Sunday, January 23, 2011

0 စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း (၁)

တပ်မှူးတပ်သား ပြောစကား (၀၄၄)

ကမ္ဘာ့နိုင်ငံတွေက စစ်တပ်တွေနဲ့ အမိန့်နာခံမှု အကြောင်းကို မြန်မာ့တပ်မတော်ရဲ့အမိန့်နာခံမှုနဲ့ ယှဉ်တွဲပြီး၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၁)” ခေါင်းစဉ်နဲ့ စီစဉ်တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ကမ္ဘာပေါ်က စစ်တပ်တိုင်းမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခုကတော့ အထက်ကပေးအပ်တဲ့ အမိန့်ကို နာခံလိုက်နာ ဆောင်ရွက်ခြင်းပါ။ ရန်သူနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြချိန်မှာ ဘယ်လောက်ပဲ ရန်သူရဲ့ ကျည်ဆံမိုးတွေ ရွာသွန်းနေပါစေ၊ စစ်သည်တွေဟာ အထက်ကအမိန့်အတိုင်း ရန်သူ့တောင်ကုန်းကို လှံစွပ်တက်ထိုးဆို တက်ထိုး ကြပါတယ်။ ရန်သူရဲ့ပစ်ကွင်းထဲကို အတင်းဝင် ရန်သူနဲ့ လုံးထွေး တိုက်ခိုက်ကြပါတယ်။ ရန်သူရဲ့ သင်္ဘောကြီးပေါ်ကို မိမိရဲ့တိုက်လေယာဉ်နဲ့ ဦးစိုက်ထိုးချ တိုက်ခိုက်ခဲ့ကြတဲ့ ခါမိခဇဲ (Kamikaze) ခေါ် အသေခံ ဂျပန်တိုက်လေယာဉ်မှူးတွေလည်း ဒုတိယကမ္ဘာစစ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါဟာ စစ်မြေပြင်မှာ အထက်ကအမိန့်ကို တသွေမတိမ်း နာခံပြီး တိုက်ကြခိုက်ကြရတဲ့ စစ်သားဘ၀ရဲ့ လေ့ကျင့်ထားတဲ့ ပြုမူဆောင်ရွက်ချက်တွေပါ။ ရန်သူနဲ့ သူသေကိုယ်သေ တိုက် ခိုက်နေရတယ် ဆိုတဲ့ အခြေအနေပေါ်မှာ အနိုင်မခံအရှုံးမပေးလိုတဲ့ စိတ်ဓါတ်၊ ငါ့တပ်မတော် ငါ့တိုင်းပြည်အတွက် ငါ့ အသက်ကို စွန့်လွှတ်မယ်ဆိုတဲ့စိတ်ဓါတ်၊ အဲဒီ စိတ်ဓါတ်တွေနဲ့ အထက်ကအမိန့်ကိုနာခံပြီး အသက်ကိုစွန့်လွှတ်အသေခံ လုပ်ကိုင်ဆောင်ရွက်သွားကြတဲ့ အစဉ်အလာတွေ ကမ္ဘာ့နိုင်ငံအသီး သီးက တပ်မတော်တွေမှာ ရှိကြပါတယ်။ ၁၉၈၃ ခုနှစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန် ဗုံးခွဲတိုက်ခိုက်ခံရမှုအတွက် မြောက်ကိုရီးယားသူလျှိုတွေကို လက်ရဖမ်းဆီးစဉ်က သေမယ်ဆိုတာ သိလျှက်နဲ့၊ အမိန့်ကို တသွေမတိမ်းလိုက်နာပြီး အသက်စွန့်လွှတ် လုပ်ဆောင်သွားကြတဲ့ မြန်မာ့တပ်မ တော်သားတွေရဲ့လုပ်ရပ်ကို အဲဒီဖြစ်စဉ်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ သံလျင်မြို့ခလရ(၉၀)က တပ်သားဟောင်းဦးထွန်းလင်းက ၂၀၁၀ခုနှစ် ဗီအိုအေ မြန်မာပိုင်းရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍတစ်ခုမှာ အခု လိုပြောပြခဲ့ပါတယ်။

