Tuesday, June 21, 2011

0 စစ်ပွဲတွေဆက်ဖြစ်လာမည်ကို ကချင်လူထုစိုးရိမ်

“ဗမာစစ်တပ်က ထိုးစစ်ဆင်တဲ့အခါ ဒေသခံတွေက သူတို့အပေါ် နှိပ်စက်ညှင်းပန်းမှာ၊ ပေါ်တာဆွဲမှာတွေကို တအားစိုးရိမ်နေကြတယ်။ မိုးမောက်ဘက်မှာ ဒေသခံတွေ ခံခဲ့ရတာကို ကြားထားကြတယ်လေ။ အဲတော့ တခြားနေရာတွေမှာလည်း စစ်ပွဲတွေဖြစ်လာရင် ဗမာစစ်တပ်က ဒေသခံတွေအပေါ် ရက်ရက်စက်စက်နှိပ်စက်မှာကို စိုးရိမ်နေကြတယ်”

ကိုဂျွန်နှင့် ဆိုင်းဆွတ် သတင်းပေးပို့၍ ချစ်ဦးမောင်ရေးသားသည်။

ရန်ကုန်၊ ဇွန် ၂၁၊ ၂၀၁၁ (YPI) - မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အကြား စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားလာမှာကို ကချင်လူထုအနေနဲ့ အကြီးအကျယ် စိုးရိမ်ပူပန်နေကြတဲ့အကြောင်း ကချင်ပြည်နယ်အခြေစိုက် YPI သတင်းထောက်များဖြစ်ကြတဲ့ ကိုဂျွန်နဲ့ ဆိုင်းဆွတ်တို့က သတင်းပေးပို့လာကြပါတယ်။

“ဗမာစစ်တပ်က ထိုးစစ်ဆင်တဲ့အခါ ဒေသခံတွေက သူတို့အပေါ် နှိပ်စက်ညှင်းပန်းမှာ၊ ပေါ်တာဆွဲမှာတွေကို တအားစိုးရိမ်နေကြတယ်။ မိုးမောက်ဘက်မှာ ဒေသခံတွေ ခံခဲ့ရတာကို ကြားထားကြတယ်လေ။ အဲတော့ တခြားနေရာတွေမှာလည်း စစ်ပွဲတွေဖြစ်လာရင် ဗမာစစ်တပ်က ဒေသခံတွေအပေါ် ရက်ရက်စက်စက်နှိပ်စက်မှာကို စိုးရိမ်နေကြတယ်” လို့ ကိုဂျွန်က ပြောပြပါတယ်။

မြန်မာအစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ဟာ ၁၇ နှစ်ကြာ အပစ်ခတ်ရပ်စဲခဲ့ကြပေမယ့် မြန်မာအစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကချင်လွတ်လပ်ရေးတပ်မတော်ကို တောင်းဆိုထားတဲ့အချက်ကို ကချင်လွတ်လပ်ရေးတပ်မတော်က လက်မခံဘဲ ငြင်းပယ်ခဲ့ရာမှ နှစ်ဘက်ဆက်ဆံရေးဟာ တင်းမာလာခဲ့တာဖြစ်ပါတယ်။

အဲသလို နှစ်ဘက်ဆက်ဆံရေး လအတန်ကြာ တင်းမာနေတဲ့အချိန်မှာ မြန်မာအစိုးရက မိုးမောက်မြို့နယ်ထဲက တာပိန်ရေအားလျှပ်စစ်စီမံကိန်းအနီးမှာရှိတဲ့ ကချင်တပ်တွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ ထွက်ခွာကြဖို့ ပြောလာပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်ကလည်း သူတို့ ထိန်းချုပ်ထားတဲ့နေရာကနေ မြန်မာတပ်တွေ ဆုတ်ခွာပေးဖို့တောင်းဆိုခဲ့ပါတယ်။ အဲဒီကနေ နှစ်ဘက်တိုက်ပွဲတွေဖြစ်လာကြတာဖြစ်ပါတယ်။

တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ဇွန်လ ၉ ရက်နေ့ကတည်းက အခုချိန်အထိ မြန်မာစစ်တပ်ဟာ ကချင်ရွာသူ၊ ရွာသားတွေကို ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။

စစ်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာသာမက ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားလိုမြို့ပေါ် မှာတောင် ဒေသခံတွေဟာ မြန်မာစစ်တပ်ရဲ့ ပေါ်တာဆွဲတာကို ခံရမှာ ကြောက်ရွံ့နေကြတယ်လို့ ဆိုင်းဆွတ်က ဆိုပါတယ်။

“ဒီမြစ်ကြီးနားမှာက ညဘက် ၈ နာရီ ၉ နာရီဆိုရင် လမ်းပေါ်မှာ လူသွားလူလာ ပြတ်သွားတယ်။ အပြင်မထွက်ရဲကြတော့ဘူး။ အစစ်အဆေးတွေလည်း များလာတယ်။ ညဘက် ၁၀ နာရီကျော်ရင် အဖမ်းခံရမှာစိုးလို့ အပြင်သိပ်မထွက်ရဲကြတော့ဘူး”

