်ရနိုင်တာ ဒီမိုကရေစီ စနစ်မှာဘဲ ရှိပါတယ် ။

နိုင်ငံတော်သီချင်းလေးကို လူတိုင်း ရကြမှာပါ ။ အဲဒီ သီချင်းလေးထဲ အတိုင်း ကျွန်တော်တို့ အခွင့်အရေးတွေ ရကြလို့လား ။ ဘယ်မှာလည်း တရားမျှတမှု ၊ ဘယ်မှာလည်း ခွင့်တူညီမျှမှု သေချာ စဉ်းစားကြည့်ကြစမ်းပါအုံး ။ ပြည်ထောင် စု အမွေကို ထိန်းသိမ်းပါ့မယ် လို့ ဓိဌန်ပြုထားတဲ့ လူတွေက တိုင်းရင်းသားတွေကို သူပုန်လို့ သတ်မှတ်ပြီး အကြမ်းဖက် နှိမ်နှင်းလိုက်ကြတာ ပြည်ထောင်စုကို ထိန်းသိမ်းတာလား ၊ ဖြိုခွဲလိုက်တာလား ။ ဘာတွေကို တွေဝေနေကြတာလည်း ။ ဘာတွေကို စဉ်းစားနေကြတာလည်း ။ မျက်မြင် ထင်ရှား သက်သေ အထောက် အထားတွေ ကို ငြင်းဆန်ပြီး အနာဂတ်ဆိုတာကြီးကို ကျော်မတွေးကြပါနဲ့ ။

ဒီမိုကရေစီ နိုင်ငံကို ချီတက်မယ်ဆိုတဲ့ အစိုးရက ဘာတွေများ တရားမျှတမှုတွေ ဖော်ဆောင် နေလို့လည်း ။ ပဲခူးလို မြို့ပေါ်မှာ အရပ်သားနဲ့ စစ်သား အချင်းများရာ သေနတ်နဲ့ ပစ်သတ်လိုက်တယ် ။ ဘယ်သူကို တရားသွားစွဲမလဲ ၊ အပြစ်မဲ့တဲ့ မိန်းကလေး တွေ မုဒိန်းကျင့်ခံရတယ် ၊ ဘယ်သူ့ကို သွားတိုင်ရမှာလည်း ။ တိုင်းရင်းသားကျေးရွာတွေ ဖျက်စီးတာ ခံရတယ် ဘယ်သူ့က လာပြီး အရေးယူပေးမှာလည်း ။ အခြား လွတ်လပ်ခွင့်ကို ဆိုတာ အသာထား စာပေလွတ်လပ်ခွင့်တောင် ရလို့လား ။ ဒါဟာ ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ်နေတာလား ။ ဘယ်လို အချက်အလက်တွေနဲ့ ဒီမိုကရေစီ လမ်းစဉ်ကြီးပါလို့ လိုက်လံပြီး ကြွေးကြော်နေတာ ကို လက်ခံထားကြတာလည်း ။ ဒါတောင် တရားဝင် အုပ်ချုပ်ရေး အာဏာအပ်နှင်းခြင်းခံထားရတဲ့ အစိုးရ မဟုတ်ဘူးနော် ။ ပြည်သူလူထုကသာ ရွေးကောက်ပွဲကို လက်ခံလိုက်ရင် ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်စွပ် လိုက်တာနဲ့ တူတူပါဘဲ ။

