Wednesday, June 22, 2011

1 ဂွဒ် ဂါးဗားမန့် ဖြစ်ဖို့ . .-
ရေးသူ- ချိုတူးဇော်

လတ်တလော ဖြစ်ပေါ်နေတဲ့ ကချင်၊ ကရင် နဲ့ ရှမ်း ပြည်နယ်တွေက စစ်ပွဲတွေဟာ အစိုးရ ရဲ့ အမြော်အမြင်နည်းပါးမှု၊ ငါတကောကော မောက်မာမှု၊ တွေကြောင့်ဖြစ်ရတယ် လို့ပဲ ရှင်းရှင်းပြောချင်တယ်။

စစ် ဆိုတာ ငါ့မှာ အင်အားရှိတယ်၊ ငါနိုင်အောင် တိုက်နိုင်တယ် လို့ ဆိုပြီးတော့ လည်း တိုက် စရာမှ မဟုတ်တာ။ ဘယ်လိုနည်းနဲ့ပဲ အာဏာကို ရ ထား၊ ရ ထား၊ အစိုးရ တရပ်ဟာ သူအုပ်ချုပ်နေတဲ့ တိုင်းသူပြည်သားတွေရဲ့ ထိခိုက်နာကျင်မှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေကို ပြည့်စုံအောင် ကာကွယ်ပေးနိုင်မှ အစိုးရကောင်း( Good government) ဖြစ်ပါလိမ့်မယ်။ ပါးစပ်က ဂွဒ်ဂါးဗားမန့် လို့ပြောတိုင်းဖြစ်တာမဟုတ်ပါဘူး။ ဒီလို စစ်ဖြစ်ဖို့မပြောနဲ့ သွားရင်းလာရင်း၊ ရထားတွေမှောက်ပြီး၊ ကားတွေမှောက်ပြီး လူတွေအစုလိုက်အပြုံလိုက်ပျက်စီးဆုံးရှုံးရတယ်ဆိုရင်တောင် အစိုးရ မှာ တာဝန်ရှိတယ်။ တာဝန်လည်း ယူရမယ်။ ဒါမှ ဂွဒ်ဂါးဗားမန့် လို့ခေါ်တယ်။ အလကားနေရင်းတော့ မဂွဒ် ဘူးဗျ။ခု ကချင်ပြည်နယ်မှာ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဖြစ်ရတဲ့ စစ်ပွဲတွေဟာ အစိုးရအနေနဲ့တာဝန်လုံးလုံးလျားလျားယူရမယ့် ဖြစ်ရပ်တွေဖြစ်တယ်။

ပြည်သူလူထုကို ကိုယ်စားပြုတဲ့အစိုးရဖြစ်ချင်ရင်၊ အစိုးရကောင်းဖြစ်ချင်ရင် ပြည်သူက မကြိုက်ဘူးလို့အော်နေမှတော့ နားထောင်ပေါ့။ မြစ်ဆုံရေကာတာစီမံကိန်းဟာ ဘယ်လိုအကျိုးမြတ်ပဲ ရှိရှိ၊ ပြည်သူတရပ်လုံးက မလုပ်ပါနဲ့ လို့ ၀ိုင်းအော်နေတာကို ငါတကောကောပြီး ဆက်လုပ်တာကိုးက အစိုးရရဲ့ ရပ်တည်ချက်ဟာ ငါတကောကော ကော ရာ မကျဘူးလား။ အဲဒီ မြစ်ဆုံ၊ အဲဒီ ဧရာဝတီ နဲ့ မြန်မာပြည်ကို တည်ဆောက်ထားတာ။ နေရာတကာ အကျိုးမြတ်ရှိတိုင်း လုပ်လို့ မရဘူး။

