နိုင်မိုအောင်သာရေးသားသည်။ (၂၀၁၁ ဇွန် ၄)
ဒီခေါင်းစဉ်နဲ့ ပတ်သက်လို့ ဦးစွာပြောချင်တာက ဘယ်နိုင်ငံရေးအကျဉ်းသားမှ လွတ်ငြိမ်းချမ်းသာခွင့်ကိုမျှော်ပြီး နိုင်ငံရေးလုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် လေးဖက်နံရံထဲက နိုင်ငံရေးဘ၀ဆိုတာ ပြင်ပနိုင်ငံရေးရဲ့ အဆက်ဖြစ်တယ်။
၂၀၀၉ ခုနှစ် စက်တင်ဘာလ အကျဉ်းသားများ လွှတ်ပေးစဉ်က အင်းစိန်ထောင်အ၀ ရှိသံတံခါးအပြင်မှ စောင့်မျှော်နေသည့် အကျဉ်းသားမိသားစုဝင် အချို့။ (ဓါတ်ပုံ- YPI)
အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရွေးကောက်ပွဲ၊ လွှတ်တော်၊ဒီမိုကရေစီအစိုးရသစ် စတာတွေရဲ့ ပထမဆုံးခြေလှမ်းက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပေးဖို့တွေဆိုတာ လက်ရှိ အစိုးရရဲ့ တာဝန် မဟုတ်လား။ အခု လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ကြေညာခဲ့ပြီးပြီ။
နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်လွတ်လာသလဲ…
ဘယ်လိုလူတွေလွတ်လာသလဲ…
ဘာတွေ ခံစားခွင့်ရကြသလဲ…
ဘာတွေဖြစ်လာနိုင်သေးလဲ…
အခုအချိန်ထိ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးတဲ့လား…
နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲ
မြန်မာပြည်မှာတော့ နိုင်ငံရေးအကျဉ်းသားလို့ ဆိုလိုက်တာနဲ့ စစ်အစိုးရကို အာခံပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအတွက် နည်းလမ်းအမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေကြသူတွေလို့ နားလည်ထားကြပါတယ်။ဝေါဟာရအရ အနက်အဓိပ္ပာယ်ဖွင့်ကြည့်မယ်ဆိုရင် နိုင်ငံရေးဆိုတဲ့ စကားလုံး နဲ့ အကျဉ်းသားဆိုတဲ့ဝေါဟာရကို ပေါင်းစပ်ပြီး နိုင်ငံရေးအကျဉ်းသားလို့ သုံးနှုန်းခေါ်ဆိုထားတာပါ။
နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးအရာကိစ္စ၊ ဒါမှမဟုတ် အများပြည်သူလူထုရဲ့ အကျိုးစီးပွါးအတွက် ကိုယ်ကျိုးမပါသော ဆောင်ရွက်လှုပ်ရှားမှုများကို ဆိုလို တာဖြစ်ပါတယ်။ ဒီနေရာမှာ အများအကျိုးအတွက် ဆိုတဲ့ကိစ္စမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေး စတဲ့ ဆောင်ရွက်မှုတွေနဲ့ မတူတာကတော့ နိုင်ငံရေးဆိုတာ အများစုအကျိုးအတွက် အာမခံချက်ရှိတဲ့ အခြေအနေတွေကို ဥပဒေတွေ၊ တရားစီရင်ရေးစနစ်တွေနဲ့ အကာအကွယ်ပေးနိုင်ဖို့၊ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တွေ ပြဋ္ဌာန်းနိုင်ဖို့အထိ ဆောင်ရွက်လုပ်ကိုင်ကြရတဲ့ အနေ အထားပါ။
အဲဒီလိုဆောင်ရွက်ရာမှာ အများစုရဲ့သဘောဆန္ဒကို အများစုအကျိုးအတွက် ဆောင်ရွက်ရတာမို့ လူအမြောက်အမြား ပါဝင်လာအောင် စည်းရုံးလှုံ့ဆော် ပူးပေါင်းဆောင်ရွက်ရပါတယ်။ တစ်ကိုယ်တော်လှုပ်ရှားမှုတွေ၊ တစ်ဦးတည်း ကသာ ချုပ်ကိုင်ထားတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုစနစ်တွေနဲ့ ဆန့်ကျင်ဘက် လက္ခဏာ ဆောင်ပါတယ်။