ဒီလမ်းကို လျှောက်ရင် ဒီခရီး ဘဲ ရောက်မှာ ၊ ရွေးကောက်ပွဲ ဖြစ်မြောက်သွားရင် စစ်အာဏာရှင်တွေ ဘဲ စိုးမိုးကြမှာ ။ ဒါတွေကို သိသိကြီးနဲ့ လက်ခံကြတော့မှာလား ။ အမြင်တွေ မမှားကြစမ်းပါနဲ့ ။ ဒီနေ့လက်ရှိ မြန်မာနိုင်ငံ အနေအထားက ပြည်သူလူထု ရုန်းမှ ဖြစ်တော့မှာ ။ ခေါင်းဆောင်ကောင်းတွေ ရှိတုန်း ရုန်းထလိုက်ကြစမ်းပါ ။ ပြည်သူလူထု ကောင်းစားရေး အတွက် ရွေးချယ်စရာ လမ်းမရှိတော့ပါဘူး ။ အားလုံး ရရာလက်နက် စွဲကိုင်ပြီး ပြည်သူလူထု လိုလားတောင့်တချက်ကို ဘဲ တညီတညွတ်တည်း တောင်းဆိုကြမှ ရတော့မှာပါ ။ ဒါဟာ တမျိုးသားလုံး အာဏာရှင် စနစ်အောက် လွတ်မြောက်စေမည့် တစ်ခုတည်းသော လမ်းစဉ်ပါ ။ ဒီလမ်းစဉ်ကို အမြန်ဆုံး အကောင်အထည် ဖော်ကြမှ ဖြစ်တော့မယ် ။

ရဲဘော်ဒို့

အကျယ်ချဲ့ပြီး ရှည်ရှည် မပြောချင်ဘူး

အခု စစ်မြေပြင်ကို ထွက်ကြမယ်

ဆင်းရဲမယ် ငတ်မယ်

အခက်အခဲတွေနဲ့ ရင် ဆိုင်ကြရမယ်

ဗမာပီပီ ဗမာ့သွေးကို ပြကြပါ

အထက်ဗိုလ်များကလည်း သာတူညီမျှ ရဲဘော် စိတ်ထားပါ

အနီးစပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ ၊

ရဲဘော်တို့ နဲ့ တူတူ ကျွန်ူပ်ကိုယ်တိုင် ချီတက်မယ် ..

ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စစ်ထွက်မိန့်ခွန်းမှာ ဘာတွေ အကျိုးခံစားရမယ်လို့ပါခဲ့လည်း စဉ်းစားကြည့်ကြစမ်းပါ ။ ဒါပေမယ့် ဘာကို လိုချင်လို့ စစ်မြေပြင်ကို ထွက်မှာလည်း ၊ အဲဒီ စစ်ပွဲမှာ အနိုင်ရခဲ့ရင် ဘာတွေ ရရှိမှာလည်း တိုက်ပွဲဝင်မည့် ရဲဘော်တွေ သာ မက ပြည်သူလူထု အားလုံးကလည်း
သိရှိနားလည်ပြီးသားလေ ။ ဗိုလ်ချုပ်ရယ် စစ်မြေပြင်ကို မထွက်ပါနဲ့ ပြည်သူတွေ သွေးမြေကြမှာ ဖြစ်လို့ နစ်နာပါတယ်လို့ ပြောတဲ့လူတွေ လည်း အဲဒီ အချိန်က ရှိခဲ့ကြမှာပါ ။ ဒီလောက် အင်အားကောင်းတဲ့ နယ်ချဲ့တွေကို သွားတိုက်ကြမလို့တဲ့ ဆိုပြီး လှောင်ပြောင်ခဲ့တာတွေလည်း ရှိမှာ ။ ဒါပေမယ့် ယုံကြည်ချက်ကို ဦးထိပ်ထားပြီး မှန်ကန်တဲ့လမ်းစဉ်တစ်ရပ် ကို ဖော်ဆောင်ပေးနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း နောက်ကို ပြည်သူလူထု တရပ်လုံးက လိုက်ပါလာကြလို့ မြန်မာပြည် လွတ်လပ်ရေး ရတာပါ ။ အခုလည်း ဒီမိုကရေစီ တိုက်ပွဲဝင် ဖို့အတွက် အကျိုးအမြတ်ကို သိထားပြီးသားပါ ။ တမျိုးသားလုံး ကောင်းစားရေးကို ဦးထိပ်ထားရင် အနည်းငယ်သော လူတွေ ဒုက္ခရောက်တာလောက်ကို တွက်မနေကြနဲ့လေ ။ လွတ်လပ်ရေး တိုက်ပွဲဝင်မှ သေမှာ မဟုတ်ဘူး ၊ သေခြင်းတရား ဆိုတာ မွေးဖွားပြီးတာနဲ့ မဖြစ်မနေ ကြုံတွေ့ရမယ့် အရာတစ်ခု ။ ဘယ်သူမှ မကျော်လွှားနိုင်တဲ့ သဘ၀ရဲ့ နိယာမ တရား ။ အသက်ရှင်နေတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံသားတွေ လူအခွင့်ရေး လေးတော့ ပြည့်ပြည့် ၀၀လေး စံစားစေချင်တယ်ဗျာ ။ အဲဒီလို လူအခွင့်အရေး ရဖို့ တိုက်ပွဲဝင်ကြမှ ရတော့မှာ ။