ဦးထွန်းလင်း။ ။ ကျနော်တို့ကို တခါထဲ သူတို့ မှတ်ပုံတင် စာအုပ်ခေါ်မယ် ထင်ပါတယ်၊ စာအုပ်ကြီး အကြီးကြီး ပေါ့ဗျာ၊ အဲဒီအထဲမှာ ကျနော်တို့ ကိုယ်ပိုင်နံပါတ်တွေ၊ နံမည်တွေ၊ နေရပ်လိပ်စာတွေ အဖေအမေနံမည်တွေ၊ သွေးအမျိုးအစားတွေ၊ တကယ်လို့ ကျဆုံးခဲ့ရင် အမွေစား အမွေခံအတွက် ဘယ်သူ့ကို ပထမဦးစားပေး၊ ဒုတိယဦးစားပေး ဘာ ညာ ..အဲဒါတွေ ဖြည့်တယ်ပေါ့ဗျာ။ ဖြည့်ပြီးတော့မှ briefing ပေးတာ။ “အခု မင်းတို့ ရန်သူ သွားရှာရမယ်။ ရှာတဲ့အခါ မှာ ဆူးတွေ့လည်း နင်း၊ ကျားတွေ့လည်း တိုး၊ မြေကြီး တစ်လက္မ မကျန်အောင် နင်းရှာ။ တွေ့ လို့ရှိရင် အရှင်ရအောင် ဖမ်း၊ တို့တိုင်းပြည်ရဲ့ဂုဏ်သိက္ခာပြန်ဆည်ဖို့ တို့ရဲဘော်တွေရဲ့အသက်နဲ့ စတေးသင့်ရင် စတေးရမယ်။ ဒါပေမယ့် ရန် သူ ဒဏ်ရာရတာ မလိုချင်ဘူး” တဲ့။ “ရန်သူကို အရှင်ဖမ်းရမယ်”တဲ့။ အဲဒီလို အမိန့် အပြတ်ပေးတယ်။ အမိန့်ပေးပြီးတာနဲ့ သူတို့က တစ်စီး၊ ကျနော် တို့က တစ်စီးပေါ့ဗျာ၊ ရဟတ်ယာဉ်ပေါ်ကို တက်တယ်။ တက်ပြီးတော့ ကျနော်တို့ကို ရွှေတိဂုံဘုရားကို သုံးပတ် ပတ်ပြီး ပျံပေးတယ်။ ကျနော် တို့ကို အမှန်ကတော့ သရဏဂုံတင်တဲ့ သဘောပေါ့။ နောက် အမိန့်က ဘာပြန်လာလဲဆိုတော့ “မရဘူး လူကြီးတွေ စိတ်ဝင်စားတယ်။ အခု လောလောဆယ် စက်နဲ့ကို ထိုင်ပြီး လူကြီးတွေ စောင့်နေကြတယ်။ ၀င်ဖမ်းပါ၊ ၀င်လုံးပါ။” အရှင် ၀င်လုံးခိုင်းတာ။ အဲဒီအချိန်တုန်းက service အရင့်ဆုံး ရဲဘော်ကြီးက ပေါ့ဗျာ ..နော်။ “ဘယ်အစွန်က သုံးယောက် အသင့်ပြင်”လို့ သူက အမိန့်ပေးတယ်ဗျ။ အဲဒီအချိန်မှာ ဘယ်ဘက် အစွန် မှာ ရှိနေတဲ့ သုံးယောက်က သေနတ်ကို ဘေးချပြီးတော့၊ ရှေ့ကို တစ်ယောက်တစ်လှမ်းစီ တိုးလိုက်တယ်။ အဲဒါ ကို ကျနော်တို့ လှမ်းတွေ့လိုက် တယ်။