ဒီမိုကရေစီရေးဆိုတာ ပြည်သူလူထုအကျိုး စီးပွါးပါပဲ။
ဒါကြောင့် အမေရိကန်သမ္မတကြီး အေဘရာဟင်လင်ကွန်းက ဒီမိုကရေစီ ဆို တာ ပြည်သူလူထုဆီကလာတဲ့ ဆန္ဒသဘောထားတွေကို ပြည်သူလူထုနည်း နဲ့ ပြည်သူလူထုအကျိုးစီးပွါးကို ဖော်ဆောင်တာ ဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆို ခဲ့ဖူးပါတယ်။ From the People, To the People, By the People လို့ ရေးခဲ့တာပါ။
အဲဒီလို ဒီမိုကရေစီရေးကို ဖော်ဆောင်ရာမှာ အာဏာကို လက်တစ်ဆုပ်စာလူတစ်စုက ချုပ်ကိုင်ထားတဲ့ စစ်အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့တာပါပဲ။ အဲဒီမှာ ဒီမိုကရေစီရေးဆောင်ရွက်တဲ့သူတွေဟာ အကျဉ်းသားဘဝကို ရောက် ရှိကြရပါတယ်။
အကျဉ်းသားဆိုတဲ့ ဝေါဟာရအဓိပ္ပာယ်ကတော့ ဥပဒေအရ အပြစ်ပေးခံရသူ တွေလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင်-
''စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေးကို လူထုနဲ့အတူ ဆောင် ရွက်ခဲ့တဲ့အတွက် စစ်အစိုးရရဲ့ အမျိုးမျိုးသော ဖိနှိပ်ခြင်းတွေကို ခံရသူများ'' လို့ ဆိုနိုင်ပါတယ်။
အချို့သောနိုင်ငံရေးအင်အားစုများက နိုင်ငံရေးအကျဉ်းသားဆိုတာ ယုံကြည်ချက်ကြောင့် စစ်အစိုးရရဲ့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ သူတွေလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဒါလည်း မမှားပါဘူး။ အဓိက ပြောချင်တာ ကတော့ ယုံကြည်ချက်ဆိုတာ ပြည်သူလူထုအကျိုးစီးပွါး တစ်နည်းအားဖြင့် ဒီမိုကရေစီအခွင့်အလမ်းကို ရည်ညွှန်းတဲ့အတွက် ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားနှင့် နိုင်ငံရေးလှုပ်ရှားမှု
မြန်မာ့နိုင်ငံရေးသမိုင်းဟာ ပဒေသရာဇ်ခေတ်နှောင်းပိုင်း ပါတော်မူပြီးချိန်ကစ လို့ ကိုလိုနီခေတ်(၁၈၈၆-၁၉၄၁)၊ ဂျပန်ခေတ်(၁၉၄၁-၁၉၄၅)၊ လွတ်လပ်ရေး ခေတ်(၁၉၄၅-၁၉၄၈)၊ ပါလီမန်ခေတ်(၁၉၄၈-၁၉၆၂)၊ မဆလခေတ် (၁၉၆၂-၁၉၈၈)၊ စစ်အစိုးရခေတ်(၁၉၈၈ မှ ယခုချိန်အထိ)တွေကို ဖြတ်သန်းခဲ့ရ တယ်။
ကိုလိုနီခေတ်၊ ဂျပန်ခေတ်နဲ့ လွတ်လပ်ရေးခေတ်တို့မှာ နိုးကြားတဲ့ မြန်မာ တိုင်းရင်းသားလူထုတစ်ရပ်လုံးဟာ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲရင်း အချို့ဟာ နိုင်ငံရေးအကျဉ်းသားများဘဝနဲ့ အကျဉ်းထောင်အသီး သီးမှာ နေထိုင်ခဲ့ကြရင်း မြန်မာနိုင်ငံလွတ်မြောက်ရေးကို ကြိုးစားခဲ့ကြပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း (၁၉၄၈မှ ၁၉၅၈)၊ (၁၉၆ဝ မှ ၁၉၆၂)ခုနှစ်ကာလကို ပါလီမန်ဒီမိုကရေစီခေတ်အဖြစ် သတ်မှတ်ကြပါတယ်။ (၁၉၅၈ မှ ၁၉၆ဝ)ခုနှစ်က စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ အိမ်စောင့်အစိုးရ လက်ထက်ပါ။
လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံဟာ နုနယ်သေးတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အောက်မှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီကာလက နိုင်ငံရေးအကျဉ်းသားဆိုတာ ထောင်လက်စွဲဥပဒေအရ သတ်မှတ်ပေးထားတဲ့ ခံစားခွင့်တွေကို လူ့အခွင့် အရေးနဲ့အညီ ခံစားခွင့်ရကြပါတယ်။
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်မှာ နိုင်ငံရေးသမားနဲ့ အကျဉ်းထောင်ဆိုတာ တစ်သီးတစ်ခြားစီ ခွဲပြီးမြင်နေလို့ မရပါဘူး။ တစ်ခုရှိတာက ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်မှာ နိုင်ငံရေးသမားတစ်ယောက် အကျဉ်းထောင်ထဲ ရောက်သွားတဲ့အခါ သူ့ကို အစိုးရက နိုင်ငံရေး အကျဉ်းသားတစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်းပါပဲ။
ဒါပေမယ့် မြန်မာ့နိုင်ငံရေးနယ်ပယ်ကို စစ်ခေါင်းတွေရဲ့ ချုပ်ကိုင်ခြင်း ခံလိုက်ရတဲ့ အိမ်စောင့်အစိုးရလက်ထက် မှာတော့ အတိုက်အခံ နိုင်ငံရေးအကျဉ်းသားတွေဟာ အိန္ဒိယသမုဒ္ဒရာထဲက ကိုကိုး ကျွန်းကို အပို့ခံလိုက်ရပါတော့တယ်။
၁၉၆၂ ခုနှစ် မေလ ၂ ရက်နေ့ကစပြီး မြန်မာနိုင်ငံကို ဗိုလ်ချုပ်နေဝင်း ဦး ဆောင်တဲ့ တော်လှန်ရေးကောင်စီက အာဏာသိမ်းယူခဲ့ပါတယ်။ စစ်ခေါင်း ဆောင်တစ်ဦးဟာ နိုင်ငံရဲ့အာဏာကို အကြွင်းမဲ့ရယူပြီး လူထုကိုလှည့်စား ထားတဲ့ အစိုးရတစ်ရပ်ကို သူ့စိတ်တိုင်းကျ ထူထောင်ခဲ့ပါတယ်။
စတင် အာဏာသိမ်းစဉ်ကတည်းက ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တဲ့ တကသ (တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အအုံ)ကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးကာ ကျောင်းသားပေါင်း ရာထောင်ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းအသီးသီး ထူထောင်ခွင့်ကို ဖျက်သိမ်းပစ်ခဲ့တယ်။ တော်လှန်ရေး ကောင်စီက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁၉၆၃)ကို တစ်ဘက်သတ် ဖျက်သိမ်းပစ်ခဲ့ပြီး တိုင်းရင်းသားအသီးသီးရဲ့ လူမျိုးစုအခွင့်အရေး၊ ပြည်နယ် အခွင့်အရေးတွေကအစ လူပုဂ္ဂိုလ်တစ်ဦးချင်းလွတ်လပ်ခွင့်အထိ ဆိတ်သုဉ်း စေခဲ့တယ်။ ပါလီမန်ဒီမိုကရေစီခေတ်မှာ ဦးမော့လာခဲ့တဲ့ စီးပွားရေးလုပ်ငန်း တွေကို ပြည်သူပိုင်သိမ်းတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖျက်ဆီးပစ်ခဲ့တယ်။
အဲဒီအချိန်ကာလက ကမ္ဘာမှာ ဆိုရှယ်လစ်ရေးတိမ်းညွှတ်မှု ဖြစ်နေချိန်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ကို ထူထောင်ပြီး စစ်အစိုးရကို အရေ ခြုံပေးခဲ့တယ်။ တော်လှန်ရေးကောင်စီတစ်ဖြစ်လဲ မဆလစစ်အစိုးရကို အလွှာ အသီးသီးက နိုင်ငံရေးအင်အားစုတွေက ဆန့်ကျင်တော်လှန်ခဲ့ကြတယ်။
