Tuesday, June 7, 2011

0 ကျွန်တော်တို့ မြန်မာပြည် . . . ကျွန်တော်တို့ ပြည်သူတွေ . . .ကျွန်တော်တို့ ဆိုးသံသရာ . . .-
ရေးသူ-ချိုတူးဇော်



ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် အဓိက လုပ်သင့်တာက ပြည်သူလူထုပေါ်မှာ တင်ထားတဲ့ ထမ်းပိုးတွေကို ဖယ်ရှားပေးဖို့ပါ။

အစိုးရဟာ စစ်မှန်တဲ့ စေတနာကောင်းကို ပြည်သူတွေအပေါ်မှာ တကယ်ထားတယ်ဆိုရင်၊ ပြည်သူလူထု ကို အုပ်ချုပ်စီရင်စီစဉ်ပေးနေတဲ့ သူတွေ လို့ကိုယ့်ကိုယ်ကိုယ် မမြင်ပဲ၊ ပြည်သူကို အလုပ်အကျွေးပြုနေတယ် လို့ အရင် ဆုံးခံယူပါဦး။

ဒါဆို ပြည်သူကို အစိုးရက ဈေးရောင်းနေတဲ့ ဖုန်းတွေဟာ နိုင်ငံတကာမှာထက် ဘာလို့ ဈေးနှုန်းမြင့်နေတာလဲ၊

မနေ့တနေ့က စက်မှုဝန်ကြီးဌာနက ထုတ်တဲ့ မီနီဆလွန်းတွေက ထုတ်ဈေးတောင် ၅၅ သိန်း ဖြစ်လို့နေတယ်။ မီနီဆလွန်း လိုပဲ အိန္ဒိယမှာ လည်း တာတာ ထုတ်ပါတယ်။ ဘန်ကောက်မှာလည်း နီဆန်းမာ့ခ်ျ ထုတ်ပါတယ်။ အဲဒီကားတွေရဲ့ စက်ရုံထုတ်ဈေးဟာ မြန်မာငွေနဲ့တွက်ရင် ၂၅ သိန်းလောက်ပဲ ကျတယ်။ ဒီမှာ ဘာလို့ ၅၅ သိန်းဖြစ်နေတာလဲ။ ဒီက စ ပြောရလိမ့်မယ်။ သူများရောင်းသလို မရောင်းနိုင်ပဲနဲ့တော့ အောင်မြင်တဲ့ ဈေးကွက်စီးပွားရေး ဖေါ်ဆောင်မယ်လို့ ပြောမနေပါနဲ့။ မဖြစ်နိုင်ဘူး။ သူများထက်တောင် သက်သာအောင် ရောင်းနိုင်ရလိမ့်မယ်။ တိုယိုတာ ကထုတ်တဲ့ ၇ ယောက်စီး ၀က်ဂွန်ကားဟာ ဒေါ်လာ ၂၅၀၀၀ ကျော်ကျော် ပဲ ကျတယ်။ မြန်မာငွေနဲ့ သိန်း ၂၅၀ ထားပါတော့။ ဒီမှာ ရမ္မာ ၀က်ဂွန်ကို သိန်း ၆၅၀ နဲ့ရောင်းတယ်။ ဒါတွေဟာ ပြည်သူကို လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ပိတ်ပင်ထားပြီး၊ ကားတွေ တင်သွင်းခွင့်ပိတ်ထားပြီး အခွင့်ကောင်းယူ အမြတ်ကြီးစားနေတာ။ စက်မှုဇုံတွေက ကားထုတ်လုပ်နေတဲ့ သူတွေ ဟာ လက်တဆုပ်စာ လူနည်းစုပါ။ နောက် ပြောရရင် အဲဒီ စစ်တပ်အကြီးအကဲတွေ၊ အစိုးရအကြီးအကဲတွေနဲ့ မကင်းရာမကင်းကြောင်းတွေ၊ ဒီလူတစု ကောင်းစားရေးအတွက် ပြည်သူအခွင့်အရေးတွေကို ပိတ်ပင်ပြီး အမြတ်ထုတ်နေတာ ဈေးကွက်စီးပွားရေးမဟုတ်သလို၊ ဆင်းရဲမွဲတေမှုပပျောက်အောင်တိုက်ဖျက်မယ်လို့ အသံကောင်းဟစ်နေလို့မရဘူး။ ဒါ့ထက်မက ထပ်ဆင့် လုပ်တာက အဲဒီကားတွေကို အိုးပင်းဆေးလ် လွတ်လပ်စွာရောင်းချပေးတာမဟုတ်ဘူးနော်။ ကန့်သတ် ဗီအိုင်ပီ နဲ့ ရောင်းနေတာ။ ဒီတော့ အဲဒီကားတွေဟာ စက်ရုံထုတ်ဈေးထက်မက အပြင်မှာ ဈေးအဆပေါင်းများစွာ မြင့်တက်လို့သွားတယ်။ ဒါ သူတို့လုပ်နေကျ မဆလ ရဲ့အမွေ ဗီအိုင်ပီဈေးကွက်စီးပွားရေးပါ။ ဗီအိုင်ပီတွေဟာ မဆလ တုန်းကလည်း ပဒုမ္မာ၊ မေတ္တာမွန် စတဲ့ကုန်တိုက်တွေကနေ ဖေါဖေါသီသီဝယ်၊ အပြင်မှာပြန်သွင်းနဲ့လုပ်ခဲ့တယ်။ ခုလည်း ဘာထူးလဲ။ အဲဒီလို မညီမျှမှုတွေ ရှိနေသေးသရွေ့ ဆင်းရဲမွဲတေမှု ကို ဘယ်လိုမှ အောင်မြင်အောင် မတိုက်ဖျက်နိုင်ဘူးမှတ်ပါ။ ဒီမိုကရေစီစနစ်ဆိုတာလည်း မအောင်မြင်ဘူးမှတ်ပါ။