အဲဒီအချိန်မှာ သူကနေ လက်ခုပ်တီးပြီး “စ” လို့ အမိန့်ပေးလိုက်တဲ့ အချိန်မှာ ရဲဘော်သုံးယောက်က “ကျား” ဆိုပြီး အော်တဲ့အသံနဲ့ ပြေးသွား တယ်။ နောက် “ ဂျိမ်း” ဆိုတဲ့ ပေါက်ကွဲသံ ထွက်လာတယ်။ နောက် မီးခိုးလုံးကြီးနဲ့ အဲဒီ မြင်ကွင်းတခုလုံးကို ဖုံးသွားတယ်။ ကျနော်တို့ဆီက သုံးယောက်က အဲဒီမှာ ဖရိုဖရဲ လဲနေပြီပေါ့ဗျာ၊ အဲဒီမှာ နောက်သုံးယောက် အဆင်သင့်ပြင်ဆိုတော့ ကျနော်တို့ သုံးယောက် အဲဒီလိုပဲ သေနတ် ချပြီးတော့ ရှေ့တစ်လှမ်းတက်ပေါ့ ဗျာ။ နောက် သူက အမိန့်ပေးတော့ ကျနော်တို့က “ကျား” ဆိုပြီး ၀င်လုံးတာပေါ့။ ဒါပေမယ့် ကံကောင်းချင် တော့ အဲဒီအချိန်မှာ သူ ပစ်လိုက်တဲ့ လက်ပစ်ဗုံးက သူကိုယ်တိုင်လည်း ထိထားတော၊့ အဲဒီ ကင်မင်ချူး (ဗိုလ်ကြီးအဆင့်ရှိ မြောက်ကိုးရီးယား သူလျှို) က သူ ကျနော်တို့ကို ပစ်စရာ လက်ထဲမှာ ဘာမှ မရှိတော့ဘူးပေါ့ဗျာ။ အဲဒီမှာ ကျနော်တို့ ၀င်လုံးတော့ မိပြီပေါ့ဗျာ။ သုံးယောက်က ကျ သွားတာပေါ့နော်။ ဒီ ရဲဘော်တွေ ကျတာတော့ ဒါကတော့ ထုံးစံကတော့ ကျနော်တို့ အမြဲတမ်း ရှေ့တန်းမှာလည်း ဒီလိုပဲ ကျနေကြတာပါ ပဲ။ ဒါပေမယ့် မတူတာတစ်ခုကတော့၊ လက်နက်ရှိတဲ့ရန်သူကို ကိုယ့်လက်နက်ကို ဘေးချပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးအတွက် အမိန့် ကို ကျနော်တို့က ဦးထိပ်ထားပြီးတော့ ထမ်းဆောင်ရင်းနဲ့ ကျဆုံးသွားတာ ဖြစ်တဲ့အတွက်ကြောင့်မို့၊ အရမ်း စိတ်ထဲမှာတာ့ မကောင်းဘူးပေါ့ နော်။ အဲဒီအချိန်မှာတော့ ကျနော်တို့ တော်တော်ကို ခံစားရပါတယ်။ ကျနော်တို့က ဖြေပါတယ်။ ပြန်ဖြေပါတယ်။ ကျနော်တို့က မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သစ္စာအဓိဌာန် (၄)ချက်ကို ဆိုရတယ်ဗျ။

“ငါတို့သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။ ငါတို့သည် ကျဆုံးလေပြီးသော ရဲဘော်တို့၏ သစ္စာကို စောင့်သိရိုသေ ပါမည်။ ငါ့အား အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏။ ”

ဆိုပြီးတော့ ကျနော်တို့က မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သစ္စာ ဆိုရတယ်။ ကျနော်တို့ ဒီသစ္စာကိုစောင့်ပြီးတော့ ကျနော်တို့ တိုင်းပြည်နဲ့လူမျိုး အတွက် ကျနော်တို့ တပ်မတော်အတွက် ကျနော်တို့အသက်တွေပေး ကျနော်တို့ခန္ဓာကိုယ်တွေ စတေး၊ ဘ၀တွေ စတေးပြီး လုပ်ခဲ့တာပါ။ ကျနော်တို့က အဲဒီအချိန်မှာ ကိုယ့်ရဲဘော် ကျဆုံးတာတော့ စိတ် ထဲ မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ သိလိုက်တာက ကိုယ့်နိုင်ငံကို လာတဲ့ ဧည့်သည်ကို လာပြီးတာ့ စော်ကားတဲ့၊ ကိုယ့်နိုင်ငံကို လာပြီး သိက္ခာကျအောင် လုပ်တဲ့လူတွေကို ကျနော်တို့ ကိုယ့်အသက်နဲ့လဲပြီး တော့ ဒီကောင်တွေကို ရအောင် ဖမ်းလိုက်တယ် ဆိုတာတော့ ကျနော်တို့ ဂုဏ်ယူတယ်ပေါ့၊ အဲဒီအချိန်မှာ ကျနော်တို့ရဲ့စိတ်ထဲမှာ အဲဒီလိုတော့ ရှိတယ်ပေါ့ နော်။

You’re beautiful သီချင်း။ ။ My life is brilliant. My love is pure. I saw an angel. Of that I'm sure.

She smiled me on the subway. She was with another man. But I won't lose any sleep on that, 'cause I've got a plan.

You're beautiful, you’re beautiful; you’re beautiful, it's true. ……………)

