Saturday, June 25, 2011

0 စစ်ပြေးဒုက္ခသည် ၄၀၀ နီးပါး မြစ်ကြီးနားမြို့ပေါ်ရှိ ဘုရားကျောင်းနှစ်ခုတွင် လာရောက်ခိုလှုံ


မြစ်ကြီးနား၊ ၂၄ ဇွန်၊ ၂၀၁၁ (YPI) - မြစ်ကြီးနားမြို့ပေါ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှစ်ကျောင်းသို့ စစ်ပြေးဒုက္ခသည် အယောက် ၄၀၀ နီးပါး ယမန်နေ့က လာရောက်ခိုလှုံလာကြသည်။

တပ်ကုန်းနှစ်ခြင်းခရစ်ယာန်ဘုရားရှိကျောင်းတွင် ဒုက္ခသည် ၇၀ ကျော်ခိုလှုံနေပြီး ဇီးလွန်နှစ်ခြင်း ခရစ်ယာန် ဘုရားရှိကျောင်းတွင် ၃၀၀ ကျော်ခိုလှုံနေကြသည်။

အဆိုပါစစ်ပြေးဒုက္ခသည်များသည် ၀ိုင်းမော်မြို့နယ်ထဲရှိ ကဇူးကျေးရွာနှင့် ဂါးရာယန်းကျေးရွာများမှ ရွာလုံးကျွတ်ထွက် ပြေးလာကြသူများပါဝင်သကဲ့သို့ မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်ရှိ ရွာပေါင်းများစွာအနက် ဂျာဘူရွာအပါအ၀င် ရွာလေးရွာမှ ရွာလုံးကျွတ် ထွက်ပြေးလာသူများလည်းပါဝင်သည်။ တချို့မှာ မြစ်ကြီးနားအထိ ရောက်မလာကြတော့ဘဲ ၀ိုင်းမော်မြို့ရှိ ဘုရားရှိခိုးကျောင်းများတွင် ခိုလှုံနေသူများလည်းရှိသည်ဟုဆိုသည်။

ကဇူးကျေးရွာမှ ထွက်ပြေးလာသည့် အသက် ၅၂ နှစ်အရွယ် ဒေါ်ကျန်ဝင်က “အဲဒီစစ်ဖြစ်တဲ့နေ့က ကျမတို့ အိမ်နံရံတွေ အားလုံး ကျည်ဆံထိလို့ပေါက်ပြဲကုန်တာ။ တော်သေးတယ် - ကျမတို့ အသက်ရှင်နေသေးလို့။ ပြောမပြတတ် လောက်အောင်ခံစားရပါတယ်” ဟု ပြောပြသည်။

ကဇူးကျေးရွာနှင့် ဂါးရာယန်းကျေးရွာများအနီးတွင် ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကမြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA) အကြား ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ အလားတူစစ်ပွဲမျိုး ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ယမန်နေ့က သုံးဘီးဆိုင်ကယ်များဖြင့် မြစ်ကြီးနားမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်ဟု အဆိုပါရွားများမှ ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည်များက ပြောပြသည်။၁၃ ရက်နေ့နောက်ပိုင်း တိုက်ပွဲများ ထပ်မံမဖြစ်ပွားတော့သော်လည်း ရွာအနီးအနားတွင် မြန်မာစစ်တပ်များ တပ်စွဲထားသောကြောင့် စိုးရိမ်ရသဖြင့် ယခုလို ထွက်ပြေးလာရခြင်းဖြစ်သည်ဟု ဂါးရာယန်းကျေးရွာမှ အသက် ၃၀ကျော် စစ်ပြေးဒုက္ခသည် အမျိုးသားတစ်ဦးက ပြောပြသည်။

မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်ရှိ ဂျာဘူရွာတ၀ိုက်တွင်တော့ လောလောဆယ် စစ်ပွဲများမဖြစ်ပွားသေးသော်လည်း အနီးအနားဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေသည်ကို ကြားသိနေကြရသဖြင့် မိမိတို့ရွာများဆီသို့ စစ်မီးမကူးစက်လာမီ ကြိုတင်ထွက်ပြေး လာကြခြင်းဖြစ်သည်ဟု ထိုရွာများမှ ထွက်ပြေးလာကြသော စစ်ပြေးဒုက္ခသည်များက ဆိုသည်။

ဂျာဘူကျေးရွာမှ အသက် ၅၂ နှစ်ရှိ စစ်ပြေးဒုက္ခသည် အမျိုးသမီးကြီးတစ်ဦးက ထိုသို့ကြိုတင် ထွက်ပြေးလာရသည်မှာ ၁၉၉၄ ခုနှစ်မတိုင်မီ (မြန်မာအစိုးရနှင့် KIA ကြား အပစ်အခတ်မရပ်စဲမီ) တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့စဉ်က မြန်မာစစ်တပ်က ကချင်တိုင်းရင်းသားများအပေါ် ရက်ရက်စက်စက် ပြုကျင့်ခဲ့သည့် ဖြစ်ရပ်မျိုးကဲ့သို့ ထပ်မံကြုံတွေ့ရမည်စိုးသောကြောင့် ကြိုတင်ထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်သည်ဟု ယခုလို ပြောပြသည်။

