Thursday, January 27, 2011

0 ဆိုက်ဘာစစ်ပွဲများနှင့် အာရပ်ကမ္ဘာ ( အောင်မိုးဝင်း)

လက်နက်ကိုင်တော်လှန်ရေးအကြောင်းမကြာခဏာလာပြောတတ်တဲ့ မိတ်ဆွေတချို့ကို အမေရိကန် အမျိုးသား လုံခြုံရေးဘာသာရပ်မှာ သင်ကြားလေ့ရှိတဲ့စိုးရိမ်မှုတွေအကြောင်း၊ ဆွေးနွေးကြည့်ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုကိုအကြမ်းဖက်တိုက်ခိုက်မဲ့သူတွေဟာ ဇီဝဗေဒနည်းပညာတွေကို အမေရိကန်တက္ကသိုလ်တွေဆီမှာသင်ယူပြီး၊ နိုင်ငံတွင်းမှာလက်နက်အဖြစ်အသုံးချတိုက်ခိုက်လာနိုင်တယ်။ ဆိုင်ဘာ အကြမ်းဖက်မှုတွေကလည်း အချိန်မရွေးပေါ်ပေါက်လာနိုင်တယ်။ ဒါကြောင့် အဲ့ဒီ အန္တရာယ်နှစ်ခုကို အဆက်မပြတ်စောင့်ကြည့်ကာကွယ်နေရတယ် လို့ဆိုတယ်။ Biomedical Engineering၊ Biotech ဆိုတာ တိုးတက်တဲ့နိုင်ငံတွေမှာ ခေတ်စားနေတဲ့ဘာသာရပ်တခုဖြစ်လာသလို၊ ဆိုင်ဘာတိုက်ခိုက်မှုနည်းပညာတွေ ကလည်း မျိုးဆက်သစ်လူငယ်တွေအတွက် ဆန်းသစ်တီထွင်စရာနယ်ပယ်တခုလိုဖြစ်နေခဲ့တယ်။

တူနီးရှားနိုင်ငံရဲ့လှုပ်ရှားမှုမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တချက်ကိုတွေ့ရတယ်။အစိုးရက ဒီမိုကရေစီရေးလှုပ်ရှားသူတယောက်ယောက်ရဲ့ ကွန်ပြူတာကို ဟက်ခ် လုပ်မိပြီဆိုရင်၊ကျန်တဲ့ ကွန်ပြူတာတွေရဲ့ မျက်နှာပြင်မှာ “ အန်မာ- ၄၀၄” ဆိုတဲ့ အစိုးရဆင်ဆာအဖွဲ့နာမည်ပေါ်လာပြီး လှုပ်ရှားသူတွေ အားလုံးကို သတိပေးလိုက်တယ်။ ကျန်တဲ့သူတွေက အမြန်ဆုံးခြေရာဖျောက်နိုင်ခဲ့ပြီး၊ နောက်ထပ် ဆက်သွယ်ရေးကွန်ယက်တခုကိုတည်ဆောက်ကြပြန်တယ်။ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အစိုးရကြားမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေကြိတ်ဖြစ်နေခဲ့တာ ရက်အတော်ကြာနေပြီ။
နည်းပညာအသစ်တွေဟာ ၉၆ ခြောက်ပါးရောဂါအားလုံးပျောက်သွားမယ် လို့ ဘယ်သူကမှ မကြွေး ကြော်ခဲ့ကြ ပါဘူး။ ဒါပေမဲ့ အတတ်ပညာကို အကျိုးရှိရှိအသုံးချတတ်သူရဲ့အတိမ်အနက်ပေါ်မှာကြည့်ပြီး လှုပ်ရှားမှုရဲ့အရှိန်ကို ချိန်ဆကြည့်ခြင်း၊ တဘက်နဲ့တဘက်အားပြိုင်ခြင်းတွေပေါ်ပေါက်လာကြပါမယ်။