အထူးသဖြင့် မြစ်ကြီးနားမြို့အပြင်ဘက်က ရပ်ကွက်၊ ကျေးရွာတွေမှာ ညဘက်တွေမှာ ပေါ်တာဆွဲတာတွေရှိလာခဲ့ပြီး၊ မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ၀ိုင်းမော်မြို့က သံတံတားတစ်ခုကို ကချင်လွတ်လပ်ရေး တပ်မတော်က ဖောက်ခွဲဖျက်ဆီးခဲ့တဲ့နောက်ပိုင်း မြစ်ကြီးနားတ၀ိုက်မှာ ပိုပြီးလုံခြုံရေးတင်းကြပ်လာတယ်လို့ ဆိုင်းဆွတ်က ဆိုပါတယ်။

“ညဘက်ဆို မြစ်ကြီးနားမှာ ရဲတွေက လမ်းထဲမှာ အများကြီး။ မြစ်ကြီးနားနဲ့ ၀ိုင်းမော်ကြားက ဗလမင်းထင် တံတားအတက်အဆင်းမှာလည်း စစ်ဆေးရေးအရမ်း တင်းကြပ်ထားတယ်”

တချို့ဒေသတွေမှာ မြန်မာစစ်တပ်ဟာ သူတို့ သံသယရှိတဲ့ ကချင်တွေကို ဖမ်းဆီး၊ နှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့လည်း ကိုဂျွန်က ပြောပြပါတယ်။

အဲသလို မြန်မာအစိုးရဟာ လုံခြုံရေးအတွက် စစ်ဆေးကြပ်မတ်မှုတွေရှိနေတဲ့ကြားကပဲ မြစ်ကြီးနားမှာ ပေါက်ကွဲမှု သုံးနေရာမှာဖြစ်ပွားခဲ့ပါတယ်။

မနေ့မနက်ကဆိုရင်လည်း မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်မှာရှိတဲ့ နမ့်ဆန်ယန်ရွာမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုင်းဆွတ်က ဆိုပါတယ်။ မြစ်ကြီးနားကနေ ၄ နာရီလောက်ကားစီးရင် ရောက်နိုင်တဲ့ နမ့်ဆန်ယန်ဟာ ရွှေတူးဖော်ရေးလုပ်ငန်းနဲ့ နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်ပြီး အဲဒီမှာ အခြေစိုက်ထားတဲ့ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးကို ကချင်လွတ်လပ်ရေးတပ်မတော်က ဗုံးခွဲဖျက်ဆီးလိုက်တာဖြစ်ပါတယ်။

ကချင်စစ်တပ်ဟာ သူတို့အပေါ် မြန်မာစစ်တပ်က အင်နဲ့အားနဲ့ အလုံးအရင်း ထိုးစစ်ဆင်လာမှာကို ကြိုတင် ဟန့်တားတဲ့အနေနဲ့ ချောင်းကူးတံတား ဆယ်ခုကျော်ကို ဖောက်ခွဲချိုးဖြတ်ခဲ့ပါတယ်။

ဆိုင်းဆွတ်က ကချင်တပ်တွေ တံတားချိုးတယ်ဆိုတာဟာ တင့်ကားတွေ၊ စစ်လက်နက်ပစည်းတွေ သယ်ဆောင် လာတဲ့ မြန်မာစစ်တပ်ရဲ့ ယာဉ်တွေ သွားလာဖြတ်သန်းလို့မရအောင်သာ ဖျက်ဆီးခြင်းဖြစ်ပြီး ဆိုင်ကယ်၊ သုံးဘီးကားနဲ့ ထော်လာဂျီတွေ သွားလာလို့ရအောင်တော့ တံတားကို အကုန်မဖျက်ဆီးဘဲ တချို့နေရာတွေ ချန်ထားပေးတယ်လို့ဆိုပါတယ်။

“အကုန်လုံးဖြိုဖျက်ပစ်တာမဟုတ်ဘူး။ ကုန်စည်ကူးသန်းလို့ရအောင်တော့ ဆိုင်ကယ်တွေ၊ သုံးဘီးတွေ၊ ထော်လာဂျီတွေ သွားလို့ရအောင် ချန်ထားပေးတယ်။ အဓိကက တင့်ကားတွေ၊ လက်နက်ကြီးတွေ တင်လာတဲ့ ကားတွေ သွားမရအောင် ဖျက်ဆီးတာပဲ။ မြစ်ကြီးနား၊ ၀ိုင်းမော်ဘက်မှာတော့ တံတားတွေ ကျိုးလို့ ကုန်စည်ပြတ်တောက်ပြီး ကုန်ဈေးနှုန်းတက်တာတွေ၊ ဘာတွေ မရှိသေးဘူး။ ပြည်သူလူထုကို ထိခိုက်တာ မရှိသေးဘူးလို့ပြောရမယ်”