“(အဲဒီတုန်းကအဖြစ်အပျက်တွေကို) မျက်စိထဲ ပြန်မြင်ယောင်လိုက်မိလို့ အခုလိုပြေးလာတာ။ အဲဒီတုန်းက ဆို မြန်မာစစ်တပ်တွေက ကျွန်မတို့ယောက်ျားတွေကို ပေါ်တာဆွဲတယ်။ မိန်းမတွေကို မုဒိန်းကျင့်ပြီး သတ်ခဲ့တယ်။ မိုင်းတွေထောင်ထားတဲ့နေရာမှာဆို ရွာသားတွေကို အရင်သွားခိုင်းတယ်။ ဒီလိုမျိုးတွေဖြစ်ခဲ့ လို့ (နောက်ထပ်ကြုံမှာ စိုးလို့) အခုလို ပြေးလာခဲ့တာ။”

၁၇ နှစ်ကြာ နှစ်ဘက်စစ်တပ်အကြား အပစ်အခတ်ရပ်စဲခဲ့ပြီးမှ ယခုလ ၉ ရက်နေ့စပြီး ပြန်လည်ဖြစ်ပွားလာသည့် စစ်ပွဲတွင်လည်း မြန်မာစစ်တပ်က ကချင်အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများရှိခဲ့ကြောင်း ကချင်အမျိုးသမီးအစည်းအရုံး - ထိုင်းနိုင်ငံ (Kachin Women’s Assocation Thailand) က ယခုအပတ်အတွင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ထားသည်။

အသက် ၁၅နှစ်မှ ၅၀ နှစ်အတွင်းရှိ ကချင်အမျိုးသမီး ၁၈ ယောက်ကို မြန်မာစစ်တပ်များက အဓမ္မပြုကျင့်ခဲ့ သည်ဟု အတည်ပြုရကြောင်း ၄င်းကြေငြာချက်ကဆိုသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအတွင်းလာရောက်ခိုလှုံနေသည့် ကချင်စစ်ပြေးဒုက္ခသည်များ

မြစ်ကြီးနားမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသော ရွာသူ၊ရွာသားများသည် တောင်ယာလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ကြသူများဖြစ်သည်။

စစ်ပြေးဒုက္ခသည်များထဲတွင် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်ရာ ၄င်းတို့၏ ပညာသင်ကြားရေး အနှောက်အယှက်ဖြစ်ရသည်မှာ စိတ်မကောင်းစရာဖြစ်ကြောင်း ကျောင်းသူ၊ကျောင်းသားများနှင့် အတူထွက်ပြေးလာသည့် ဂျာဘူကျေးရွာက ဆရာမတစ်ဦးက ပြောပြသည်။

“ကလေးတွေက မူလတန်းကနေ ၈ တန်းအထိ ပါတယ်။ ၇၀ လောက်ရှိတယ်။ သူတို့တွေက သနားစရာပဲ။ ဇီးလွန်(ဘုရား)ကျောင်းက ကလေးတွေ ကျောင်းစိမ်း၊ ကျောင်းဖြူနဲ့ထွက်လာရင် သမီးတို့လည်း ကျောင်းတက်ချင်းတယ်ဆိုပြီးငိုကြတယ်” ဟု အထက်ပါဆရာမက စိတ်မကောင်းစွာပြောပြသည်။

ကျောင်းသားသုံးဦး၏ မိခင်ဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ကဇူးကျေးရွာက မဂျာဘောက်မှာ သူမ၏ သမီးများ ကျောင်းပြန်တက်ရ တော့မည်မဟုတ်ဟု တွေးကာ မျက်ရည်စက်လက်နှင့် စိတ်မကောင်းဖြစ်နေသည်။

“သမီးဖြစ်သူက ကျောင်းအရမ်းတက်ချင်တယ်။ စစ်ဖြစ်တဲ့ မနက်ကဆို လွယ်အိပ်ပဲလိုက်ရှာနေတာ… ကျွန်မတော့ သူတို့ကိုကြည့်ပြီးဝမ်းနည်းတယ်”ဟု မဂျာဘောက်က ဆိုသည်။

မြန်မာစစ်တပ်၏ နှိပ်စက်မှုဒဏ်ကို မခံရစေရေး ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ပြေးဒုက္ခသည်များကို ဘုရားကျောင်းများက နေစရာနှင့်စားစရာများပေးထားသောကြောင့် လောလောဆယ် စားရေးနှင့်နေရေး အဆင်ပြေနေသေးသော်လည်း မည်သည့်အချိန်ရောက်မှ နေရပ်ပြန်သွားနိုင်မည်ကို မသိကြရာ အများစုမှာ ၄င်တို့၏ မသေချာ၊ မရေရာသော အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြသည်။

မိမိတို့အနေဖြင့် ယခုလို အသက်ဘေးမှ လွတ်ကင်းရာ၊လွတ်ကင်းကြောင်း ထွက်ပြေးတိမ်းရှောင် လာခဲ့ရသော်လည်း နောက်တွင်ချန်ထားခဲ့ရသည့် လယ်ယာ၊ ကြက်၊ ၀က်၊ ကျွဲ၊ နွားများအတွက် စိုးရိမ်မကင်းဖြစ်နေကြသည်ဟုလည်း ဆိုကြသည်။

စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဇွန် ၉ ရက်မှစ၍ ထွက်ပြေးလာသည့် ကချင်စစ်ပြေးဒုက္ခသည် ၁၃,၀၀၀ ကျော်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ၄င်းတို့ထိန်းချုပ်ထားရာဒေသများသို့ ရောက်ရှိလာခဲ့ကြပြီး နယ်စပ်ချင်းထိစပ်နေသည့် တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ တိမ်းရှောင်သွားသူများလည်းရှိသည်။


Yangon PressInternational

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.