အထူးသဖြင့် တိုင်းပြည်ကိစ္စဆိုတာ အကျိုးအမြတ်ထွက်တိုင်း လုပ်ရတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြတ်လို့ ရွှေတိဂုံကိုရောင်းလို့မရဘူး၊ မြတ်လို့ ခါကာဘိုရာဇီကို ပေးလို့မရဘူး။ ဒါ တိုင်းပြည် ကိစ္စ။ တိုင်းပြည်ရဲ့ ရပ်တည်ချက်ဟာ ဘယ်လောက်ဆင်းရဲဆင်းရဲ၊ ဘယ်လောက် အကျိုးအမြတ်နည်းနည်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်သယံဇာတကို စောင့်ရှောက်စောင့်ထိန်းမှုမရှိပဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးလို့အော်နေလည်း အလကားဖြစ်မှာပဲ။ လွတ်လပ်ရေးဆိုတာ သူတပါး ကျွန် ပြုသိမ်းပိုက်ထားမှ ဆုံးရှုံးတာမဟုတ်ဘူး။ ရှိရှိသမျှ သယံဇာတတွေ လက်သည်မပေါ်အောင် ၀ိုင်းပြီး အလုအယက် အောက်ဈေးနဲ့ လက်ဝါးကြီးအုပ် ခံနေရတာလည်း လွတ်လပ်ရေး ဆုံးရှုံးတာပါပဲ။ အင်္ဂလိပ်တွေ ကိုလိုနီ နယ်ချဲ့ တုန်းက သယံဇာတတွေကို ထုတ်ပြီးသယ်သွားတယ်။ ကုန်ကြမ်းတွေကို ဈေးပေါပေါနဲ့ထုတ်လုပ်တယ်။ ကုန်ချောတွေကို အမြတ်တင်ပြီးလာရောင်းခဲ့တယ် တဲ့။ ဒါဆို ခု ကျွန်တော်တို့ နိုင်ငံကို အိမ်နီးချင်းနိုင်ငံတွေက ဘယ်လို ဆက်ဆံနေ၊ ဘယ်လို ပြုမှုနေသလဲ နှိုင်းယှဉ်စဉ်းစားကြည့်ဖို့လိုလိမ့်မယ်။ ကျွန်တော်တို့ ဆိပ်ကမ်းတွေ၊ ကျွန်တော်တို့ လမ်းတွေ၊ ကျွန်တော်တို့မြစ်တွေကို သူတို့ပြည်နယ်တခုထွက်ပေါက်ရဖို့ အသုံးချနေတာ. . .ကိုယ့်အိမ်ထဲ ၀င်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်၊ ကိုယ့်ပစ္စည်းတွေ သုံးချင်သလိုသုံး၊ ကိုယ့်မှာဖြင့် နှမအပျိုတွေနဲ့။ ပြည်သူက ဒါကို မလုပ်စေချင်လို့ မလုပ်ပါနဲ့ လို့တောင်းဆိုရင် အစိုးရက ဂွဒ် ချင်တယ်ဆို ပြည်သူနဲ့ တသွေးတည်း ၊ တသံတည်း နေလိုက်ပေါ့ဗျာ။

ခု ကချင်ပြည်နယ်မှာ တံတားတွေ အဖေါက်ခွဲခံလိုက်ရတော့ ဒီ ၂၀ လုံးတည်ဆောက်ထားသမျှ အလကားဖြစ်ရ၊ ပိုက်ဆံတွေလည်းဆုံး၊ အချိန်တွေလည်းဆုံး ၊ ဒီလိုမျိုးတွေဖြစ်လာနိုင်တယ် လို့ အစက မစဉ်းစားမိခဲ့ဖူးလားလို့ မေးချင်ပါတယ်။ ဒီလိုမျိုးတွေဖြစ်မှာစိုးလို့ အဖွဲ့အစည်းအသီးသီးနဲ့ ပြည်သူလူထုအနေနဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ပါလို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ကြပါတယ်။

စစ် ဆိုတာ မလွှဲမရှောင်သာ ထိပါးလာလို့ပြန်တိုက်ရတယ်ဆိုတောင် အစိုးရက မပါးနပ်လို့၊ လိမ္မာပါးနပ်စွာ မဖြေရှင်းတတ်လို့ လို့ သုံးသပ်ရပါတယ်။ ခုလို ကိုယ့်ပြည်သူကိုယ့်ပြည်သားချင်းဖြစ်ရတာကတော့ အတိုင်းထက်အလွန်ဖြစ်သွားပါပြီ။ကချင်မှာ ကချင်ဒေသခံပြည်သူတွေကို ရထားလမ်းတွေ အလှည့်ကျစောင့်ခိုင်းတယ်ဆိုတဲ့ သတင်းတက်လာပြန်ပါပြီ။

