Sunday, November 28, 2010

0 လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည် (အမေးအဖြေ)




အရှင်ပညာနန္ဒ။ ။ အရှင်ပညာနန္ဒက အရင်ကတော့ absdf ၁၉၈၈အရေးတော်ပုံအပြီးမှာ နယ်ခြားကိုရောက်ရှိလာတဲ့ အဲဒီလှုပ်ရှားမှုတွေကတဆင့် အခုတော့ newyork ပြည်နယ် ယူတီဂါမြို့မှာသီတင်းသုံးနေထိုင်လျက်ရှိပါတယ်။

ဒါကာမကြီးဒေါ်အောင်ဆန်းစုကြည်ကိုမေးချင်တဲ့မေးခွန်းတခုကလေအခုဦးဇင်းထင်တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စမှာ ဒီမိုကရေစီဖော်ဆောင်မှုကိစ္စမှာ ဗိုလ်ချုပ်ကြီးတွေက သူတို့ အကြောက်တရားတွေ လွှမ်းမိုးပြီးတော့ ဒီအာဏာကိုမစွန့်လွှတ်နိုင်ဘူးလို့ဦးဇင်းထင်တယ်လေ။အဲဒါကြောင့်မို့လို့ဗိုလ်ချုပ်ကြီးတွေ အကြောက်တရားပြေပျောက်သွားအောင်လို့လေ..ဒါကာမကြီးဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဘယ်လိုမျိုး လုပ်ပေးနိုင်သလဲဆိုတာ အဲဒါဦးဇင်းအနေနဲ့သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ အကြောက်တရားရဲ့အခြေခံကတော့မလုံခြုံတဲ့စိတ်ဓာတ်ဖြစ်ပါတယ်. အဲဒီတော့ မလုံခြုံတဲ့စိတ်ဓာတ်တွေ လျော့သွားအောင် လျော့ပါးသွားအောင်ဘယ်လိုလုပ်ရမယ်ဆိုတာ ကျမတို့အားလုံးဝိုင်းပြီးတော့စဉ်းစားဖို့လိုပါတယ်။ ကျမအနေနဲ့တော့အားလုံးကို ကျမတို့နိုင်ငံမှာ လုံခြုံစေချင်ပါတယ်။ ဗိုလ်ချုပ်ကြီးတွေရော ပြည်သူလူထုတွေရောအားလုံးစိတ်လုံလုံခြုံခြုံနဲ့ နေစေချင်ပါတယ်။ အဲဒီလို လုံခြုံမှုပေးနိုင်တဲ့အခြေအနေတခုကို ရောက်အောင်ဘယ်လိုလုပ်မယ်ဆိုတာ ကျမတို့အားလုံး ပူးပေါင်းပါဝင်ပြီးလက်တွဲစဉ်းစားကြပါစို့ စကားပြောကြပါစို့ ဆွေးနွေးကြပါစို့လို့ ကျမဒီလိုဘဲတိုက်တွန်းချင်ပါတယ်။

ကရင်တိုင်းရင်းသားခေါင်းဆောင် ဦးမန်းသောင်းတင်
အခုသူ newyorkမှာရှိပြီး ကေအန်ယူတိုက်ပွဲတွေမှာ နံမည်ကျော် ၀မ်ခတိုက်ပွဲမှာ လက်တဖက်ဆုံးရှုံးခဲ့ပြီး နားအာရုံလည်း အတော်ချို့ယွင်းသွားခဲ့ပါတယ်. အခုအချိန်အထိ KNU ကရင်အမျိုးသားအစည်းအရုံးအတွက် ကူညီလှုပ်ရှားပေးနေတဲ့သူတယောက်ပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်ဖြူတ်ချရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တဲ့အတွက် ကျနော်တို့တိုင်းရင်းသားတွေက အကြွင်းမဲ့ယုံကြည်ပါတယ်။ ယနေ့ ကျနော်တို့တိုင်းရင်းသားတွေက စစ်အာဏာရှင်တွေရဲ့သွေးခွဲမှုကြောင့်ကျနော်တို့ဟာ အစိတ်စိတ်အမွှာမွှာပြိုကွဲနေကြတယ်။ အဲဒီပြဿနာတွေကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဖြေရှင်းပေးနိုင်လဲဆိုတာ အဲဒါကိုကျနော်မေးချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီလိုအချင်းချင်းသွေးခွဲသတ်ဖြတ်မှုတွေရပ်စဲသွားအောင်လို့ဆိုတာဟာ ကျမတို့ဟာစစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်တခုထူထောင်ရမယ်လို့ ကျမတို့ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့နဲ့ ကျမတို့ရဲ့မဟာမိတ်များဖြစ်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ တကယ့်စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်တခုခိုင်ခိုင်မာမာ ကျမတို့နိုင်ငံမှာ အမြစ်တွယ်သွားအောင်လို့ကြိုးစားနေပါတယ်။ ကျမတို့တိုင်းရင်းသားတွေဟာ တကယ်အချင်းချင်း နားလည်မှုယူနိုင်မဲ့ အခြေအနေတခုရောက်လာလို့ရှိရင် နားလည်မှုရမှာလို့ကျမယုံကြည်ပါတယ်။ ဒီဟာအတွက် အားလုံးက၀ိုင်းဝန်းကူညီပေးကြပါ။ ကျမတို့ကိုလည်း အကြံဥာဏ်တွေပေးကြပါ။ ကျမတို့အဖွဲ့တခုတည်းလုပ်နိုင်တယ်လို့ကျမတို့မယုံကြည်ပါဘူး။ ဒီလိုတဖွဲ့တည်းနဲ့ တယောက်တည်းနဲ့လုပ်နိုင်တယ်ဆိုတဲ့စိတ်တွေကြောင့်လည်း ဒီလိုအကွဲကွဲအပြားပြားတွေဖြစ်ရတာပါလို့လည်း ကျမယုံကြည်ပါတယ်။

ABSDFဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်

ကျနော့်အနေနဲ့ မေးချင်တဲ့မေးခွန်းကတော့ cevil society ဆိုတဲ့လွတ်လပ်တဲ့လူ့ဘောင်အဖွဲ့အစည်းတွေ ကျနော်တို့ကျောင်းသားသမဂ္ဂတွေ အလုပ်သမားသမဂ္ဂတွေ လယ်သမားသမဂ္ဂတွေ အဲ့ဒီအပြင်နိုင်ငံရေးပါတီတွေ နောက်ပြီးတော့ လွတ်လပ်တဲ့သတင်းစာ သတင်းဌာနတွေ အဲဒါတွေပေါ်ပေါက်ဖို့အရမ်းအရေးကြီးတယ်လို့ကျနော်မြင်တယ်။ ဒီလိုအဖွဲ့အစည်းတွေတောင့်တင်းကြံ့ခိုင်မှသာ ဒီမိုကရေစီစံနစ်ဖြစ်လိုခဲ့လို့ရှိရင်လည်း ဒီစနစ်ကို မပျောက်ပျက်သွားအောင်ကာကွယ်နိုင်မယ်လို့ကျနော့အနေနဲ့ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ဒေါ်စုအနေနဲ့ဒီလွတ်လပ်တဲ့လူ့ဘောင်အဖွဲ့အစည်းတွေ cevil society ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လိုကူညီဆောင်ရွတ်သွားနိုင်မလဲဆိုတာ ကျနော့အနေနဲ့သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမတို့အနေနဲ့လူ့ဘောင်အဖွဲ့အစည်းတွေဖွံ့ဖြိုးတိုးတက်ဖို့ဟာလက်တွေ့ကျကျလုပ်နေတာကြာပါပြီ။ ဥပမာဆိုလို့ရှိရင် ကျမတို့ရဲ့နိုင်ငံရေးအကျဉ်းသားများကူညီရေးအဖွဲ့တွေ၊ ကျမတို့ရဲ့ ဥပဒေကူညီရေးအဖွဲ့တွေ၊ နောက်ပြီးတော့ HIV.AIDSနဲ့ဆက်စပ်နေတဲ့ကိစ္စတွေ ရေနက်တွင်းတူးပေးတာတွေ ဒါတွေအားလုံးဟာ လူ့ဘောင်အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျမတို့လုပ်နေတာပါ။ အဲဒီတော့ဒီဟာတွေကို ပြည်သူလူထုကလည်းနားလည်ပြီးတော့ ၀ိုင်းဝန်းပြီးတော့ပန့်ပိုးနေမယ်ဆိုလို့ရှိရင် ပိုပြီးတော့အောင်အောင်မြင်မြင်နဲ့ မြန်မြန်ဆန်ဆန်ကျမတို့လုပ်နိုင်မှာဖြစ်ပါတယ်။

ကာတွန်း ၀င်းထွန်း (mr burma)(win burmese ကွန်ပြုတာစာလုံးတီထွင်သူ)