သေချာတာတခုကတော့ အတိတ်တုံးက မြေအောက်လှုပ်ရှားမှုလုပ်တဲ့အခါ၊ ပြည်သူလူထုကို အချိန်ယူ လှုံ့ဆော်နေရတဲ့စာရွက်စာတမ်းတွေအစား၊ လူတွေကိုရင်းနှီးမြှုပ်နှံရမဲ့ စွန့်စားမှုတွေအစား၊နည်းပညာ သစ်တွေရဲ့အကျိုးကျေးဇူးကြောင့် လူထုနဲ့နိုင်ငံရေးသမားတွေကြားကအသံတွေဟာ အမြန်ဆုံး ကူးလူးဆက်ဆံခဲ့ကြတယ်။ လှုံ့ဆော်နိုင်ခဲ့ကြတယ်။

ဒီတပတ် လွတ်လပ်တဲ့အာရှအသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တူနီးရှားနိုင်ငံက ဆိုက်ဘာတိုက်ခိုက်မှုတွေ အကြောင်းတင်ပြထားပါတယ်။

သောတရှင်များခင်ဗျား

ဂြိုလ်တုဆက်သွယ်ရေးနည်းပညာတွေတိုးတက်လာမှုနဲ့အတူ သတင်းနဲ့မီဒီယာခေတ်ဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်လိုက်ပါတယ်။ လူမှုဆက်သွယ်ရေးကွန်ယက်တွေဟာ ဖိနှိပ်တဲ့ အစိုးရတွေနဲ့ လက်ရွေးစင်နိုင်ငံရေးသမားတွေပြန်ပေးဆွဲထားတဲ့သတင်းဋ္ဌာနတွေအားလုံးကိုပြန်လည်လုယူလိုက်ကြပါတယ်။ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ တူနီးရှားနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကိုကြည့်မယ်ဆိုရင် ဒီအချက်ကို အထင်အရှားတွေ့ရပါလိမ့်မယ်။

တူနီးရှားအစိုးရရဲ့၁၉၅၆ ကတည်းက ထုတ်ပြန်ခဲ့တဲ့ စည်းကမ်းချက် (၁) အရ- လွတ်လပ်စွာ ပြောဆို ရေးသားထုတ်ဝေခွင့်၊ လူထုစုဝေးခွင့် တွေအားလုံးဟာ တူနီးရှားဥပဒေဘောင်အတွင်းမှာသာ ရှိရမယ်လို့ဆိုခဲ့ပါတယ်။ အရာအားလုံးဟာ အစိုးရဝါဒဖြန့်လက်တံတွေအဖြစ်တည်ရှိခဲ့ပါတယ်။

တူနီးရှားသမ္မတ ဘင်အလီ လက်ထက်မှာတော့ မီဒီယာတွေအပေါ် တင်းတင်းကြပ်ကြပ်ချုပ်ကိုင်
လာမှုဟာ ပိုမိုဆိုးဝါးလာခဲ့ပါတယ်။ တူနီးရှားရေဒီယိုနဲ့ရုပ်မြင်သံကြား (၇) ၊ Canal 21 တို့ဟာ အစိုးရရဲ့
သတင်းဋ္ဌာနတွေဖြစ်ခဲ့တာမို့ အစိုးရအရာရှိတွေရဲ့မိန့်ခွန်းတွေ၊ သူတို့ရဲ့အစည်းအဝေးမှတ်တမ်းတွေ၊
ခရီးသွားလာမှုတွေနဲ့သာပြည့်နှက်နေခဲ့ပါတယ်။၂၀၀၅-၂၀၀၇ ခုနှစ်မှာတော့ ရေဒီယို မိုဇိုင်းကွီး နဲ့
ဇီတမ်မာ လို လွတ်လပ်တဲ့ အသံလွှင့်ဋ္ဌာနတွေကို လွှင့်ထုတ်ခွင့်ပေးခဲ့ပေမဲ့ လူငယ်ထုအတွက်ဖြေဖြော်ရေး၊ ဘာသာရေးတွေကလွဲလို့ ကျန်တဲ့အရာတွေကိုထုတ်လွှင့်ခွင့်မပြုခဲ့ပါဘူး။ လွတ်လပ်တဲ့လူမှုအဖွဲ့
အစည်းတွေ၊ ရှေ့နေတွေ၊ ပညာတတ်တွေနဲ့အလုပ်သမားသမဂ္ဂတွေအတွက်တော့ အစိုးရအသံလွှင့်
ဋ္ဌာနတွေနဲ့လွတ်လပ်တဲ့ ပုဂ္ဂလိက မီဒီယာတွေမှာ နေရာမရှိခဲ့ပါဘူး။ သူတို့ရဲ့အသံတွေပျောက်ခဲ့ပါတယ်။