အားလုံး ညီညွတ်ရင် ဒီအာဏာရှင်တွေကို ဖြုတ်ချလို့ရပါတယ် ဆိုတဲ့ အမြင်ကို နိုင်ငံရေး လုပ်ရှားနေတဲ့ လူတွေ အားလုံး တညီတညွတ်တည်း လက်ခံထားကြပါတယ် ။ ဒါပေမယ့် စစ်မှန်တဲ့ စည်းလုံးညီညွတ်မှု ကို မဖော်ဆောင် နိုင်ဘူးလို့ ယူဆတာက တကြောင်း ၊ တိုက်ပွဲဝင်ရမှာ ကြောက်လို့ အာဏာရှင်တွေကို ခေါင်းငုံ့ခံချင်တာက တကြောင်း ၊ ကံကောင်းရင် ငါတို့ နေရာလေး ရနိုင်ပါတယ် လို့ ယူဆတာက တကြောင်း အကြောင်း အမျိုးမျိုးနဲ့ အာဏာရှင်တွေ ရှေ့မှာ ဒူးထောက်နေကြပေမယ့် သူတို့တွေရဲ့ လိမ်လည် လှည့်ဖျားတတ်တဲ့ ပါးစပ်ဖျားက တိုင်းပြည်ကောင်းစားရေး ဆိုတဲ့ စကားလုံးကို အာဂုံဆောင်ထားတော့ ပြည်သူလူထု အမြင်တွေ လွဲမှားကုန်ကြတာပေါ့ ။

ဇွန်ပန်းရုံ အနီး လှည်းဘီး နွံထဲ ကျွန်နေသည်

ကူ၍ တွန်းပေးကြပါ လေးလွန်း၍ မတွန်းနိုင်ဘူးလား ။

ပြိုင်တူ တွန်းလျှင် ရွှေ့နိုင်ပါသည်

ငယ်စဉ်ခါက အသံသာသာလေးနဲ့ ရွှတ်ဆိုခဲ့ကြတဲ့ ကဗျာလေးတွေကို မေ့ထားကြတော့မှာလား ။ ကိုယ်တိုင်က ကူညီ၍ တွန်းပေးဖို့ အသာထား ကူ၍ တွန်းပေးတဲ့လူတွေကို လှောင်ပြောင်နေကြတယ် ၊ ကူညီပြီး တွန်းပေးလိုက်၇င် အားအင် ကုန်ခမ်းမှာပေါ့လို့ အကြောင်းပြလာကြတယ် ။ သူ့ဟာသူ လှည်းဘီးနွံထဲ ကျွံတာ ငါတို့လှည်းမှ မဟုတ်တာ ဆိုတဲ့ အတွေး အခေါ်သမားတွေက ပိုပိုများလာကြတယ် ။

