Tuesday, April 12, 2011

0 ကျောင်းဆိုသည်မှာ


အတော်ငယ်ရွယ်ပြီး အသစ် တည်ဆောက်ထားသော ကျောင်းတွင် အလုပ်လုပ်နေသည့် ကျွန်တော် ကိုယ့်ကိုယ်ကို မကြာခဏ မေးမြန်းလေ့ ရှိသည်မှာ “ကျောင်းဆိုတာ ဘာကို တကယ်ခေါ်တာလဲ” ဟူ၍ဖြစ်ပါသည်။

ကျောင်းဆိုသည်မှာမိဘများမှာ ကျယ်ဝန်းကြီးမားပြီး သေချာစွာ တည်ဆောက်ထားသည့် ကျောင်းကြီးများကို ရွေးချယ်လေ့ရှိသည်။ သူတို့ ယုံကြည်သည့်အတွက်ဖြစ်၏။ ဤသို့ ယုံကြည် ကိုးစားသည်မှာလည်း အစဉ်အလာအရ လက်ခံထားရှိသည့် (ကျောင်း ကျယ်ဝန်း ကြီးမားခြင်း၊ ကျောင်း အဆောက်အအုံနှင့် ပစ္စည်းများ ပြည့်စုံကုံလုံခြင်း၊ သင်ယူခြင်း-သင်ကြားခြင်းနည်းလမ်းများ၊ ကျောင်းသားများအပေါ် အမြင်သဘောထားများ၊ သင်ယူပုံများ၊ စာမေးပွဲအောင်ချက် စသည်ဖြင့်..) အချက်များအရ ကျောင်းကြီးများမှာ အမြဲတမ်းလိုလို ပြည့်စုံနေလေသည် ဟူ၍ဖြစ်သည်။ ကံမကောင်း အကြောင်းမလှသည်မှာ ကျောင်းသားများ၏ အမြင့်မားဆုံးနှင့် အဓိပ္ပါယ်ပြည့်ဝသော သင်ယူခြင်းအတွက် အစဉ်သဖြင့် မမှန်ကန်နိုင်ခြင်းပင်ဖြစ်ပါသည်။ နှစ်ပေါင်း ၃၀ ကျော် ကာလများအတွင်း ပြုလုပ်ခဲ့သည့် သင်ယူ လေ့လာခြင်းနှင့် သိမှုနယ်ပယ်ဆိုင်ရာ သိပံ္ပတွေ့ရှိချက်များအရ အစဉ်အလာအရ တည်ရှိနေသည့် ကျောင်းဖွဲ့စည်းပုံ၊ တည်ဆောက်ပုံတို့မှာ သင်ယူလေ့လာခြင်း အတွက် အဆင်ပြေမှု အနည်းဆုံး ဖြစ်နေတော့သည်။ ဤတွင်မေးခွန်းထုတ်စရာ ရှိလာပါသည်။ “ကျောင်းဆိုသည်မှာ အဘယ်နည်း”။

စနစ်တကျ ဖွဲ့စည်း တည်ဆောက်ထားရှိပြီး “ပညာတတ်- လူတတ် ဂျီးနီးယပ်စ်” အနည်းစုက အကြံပြုထားချက်များအရ အုပ်ချုပ်သည့် အယူအဆ တစ်ခုတော့လည်း မဟုတ်နိုင်ပါ။ အမြဲ ထာဝစဉ်ပြောင်းလဲနေသည့် ကမ္ဘာကြီး အတွင်းက အခြားအရာများနည်းတူ “ကျောင်း” ဆိုသော အယူအဆမှာလည်း အကြီးအကျယ် ပြောင်းလဲခဲ့ပြီးဖြစ်ပါ၏။ ရုပ်ပိုင်းဆိုင်ရာ ကျောင်းဖွဲ့စည်းမှု အကန့်အသတ်တို့ကို ကျော်လွန်ခဲ့ပြီး ဖြစ်သည်သာမက လူသား၏ စိတ်နှလုံးတွင် လုပ်ကိုင်လိုသည့် ဆန္ဒအားလုံးကိုလည်း လက်လှမ်းမီနိုင်ပြီ ဖြစ်လေသည်။ တနည်းဆိုရသော် “ကျောင်းနေခြင်း” မှာ ရှင်သန်ခြင်း၊ ဘ၀နှင့်ပင် ထပ်တူကျနေတော့သည်။ စဉ်ဆက်မပြတ် ပညာရေး၊ ဘ၀တစ်တသက်တာ ပညာရေး၊ ပညာခေတ်၏ ပုံရိပ်များ၊ အသိပညာကို ကိုယ်တိုင် တည်ဆောက်ခြင်း အယူအဆတို့နှင့် စာသင်ကျောင်းတို့ကိုလည်း ဆက်စပ်ရပါတော့မည်။ ကျွန်တော်၏ အမြင်အရဆိုရသော် ဤပြောင်းလဲနေသော ကာလများတွင် ကျောင်းကို “ကျောင်း” ဟူ၍ ခေါ်ဆိုနိုင်စေသည်မှာ အောက်ပါ အချက်များပင်ဖြစ်သည်ဟု ထင်မြင်မိလေသည်။

၁။ ပြောင်းလဲတိုးတက်နေခြင်း - အစဉ်အမြဲ ပြောင်းလဲ ဖြစ်ပေါ်တိုးတက်နိုင်စွမ်းနှင့် လက်တွေ့လုပ်ဆောင်ချက်များကို ဆန်းသစ်တီထွင်လုပ်ဆောင်နိုင်ခြင်း၊ ပညာသင်ယူခြင်းအပေါ် အမြင်သဘောထားများကို ဆန်းသစ်နိုင်ခြင်း။