ဦးရော်နီညိမ်း။ ။ You're beautiful ဆိုတဲ့ ဒီကမ္ဘာကျော် သီချင်းကလေးကိုတော့ ဒီနေ့ခေတ် လူငယ်လူလတ်တွေ သိကြမှာပါ။ You're beautiful အပါအ၀င် သီချင်းများစွာနဲ့ ကမ္ဘာ့ဂီတလောကမှာ ထင်ရှားကျော်ကြားလာခဲ့သူ ဗြိတိသျှအဆိုတော် James Blunt ဟာ အဆိုတော် မဖြစ်မီက ဗြိတိသျှတပ်မတော်(ကြည်း)မှာ တာဝန်ထမ်းဆောင်ခဲ့ သူပါ။ အင်္ဂလန် Bristol တက္ကသိုလ်မှာ လူမှုဗေဒ Sociology ဘာသာရပ်နဲ့ သိပ္ပံဘွဲ့ ရယူခဲ့တဲ့ James Blunt ဟာ ဗြိတိသျှတပ်မတော်မှာလည်း လေးနှစ် စစ်မှုထမ်းဖို့အတွက် တော်ဝင် Sandhurst စစ် တက္ကသိုလ် (RMAS - The Royal Military Academy Sandhurst) မှာ ဗိုလ်သင်တန်း တက်ခဲ့ပါတယ်။ သူဟာ စစ်မှုထမ်းဘ၀မှာ ကျရာ နေရာကို သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာ အရှေ့ဥရောပ ယူဂိုဆလားဗီးယားနိုင်ငံထဲက ကိုဆိုဗိုဒေသမှာ ဒေသ ခံ အယ်(လ်)ဘေးနီးယားတိုင်းရင်းသားတွေကို ဆားဗီးယားစစ်တပ်က ဖိနှိပ်ညှင်းပန်းသတ်ဖြတ်နေတာကြောင့် မြောက်အတ္တလန္တိတ်စစ်စာချုပ် NATO(North Atlantic Treaty Organization) တပ်ဖွဲ့ဝင်တွေက ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေအဖြစ် ကိုဆိုဗိုအယ်(လ်) ဘေးနီးယားဒေသခံတွေကို အကာအကွယ်ပေးနေသလို ရုရှတပ်မတော်ရဲ့တပ်ဖွဲ့တွေကလည်း ရှေးရိုးအစဉ်အလာမဟာမိတ်ဖြစ်တဲ့ ယူဂိုဆလား ဗီးယားနိုင်ငံထဲက ဆားဗီးယားစစ်တပ်ကို NATO တပ်တွေရဲ့ ချေမှုန်းခြင်းမခံရအောင် အကာအကွယ်ပေးဖို့ ကုလသမဂ္ဂရဲ့သဘောတူညီချက်နဲ့ ကိုဆိုဗိုကို ရောက်ရှိနေခဲ့ကြပါတယ်။ ၁၉၉၉ခုနှစ်က ကိုဆိုဗိုဒေသ NATO သံချပ်ကာရှေ့ပြေးကင်းထောက်တပ်ဖွဲ့ရဲ့ တပ်မှူးငယ် အသက်(၂၅) နှစ်ပဲရှိသေးတဲ့ ဗိုလ်ကြီး James Blunt ဟာ အင်အား (၃၀၀၀၀) ရှိတဲ့ NATO တပ်ဖွဲ့တွေရဲ့ရှေ့ကနေ ကိုဆိုဗိုဒေသ ပရစ္စတီးနား (Pristina) မြို့တော်ကို ချီတက်နေပါတယ်။ တပ်ဦးက ဗိုလ်ကြီးJames Blunt ရဲ့တပ်ဖွဲ့ Pristina မြို့ကို မရောက်သေးခင်မှာ ရုရှားတပ်ဖွဲ့တွေက Pristina နိုင်ငံတကာလေဆိပ်ကို ကြိုတင် ရောက်ရှိ သိမ်းပိုက်ထားကြပါတယ်။ အဲဒီအချိန်မှာ ရှေ့ဆုံးက point တပ်ဖွဲ့ရဲ့တပ်မှူး ဗိုလ်ကြီး James Blunt ဆီကို ရေဒီယိုဆက်သွယ်ရေးစက်က တဆင့် NATO တပ်ဖွဲ့တွေရဲ့တပ်မှူးကြီး ကြယ်လေးပွင့်ရ အမေရိကန်ဗိုလ်ချုပ်ကြီး Wesley Clerk ဆီက နေ တိုက်ရိုက်ပေးအပ်တဲ့ အမိန့်တစ်ရပ် ရောက်ရှိလာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး Wesley Clerk ဆီက သူရရှိခဲ့တဲ့အမိန့်ကို အခုအခါမှာတော့ အဆိုတော် James Blunt က ပြီးခဲ့တဲ့ ၂၀၁၀ နိုင်ဝင်ဘာလ ၁၄ ရက်နေ့ ဘီဘီစီ ရေဒီယို Channel 5 နိုင်ငံရေးကဏ္ဍ အစီ အစဉ်တင်ဆက် တဲ့ John Pienaar နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခု လိုပြောပြခဲ့ပါတယ်။

