Friday, June 10, 2011

1 သတင်းသမားခြေထောက်အောက်က ရွက်လှပင်ပေါက်များ

အမေရိကန်အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းမှဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ရောက်ရှိသောအချိန်တွင် တွေ့မြင်ရသောသတင်းသမားများ
မိုးယုမေ ရေးသားသည်။

(YPI)
ခြံဝက နံမည်စာရင်းစာရွက်မှာလက်မှတ်ထိုးချိန်မှာ နံပါတ်စဉ်လေးဆယ်ကျော်၊ ခြံထဲမှာ မတ်တပ်တစ်ချို့ ထိုင်လျက်တစ်ချို့ဖြင့် အရွယ်စုံအရောင်စုံ သတင်းသမားများ ၀ိုင်းဖွဲ့နေကြသည်။ သက်လတ်တမ်းနှင့် သက်ကြီးတမ်းဆိုလျှင် နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်များ၊ သက်ငယ်တမ်း တော်တော်များများ ဆိုလျှင် ပြည်တွင်းသတင်းဂျာနယ်မှသတင်းထောက်များ စသဖြင့် ခွဲခြားလွယ်သည့် မြင်တွေ့နေကျ မျက်နှာများ ။

ဆရာဝန်လည်ပင်းကနားကြပ်ကဲ့သို့ ဗီဒီယိုဓါတ်ပုံကင်မရာများ အသံဖမ်းစက်များက ဒီကနေ့ခေတ် သတင်းသမားများ၏အဆင်တန်ဆာဖြစ်လာ၏။ လက်ထဲကအဆင်တန်ဆာပေါ် မူတည်ပြီး နိုင်ငံခြားသတင်းထောက် ပြည်တွင်းသတင်းထောက် စသဖြင့်၊ ပြည်တွင်းသတင်းထောက်ချင်း တူလျှင်တောင်မှ ဂျာနယ်ကြီး၊ ဂျာနယ်ငယ်၊ ဂျာနယ်မထင်မရှား လွယ်လင့်တကူခွဲခြားနိုင်သည်။

၂၀၀၇ သံဃာ့အရေးအခင်းမတိုင်ခင် အချိန်တုန်းကဆိုလျှင် လက်မှတ်ရနိုင်ငံခြားသတင်းထောက်များ ကလွဲလျှင် ကင်မရာအသံဖမ်းစက်များကို လူသိရှင်ကြားကိုင်ရဲသူ ခပ်ရှားရှားဖြစ်သလို ပြည်တွင်းဂျာနယ်အတော်များများက နိုင်ငံရေးသတင်းကို စီစစ်ရေးကခွင့်မပြုသည့်အတူတူ လိုက်ဖို့မလိုဟု ယူဆကြသည့်အချိန်အခါဖြစ်သည်။ နိုင်ငံရေးသတင်းလိုက်လို့ အဖမ်းခံရပါက တာဝန်မယူဟု အချို့ဂျာနယ်တိုက်များတွင် အတိအလင်းထုတ်ပြန်ခဲ့ဖူးသည်။

လောင်စာဆီဈေးတက်သည်ကို လမ်းလျှောက်ဆန္ဒပြကြသည့် အန်အယ်(လ်)ဒီအဖွဲ့ဝင်များကို ရုံးရှေ့အရောက်မှာ စွမ်းအားရှင်များ အရပ်ဝတ်စစ်ထောက်လှမ်းရေးများက ရပ်ထားသည့် ဒိုင်နာကားများပေါ် သက်ကြီးရွယ်အိုများပါမချန် အတင်းအဓမ္မဆွဲတင်သည့် အဖြစ်အပျက်ကို မိုဘိုင်းဖုန်းမှာပါသည့်ကင်မရာဖြင့် ခိုးရိုက်သည့် ရပ်ကြည့်သူလူအုပ်ထဲမှ လူရွယ်တစ်ယောက်ကို ထောက်လှမ်းရေးက ငေါက်ငမ်းခြိမ်းခြောက်ကာ တားမြစ်ခဲ့သည်။ထိုအဖြစ်အပျက်ကိုကင်မရာဖြင့်မှတ်တမ်းတင်ရန် ကြိုးစားသည့် လက်မှတ်ရနိုင်ငံခြားသတင်းထောက် တစ်ယောက်ကိုတော့ ပုခုန်းဖြင့်ကာပြီး ဆွဲထုတ်သွားခဲ့၏။ သို့ပေမယ့် သတင်းယူဖို့ကြိုးစားသူ မှန်သမျှကိုတော့ ဒီတီဆိုင်ကယ်တစ်စင်းပေါ်က အမိန့်ရ အလိုတော်ရိ ဓါတ်ပုံဆရာလိုလို ထောက်လှမ်းရေးလိုလို လူတစ်ယောက်ကစိမ်ပြေနပြေမှတ်တမ်းတင်နေခဲ့ပါ၏။