မြစ်ကြီးနားနဲ့ ဖားကန့်ကို ဆက်သွယ်ထားတဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ တံတားအချို့ကို ကချင်တပ်မတော်က ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ ဖျက်ဆီးပစ်ခဲ့တာကြောင့် အဲဒီဘက်မှာတော့ ကုန်ပစ္စည်းတွေ ဈေးတက်တာတွေ၊ သွားရေးလာရေးခက်ခဲတာတွေ ဖြစ်ပေါ်နေတယ်လို့ ကိုဂျွန်ကဆိုပါတယ်။

“ဆန်၊ ဆီ၊ ဆား စတဲ့ ကုန်ပစ္စည်းတွေ ဈေးတက်ကုန်တယ်။ ပစ္စည်းပြတ်လပ်တာတွေလည်းရှိတယ်။ ဖားကန့်နဲ့ မြစ်ကြီးနား လိုင်းကားတွေ မသွားတော့ဘူး။ လမ်းပန်းဆက်သွယ်ရေးက ပြတ်တောက်သလောက်ဖြစ်သွားပြီ။ ဆိုင်ကယ်လောက်ပဲ သုံးလို့ရတော့တယ်” လို့ ကိုဂျွန်က သတင်းပေးပို့ပါတယ်။

ဖားကန့်ဘက်မှာ စစ်ရိပ်စစ်ငွေ့တွေ သန်းလာနေတာကြောင့် လုပ်ငန်းတော်တော်များများ ရပ်ဆိုင်းထားကြတယ်လို့လည်း ကိုဂျွန်ကဆိုပါတယ်။

“ဒီဘက်မှာ အလုပ်မဖြစ်ကြဘူး။ စီးပွားရေးလုပ်ငန်းအခြေအနေတွေက အေးစက်နေတယ်။ လူတွေက ဒီဘက်မှာ စစ်ဖြစ်မှာကို တအားစိုးရိမ်နေကြတယ်”

မြန်မာစစ်တပ်နဲ့ ကချင်စစ်တပ် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက်ကြောင့် တရုတ်လူမျိုးများ ၉၀ ရာခိုင်နှုန်းလောက်ပိုင်ဆိုင်ထားတဲ့ ကျောက်စိမ်းလုပ်ငန်းနဲ့ သစ်လုပ်ငန်းတွေ ရပ်တန့်သွားတဲ့အပြင်မြန်မာအစိုးရနဲ့ တရုတ်အစိုးရ အကျိုးတူပူးပေါင်းလုပ်ကိုင်နေကြတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ အားလုံးနားထားရတယ်လို့လည်း ကိုဂျွန်က ပြောပါတယ်။

စစ်ပွဲဟာ လောလောဆယ်မှာ ပြီးဆုံးမယ့်အနေအထားမရှိဘဲ ရှေ့လျှောက် စစ်ပွဲတွေ ဆက်လက်ဖြစ်ပွား လာစရာရှိတယ်လို့လည်း ကချင်စစ်တပ်က အရာရှိတစ်ချို့ရဲ့ ထင်မြင်သုံးသပ်ချက်ကို ကိုးကားပြီး ပြောပြပါတယ်။

လောလောဆယ်အနေအထားမှာ မြန်မာအစိုးရဟာ ကချင်လွတ်လပ်ရေးတပ်မတော်ကို အပစ်ခတ်ရပ်စဲဖို့ နှုတ်အားဖြင့် ကမ်းလှမ်းခဲ့ပေမဲ့ ရှေ့တန်းက မြန်မာတပ်တွေကို အပစ်ရပ်ဖို့ ညွှန်ကြားထားတဲ့ စာရွက်စာတမ်း တစ်စုံတစ်ရာကို မြန်မာအစိုးရဘက်က ထုတ်မပြနိုင်တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်က လက်မခံသေးပဲ တရုတ်အစိုးရအနေနဲ့ ကြားဝင်စေ့စပ်ပေးရေး၊ မြန်မာနိုင်ငံပြင်ပတစ်နေရာရာမှာ မြန်မာအစိုးရနဲ့ ကချင်စစ်တပ်အကြား အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးကိုပဲ တောင်းဆိုထားပါတယ်။

မြန်မာအစိုးရဟာ သူ့ပြည်တွင်းရေးကိစ္စမှာ နိုင်ငံခြားအစိုးရတစ်ခုခုရဲ့ ၀င်ရောက်စေ့စပ်ပေးမှုကို လက်ခံမယ့်အနေအထားရှိမရှိနဲ့ တကယ်တမ်း ငြိမ်းချမ်းရေးကို လိုလားမှုရှိမရှိဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
Yangon PressInternational

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.