James Blunt ။ ။ ကျနော့်ရဲ့တပ်က Pristina နိုင်ငံတကာလေဆိပ်က အင်အား(၂၀၀)လောက်ရှိတဲ့ ရုရှတပ်ကို အနိုင်တိုက်ပြီး လေ ယာဉ်ကွင်းကိုသိမ်းယူဖို့ ဗိုလ်ချုပ်ကြီး Wesley Clark ရဲ့ တိုက်ရိုက်အမိန့်ကို ကျနော် ရခဲ့ပါတယ်။ “ရုရှတွေကို ချေမှုန်းပစ်” ဆိုတဲ့ သူ့ရဲ့အမိန့် က ရေဒီယိုဆက်သွယ်ရေးစက်ထဲကနေ ထွက်လာခဲ့ပါတယ်။ ကျနော့်ရဲ့ ရှေ့ပြေးpointတပ်ဖွဲ့ရဲ့နောက်မှာ ကပ်နေတာက လေထီးတပ်ရင်း တစ်ရင်း ပါ။ အဲဒီ နောက်မှာတော့ သံချပ်ကာကားတွေ၊ တင့်ကားတွေ၊ စစ်ကားအမျိုးမျိုးတွေနဲ့ ကျနော်တို့ ချီတက်လာခဲ့တဲ့လမ်းမကြီးတလျှောက် နောက် ကိုပြန်ကြည့်လိုက်ရင်၊ လက်နက်အပြည့်အစုံနဲ့ NATO တပ်တွေ အင်အား (၃၀၀၀၀)လောက် သူ့တပ်အမျိုးအစားနဲ့ သူ၊ တမျှော်တခေါ်ကြီး ရှိနေ ပါတယ်။ တပ်ဦးကတော့ ကျနော့်ရဲ့ တပ်ပေါ့၊ သွေးရိုးသားရိုးမဟုတ်တဲ့ စစ်မိန့်ကို ကျနော်ရခဲ့တာပါ။ ကျိန်းသေပေါက် တတိယကမ္ဘာစစ်ကြီး ဖြစ် သွားနိုင်တဲ့ အမိန့်ပါ။ ဒီလေယာဉ်ကွင်းကို သိမ်းပြီး ရုရှတွေအပေါ် အပေါ်စည်းရယူဖို့ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ပေးတဲ့အမိန့်ပါ။

ဦးရော်နီညိမ်း။ ။ ဒီအမိန့်ကို မနာခံရင် စစ်ခုံရုံးကို ရောက်သွားနိုင်တာကို သူ သိရှိပြီးတော့၊ ဒီအမိန့်အတိုင်းနာခံပြီး လိုက်နာဆောင်ရွက် ခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုတာ သူ ဘယ်လို တွေးတော ဆင်ခြင်ခဲ့ပါသလဲလို့ James Blunt ကို မေးတဲ့အခါမှာတော့ သူက အခုလို ဖြေဆိုခဲ့ ပါတယ်။

James Blunt ။ ။ ပြောရမယ်ဆိုရင် အခြေအနေတွေကတော့ ရှုပ်ထွေးနေတာပေါ့ ဗျာ၊ ကျနော့်ရဲ့ တပ်က၊ တိုက်ချင်ခိုက်ချင်နေကြတဲ့ ရုရှစစ်သား (၂၀၀) လောက်ရဲ့ သေနတ်ပြောင်းဝအောက် ရောက်နေတဲ့ အနေအထားပါ။ ဒီ လေယာဉ်ကွင်းကိုရရင် NATO တပ်တွေ Pristina မှာ လက်မထောင်ပြီး ဇိမ်ကျကျ တပ်ချထားနိုင်ပြီပေါ့ ဗျာ။ ဒီလို နိုင်ငံရေးအမြတ်ထုတ်နိုင်အောင် တပ်ဦးက ကျနော့်ရဲ့တပ်က ပေးအပ်လာတဲ့ အမိန့်အတိုင်း အကောင်အထည်ဖော်ရမယ် ပေါ့။ လက်တွေ့မှာ ဒီအမိန့်အတိုင်း လိုက် လုပ်လိုက်လို့ကတော့ တတိယကမ္ဘာစစ်ကြီး ဖြစ်သွားနိုင် တယ်လို့ ကျနော်တွေးမိတယ်။ ဒါကြောင့်လည်း အမေရိကန်ဗိုလ်ချုပ်ကြီးက ပေးအပ်လာတဲ့ အမိန့်တာဝန်ကို ကျနော်တို့ စောဒက တက်ခဲ့ရတာ ပေါ့။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက်သတင်းပတ် စနေနေ့ မနက်နဲ့ ညနေပိုင်း ဗီအိုအေမြန်မာပိုင်းအစီအစဉ်ရဲ့ “တပ်မှူးတပ် သား ပြောစကား” ကဏ္ဍမှာ “စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း(၂)” ကို ဆက်ပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ် စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.