Sunday, June 5, 2011

0 မြောက်ဦးရှေးဟောင်းဘုရားအား နေပြည်တော်သို့ ယူဆောင်မည့် အစီအစဉ် ရခိုင်လူထု ၀ိုင်းဝန်းကန့်ကွက်မှုကြောင့် ရပ်ဆိုင်း


ရန်ကုန်၊ ဇွန် ၄၊ ၂၀၁၁ (YPI) - မကြာသေးမီရက်ပိုင်းက တွေ့ရှိခဲ့သည့် ရှေးဟောင်းဘုရားဆင်းတုတော်တစ်ဆူ
အား နေပြည်တော်သို့ သယ်ဆောင်မည့်အစီအစဉ်ကို မြောက်ဦးမြို့သူ၊ မြို့သားများ၏
ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်မှုများကြောင့် အာဏာပိုင်များက ရပ်ဆိုင်းထားလိုက်သည်။

''သူတို့(အာဏာပိုင်)တွေက လောလောဆယ်တော့ သယ်သွားမယ့်အစီအစဉ်ကို ဖျက်လိုက်တယ်တဲ့။ ဒီ(မြောက်ဦး)က လူတွေက ဆင်းတုတော်ထားထားတဲ့ နေရာကိုလာပြီး ၀ိုင်းထားကြလို့၊ ကန့်ကွက်ကြလို့လေ။ ကျမတို့က ဘယ်လိုနည်းနဲ့မှအပါမခံနိုင်ဘူး'' ဟု အသက် ၃၃ နှစ်အရွယ် မြောက်ဦးမြို့ခံသူတစ်ဦးက Yangon Press International(YPI) ကို တယ်လီဖုန်းဖြင့် ပြောပြသည်။

''ဘယ်တော့ပြန်သယ်ဖို့ လုပ်ကြဦးမယ်မသိဘူး...ဒီက တချို့တွေက အသက်တောင်အသေခံကြမယ့်သဘောရှိတယ်...သယ်ဖို့လုပ်ရင်'' ဟုလည်း အဆိုပါမြို့ခံကပြောပြသည်။

ပြိုကျပျက်စီးနေသော ရှေးဟောင်းဘုရားတစ်ဆူ၏ ဌာပနာတိုက်မှ ဆယ်ယူရရှိသည့်အဆိုပါဘုရားဆင်းတုမှာ ရွှေအတိဖြင့် ထုဆစ်ထားခြင်းဖြစ်ပြီး အလေးချိန် ၄ပိသာနှင့် ၆၄ ကျပ်သားလေးကာ ဥာဏ်တော် တစ်ပေခန့်ရှိသည်ဟုဆိုသည်။

အဆိုပါဘုရားဆင်းတုမှာ လွန်ခဲ့သည့် နှစ် ၃၀၀ ကျော်လောက်က ထုဆစ်ခဲ့သည့်ဘုရားဖြစ်နိုင်ဖွယ်ရာရှိသည်ဟု မြောက်ဦးမြို့ ဂေါပကများက ခန့်မှန်းပြောဆိုကြသည်။

မြို့ခံများ၏ ပြောပြချက်အရ မန္တလေးမှ ဇနီးမောင်နှံက မြောက်ဦးမြို့ရှိ ပြိုကျပျက်စီးသွားပြီဖြစ်သော ရှေးဟောင်းဘုရားတစ်ဆူအားပြင်ဆင်ဆောက်လုပ်ရန်အတွက် မေလ ၃၀ ရက်နေ့က ယင်းဘုရားပျက်နေရာကို ရှင်းလင်းရေးပြုလုပ်ရာမှ ဌာပနာတိုက်အတွင်း ယင်းဘုရားဆင်းတုနှင့်အတူ အခြားဘုရားဆင်းတု ၃၀ ၀န်းကျင်ကိုထည့်ထားသည့် သေတ္တာတစ်လုံးအားတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဓာတ်တော်အချို့ထည့်ထားသည့် ရွှေသေတ္တာအသေးတစ်လုံးကိုလည်း တွေ့ရှိခဲ့ကြသည်ဟုဆိုသည်။

