Monday, June 20, 2011

0 ငြိမ်းချမ်းရေးသာ လက်ဆောင်ပေးပါ


မိုးယုမေ ရေးသားသည်။

အမေဟာ…“ငြိမ်းချမ်းရေး” ကို စာလုံးပေါင်းတတ်အောင် သင်ပေးခဲ့တာ။
အခု စစ်လက်နက်တွေမရှိတဲ့ ကမ္ဘာဟာ
အမေ့လက်ထဲမှာ

ရန်ကုန်၊ ၂၀၁၁ ဇွန် ၁၉ (YPI) - ရာချီသည့် လူအုပ်ကြီးက ခေါင်းတမော့မော့နှင့် မွေးနေ့ရှင်အလာကို စောင့်မျှော်နေကြသည်။

မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ဖို့ ပန်းချီကား သယ်ယူလာသူ၊ နှင်းဆီပန်းစည်းများ သယ်လာသူ၊ မွေးနေ့ကိတ်မုန့်ကြီးကို သယ်ယူလာသူများ၊ ဖိတ်ကြားထားသော နိုင်ငံခြားသံရုံးများမှ သံတမန်များ ၊ ရဟန်းရှင်လူဧည့်သည်များ ပါတီဝင်များ အနုပညာသည်များ သတင်းသမားများဖြင့် ရုံးခန်းအောက်ထပ် တစ်ခုလုံး ကျဉ်းကျဉ်းကျပ်ကျပ် တိုးတိုးတိုက်တိုက် အုံးအုံးကြွက်ကြွက်၊

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးကျင်းပသည့်မွေးနေ့ပွဲတစ်ခု ဖြစ်သည်မို့ လူအတော်များများ စိတ်လှုပ်ရှားနေကြပုံပေါ်သည်။

ဖေ့(စ)ဘွတ်သုံးသူတစ်ယောက်ကတော့ ကချင်ပြည်သူများ တိုက်ပွဲများကြောင့် ခွေးပြေးဝက်ပြေး ပြေးနေရချိန်တွင် ရန်ကုန်မြို့တွင် မွေးနေ့ပွဲကြီး တစ်ခုကို ကျင်းပကြတော့မည် ဟု ရေးသားထားသည်ကိုဖတ်ရသည်။

မွေးနေ့ကျရောက်သည့်အချိန်ကာလနှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ကချင်ပြည်နယ် တရုပ်မြန်မာနယ်စပ်အနီး မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲများဖြစ်ပွါးနေခဲ့သည်မှာ ရက်သတ္တတစ်ပါတ်ပင်ကျော်ခဲ့ပြီဖြစ်၏။ တိုင်းရေးပြည်ရေးက သာသာယာယာ မရှိသလို ရာသီဥတုကလည်း မိုးရိပ်ကြောင့် မှုန်မှုန်မှိုင်းမှိုင်း၊

မွေးနေ့ရှင်ရောက်လာသည့်တစ်ခဏ “ကျန်းမာပါစေ” ဆိုသည့် ဟစ်အော်ဆုတောင်းသံများကြောင့် နေ့လည်ခင်းသည် လှုတ်လှုတ်ခတ်ခတ် လင်းပွင့်သွားသည်။ ပန်းခရမ်းရောင်ဝတ်စုံနှင့် ၆၆နှစ်ပြည့် မွေးနေ့ရှင်သည် အခါတိုင်းကဲ့သို့ပင် လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ၊ ဆံစမှာ စံပယ်နှင်းဆီ ဆင်မြန်းထားသလိုပင် နှုတ်ခမ်းဖျားတွင် အပြုံးချိုမြဆင်မြန်းလျက် သုံးရောင်ခြယ်မွေးနေ့ကိတ်မုန့်ကို လှီးဖြတ်ရင်း အခန်းအနားဖွင့်လှစ်ခဲ့သည်။ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ဆိုသည့် ဆုတောင်းသီချင်းသံက ခပ်ကျဉ်းကျဉ်းရုံးခန်းကလေးထဲတွင်သံပြိုင်ပဲ့တင်လျက်၊

“အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ပါတ်ဝန်းကျင်ကလူတွေကို အကျိုးပြုနိုင်သလားဆိုတာ ပြန်ပြန်ပြီး သုံးသပ်သင့်ပါတယ်” မွေးနေ့ရှင်က သူ့အသက်အရွယ်အပေါ် ဆင်ခြင်သတိဖြင့်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာခဲ့သည့် ၂၀၁၀ နိုဝင်ဘာလ နောက်ပိုင်းမှစတင်၍ လူမှုရေး နိုင်ငံရေးလှုပ်ရှားမှုများတွင် မျိုးဆက်သစ်လူငယ်အတော်များများ ရဲရဲတင်းတင်း ပါဝင်လာကြသည် ကိုတွေ့ရသည်။