အဲဒီ သူတွေဟာ မဆလရဲ့ အမှောင်ခေတ်ကို ဖြိုဖျက်ကြရာမှာ အသက်စွန့်သူစွန့်၊ ဒုက္ခိတဖြစ်သူဖြစ်၊ ဘဝပျက်သူပျက်၊ နိုင်ငံရေးအကျဉ်းသားဘဝမှာ ကာလ ကြာရှည်စွာ နေရသူနေရနဲ့ ကြီး မားတဲ့ ပေးဆပ်မှုတွေနဲ့ ရင်းနှီးခဲ့ကြရပါတယ်။
တော်လှန်ရေးကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဒုတိယအကြိမ် (၁၉၆၉- ၁၉၇၂) ကျွန်းပို့ခဲ့တယ်။ ပါလီမန်ခေတ်မှာ ရရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်း သား အခွင့်အရေးတွေ (ဘီကလပ်အဆင့် ထားရှိမှု၊ စာရေးခွင့်၊ စာဖတ်ခွင့်၊ အထိမ်းအမှတ် အခမ်းအနားကျင်းပခွင့် စတာတွေ) ကို ရုပ်သိမ်းခဲ့တယ်။ သာ မန်ရာဇဝတ်မှုအကျဉ်းသားတွေနဲ့တန်းတူ အလုပ်ဆင်းခိုင်းတာတွေ၊ ရိုက်နှက် ပြစ်ဒဏ်ပေးတာတွေ ပြုလုပ်ခဲ့တယ်။
မဆလခေတ်မှာ နိုင်ငံရေးလှုပ်ရှားမှု မြောက်မြားစွာအနက် အောက်ဖော်ပြပါ လှုပ်ရှားမှုတွေဟာ ထင်ရှားတဲ့ဖြစ်ရပ်တွေဖြစ်တယ်။
- ၁၉၆၂၊ ဇူလိုင် ၇ ရက် တကသအဆောက်အအုံ ဗုံးခွဲခံခဲ့ရတဲ့ ကျောင်းသား လှုပ်ရှားမှု၊
- ပြည်တွင်းငြိမ်းချမ်းရေး ၆ ခရိုင် ဆန္ဒပြမှု၊
- ရခိုင်ဆန်လုပွဲလို့ခေါ်တဲ့ ရခိုင်အမျိုးသားလှုပ်ရှားမှု၊
- ၁၉၆၈ ဆန်ဈေးမြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှု၊
- ၁၉၆၉ အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲမှ ကျောင်းသားလှုပ် ရှားမှု၊
- ၁၉၇၄ တစ်နိုင်ငံလုံး အလုပ်သမားသပိတ် လှုပ်ရှားမှု၊
- ၁၉၇၅ အလုပ်သမားသပိတ် နှစ်ပတ်လည်နှင့် ဦးသန့်အရေးအခင်း ကျောင်းသားလှုပ်ရှားမှု၊
- ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှု၊
- ၁၉၈၇ ငွေစက္ကူအရေးအခင်း၊
- ၁၉၈၈ တစ်နိုင်ငံလုံး အုံကြွပါဝင်ခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ မဆလခေတ်တစ်လျှောက်လုံး လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးရဲ့ စစ် ရေးတိုက်ပွဲတွေ ရှိခဲ့ပါတယ်။
ဒါတွေဟာ ဒီမိုကရေစီဆိတ်သုဉ်းနေတဲ့ အစိုးရတစ်ရပ်ကို အလို မရှိတော့တဲ့ ပြည်သူလူထုရဲ့ တုံ့ပြန်မှုတွေပါ။ အဲဒီလှုပ်ရှားမှုတွေမှာလည်း မဆလခေတ် နိုင်ငံရေးအကျဉ်းသားပေါင်းများစွာဟာ နံရံလေးဘက်ထဲမှာ နေ ခဲ့ကြရပါတယ်။
၁၉၈၈ ခုနှစ်၊စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ မဆလအစိုးရဆီကနေ နဝတစစ်အစိုးရက နိုင်ငံတော်အာဏာကို စစ်အာဏာသိမ်းပြီး ရယူလိုက်ပါ တယ်။ ပြည်သူလူထုကို ဖိနှိပ်ခဲ့တဲ့ မဆလအစိုးရခေါင်းဆောင်တွေကို နဝတ စစ်အစိုးရက မည်သူ့ကိုမျှ ဖမ်းဆီးထိန်းသိမ်းခြင်းမပြုဘဲ ဒီမိုကရေစီအရေး တော်ပုံမှာ ပါဝင်ခဲ့ကြသူများကိုတော့ လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်သတ် ဖြတ်ပြီး အကျဉ်းထောင်ထဲနဲ့ နယ်စပ်ဒေသများသို့ အတင်းတွန်းပို့ခဲ့ပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ မဆလတစ်ဖြစ်လဲ တစညပါတီ အနိုင်ရမယ်ထင်လို့ ကျင်းပပေးခဲ့ပေမယ့် ပြည်သူလူထုဟာ ဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ဝိုင်းဝန်း ထောက်ခံလိုက်တဲ့အတွက် (NLD)ဟာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိလိုက်ပါ တယ်။ ဒါပေမယ့် စစ်အစိုးရဟာ (NLD)ကို အာဏာလွှဲပေးခြင်းမရှိခဲ့သလို စစ် တပ်ကလည်း စစ်တန်းလျားကို မပြန်ခဲ့ပါဘူး။
စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို ဗဟိုပြုထားတဲ့ အုပ်ချုပ်ရေးစနစ်တွေ ရှိ နေသေးသ၍ ပြည်သူလူထုရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်နေဦး မှာပါ။ စစ်အစိုးရဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို နှိမ်နင်းရင်း နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးနှိပ်စက်နေဦးမှာပါပဲ။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ လက်ရှိအခြေအနေ
နိုင်ငံတကာရဲ့ ဖိအားဒဏ်ကနေ ရှောင်လွှဲနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူး၊ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်လို့ ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးခံရသူတွေပဲ ရှိတယ်ဆိုပြီး အမြဲပြောဆိုခဲ့ပါတယ်။
စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့်အကျဉ်းသားလို့ သတ်မှတ်သုံးနှုန်းပါတယ်။ စစ်အစိုးရအလိုကျ ထုတ်ဝေရတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ တည် ဆဲဥပဒေကို ဖောက်ဖျက်ကျူးလွန်သူတွေ၊ နိုင်ငံတော်လုံခြုံရေးအရ ထိန်းသိမ်း ထားရသူတွေလို့ ဖေါ်ပြလေ့ရှိပါတယ်။
တည်ဆဲဥပဒေလို့ဆိုရာမှာလည်း တရားမျှတမှန်ကန်မှု ဘယ်လောက်ထိရှိ သလဲ ဆိုတာကလည်း အရေးကြီးလှပါတယ်။ နာမည်ဆင်တူသူကို မှားယွင်း ဖမ်းဆီးမိရာက ပြန်လွှတ်လိုက်ရင် အရှက်ကွဲမှာစိုးလို့ ပြန်မလွှတ်တော့ဘဲ မရ ရအောင် အမှုဆင်ပြီး ထောင်ချခံရသူတွေလည်း ရှိပါတယ်။
ထင်ရှားတဲ့ဥပမာ ပြရရင်တော့ ၂၈၊၁၁၊၂ဝဝ၈မှာ ၅ဝ၅(ခ)၊ အသင်းအဖွဲ့(၆)ပုဒ်မတွေနဲ့ ထောင် ဒဏ်(၁၁)နှစ်အချခံရတဲ့ နိုဘယ်အေး(ခေါ်)နှင်းမေအောင်ပဲ ဖြစ်ပါတယ်။ သူ့ ကိုအိမ်မှာ ချစ်စနိုးနဲ့ 'နိုနို'လို့ ခေါ်ကြတာကို 'နို့နို့'လို့ခေါ်တဲ့ မိန်းကလေး တစ်ယောက်နဲ့ မှားယွင်းဖမ်းဆီးရာကနေ အခုလို ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
၁၉၈၉ တုန်းကလည်း ကိုညီညီဦး (သံလျင် NLD လူငယ်) အပါအဝင် လေးဦး ဟာ သံလျင်ရေနံချက်စက်ရုံကို ဗုံးခွဲခဲ့တယ်လို့စွပ်စွဲခံရပြီး စစ်ထောက်လှမ်း ရေးရဲ့ မှားယွင်းဖမ်းဆီးခံရကာ သေဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီနှစ်ကုန်ပိုင်းမှာပဲ KNU က ကိုကိုနိုင် ဆိုသူဟာ သံလျင်ရေနံချက်စက်ရုံကို ဗုံးခွဲခဲ့တဲ့ တရားခံဖြစ်ကြောင်း၊ ရန်ကုန်မြို့ကို မီးလောင်တိုက်သွင်းမယ့် အစီ အစဉ်တွေ အကောင်အထည်ဖေါ်မယ့်သူဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ တွေလုပ်ပြီး စစ်အစိုးရသတင်းစာတွေမှာ တရားဝင်ဖေါ်ပြခဲ့ပါတယ်။ ဒါပေမယ့် ကိုညီညီဦး (သံလျင် NLD လူငယ်)အပါအဝင် လေးဦးဟာ အခုအချိန်ထိ တောင်ငူထောင်မှာ မလွတ်သေးပါဘူး။