၂၀၁၀ရွေးကောက်ပွဲမကျင်းပမီကာလ နိုင်ငံရေးသတင်းတွေကိုဂျာနယ်တွေမှာ မထည့်မဖြစ်လို့ ထည့်ခွင့်ပြုခဲ့သည့်အချိန်မှစလို့ နိုင်ငံရေးသတင်းဟာ ပြည်တွင်းပြည်ပ သတင်းထောက်မရွေး လိုက်လေ့ရှိသည့်သတင်းအမျိုးအစားတစ်ခုဖြစ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်သည့်သတင်းက ကမ္ဘာတစ်ဝှမ်းက သတင်းစာတွေမှာ မျက်နှာဖုံးသတင်းဖြစ်ခဲ့သလို ပြည်တွင်းက ဂျာနယ်အချို့၏ မျက်နှာဖုံးသတင်းလည်းဖြစ်လာခဲ့၏။

၂၀၁၀ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် မီဒီယာကို ချကျွေးလိုက်ရသည့် တစ်ချိုးတစ်ဖဲ့မျှသော လွတ်လပ်ခွင့်ဖြစ်သည်။ ထိုမျှသော လွတ်လပ်ခွင့်လေးကြောင့် ဒီကနေ့ဒါဇင်နှင့်ချီသော သတင်းသမားများကို အန်အယ်(လ်)ဒီရုံးမှာ၊ ဒေါ်အောင်ဆန်းစုကြည်ခြံထဲမှာ၊ အမေရိကန်လွှတ်တော်အမတ် သွားရောက်ခဲ့သည့် နာရေးကူညီမှုအသင်းရုံးမှာ၊ မဖြူဖြူသင်း တည်ထောင်ထားသည့်ဂေဟာမှာ၊ အမေရိကန်စင်တာမှာ နေရာမရွေး အချိန်မရွေး တိတိလင်းလင်း အထင်အရှား မြင်နိုင်ကြပြီဖြစ်သည်။

၂၀၀၇ သံဃာ့အရေးအခင်းမတိုင်ခင်က သတင်းထောက်များပုန်းလျှိုးကွယ်လျှိုးသတင်းယူရသောအဖြစ်မှ ၂၀၁၀ရွေးကောက်ပွဲအပြီးမှာ အရပ်ဝတ်ထောက်လှမ်းရေးများနှင့် မျက်နှာခြင်းဆိုင်ကာ သတင်းယူနိုင်လာသောအဖြစ်က စစ်ဗိုလ်ချုပ်များက နိုင်ငံတကာနှင့်သူတို့ ကစားသည့် ၀ှက်ဖဲတွေထဲက ဖဲချပ်တစ်ချပ်အဖြစ် မီဒီယာကို ချခင်းလိုက်ခြင်း၏ ရလဒ်ကောင်းတစ်ခုဟုဆိုရလိမ့်မည်။ ထိုဖဲချပ်သည် ချခင်းပြီးနောက် ပြန်သိမ်းရခက်သည့်ဖဲချပ်တစ်ချပ်ဖြစ်နေသောကြောင့်ပင်။

အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာတွေ့သည့်နေ့က သတင်းသမားတွေ များပြားလိုက်ပုံမှာ လွှတ်တော်အမတ်ပင် ကားတံခါးဖွင့်ဆင်းစရာနေရာမရှိသည့်အဖြစ်၊ သံရုံးဝန်ထမ်းအမေရိကန်သူတစ်ဦးကပင် “လမ်းဖယ်ကြပါရှင်” ဟု ဗမာလိုပီပီသသကြီး တောင်းပန်သွားရသည့်အဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကပင် သတင်းသမားအုပ်စုကြီး ကြီးထွားလာပုံကို အိမ်အပြင်ဖက် ထွက်လာလာခြင်း သတိထားမိသွားရသည့်အဖြစ်၊ ခြံဝက နံမည်စာရင်းစာရွက်မှာ လူဦးရေကိုးဆယ်နီးပါး ဖြစ်သွားရသည့်အဖြစ်။

သတင်းသမားအတော်များများကတော့ သတင်းရဖို့တစ်ခုကလွဲလို့ ဘာကိုမှမြင်သည့်ပုံမပေါ်ပေ။ ဂျွန်မက်ကိန်း ကားတံခါးဖွင့်ဖို့လမ်းပေးရန်လည်းသတိမရ၊ လွှတ်တော်အမတ်ကို ခရီးဦးကြိုပြုနေကြသည့် အန်အယ်(လ်)ဒီ အဖွဲ့ဝင်များ၏ လမ်းဖယ်ပေးရန် ပြောဆိုသည့်အသံများကိုလည်း ကြားမိပုံမပေါ်၊ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ဆင်ဝင်အနီးက ရွက်လှပင်ပေါက်လေးတွေကိုလည်း မြင်မိပုံမရပေ။ လွှတ်တော်အမတ်ရဲ့ကားဘေးမှာ ထမင်းလုံးကိုကိုက်ချီထားသည့် ပုရွက်ဆိတ်တွေလို အုံခဲနေသည်။ ကားတံခါးဖွင့်နိုင်ဖို့ရာပင် အချိန်အတော်ယူလိုက်ရသည်။

သတင်းဦး သတင်းထူးတစ်ခုရဖို့က သတင်းသမားတိုင်းအတွက် အင်မတန်မှ အရေးကြီးပါသည်။ လူထုအတွက် မြန်မာ့အရေးကိုကမ္ဘာကသိလာဖို့အတွက် ဆိုသည့် သတင်းလိုအပ်ချက်များ အပြင် မိမိတို့စာဖတ်သူတွေအတွက်၊ မိမိတို့ဋ္ဌာနအတွက်၊ မိမိတို့ဂျာနယ်တိုက်အတွက်၊ မိမိ၏သတင်းထောက် ဂှုဏ်ရည်မြင့်မားလာဖို့အတွက် ဆိုသည့် တစ်ကိုယ်ရည်အတ္တများလည်း ပါကောင်း ပါပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သတင်းလိုက်နေသည့်အချိန်များတွင် သတင်းသမားလောဘဆိုသည်က အတောမသတ်နိုင်ပေ။ ထိုလောဘကြောင့်ပင် ကိုယ်သတင်းရရေးတစ်ခုမှလွဲလျှင် ဘာကိုမှမမြင်တော့သည့် တစ်ကိုယ်ကောင်းစိတ် များဖြစ်ပေါ်လာ၏။

ကိုယ့်နောက်ကလူတွေ မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ၊ ကြားရသည်ဖြစ်စေ မကြားရသည်ဖြစ်စေ ဂရုမစိုက်တော့၊ ဒေါ်အောင်ဆန်းစုကြည်လွတ်လာသည့်နေ့က ခြံရှေ့မှာစကားပြောခဲ့စဉ်ကလည်း လူထုက ရှေ့ကသတင်းသမားတွေတော်လောက်ပြီ ထိုင်ကြပါတော့ဟု အော်ဟစ်ကန့်ကွက်ရလောက်အောင်ပင် ရှေ့နားမှာပြုံတိုးနေခဲ့သည်။ ထိုအချိန်မျိုးမှာ ပြည်သူလူထုဆိုတာလည်း သတင်းသမားများ စိတ်ထဲ ရှိတော့ပုံမရပေ။