မွေးနေ့အကြိုအထိမ်းအမှတ်အဖြစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့သည့် ဂီတပွဲတော်တွင် ပါဝင်ခဲ့ကြသည့် အသက်၃၅နှစ်အောက် လူငယ်များက တေးသီချင်းများသီဆိုကာဖျော်ဖြေခဲ့ကြသည်။

လူငယ်အများစုသီဆိုခဲ့သည့် သီချင်းများမှာ မွေးနေ့ရှင်အတွက်ရည်စူး၍ စပ်ဆိုထားသော တေးသီချင်းများ ဖြစ်၏။

“တွေးမနေနဲ့ ငေးမနေနဲ့ အကြောက်တရားတွေကို တော်လှန်ပစ်လို့ အိမ်အပြင်ကိုထွက်ခဲ့ကြ” ဆိုသည့် သီချင်းစာသားက သီဆိုသူများအကြား ပရိသတ်လက်ခုပ်သံ အများဆုံးရရှိခဲ့သည့်စာသားဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နှင့်မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကဗျာဆရာပေါင်း ၈၈ယောက်က ဂုဏ်ပြုရေးဖွဲ့ထားသည့် နွေဦးအိုးဝေ မွေးနေ့ကဗျာ ၆၆ ကို ထုတ်ဝေခဲ့၏။

သတင်းစာဆရာကြီး ဦးဝင်းတင်က “မကြောက်တရားတေးကဗျာ မီးလျှံထဲကကြာ” ဟုဖွဲ့ဆိုခဲ့သလို ကဗျာဆရာ မိုဃ်းဇော်က “မိခင်တစ်ယောက်အနေနဲ့ ရင်သွေးတွေကို စွန့်လွှတ်ခဲ့ရတယ် ……….အသက်ရှင်လျက်နဲ့စွန့်လွှတ်ခဲ့ရခြင်းများမှာ သူလုံးဝမစွန့်လွှတ်ခဲ့တာဆိုလို့ ငါတို့ပြည်သူ သန်းငါးဆယ်” ဟု “အမေ” ကဗျာထဲတွင်ဖွဲ့ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူ့မွေးနေ့ဆုတောင်းအဖြစ် “ကျွန်မတို့နိုင်ငံမှာအားလုံး ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနေနိုင်ဖို့ အားလုံးငြိမ်းချမ်းကြပါစေ” ဟုဆုတောင်းခဲ့သည်။

“အမျိုးသားရင်ကြားစေ့ရေးဆိုတာငြိမ်းချမ်းရေးမရှိလို့မဖြစ်ပါဘူး ငြိမ်းချမ်းရေးက ပထမခြေလှမ်းပဲ”

အမျိုးသမီးတစ်ယောက်အဖြစ်နှင့်ရော အမျိုးသမီးထုကိုယ်စားပါ စစ်မီးစများပြန့်ပွါးနေသော မြန်မာနိုင်ငံကို ရည်စူး၍ သူမ၏ ငြိမ်းချမ်းရေးစကားကို မွေးနေ့လက်ဆောင်အဖြစ်ပါးခဲ့သည်။

“စစ်တွေဖြစ်ပြီဆိုရင် အကြမ်းဖက်မှုတွေ ဖြစ်ပြီဆိုရင် အများဆုံးဒဏ်ခံရတာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်တယ်ဆိုတာ တကမ္ဘာလုံးက အသိအမှတ်ပြူထားပြီး ဖြစ်ပါတယ်။ အမျိုးသမီးတွေက ငြိမ်းချမ်းရေးဘက်ကို ပိုပြီးအားသန်တယ်။ ဘယ်လောက်လိုလားတယ်။ လိုအပ်တယ်ဆိုတာ ကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့် အမျိုးသမီးများနေ့လို့သတ်မှတ်တဲ့ ကျွန်မမွေးနေ့မှာ နောင်နှစ်များစွာ ခေတ်အဆက်ဆက် ကျွန်မတို့ နိုင်ငံမှာ အမြဲတမ်း ငြိမ်းချမ်းရေး ရမဲ့ဆုကို လိုချင်ပါတယ်”

လူငယ်ကဗျာဆရာ ခန့်မင်းထက်၏ “အမေ (သို့မဟုတ်) ငြိမ်းချမ်းရေးနှင်းဆီဝါ” ဆိုသည့် ကဗျာက မွေးနေ့ရှင်၏ ငြိမ်းချမ်းရေးဝါဒကို ထင်ဟပ်ခဲ့သည်။


အမေဟာ…

“ငြိမ်းချမ်းရေး” ကို

စာလုံးပေါင်းတတ်အောင် သင်ပေးခဲ့တာ။

အခု

စစ်လက်နက်တွေမရှိတဲ့ ကမ္ဘာဟာ

အမေ့လက်ထဲမှာ။ ။
Yangon PressInternational

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.