Thursday, April 14, 2011

0 အနှစ်သာရ ပြည့်ဝတဲ့ မြန်မာ့ရိုးရာသင်္ကြန်ဆိုတာ

တကယ်တော့ သင်္ကြန်ဆိုတာ မြန်မာလူမျိုးတို့ရဲ့နှစ်သစ်ကူးပွဲတော်ဖြစ်ပါတယ်။ ဗြဟ္မာဦးခေါင်းကြီးကို လက်ပြောင်းလက်လွှဲလုပ်တဲ့နတ်သမီးကို ရေဆေးပေးဖို့စတဲ့ ဘာသာရေးယုံကြည်မှု ထုံးတမ်း အစဉ်အလာတွေကို အသာထား၊ မြန်မာပြည်ရဲ့ ရာသီဥတုအရ၊နှစ်သစ်ကူးတဲ့အချိန်ဟာ အင်မတန်မှ ပူပြင်းလှတဲ့နွေကာလဖြစ်တဲ့အားလျော်စွာ တယောက်ကိုတယောက်ရေနဲ့ဖြန်းပက်ပြီးအေးချမ်းစေဖို့ ပြုမူကြတာကိုး..  မြန်မာသင်္ကြန်ပွဲတော်ရဲ့ အနှစ်သာရကလှလို့နေပါတယ်။ နှစ်သစ်မှာ အေးချမ်းကြစေဖို့တဲ့ ။အတိတ်ကောင်းနိမိတ်ကောင်းအင်မတန်မှမြတ်နိုးတဲ့ လူမျိုးတွေပီပီ တဦးကိုတဦးမွှေးကြိုင်တဲ့ နံ့သာရေတွေနဲ့ပက်ဖြန်းကြသလို ၊အဆိုတွေ၊အတီးအမှုတ်အကအခုန်တွေနဲ့ နှစ်သစ်ကြီးမှာ မင်္ဂလာအပေါင်းခညောင်းကြစေဖို့ ကြိုဆိုကြပါတယ်။

တကယ်တော့ တိုင်းပြည်တိုင်း၊လူမျိုးတိုင်းဟာ နှစ်သစ်ကူးပွဲတော်တွေကို တခမ်းတနားကျင်းပလေ့ရှိပါတယ်။ အဲဒီလို ကျင်းပကြတိုင်း အတီးအမှုတ်အကအခုန်ပျော်ပွဲရွှင်ပွဲတွေပါကြစမြဲပါပဲ။ မြန်မာတို့ရဲ့ သင်္ကြန်မှာ တခြားလူမျိုးတွေနဲ့မတူတာကတော့ တိုင်းပြည်ရဲ့ရာသီဥတုနဲ့လိုက်ဖက်ညီတဲ့ ရေကစားတဲ့ရေသဘင်ပွဲလေးပါနေတာပါ။ ဒါ့အပြင် အင်မတန်မှ ထူးကဲ တဲ့ သင်္ကြန်ပွဲတော်ရဲ့ ဓလေ့စရိုက်လေးတခုရှိပါသေးတယ် ။ ဘယ်နိုင်ငံဘယ်လူမျိုးမှာမှ ရှိတယ်လို့မကြားမိသေးပါဘူး။

အဲဒါကတော့ သံချပ် ပါ။ မြန်မာ လူမျိုးတွေဟာ နှစ်သစ်မှာအေးချမ်းဖို့၊ နှစ်ဟောင်းက အပြစ် အညစ်အကြေးတွေကို ကင်းစင်ဖို့၊ ရေကစားဖြန်းပက်ကြသလို နှစ်ဟောင်းတုန်းက မကောင်းမှုတွေ၊လိုအပ်ချက်တွေ၊အပြစ်အနာအဆာတွေကို ဟာသကလေးစွက်ပြီး ထောက်ပြပြုပြင်ကြတာ သံချပ် ပါ။ ကျွန်တော် တခါကလည်း ရေးဖူးပါတယ်။ မြန်မာလူ့အဖွဲ့အစည်းဟာ ဗီဇ ဒီမိုကရေစီလူ့အဖွဲ့အစည်းပါလို့။ ဒီလို သံချပ် ထိုးတာဟာ အုပ်ချုပ်သူလူတန်းစားကိုသာမက ရပ်ထဲရွာထဲက အမြင်မတော်သမျှကို ဝေဖန်ကြ၊ဟာသနှောပြောကြပါသတဲ့။ ဒါကို အပြောခံရသူတွေကလည်း စိတ်မဆိုးကြရပါဘူးတဲ့ ။ သံချပ်အလေ့အထဟာ ဟိုးပဒေသရာဇ်ခေတ်တွေကထဲကစီးဆင်းလာတာပါ။ မြန်မာပြည်ရဲ့ဒေသအသီးသီးမှာ သံချပ် ကို ပုံသဏ္ဍန်မျိုးစုံနဲ့မြင်ရပါတယ်။ တနင်္သာရီ မြိတ်ဘက်မှာတော့  `အိမ်ခေါ်´ တယ်တဲ့။ တအိမ်ဆင်းတအိမ်တက် ဟာသတွေအရွှန်းဖေါက်ပြီး ဝေဖန်တာကို အိမ်ရှင်တွေက စိတ်မဆိုးကြတဲ့အပြင် မုန့်ပဲသွားရည်စာတွေနဲ့တောင် ဧည့်ခံပါသေးသတဲ့။