ကားတွေ ဖုန်းတွေကို ဥပမာ လွယ်လို့ပေးလိုက်ပေမယ့်၊ ဓါတ်ဆီ၊ ဒီဇယ်ဆီက စပြီး နေရာတိုင်းမှာ ဒီလို တန်းတူညီမျှ မဖြစ်တဲ့ စည်းမျည်းစည်းကမ်းတွေကို မတိုက်ဖျက်မချင်း အောင်မြင်တဲ့ ဒီမိုကရေစီ စနစ်၊ အောင်မြင်တဲ့ဈေးကွက်စီးပွားရေးစနစ် ဖြစ်မလာဘူးဆိုတာ ပြောချင်ပါတယ်။

တိုင်းပြည်ကို တကယ်စေတနာရှိတယ်၊ တကယ်ကောင်းစေချင်တယ် ဆိုရင် ပြည်သူလူထုကို ဖိနှိပ်မှု ဖြစ်စေမယ့် တံပိုးတွေအကုန်လုံးကို အရင် ဖယ်ပေးပါ။ အစိုးရဟာ ပြည်သူ့အစိုးရကောင်း တကယ်ဖြစ်ချင်ရင် ပြည်သူလူထုရဲ့ ထောက်ခံမှုကို တကယ်လိုချင်တယ် ဆိုရင် ... ပေါ့လေ။

မြန်မာပြည်မှာ ပြည်သူလူထုရဲ့ ဆိုးသံသရာဟာ ပဒေသရာဇ်တွေလက်ထက်ကတည်းက ခုချိန်ထိ လုံးဝကိုမလွတ်မြောက်နိုင်သေးပါဘူး။ သမိုင်းအဆက်ဆက် သေချာလေ့လာဆန်းစစ်ကြည့်ရင် ပြည်သူလူထုဟာ ဒီမိုကရေစီနဲ့ လူတဦးချင်းတယောက်ချင်းတန်းတူညီမျှတဲ့လူ့အခွင့်အရေးအနည်းအကျဉ်းကို ကိုလိုနီအင်္ဂလိပ်လက်အောက်မှာနဲ့ ဖဆပလ ခေတ်မှာသာ ရခဲ့ဖူးပါတယ်(အနည်းအကျဉ်းနော်)။ ပဒေသရာဇ်တွေတုန်းကလည်း သူတို့ဆွေမျိုးစုတသိုက်ထင်တိုင်းကြဲ၊ အာဏာလုတဲ့ကြားမှာ နင်းပြားဖြစ်ခဲ့ရတယ်။ မော်ဖူးစေ ဆိုမှ မော်ကြည့်ခွင့်ရတဲ့အထိ ဒုက္ခ ရောက်ခဲ့တယ်။ ပဒေသရာဇ်တွေနဲ့ ပူးပေါင်းတဲ့ မြို့စား၊နယ်စား၊ သူကြီးအထိ အဆင့်ဆင့် ပြည်သူလူထုကို ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့တယ်။