အဖြောင့်တွေးရင် ကူညီပြီး တွန်းပေးလိုက် ရင် လှည်းဘီး နွံထဲက အသာလေး ရုန်းထွက်နိုင်ပါတယ် ။ ဒါပေမယ့် ဘာကြောင့်လှည်းဘီးကြီး ကျွံနေတာ ၊ ဘယ်လို ၀န်မျိုးကို သယ်ဆောင်လာလို့ လှည်းဘီးနွံထဲ နစ်နေတာ ၊ လှည်းမောင်းသူက မှ မကျွမ်းကျင်တာ ၊ နေပူရင် အပူချိန်များပြီး နွံထဲကရေတွေ ခြောက်ခမ်းသွား မှာပါ ။ အဲဒီလို လက်တွေ့မကျတဲ့ အတွေးအခေါ်တွေနဲ့ တစ်ယောက်ကို တစ်ယောက် အပြစ်တင်ပြီး သုံးသပ်နေသမျှတော့ လှည်းဘီးက နွံထဲကကို ရုန်းထွက် နိုင်မှာ မဟုတ်ဘူး ။ အားစိုက်ပြီး တွန်းနေကြတဲ့လူတွေသာ အင်အားကုန်ခမ်းသွားမှာပေါ့ ။ လက်ရှိ တိုင်းပြည် အနေအထားက လည်း နွံထဲကို နစ်နေတာပါ ။ ကူညီ၍ တွန်းပေးမယ့် လူတွေကို ဘဲ အလိုရှိနေတာပါ ၊ ဘာကြောင့်ဆိုတာ မြန်မာပြည်ကြီး အာဏာရှင် နွံထဲက ရုန်းထွက် ပြီး လမ်းမှန်ပေါ်ကို ရောက်လာတဲ့အခါ ၀ိုင်းပြီး အဖြေရှာကြည့်ကြပေါ့ ။ အခုတော့ အတွေးအခေါ်သမားတွေထက် လက်တွေ့ နွံထဲက ရုန်းထွက်တောင် တွန်းပေးမယ့် လူအင်အားဘဲ များများလိုပါတယ်ဗျာ ။

အခုချိန်ခါမှာ ခေါင်းဆောင်ကောင်းတွေ ရှိနေကြပါသေးတယ် ၊ ပြည်သူလူထု ကိုယ်စားပြုခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ပါလို့ လူထုက တညီတညွတ်တည်း သတ်မှတ်ထားရုံတင် မကပါဘူး ၊ အခုရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး သမား အများစုကလည်း လက်ခံထားကြပါတယ် ။

လက်ရှိ အနေအထားမှာ အစိုးရရဲ့ မတရားဖမ်းဆီး ခြင်းကို ခံထားရပေမယ့် ပြည်သူလူထု အတွက်သူမဟာ ဆက်လက် ရှင်သန် နေပါတယ်ဆိုတာကို အမြဲ အသိပေးနေတုန်းပါ ။ သူလုပ်ပေးနိုင်တာက လမ်းပြပေးနိုင်ယုံပါဘဲ ။ သူမဟာ အခု ချိန်ထိ တိုင်းပြည်နဲ့ လူမျိုးအပေါ်ကို သစ္စာ ရှိစွာ ခေါင်းဆောင်မှု ပေးနေတုန်းပါ ။ လွဲမှာတဲ့ ထင်မြင် ယူဆချက်တွေကို လက်ခံလိုက်ပြီး သိသိကြီး နဲ့ အညံ့ခံလိုက်ကြရင်တော့ ရာဇ၀င်တွေ ရိုင်းကုန်လိမ့်မယ်နော် ။ နောင်လာမည့် မျိုးဆက်တွေ အများကြီးက လှောင်ပြောင် သရော်သံတွေ ကို ခံနိုင်ကြလို့လား ။ ရင်သွေးငယ်လေးတွေ ပါးစပ်ဖျား က မိဘတွေ ညံ့တယ်ဆိုတဲ့ စကားသံက ချိုသာနိုင်ပါ့မလား ကိုယ်တွေ့သာ စဉ်းစားကြည့်ကြတော့ပေါ့။
မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သယ်ဆောင်လာတဲ့ သာသနာ ငါတို့ လက်ထက်မှာ ကွယ်ရင် ငါတို့ဟာ သာဿာနာဖျက် ။
မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သယ်ဆောင်လာတဲ့ လူမျိုးတွေ ကွယ်ပျောက်ရင် ငါတို့ဟာ အမျိုးဖျက်သူ ။ တည်းတည်းလေး ဘဲ ကျန်ပါတော့တယ်နော် ၊ အဲဒီ စကားတွေကို ဆရာတော် ဦးသုမင်္ဂလက တနိုင်ငံလုံး လှည့်လည်ပြီး ဟောကြားခဲ့တာ နောက်ဆုံး မျိုးဆက် ဖြစ်ကုန်မှာ စိုးလို့ပါ ။