လမ်းထိပ်က ဘူးသီးကြော်သည်က ဘူးသီးအရင့်တွေသုံးတာကအစ၊ အပျိုကြီးလူပျိုကြီးတွေ ဂေါ်တာအထိ ရပ်ထဲရွာထဲ အမြီးအမောက် မတည့်တာတွေကို ဟာသလေးနှောလို့ဝေဖန်သံချပ်ထိုးကြရင် အထိုးခံတဲ့သူတွေဟာ သင်္ကြန်အခါသမယမှာ ပြုံးပြုံးကလေးနဲ့ ကုသိုလ်ယူကြပါသတဲ့။
အဲဒါ မြန်မာလူ့အဖွဲ့အစည်း ဘယ်လောက် ရင့်ကျက်တယ်၊ဗီဇဒီမိုကရေစီ ထွန်းကားတယ် ဆိုတာ ပြသမှုဖြစ်သလို တနှစ်ကူးတဲ့အချိန်မှာ အပြန်အလှန်ဝေဖန်မှုတွေနဲ့ သုံးသပ်ပြီးရှေ့ဆက်ကြတာဖြစ်တဲ့၊ အင်မတန်မှာ အထင်ကြီးစရာ၊လေးစားစရာကောင်းတဲ့ မြန်မာ့ဓလေ့ပါ။
ပြောရမယ်ဆို ဦးနေ၀င်း ရဲ့ မဆလတပါတီအာဏာရှင်စနစ်အောက်မှာတောင် ခွင့်ပြုခဲ့ပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းကပေါ့ ၊ ရေကစားမဏ္ဍပ်တွေနဲ့အပြိုင် ၊ ဆုပေးမဏ္ဍပ်တွေမှာ အလှပြကားတွေ၊သံချပ်ကားတွေဟာ အပြိုင်နွှဲကြတယ်။

ဟတ္ထ၊ဆိပ်ပါးစပ်နတ်မျက်စိ၊မောင်မောင်တို့အဖွဲ့တွေဟာ ပြည်သူတွေရဲ့အသည်းကျော်တွေပါ။ ဒီလိုအစဉ်အလာကြီးမားတဲ့ မြန်မာ့ရိုးရာ၊မြန်မာ့လူ့အဖွဲ့အစည်းရဲ့အစဉ်အလာကို ဘယ်လိုယဉ်ကျေးမှုကိုထိန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့များ ကန့်သတ်ပါလိမ့်။
ဂေါ်မစွံအပျိုကြီးတွေလောက်တောင်၊ရပ်ကွက်ထဲကဘူးသီးကြော်သည်လောက်တောင်မှမရင့်ကျက်၊သတ္တိမရှိ၊ သူရဲဘောကြောင်တဲ့သူတွေများ သံချပ် ကိုကြောက်ကြသလားဗျာ ။
ပုဂ္ဂိုလ်ရေးရာ ထိခိုက်မှုတွေနဲ့ သင်္ကြန်ကို ညစ်နွမ်းမှာစိုးလို့ သံချပ်ကိုပိတ်တယ်ဆိုတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကိုဖြင့် အံ့သြမိပါရဲ့ ။နှစ်ပေါင်းရာချီ စီးဆင်းလာတဲ့ ဓလေ့ထုံးတမ်းတခုကို ကန့်သတ်ပိတ်ပင်တာ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့အလုပ်လား လို့တွေးစရာ၊မေးစရာ ။
 ဒါ့ထက်
အဲဒီ သံချပ် ထိုးခွင့်မပြုတာ . . .
ဒီမိုကရေစီ အစိုးရ တဲ့ လားဗျာ  ။       ။

ချစ်ခင်စွာ

ချိုတူးဇော်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.