Tuesday, February 1, 2011

0 ကမ္ဘာမြေကြီးကို ကုသိုလ်ယူခြင်း


 ကမ္ဘာမြေကြီးကို ကျေးဇူးဆပ်ခြင်း (သို့) ကုသိုလ်ယူခြင်း
နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံ မြို့နယ်၊ ၄၂ ရပ်ကွက် မြေနေရာ အနေအထားသည် ပလပ်စတစ် (ကြွတ်ကြွတ်အိပ်) အမှိုက်ပုံကြီး ဖြစ်သည်။ အဆောက်အဦးများ ဆောက်လုပ်ရာတွင် မြေကိုတူးယူ၍ ပုံမှန်အတိုင်း ဆောက်လုပ်၍ မရ။ စက်ပိုင်ကြီးများဖြင့် ပိုင်တိုင်များ ရိုက်သွင်း၍ အဆောက်အဦးများကို ဆောက်လုပ်ခဲ့ရသည်။ သာမန်မြေတွင် ဆောက်လုပ်သော အဆောက်အဦးများထက် ကုန်ကျငွေ (၃) ဆ ခန့်ပို၍ ကုန်ခဲ့သည်။  ယခုဆိုလျှင် ကုန်ကျငွေ မြောက်များစွာဖြင့် အဆောက်အဦးများ ဆောက်လုပ်ကာ ဆေးဝါးကု သပေးမှုများ၊ နာရေးပို့ဆောင်မှုများ မြောက်များစွာကို (အခမဲ့) ထမ်းရွက်ပေးနေပြီ ဖြစ်သည်။ သို့သော် နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးတည်ရှိရာ နေရာဌာန၌ သစ်ပင်ပန်းပင်များ၊ အရိပ်ရ အပင်ကြီးများ၊ သီးပင်စားပင်များ စိုက်ပျိုးနိုင်ရန်အတွက် မြေအနေအထားကို ပြုပြင်ပြောင်းလဲ ထိန်းသိမ်းမှုများကို ပြုလုပ်နေရပြီဖြစ်သည်။ နဂိုရှိပြီးသား မြေသားအညံ့များကို တူးယူဖယ်ရှားပစ်ရန် အခက်အခဲများစွာ ရှိသည်။ ကုန်ကျငွေများစွာ ရှိမည်။ စက်ယန္တရားကြီးများ အကူအညီများစွာ လိုအပ် မည်။ ထို့အပြင် ဖယ်ရှားလိုက်သော မြေသားအညံ့များအစား ပြန်လည်၍ ဖို့မြေအဖြစ် အသုံးပြုရမည့် မြေသားထုထည် မြောက်များစွာ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ စိုက်ပျိုးမြေ အစားထိုး မည့်ကိစ္စရပ်အား လက်လျော့လိုက်ရသည်။
      ၃၀.၁.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် စိုက်ပျိုးမြေအဖြစ် အသုံးပြုနိုင်ရန်အတွက် မြေဆီ မြေနှစ်များ ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀ယ်ယူ၍ မြောက်ဥက္ကလာမြို့နယ်၊ သုမိတ္တာ (၂၁) လမ်းရှိ “ဝေယျဝိစ္စအဖွဲ့လူငယ်များ” (၂၅) ယောက်သည် ကုသိုလ်ဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မြေဆိုး၊ မြေညစ်များအပေါ်သို့ သဘာဝမြေဆီမြေနှစ်များကို လာရောက်၍ သစ်ပင်ပန်းပင် စားပင်၊ အရိပ်ရ အပင်ကြီးများ စိုက်ပျိုးနိုင်အောင် မြေသားညှိပေးခြင်း၊ တူးဆွပေးခြင်းများကို ဝေယျဝိစ္စ ရှမ်းအိုး စည်ဝိုင်းဖြင့် အားကြိုးမာန်တက် အမျိုးသားများတင်မက အမျိုးသမီးများ၊ ကလေးငယ်များကပါ တစ်နေကုန် လုပ်ဆောင်ပေးဆပ် ခဲ့ကြသည်။ ယင်းကဲ့သို့ “ဝေယျဝိစ္စ အဖွဲ့လူငယ်များ” လာရောက် လုပ်အားပေးခြင်း သည် ပျက်စီးနေသော ကမ္ဘာမြေကြီးအား ပြန်လည်၍ ကောင်းမွန်လာရန် ပြုပြင်ပေးခြင်း (သို့) ကမ္ဘာ မြေကြီးအား ကျေးဇူးဆပ်ခြင်း (သို့) ကုသိုလ်ယူခြင်းပင် ဖြစ်တော့သည်။
      မကြာတော့မည့် ပစ္စုပ္ပန်အချိန်ကာလ၌ နာရေးကူညီမှုအသင်း(ရန်ကုန်) မြေနေရာဌာနသည် လူသားအကျိုးသယ်ပိုးမည့် လူမှုရေးသမားများ လှုပ်ရှားနေမည့် အဆောက်အဦးကြီးများ၊ ကျန်းမာရေး ကူညီစောင့်ရှောက်ကုသမှု ပြုလုပ်မည့် အဆောက်အဦးကြီးများ၊ မျိုးဆက်သစ်လူငယ် ကလေးငယ်များ မွေးဖွားပေးမည့် အဆောက်အဦးကြီးများ၊ တိုင်းပြည်၏ ပညာရေးတိုးတက်စေမည့် ပညာတတ် ကလေးငယ်များ မွေးဖွားပေးမည့် အဆောက်အဦးကြီးများနှင့်အတူ စိမ်းလန်းစိုပြေသော လူမှုရေး  သမားများ နားခိုရာ နေရာဌာနတစ်ခု ဖြစ်လာတော့မည် မလွဲပေ။
ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.