ဒီလုပ်ရပ်ဟာ ကေအိုင်အေ နဲ့ ထိပ်တိုက်မတွေ့ချင်လို့ စစ် ကိုရှောင်ကွင်းချင်လို့ လို့အကြောင်းပြကောင်း ပါလိမ့်မယ်။ ဒါပေမယ့် ပြဿနာတရပ်ကို အရင်းအမြစ်က မဖြေမရှင်းပဲ ခုလို ငါးပွက်ရာငါးစာချဖြေရှင်းတဲ့နည်း က ပြဿနာတွေကင်းမသွားတဲ့အပြင်၊ ကြီးထွားသထက်ကြီးထွားလာမယ်၊ တခြားဘေးထွက်ဆိုးကျိုးတွေ များလာမယ် လို့ ဆင်ခြင်မြော်မြင်သင့်တယ်။

အစကတည်းက တိုင်းရင်းသားတွေနဲ့ နားလည်ယုံကြည်မှုတွေတည်ဆောက်ထားပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုသာ တည်ဆောက်ထားနိုင်ရင် ဘယ် လက်နက်ကိုင်အဖွဲ့အစည်းကမှ လမ်းတွေ တံတားတွေကို ဖျက်မှာမဟုတ်ဘူး။ အဲဒီ လမ်းတွေတံတားတွေကို ဘယ် စစ်ဗိုလ်တွေရဲ့ ပိုက်ဆံနဲ့မှ ဆောက်ထားတာမဟုတ်ဘူး။ ပြည်တွေရဲ့ချွေးနည်းစာ တိုင်းပြည်ရဲ့ သယံဇာတတွေကို ရောင်းချလို့ရတဲ့ပိုက်ဆံတွေနဲ့ဆောက်ထားတာ။ ပျက်စီးတော့ ကိုယ့်ပိုက်ဆံပဲ ကုန်သလိုပါ။ ကိုယ်ပဲ အဆင်မပြေဖြစ်ရတာပါ။

အစကတည်းက ဒီလို သမိုင်းနောက်ပြန်ဆွဲမယ့် ဖြစ်ရပ်တွေ ပေါ်လာနိုင်ပါလား လို့ မစဥ်းစားခဲ့တာ အံ့သြမဆုံးဘူး။

ပြည်သူအနေနဲ့ အနုပညာရှင်တွေအနေနဲ့၊ စာပေပညာရှင်တွေအနေနဲ့

ဒါမျိုးတွေဖြစ်လာမှာစိုးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့၊

..အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဖို့၊ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ပေးဖို့ အကြိမ်ကြိမ်အလီလီ မေတ္တာတွေ ရပ်ခံခဲ့တဲ့ကြားက . . .။

ထပ်ပြောရပါဦးမယ် . . .

ကျွန်တော်တို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို လိုချင်ပါတယ်။

တပ်မတော်သားတွေပဲ ဖြစ်ဖြစ်၊

တိုင်းရင်းသားတွေပဲ ဖြစ်ဖြစ်၊

ဘယ်လိုပြည်သူပြည်သားတွေမဆို သေကြေပျက်စီးတာ မလိုလားပါဘူး၊

တိုင်းရင်းသားအဖွဲ့အစည်းအသီးသီး အပါအ၀င်၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့အမြန်ဆုံး တွေ့ဆုံဆွေးနွေးပေးဖို့ တောင်းဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးပြီး အစိုးရအနေနဲ့ ပြည်သူလူထု နဲ့ ကမ္ဘာ ရဲ့ ယုံကြည်မှု ကို အရင်ဆုံးတည်ဆောက်ပါ။

ဒီလို လုပ်ရင် အစိုးရ အနေနဲ့ အကျိုးမဲ့ မှာမဟုတ်ဘူး၊ အကျိုးများစေမယ် ဆိုတာ

ဖွဲ့ထားတဲ့ နိုင်ငံရေးအကြံပေးတွေ၊ စီးပွားရေးအကြံပေးတွေ၊ ..ပါးစပ်ပိတ်နေကြသလားဗျာ။

ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲဝင် ပြည်သူမဲနဲ့ အမတ်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း မျက်နှာပြောင်တိုက်နိုင်ပါပေရဲ့ဗျာ . . .။

ချိုတူးဇော်

1 comment:

  1. One of the best articles portraying the real root cause of recent conflict that could have been avoided by a simple faithfulness to the electorate of the supposedly elected government. It also spotlights how the grossly mean government and its incompetent associates aggravate people's sufferings and country's woes driving further into deeper dooms instead of soothing and saving out from. That the government itself is the real colonist, the virtual culprit it always try to brand on countries of disagreement to its criminal acts, is precisely pointed out. Bravo! More such resounding heart-talks please!

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.