နိုင်ငံတကာသတင်းစာတွေဖြစ်တဲ့ လီမွန်ဒီ နဲ့ လီ ဖီဂါရို သတင်းစာတွေက စိုးရအရာရှိတွေရဲ့ခြစားမှုတွေ၊
လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒီမိုကရေစီဆုံးရှုံးနေမှုတွေကို ဖေါ်ထုတ်ရေးသားဖို့ကြိုးစားတဲ့အခါတိုင်း၊ အစိုးရရဲ့ဆင်ဆာဖြတ်တောက်မှု၊ ခြိမ်းခြောက်မှုတွေကို ကြုံခဲ့ရပါတယ်။ သတင်းထောက်တွေ၊
လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ အစိုးရရဲ့အဓိက ပစ်မှတ်တွေလိုဖြစ်လာခဲ့ပါတယ်။

“ပုံသဏ္ဍန်အသစ် မီဒီယာတွေဟာ တူနီးရှားနိုင်ငံအပြောင်းအလဲမှာ အဓိကနေရာကနေ ပါဝင်နေခဲ့တယ်။
ဘွဲ့လွန်ကျောင်းသားတယောက်ဖြစ်တဲ့ မိုဟာမက်အဇစ် ကိုယ့်ဘာသာမီးရှို့ဆန္ဒပြတဲ့ သတင်းသာမက နှစ်ပတ်လုံးလုံးတနိုင်ငံလုံးမှာဖြစ်နေတဲ့ နိုင်ငံရေးမငြိမ်သက်မှုတွေကို တူနီးရှားအစိုးရဟာ ဘာတခုမှ
ထုတ်ဖေါ်မပြောကြားခဲ့ဘူး။ လူထုဟာ လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့ဘွတ် နဲ့ တွစ်တာကို အသုံးပြုပြီး မိုဟာမက်အဇစ်အကြောင်းဖွင့်ချလိုက်ကြတဲ့အခါ မြို့တော်တူးနစ်အပါအဝင်၊ဂျန်ဒေါင်ဘာ၊ ဟာမန်မက်၊ ဘိုင်ဇာတီ လို့မြို့တွေအထိ ဆန္ဒပြပွဲတွေကူးစက်ပြန့်ပွားသွားခဲ့တယ်။တကယ်တော့
လူထုမီဒီယာတွေရဲ့ ထိရောက်တဲ့လုပ်ဆောင်ချက် နှစ်ခုကိုအထင်အရှားတွေ့ရတယ်။

ပထမ တခုကတော့ အဆက်အသွယ်ဖြတ်တောက်ခံနေရတဲ့ အသံတွေ၊ အဖြစ်အပျက်တွေကို နိုင်ငံတကာ လူထုနဲ့မိတ်ဆက်ပေးပြီး၊ လှုပ်ရှားမှုအဟုန်ကို ထိန်းသိမ်းပေးထားခြင်းဖြစ်တယ်။
ဒုတိယ တခုကတော့ အဖြစ်အပျက်တွေအပေါ်မှာ ရှုမြင်သုံးသပ်ဝေဖန်မှုပေးကြတဲ့လူထုရဲ့သဘောထား
တွေကို လုပ်ငန်းစဉ်တွေအဖြစ်ကောက်ယူပြီး၊ ကစားပွဲစည်းမျဉ်းစည်းကမ်းတွေကိုလိုအပ်သလို ပြောင်းလဲ ဖြည့်စွက်ခြင်းဖြစ်တယ်”