မြတ်ဗုဒ္ဓရဲ့သာသနာ တော် ထွန်းကားပါတယ်ဆိုတဲ့ နိုင်ငံမှာ အနှိပ်ခန်း တခန်း ဖွင့်ချင်ရင် လွယ်တယ် ။ တရားပွဲတပွဲ ဖြစ်မြောက်ဖို့ မလွယ်ပါဘူး ။ ဒါတွေက ယုံတမ်းစကား မဟုတ်ဘူး နော် ။ အချို့ဆို တရားပွဲ ကို ဦးဆောင် ကျင်းပတဲ့ လူက ငွေပေးရုံတင် မကဘူး အချုပ်ထဲ အရင် ၀င် ပေးရသေးတယ် ။ သာသနာ ဘယ်လောက်အောက်တန်းကျနေပြီလည်း စဉ်းစားကြည့်ကြပါအုံး ။ ဒီနေ့ နိုင်ငံတကာ မှာ မြန်မာ လူမျိုးတွေ ဘယ်လောက် အောက် တန်းကျနေပြီလည်း ။ တနိုင်ငံလုံးလည်း ၀န်ထမ်း မှန်ရင် မခိုးမနေရ ၊ လဘ်မစားရင် နေရာ မရ ဒီလို ဆောင်ပုဒ်တွေ နဲ့ ချီတက်လာလို့ ဒီနေ့လက်ရှိ အနေအထားမှာ ရပ်ကွက် ထောက်ခံစာတောင် အလကား ရလို့လား ။ သတ်မှတ်ထားတဲ့ တန်ရာတန်ကြေး အတိုင်း ပေးဆောင်လို့ ရတဲ့ အစိုးရ ရုံး ဌာနတွေ ရှိလို့လား ။ သတိထားကြည့်ကြစမ်းပါ ။

မိုးလွန်မှ ထွန်ချ ၊ ကလေးကျမှ လှေကားထောင် ၊ ရန်သူလာမှ ဒူးလေးပြင် ၊ အဲဒီ ဆောင်ပုဒ်တွေက လိုက်နာဖို့လား ရှောင်ကြဉ်ဖို့လား ။ ကံကိုယုံ၍ ဆူးပုံ မနင်းရာ၏ တဲ့ ။ ကံဆိုတာ မမြင်နိုင်လို့ထားပါတော့ ဒီလောက် ယုတ်မာ ကောကျစ် ညံ့ဖျင်းတဲ့ ကိုယ်ကျိုးရှာ ၀ါဒသမားတွေ လုပ်ရပ်က ထင်ထင်ရှားရှားရှိပါလျှက်နဲ့ သူတို့စကားကို အဟုတ်မှတ် ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ်ပါတယ်လို့ ထအော်နေတာကို ယုံကြည်နေကြရင် သူတို့တော်တာ မဟုတ်ဘူး ၊ ကျွန်တော်တို့ ညံ့တာဖြစ်သွားမှာပေါ့။

ကျွန်ူပ်တို့ မြန်မာလူမျိုးများသည် မဟုတ်လျှင် မခံ ၊ မတရားလျှင်တော်လှန် ဆိုတဲ့ ရှေးရှေးက ကျွန်တော်တို့ တိုင်းပြည်ရဲ့ သူရဲကောင်းတွေရဲ့ စကား တွေကို လက် ကိုင်ထားပြီး ကိုယ်အားကိုယ်ကိုးလို့ ရုန်းထနိုင်ပါမှ လွတ်မြောက်နိုင်မည့် အခြေအနေကို ရောက်နေ ကြပါပြီ ။ ကျွန်ူပ်တို့မှာ ရွေးချယ်စရာ လမ်း မရှိတော့ပါဘူး ။ သူတို့လုပ်သမျှ ခေါင်းငုံ့နေကြမယ့် အစား တိုင်းပြည်နဲ့ လူမျိုးအတွက် နိုင်ရာ တာဝန် ထမ်းပြီး ကျရာ အခန်းဂဏ္ဍကနေ တိုက်ပွဲဝင်ကြ၍ အနာဂတ်မှာ ခေတ်မှီဖွံ့ဖြိုးတိုးတက် စေမည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆီသို့ ချီတက်ကြပါစို့။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.