၂။ အချက်အလက်များအပေါ် မူတည်ပြီး လက်တွေ့ လုပ်ဆောင်ခြင်း - “ထိုသို့ပြောကြခြင်း၊ ဤသို့ ခံစားရခြင်း စသည်တို့ကြောင့် ကျွန်တော်တို့ ဒီလို လုပ်ကြပါတယ်” ဟူ၍ လုပ်ဆောင်ခြင်းများထက် သက်သေ အထောက်အထားများ၊ တိကျသော အချက်အလက်များ ခိုင်မာမှုအရ ဆုံးဖြတ်ချက်တို့ကို ချမှတ်ခြင်း။

၃။ ဆရာဆရာမများ၊ ကျောင်းသားများ၊ မိဘများ၊ အုပ်ချုပ်သူများ၊ ရပ်ရွာလူ့အဖွဲ့အစည်းများ၊ စီးပွားလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ စသည်တို့ အကြားတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း - ဤလူများအားလုံးမှ ကျောင်းဟူသည် သီးသန့် တည်ရှိနေပြီး ကလေးများ၊ ဆရာဆရာမများနှင့်သာ သက်ဆိုင်သည်ဟု အမြင် မရှိသင့်ပါ။ ဖွင့်လှစ်ထားရှိသည်ဟု ကျောင်းကို မမြင်ကြရန်၊ “ကျောင်း” ဆိုသည်မှာ ရှင်သန်နေသောဘ၀နှင့် ဆက်စပ်နေသည်ဟူ၍ နားလည်ထားကြရန်၊ ဘ၀ရှင်သန်ခြင်းမှာ ရပ်ရွာ လူ့အဖွဲ့အစည်း အစိတ်အပိုင်း အားလုံးနှင့် ယှက်နွယ်ဆက်စပ်၍ နေထိုင်ကြရခြင်း။

၎။ ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် အားလုံးပါဝင်ခြင်း - ကျောင်းကြီးများမှာ သီးသန့် ရှိနေတတ်ခြင်းတွင် နာမည်ကြီးတတ်သည်။ ဆုံးဖြတ်ချက်များကို ခေါင်းဆောင်ပိုင်း အာဏာပိုင်များမှ ချမှတ်ထားရှိပြီး အခြားသူများအနေဖြင့် ဤဆုံးဖြတ်ချက်များ၏ သင့်တင့် လျောက်ပတ်မှုနှင့် ထိရောက်မှုတို့ကို မေးခွန်း မထုတ်ဘဲ လိုက်နာရန်သာ မျှော်လင့်ထားရှိသည်။ ကျောင်းပညာရေးနှင့် ဆက်နွယ်နေသော အထောင်အသောင်း အစိတ်အပိုင်း အသီးသီးအကြား ပုံမှန် ဆက်သွယ်မှု ပြုနိုင်ခြင်းမှာ ပြောင်းလဲတိုးတက်လိုသည့် ပညာရေးဌာနများ၊ ကျောင်းများ၊ တက္ကသိုလ်များ၏ အောင်မြင်ရခြင်းတွင် အဓိကကျပါသည်။

၅။ လားရာအမြင်ထားရှိ လုပ်ဆောင်ခြင်း (မြင်ကွင်းကျယ်ကို ရှုမြင်ခြင်း) - ကျောင်းကြီးများသည် သူတို့ ရရှိထားသည် အဆင့်အတိုင်း အပြောင်းအလဲမရှိထားလိုကြသည်။ “အကယ်၍ တစ်ခုခုဟာ ကောင်းနေတယ်၊ အလုပ်ဖြစ်နေတယ်ဆိုယင် ကျွန်တော်တို့ အဲဒါကို သိမ်းဆည်းထားတယ်” - ဤသည်မှာ အခြေခိုင်ပြီးဖြစ်သည့် ကျောင်းကြီးများ၏ ဆောင်ပုဒ်လို ဖြစ်နေလေသည်။ အကယ်၍သာ ကျောင်း၏ လားရာအနာဂတ်ကို မေးမြန်းကြည့်ခဲ့ပါမူ ၀န်ထမ်း အများစုနှင့် ဌာနဆိုင်ရာများမှ ဖြေဆိုနိုင်ခြင်း မရှိပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် “ဤနေရာ၊ ဤအချိန်” တွင်သာ ရှင်သန် နေလေခြင်းကြောင့်ဖြစ်ပါ၏။ “အနာဂတ်” သည် ပစ္စုပ္ပန်ကို ရှေ့ဆောင်ခြင်းမရှိပါလေ။ အတိတ်ကသာ ရှေ့ဆောင်နေလေသည်။ အတိတ်နှင့် မျက်မှောက်ပစ္စုပ္ပန်တို့ အရေးကြီးသော်ငြားလည်း တိုးတက် ပြောင်းလဲလိုသည့် ကျောင်းများမှာမူ “အနာဂတ်လားရာ” နှင့် မြင်ကွင်းကျယ် ရှုမြင်မှုကို အာရုံစိုက်ပါသည်။ ကလေးများ၏ အနာဂတ်ဘ၀များ ရှင်သန်နိုင်မှုအတွက် ပြင်ဆင်ပေးရမည် မဟုတ်ပါလော။ ဤသည်မှာ ဒီမိုကရေစီ စာသင်ကျောင်းများ ပေါ်ထွန်းရေးနှင့် ကျောင်းသားများအတွက် အဓိပ္ပါယ် ပြည့်ဝသော သင်ယူမှု အတွေ့အကြုံများကို ဖြည့်ဆည်း ပေးနိုင်ရန်ဖြစ်ပါကြောင်း။

သိန်းနိုင်(မောက္ခပညာရေးမဂ္ဂဇင်း)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.