တူနီးရှားအာဏာရှင် ဘင်အလီက ကလည်း အစိုးရသတင်းဋ္ဌာနတွေနဲ့အပြိုင် အားပြိုင်ထုတ်လွှင့်မဲ့
လူထုမီဒီယာတွေရဲ့စွမ်းအားကို စတင်သဘောပေါက်လာတာကြောင့် ကစားပွဲကိုပြောင်းပစ်ဖို့ကြိုးစား
ခဲ့ပါတယ်။ တူနီးရှား ဒိုင်နာငွေ (၅) ဘီလျှံဖိုးကုန်ကျမဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့အတူ၊ အလုပ်အကိုင် သုံးသိန်းကျော်ဖန်တီးပေးပါမယ်။ မီဒီယာတွေမှာ လွတ်လပ်စွာပြောဆိုထုတ်ဖေါ်ခွင့်၊ အင်တာနက်သုံးစွဲမှုအပေါ်တင်းကြပ်ထားတာတွေကို ပြင်ဆင်လျော့ပေါ့ပေးပါမယ်လို့ ဂတိပေးခဲ့ပါတယ်။

“ မရတော့ဘူးလေ။ အနှစ် (၅၀) ကျော်သတင်းအမှောင်ချထားမှုထဲမှာနေထိုင်ခဲ့ရတဲ့သူတွေအပါအဝင်၊
မျိုးဆက်သစ်တွေဟာ လူမှုဆက်သွယ်ရေးမီဒီယာတွေကို အရှိန်မြင့်အသုံးချခဲ့ကြတယ်။ ဘလောက်တွေနဲ့
ဖေ့ဘွတ်တွေကတဆင့် “ သမ္မတရေ- မင်းရဲ့လူတွေကတော့ သူတို့ဘာသာမီးရှို့သတ်သေနေကြပြီ”
ဆိုပြီး တူနီးရှားလုံခြုံရေးစစ်သားတွေရဲ့ပုံကို မီးလောင်နေတဲ့မြင်ကွင်းတွေထဲမှာ ပုံဖေါ်ပြခဲ့ကြသလို၊ “ညနေ (၄) နာရီမှာ ဆန္ဒပြကြမယ်။ မြို့တော်ခမ်းမရှေ့မှာ စုကြပါ” ဆိုတဲ့ အချက်ပေးသံတွေကိုလည်း
အစီအစဉ်ကျကျပြုလုပ်ခဲ့ကြတယ်။ လူတွေစိတ်အဝင်စားဆုံးအရာတခုကတော့ အသက်(၂၂) နှစ်
အရွယ် ရက်ပ်အဆိုတော် ဟာမန်ဒါဘင်အမ်မာရဲ့ ပို့စ်တခုပဲဗျ။ သူ က ဒီမိုကရေစီရေးလှုပ်ရှားသူ
တချို့ကို ဦးဆောင်ပြီး တူနီးရှားအာဏာပိုင်တွေဆီ သွားရောက်အဖမ်းခံတယ်။ သူတို့နဲ့တူနီးရှားစစ်တပ်
အခြေအတင်ပြောတဲ့စကားတွေ၊ သွေးထွက်သံယိုဖြစ်တဲ့အရာတွေကို သူ့ရဲ့ဘလောက်မှာ ဗီဒီယိုကလစ်
လုပ်ပြီး ပို့ခိုင်းလိုက်တယ်။ သူတို့ရဲ့သတ္တိရှိရှိစိန်ခေါ်မှုတွေဟာ လူထုဆန္ဒပြပွဲတွေကို အရှိန်မြှင့်
ပေးသလို ဖြစ်ခဲ့တယ်”