တရုတ်နဲ့ မြန်မာ အဓိက ကွာခြားတာက အဲဒါပါပဲ။ တရုတ်ကွန်မြူနစ်ပါတီဟာ ဘယ်လောက်ပဲ ဒီမိုကရေစီရေးမှာ ပိတ်ပင်တားဆီးနေတယ်ပြောပြော၊ တရုတ်ပဒေသရာဇ်လက်အောက်ကနေ ထမင်းတောင်နပ်မမှန်တဲ့ ပြည်သူကို လွတ်မြောက်အောင် ကယ်တင် ခဲ့တဲ့ အဖွဲ့အစည်းတရပ်ဖြစ်တယ်။ သူတို့နဲ့ပြည်သူကြားမှာပေါင်းကူးတခု ရှိနေတယ်။ ဒီမှာက မြန်မာပြည်ကြမ္မာကိုက ဆိုးလွန်းတော့ ဒုတိယကမ္ဘာစစ်မှာ စစ်တလင်းဖြစ်ခဲ့ရတယ်။ လက်နက်ပေါင်းစုံ၊ တပ်ဖွဲ့ပေါင်းစုံ ကျက်စားရာဖြစ်ခဲ့တယ်။ ကျွန်ပြုခံရဘက် အိန္ဒိယက နိုင်ငံရေးနည်းနဲ့ လွတ်လပ်ရေးကို ယူခဲ့နိုင်ပြီး၊ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းရဲ့သြဇာကို အရောက်မခံပဲ ဒီမိုကရေစီလမ်းကြောင်းကနေ မသွေမဖီလျှောက်နိုင်ခဲ့တယ်။

ဒီမှာက စစ်ကြောင့်ရလာတဲ့လက်နက်ရယ်၊ ဗိုလ်ချုပ်အောင်ဆန်း ကြောင့် သြဇာကိတ္တိမကြီးခဲ့တဲ့ တပ်မတော်ရယ်၊ (ဒါတောင် အမြှော်အမြင်ကြီးကြီးနဲ့ တပ်ကထွက်၊ ဦးအောင်ဆန်းအနေနဲ့ နိုင်ငံရေးဆက်လုပ်တာနော်၊ တပ်ကိုလည်း နိုင်ငံရေးမှာ လုံးဝမပါတ်သက်ဖို့ စီစဉ်ညွှန်ကြားခဲ့တာ) ဒါပေမယ့် စစ်တပ်ထက်ကို အပြင်မှာ လက်နက်ပေါနေခဲ့တဲ့ ကာလမှာ ထစ်ခနဲ ရှိတာနဲ့ ဖမ်းတဲ့ ဖဆပလ အစိုးရရဲ့ နိုင်ငံရေးမရင့်ကျက်မှုကြောင့်ရယ်၊ ထစ်ခနဲရှိတာနဲ့ တောခိုလက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရယ်၊ ( အပြစ်ကတော့ ဖဆပလမှာပဲ ပိုရှိပါတယ်။ အာဏာလက်ကိုင်ထားတဲ့ အဖွဲ့အစည်းက ပိုတာဝန်ရှိတယ်လို့မြင်လို့ပါ) ကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရတယ်။ ၄၈-၄၉ ပြည်တွင်းစစ်မှာ စစ်တပ်က သြဇာပိုတက်လာပြန်တယ်။ ဒါ့ထက်အဆိုးရွားဆုံးလုပ်ရပ်တခုက ဦးနုရဲ့ နိုင်ငံရေးကစားကွက်ပါ။