လွှတ်တော်အမတ်ဂျွန်မက်ကိန်းလာသည့်နေ့က သူအိမ်ထဲကပြန်ထွက်လာပြီဆိုသည်နှင့် ရှေ့နားမှာ နေရာရဖို့အသံဖမ်းစက်ကိုင်ပြေးသွားသူကပြေးသွား၊ နောက်နားမှာနေရာရသဖြင့် ကင်မရာဖြင့်အပေါ်စီးမှ ရိုက်ချင်သူအချို့က ကုလားထိုင်ပြေးယူသူယူကြ စသဖြင့် အပြေးအလွှားနေရာယူလိုက်ကြသည့် သတင်းသမားတစ်အုပ်၏ ခြေထောက်အောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဆင်ဝင်ရှေ.မှာစိုက်ပျိုးထားသည့် ရွက်လှပင်ပေါက်များက မြေစာပင်များ ဖြစ်သွားကြ၏။

ဆင်ဝင်ရှေ့မလှမ်းမကမ်းမှာ ခွေးကျောင်းနေသည့် ဥယျာဉ်မှုးဖြစ်ဟန်တူသူက အပင်များအပေါ်နှမျောတသစွာဖြင့် “အောက်လေးဘာလေးလဲ ကြည့်ကြပါဦး၊ အပင်တွေ တက်နင်းကုန်ပြီဗျ” ဟု ညည်းတွားသည်။

မြန်မာပြည်တွင် သတင်းမီဒီယာများ အားကောင်းလာကြသည် ဆိုသည်မှာလည်းမှန်ပါ၏။ ပြောင်ပြောင်တင်းတင်း သတင်းလိုက်ရဲလာသည့်သတင်းသမားများ ပေါ်ထွက်လာသည်မှာလည်းမှန်ပါ၏။ သို့ပေမယ့် သူတို့ဘယ်သို့အားကောင်းကြသလဲ၊ ဘယ်သို့ သတ္တိပြောင်ကြသလဲ၊ ဘယ်သို့စာဖတ်ပရိသတ်ပြည်သူလူထုအပေါ်တာဝန်ကျေကြသလဲဆိုသည်များကိုအသာထားဦး၊ သူတို့ ဘယ်သို့သတင်းလိုက်ကြသလဲဆိုသည်ကပင် သတင်းသမားများ၏ စရိုက်လက္ခဏာကိုပြဋ္ဌာန်းသည်။

သတင်းတွေထဲတွင် မကြာခဏ ထည့်ရေးလေ့ရှိသည့်စကားလုံးတစ်လုံးရှိသည် “အကာအကွယ်မဲ့ အမျိုးသမီးများနှင့် ကလေးငယ်များ” ၊ အင်္ဂလိပ်လိုဆိုလျှင် “vulnerable women and children” ဟုသုံးတတ်ကြ၏။ ထိုစကားလုံးသည် အန်ဂျီအိုအဖွဲ့အစည်းများတွင် မကြာခဏသုံးလေ့ရှိသည့် စကားလုံးလည်းဖြစ်သည်။

သတင်းသမားများ သတင်းတစ်ပုဒ်ရဖို့အတွက် အကာအကွယ်မဲ့သည့် ရွက်လှပင်ပေါက်များ အနင်းခြေခံရဖို့လျော်ကန်ပါရဲ့လား၊ အနည်းဆုံးတော့ ဥယျာဉ်မှုးမျက်နှာ ၀င်ခွင့်ပြုထားသည့် ခြံရှင့်မျက်နှာတို့ကို ထောက်ထားဖို့မသင့်ပေဖူးလား။

သတင်းသမားများ သတင်းတစ်ပုဒ်ရဖို့အတွက် သတိလက်လွတ်ပြုမူခြင်းကြောင့် မြေစာပင်ဖြစ်ရသည့် ရွက်လှပင်ပေါက်များကဲ့သို့ အပစ်မဲ့သည့် အကာအကွယ်မဲ့သည့် လူများ သစ်ပင်များ အရာဝတ္တုများ ဘယ်လောက်များခဲ့ပြီမသိ ။ ။

Yangon PressInternational

1 comment:

  1. ရွတ်လှပင်လေးတွေအတွက် စိတ်မကောင်းဝမ်းနဲမိပါတယ်.

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.