တကယ်တော့ တူနီးရှား လူထုမီဒီယာတွေရဲ့အရေးပါမှုကို သိနားလည်နေတဲ့နိုင်ငံတကာအသံလွှင့်
ဋ္ဌာနတွေထဲမှာ အယ်ဂျာဇီးယားရုပ်သံ က အဓိကပါဝင်ခဲ့ပါတယ်။ တူနီးရှားလူမှုကွန်ယက်တွေဖြစ်တဲ့
ဖေ့ဘွတ်နဲ့တွစ်တာဆီက သတင်းတွေ၊အဖြစ်အပျက်တွေကို မှီငြမ်းပြီး သူ့ရဲ့အသံလွှင့်ဋ္ဌာနကတဆင့် နိုင်ငံတကာကိုမိတ်ဆက်ပေးခဲ့တာကြောင့် တူနီးရှားဒီမိုကရေစီရေးလှုပ်ရှားမှုအတိုင်း ပုံဖေါ်ကြမဲ့ လှုပ်ရှားမှုတွေပေါ်ပေါက်လာခဲ့တယ်။ အာရပ်ကမ္ဘာက အာဏာရှင်တွေဟာ ထိတ်လန့်စိုးရိမ်ခဲ့ပါတယ်။

“ လမ်းမပေါ်မှာ အာဏာရှင်ရဲ့ဖိနှိပ်ရေးလက်တံတွေကို လူထုကထိပ်တိုက်ရင်ဆိုင်နေခဲ့ကြသလို၊အစိုးရနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ကွန်ပြူတာ ပရိုဂရမ်မာတွေရဲ့အားပြိုင်မှု ဆိုင်ဘာစစ်ပွဲတွေကလည်း  ပြင်းထန်နေခဲ့တယ်။ အစိုးရက တက်ကြွလှုပ်ရှားသူတယောက်တယောက်ရဲ့ကွန်ပြူတာကို
အင်တာနက်ကတဆင့် ခြေရာခံလိုက်မိသွားပြီဆိုရင် ကွန်ပြူတာအားလုံးရဲ့မျက်နှာပြင်မှာ အန်မာ-၄၀၄ ဆိုတဲ့ အစိုးရရဲ့အင်တာနက်ဆင်ဆာနံမည်တခုပေါ်လာပြီး ကျန်တဲ့သူတွေကို သတိပေးလိုက်တယ်။ နောက်-ဆက်တိုက်ဆိုသလို၊ အစိုးရဝက်ဆိုက်တွေကို စံနစ်တကျပြန်တိုက်ခိုက်ကြတယ်။

တူနီးရှားအစိုးရဝက်ဆိုက်တွေဆီမှာ “အစိုးရသို့အိပ်ဖွင့်ပေးစာ” စာတွေဆက်တိုက်နေရာယူလာတဲ့ အခါမှာတော့ ဘင်အလီဟာ လူထုသတင်းကွန်ယက်တွေရဲ့စွမ်းအားကိုခုခံနိုင်စွမ်းမရှိတော့ပါဘူး။
အစိုးရအဖွဲ့အတွင်းမှာလည်း ယောက်ယက်ခပ်ရှုပ်ထွေးနေတာကြောင့် နိုင်ငံကနေထွက်ပြေးခဲ့ရ
ပါတော့တယ်။
သောတရှင်များခင်ဗျား

လူထုမီဒီယာတွေဟာ အကျိုးဖြစ်ထွန်းမှုအချက်(၂)ချက်ကိုပေးစွမ်းနိုင်ခဲ့ပါတယ်။ သတင်းဖြစ်ရပ်မှန်တွေကို
မိမိလူထုသာမက နိုင်ငံတကာကသိရှိလာပြီး ကိုယ့်ရဲ့လှုပ်ရှားမှုကိုဆက်လက်အသက်ဝင်နေဖို့ဖြစ်တယ်။
လူထုရဲ့ထင်မြင်ယူဆချက်တွေကိုသုံးသပ်၊လုပ်ငန်းစဉ်တွေအဖြစ်ဆောင်ရွက်ခါ ကစားပွဲကိုပြောင်းလဲ
ပစ်ဖို့ဖြစ်ပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က လူမှုဆက်သွယ်ရေးကွန်ယက်တွေကို
ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့ချင်နေသလို၊ သောတရှင်တို့လည်းကစားပွဲကိုပြောင်းလဲပစ်နိုင်ကြပါစေ။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.