''အဲဒီနေ့ နေ့ခင်းက မိုးအရမ်းရွာတယ်။ လျှပ်စီးတွေလည်း ထူးထူးခြားခြားလက်တယ်။ မိုးလည်း အရမ်းခြိမ်းတယ်။ မိုးရေတွေနဲ့ ရှင်းလက်စမြေကြီးတွေ မျောပါသွားတဲ့အခါမှာ အဲဒီအောက်က သေတ္တာကို မြင်လိုက်ကြလို့ဖွင့်ကြည့်ကြတာ။ အဲဒီမှာ သွားတွေ့တာ" ဟု မြောက်ဦးမြို့ နန်းရာကုန်းတွင်နေထိုင်သူ အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ပြောပြသည်။

ယင်းသို့ တွေ့ရှိသည်ကို ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အကြောင်းကြားကြရာမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ရခိုင်ပြည်နယ် ယဉ်ကျေးမှုဦးစီးဌာနကို ယင်းဘုရားအား နေပြည်တော်သို့ ပို့ဆောင်ပေးရန် ညွှန်ကြားချက်ထွက်လာခြင်းဖြစ်သည်ဟု မြောက်ဦးမှ ကျောင်းဆရာတစ်ဦးကပြောပြသည်။

ယင်းဘုရားဆင်းထုကို လာရောက်ယူဆောင်ရန် စစ်တွေမြို့မှ ရောက်လာသော ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကားကို မြို့သူ၊ မြို့သားများက ၀ိုင်းထားကြပြီး ဆင်းတုတော်ကို ယူမသွားဖို့ ကန့်ကွက်ခဲ့ကြရာမှ အစီအစဉ်ပျက်သွားခြင်းဖြစ်သည်ဟု ယင်းကျောင်းဆရာက ဆိုသည်။

''(ဘုရားဆင်းထုကို ယာယီထားထားတဲ့) နန်းရာကုန်းကို လာပြီး ဘုရားကို သယ်သွားလို့မရအောင် ကန့်ကွက်တာ အားလုံး အယောက်တစ်ထောင်ကျော်မယ်...ဒီထက်များဖို့ပဲရှိတယ်'' ဟု အဆိုပါကျောင်းဆရာကဆိုသည်။

ယင်းဘုရားဆင်းတုတော်ကို ရတနာမာန်အောင် ဘုန်းကြီးကျောင်းသို့ မြို့သူမြို့သားများခြံရံကာ ပို့ဆောင်လိုက်ကြသည်ဟုမြောက်ဦးမြို့ခံများကပြောပြသည်။


မြောက်ဦးက (ဒေသခံပြောပြချက်)။

ပြီးခဲ့သည့်ရွေးကောက်ပွဲက ရခိုင်ပြည်နယ်တွင် အမတ်နေရာအများဆုံးရရှိခဲ့သည့် ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီ၏ ဥက္ကဌလည်းဖြစ်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ဥက္ကဋ္ဌလည်းဖြစ်သော ဦးအေးမောင်ကလည်း ယင်းဘုရားဆင်းတုတော်ကို နေပြည်တော်သို့ သယ်ဆောင်မည့် အစီအစဉ်ကို ကန့်ကွက်သည်ဟုပြောဆိုသည်။

''ဘယ်မှာပဲတွေ့တွေ့ အကောင်းဆုံးက တွေ့တဲ့နေရာမှာ အများပြည်သူဖူးမြော်လို့ရအောင် ထားထားတာ အကောင်ဆုံးပဲ။သမိုင်းဝင်ပစ္စည်းဆိုတာ တွေ့တဲ့နေရာဒေသမှာ ထားတာအကောင်းဆုံးပဲ။ ကြည့်ချင်၊မြင်ချင်ရင် အဲဒီဒေသကို သွားကြည့်ကြပေါ့'' ဟု ဦးအေးမောင်က YPI ကို ပြောသည်။

မြောက်ဦးမြို့မှ ကုန်သည်တစ်ဦးက "မဟာမြတ်မုနိကိုယူသွားတုန်းက ဘာမှမတတ်နိုင်လို့ လက်လွှတ်လိုက်ရပြီ။ ဒီဘုရားကိုတော့ ကျမတို့က လုံးဝမပေးလိုက်နိုင်ဘူး" ဟု ကြုံးဝါးသည်။(Yangon PressInternational)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.