ပြည်တွင်းတုန်းက ကာတွန်းတွေရေးခဲ့တဲ့ ကာတွန်းဝင်းထွန်းလို့ခေါ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတာဟာ အများပြည်သူများနဲ့ ကျနော်တို့လိုအတွင်းအပြင်မှာ ရောက်ရှိနေကြတဲ့ ပြည်သူပြည်သားများအားလုံးအတွက်ဝမ်းသာစရာပါ။ တခုလောက်မေးချင်တာလေးတခုက ရိုးရိုးသာမန်ပြည်သူတွေထက် ပိုပြီးကြောက်ရွံ့တတ်တဲ့ ပြည်တွင်းပြည်ပက ပညာတတ်ပညာရှင်တွေကို ကြောက်ရွံ့စိတ်နည်းပါးသွားအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ပါ။ ကျေးဇူးပြုပြီးဖြေပေးပါ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ရိုးရိုးသာမာန်ပြည်သူတွေထက်ပိုပြီးတော့ ပြည်တွင်းပြည်ကပ ပညာတတ်တွေကြောက်ရွံ့စိတ်ရှိနေတယ်ဆိုတာကတော့ ဒီပညာတတ်တွေကပိုပြီးတော့ ဆုံးရှုံးစရာတွေရှိလို့ပိုပြီးတော့အခွင့်အရေးတွေရှိလို့ ပိုပြီးတော့ပစ္စည်းဥစ္စာတွေရှိလို့လို့ထင်ပါတယ်။ အဲဒီတော့ လုံခြုံမှုအတွက်ပိုပြီးတော့စိုးရိမ်လို့ကြောက်နေတာလို့ ဒီလိုမြင်လိုက်မိပါတယ်။ ဒီလုံခြုံမှုရဖို့ဆိုတာကြောက်နေရုံနဲ့မပြီးဘူး။ လုံခြုံမှုရဖို့ဆိုတာဟာပြည်သူအားလုံးကို လုံခြုံမှုပေးမဲ့စနစ်တခုထူထောင်ဖို့ကြိုးစားရမယ်ဆိုတာ ဒီအသိတွေများပညာတတ်တွေရဲ့ စိတ်ထဲမှာ ၀င်သွားခဲ့လို့ရှိရင် ပိုပြီးတော့အကြောက်စိတ်တွေကျော်လွှားနိုင်မယ်လို့ ကျမထင်ပါတယ်။

ကိုခင်မော်ခေါ်မော်ကြီး (၇၄-၇၅ကျောင်းသားလှုပ်ရှားမှုတွင်အထိမ်းသိမ်းခံခဲ့ရသူတဦး)(LA oranize for Burma)

ကျနော်မေးချင်တဲ့မေးခွန်းကတော့ ကျနော်တို့ခု ဒီနိုင်ငံခြားမှာရောက်နေတဲ့ မြန်မာတွေဟာပေါ့ အကုန်လုံးအကွဲကွဲအပြားပြားပေါ့ အတွေးအမြင်တွေရောလုပ်ရပ်တွေရောကွဲနေတာ ကျနော်တို့ ဘယ်လိုနည်းနဲ့များ အဲဒီလိုစုစုစည်းစည်းနဲ့တခုတည်းလုပ်လို့ရမလဲလို့ကျနော်မေးချင်တယ်။ ပြီးတဲ့အခါကြပေါ့နော် ကျနော်တို့နိုင်ငံခြားရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးဟာNLDပေါ့၊စစ်အစိုးရကို အတိုက်အခံလုပ်နေတဲ့NLDပါတီကြီးကိုကျနော်တို့ဒီကနေ ဘယ်လိုအကူအညီပေးနိုင်သလဲဆိုတာ ကျနော်ဒီကနေမေးချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ညီညွှတ်အောင်လုပ်ဖို့ဆိုတာဟာလွယ်တဲ့ကိစ္စမဟုတ်ပေမဲ့လည်း မဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူး. နည်းနည်းပါးပါးတော့ ကိုယ့်ရဲ့အတ္တတွေကို လျှော့ရမယ်လို့ ဒီလိုဘဲကျမပြောရမှာဘဲ။ ဆန္ဒစွဲ တွေကိုလျှော့ရမယ်ပေါ့နော်။ ကိုယ်လိုချင်တာဘဲ ကိုယ်ဖြစ်စေချင်တာဘဲ၊ ကိုယ်မြင်ချင်တာဘဲ ဒါတွေကိုဘဲစဉ်းစားနေလို့ရှိလို့ရှိရင်တော့ ကျမတို့ကွဲပြားနေတဲ့လူတွေကို စုဖို့ဆိုတာမလွယ်ပါဘူး။
ကျမတို့အားလုံးဟာ ပန်းတိုင်တခုထဲရှိတယ်ဆိုလို့ရှိရင်ဒီပန်းတိုင်ကို ရောက်ဖို့ ဘယ်လိုနည်းနဲ့သွားမယ်ဆိုတဲ့နေရာမှာ အငြင်းပွားတဲ့ကိစ္စတွေကိုဆွေးနွေးပြီးတော့ ပြေလည်အောင်လုပ်ဖို့ဆိုတာ ဒါအရေးကြီးတာပါဘဲ။ ပြည်တွင်း NLD ကို ဘယ်လိုပန့်ပိုးရမလဲမေးတော့ကျမ ပထမမေးခွန်းနဲ့ စပ်ဆက်ပြီးဖြေရင်ကောင်းမလားလို့။ ပြည်တွင်း NLD ကို ဘယ်လိုပန့်ပိုးရမလဲဆိုတာ အားလုံးအတူစဉ်းစားပြီးတော့ ပြည်ပက အကွဲကွဲအပြားပြားဖြစ်နေတဲ့အဖွဲ့တွေညီညွတ်မှုများ ယူနိုင်မလားလို့အဲဒါလေးကိုစဉ်းစားပေးပါလို့ကျမမေတ္တာရပ်ခံပါတယ်။

Rfaမှ အသံလွှင့်ချက်မှ လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည် (အမေးအဖြေ)ကို ကောက်နုတ်ရေးသားဖော်ပြပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.