၁၉၅၈ ပင်လုံ ၁၀ နှစ်ပြည့်မှာ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးကို လှည့်စားဖို့အတွက် စစ်တပ်ကို အိမ်စောင့်အစိုးရ အာဏာလွှဲပေးခဲ့တာ အမှားဆုံးလုပ်ရပ် တခုပါ။ အဲဒါတွေအားလုံးရဲ့အကျိုးဆက်က ဒီနေ့မြန်မာပြည်ဟာ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ အာဏာမက်မောမှု ကို မထိန်းကွပ်နိုင်တော့ပါဘူး။

နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲဖြေရှင်းဖို့နိုင်ငံရေးဇာတ်ခုံပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းရဲ့သြဇာ မသက်ရောက်စေဖို့ က တိုင်းပြည်တပြည်မှာ အရေးကြီးလှပါတယ်။ နောက် ပင်လုံ ပြဿနာ ပါ။ ပင်လုံစာချုပ်ကိုသေချာလေ့လာကြည့်ရင် အားနည်းချက်တွေ၊ ချွတ်ယွင်းချက်တွေ အများကြီးပါနေတာကိုတွေ့ရပါလိမ့်မယ်။ ဒါကို ကျေလည်အောင် မဖြေရှင်းပဲ အဓမ္မချုပ်ကိုင်ထားသရွေ့တော့ တိုင်းရင်းသားတွေနဲ့ ဘယ်တော့မှ စစ်မှန်တဲ့ပြေလည်မှု ရမှာမဟုတ်ပါဘူး။

ပင်လုံ တုန်းက ရှမ်းခေါင်ဆောင်ကြီးတွေက မင်းတို့တွေပြောတဲ့ ပြည်ထောင်စုကိုငါတို့နားမလည်ဘူး၊

အောင်ဆန်းကို ယုံလို့ တို့ပေါင်းတာ။ အောင်ဆန်းကို ငါတို့ယုံတယ် လို့ပြောခဲ့တယ် တဲ့။ ၅၈ မှာတုန်းက ဗိုလ်ချုပ်အောင်ဆန်းသာ ရှိမယ်ဆိုရင်၊ ခုလိုပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံပါတယ်။ အမြှော်အမြင်ကြီးမားတဲ့ ခေါင်းဆောင်ဆိုတာ ပြဿနာတွေကို ကြီးထွားသထက်ကြီးထွားအောင် မွေးမထားဘူး၊

တဖက်သတ်အင်အားသုံး နိုင့်ထက်စီးနင်းအနိုင်ယူတဲ့နည်းဟာ စစ်မှန်တဲ့ဖြေရှင်းနည်းမဟုတ်ဘူး၊ ဒီနည်းနဲ့ဖြေရှင်းတဲ့အတွက် ရန်ငြှိုးအာဃာတတွေကိုသာ မျိုးဆက်တဆက်ပြီးတဆက်လက်ဆင့်ကမ်း
သယ်ဆောင်မှုဖြစ်စေတယ် လို့မြင်ပါလိမ့်မယ်။

အပြန်အလှန် နားလည်မှု ယုံကြည်မှုတွေ ကို တွေ့ဆုံဆွေးနွေးမှုများ၊ အတူတကွ လုပ်ဆောင်မှုများဖြင့်သာ တည်ဆောက်ပြီး နောင်အရှည်သဖြင့်ကို ကြည့်တတ်ပါတယ်။

ဟိုဘက်၊ ဒီဘက် အမြှော်အမြင်ကြီးမားတဲ့ ခေါင်းဆောင်တွေ ရှိလာမှ၊ ပေါ်လာမှသာ ဒီပြဿနာတွေ ငြိမ်းတော့မယ်ထင်ပါရဲ့ဗျာ။

ချိုတူးဇော်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.