ဒါ့အပြင် စစ်ကြောရေးကာလမှာ နှိပ်စက်ခံရလို့ သေဆုံးရသူတွေ၊ တစ်သက် လုံး လူစဉ်မမီတော့သူတွေ၊ နာတာရှည်ဝေဒနာ ခံစားရသူ တွေ ဒုနဲ့ဒေးပါပဲ။ NLD ခရမ်းအမတ် ဦးတင်မောင်ဝင်း၊ NLD ဦးမောင်ကို၊ NLD ကိုကိုးကျွန်း အမတ် ဦးလှသန်း၊ ဦးဘသော် (စာရေးဆရာ မောင်သော်က)၊ ရဲဘော်သုံး ကျိပ်ဝင် ဗိုလ်ဇေယျရဲ့ညီဖြစ်သူ ဦးစိုးဝင်း၊ ဦးခင်မောင်(ဗိုလ်စက်ရောင်)၊ ဦးညိုဝင်း(ရွှေကျင်)၊ ကိုစည်သူ၊ ရှင်နေမိန္ဒ အစရှိတဲ့ ရဲဘော်ပေါင်းများစွာဟာ စစ်စိုးရရဲ့အကျဉ်းထောင်တွေထဲမှာ နှိပ်စက်စစ်ဆေးခံရတဲ့ဒဏ်၊ ဆေးဝါးကုသ မှု လုံလောက်စွာမရတဲ့ဒဏ်တွေကြောင့် ကျဆုံးခဲ့ကြရပါတယ်။
စစ်ကြောရေးကာလ နှိပ်စက်မှုဒဏ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစား နေရသူတွေကလည်း မရေမတွက်နိုင်အောင် ရှိနေပါတယ်။ ထောင်ကလွတ်လာပြီးတာတောင်မှ ထောင်တွင်း ဒဏ်ရာဒဏ်ချက်တွေကြောင့် တစ်သက်လုံး ဝေဒနာခံစားနေရသူတွေလည်း အများအပြားရှိနေပါ တယ်။
ရွှေဝါရောင်တော်လှန်ရေးကာလမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်တွေကို စစ်အစိုးရက ဘယ်လို ရက်ရက်စက်စက် နှိမ်နင်းခဲ့တယ်ဆိုတာကို တစ်ကမ္ဘာလုံးကအသိပါပဲ။ ဒီထဲမှာ အချောင်အသတ်ခံခဲ့ရသူကတော့ ဂျပန်နိုင်ငံသား သတင်းထောက် ခန်းဂျိနာဂအိပဲ ဖြစ်ပါတယ်။ အဖမ်းခံခဲ့ရတဲ့ သံဃာတော်တွေ ကို စစ်ကြောရေးစခန်းတွေမှာ ရက်စက် စွာနှိပ်စက်လို့ ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်တွေ၊ ဖမ်းဆီးစဉ်က ရရှိခဲ့တဲ့ဒဏ်ရာကို ဆေးဝါးကုသမပေးလို့ ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်တွေ၊ ပြစ်ဒဏ်တွေချမှတ်ပြီး ရဲဘက်စခန်း တွေဆီ အပို့ခံခဲ့ရတဲ့ သံဃာတော်တွေထဲကတချို့ အလုပ်ကြမ်းဒဏ်၊ အစာ အာဟာရနဲ့ ဆေးဝါးချို့တဲ့မှုဒဏ်တွေကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ သံဃာ တော်တွေ အများအပြား ရှိခဲ့ပါတယ်။
စစ်အစိုးရလက်ထက်မှာ ဖမ်းဆီးခံရတဲ့အချိန်ကနေ အမိန့်ချတဲ့နေ့အထိ ကာလကို ဥပဒေအရ ချုပ်ရက်ပြစ်ဒဏ်ကျခံကာလအဖြစ် သတ်မှတ်ပေးရမှာ ဖြစ်ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ရက်ဘယ်လောက်ပဲကြာ အောင် ချုပ်ထားပါစေ၊ ချုပ်ရက်ကို ပြစ်ဒဏ်ကျခံကာလအဖြစ် ထည့်သွင်း သတ်မှတ် မပေးပါဘူး။ တချို့ဆိုရင် ချုပ်ရက်က နှစ်နဲ့ချီပြီးတော့တောင် ရှိကြပါတယ်။
ဥပမာ အနေနဲ့ပြောရရင်၂ဝ၁၁၊ ဖေဖော်ဝါရီက ထောင်ဒဏ်စုစုပေါင်း (၆၅) နှစ်စီ အမိန့်ချခံခဲ့ရတဲ့ ကိုအေးမင်းနိုင်နဲ့ ဇနီးမစန်းစန်းမော် အပါအဝင်(၇) ယောက်အမှုမှာ သက်သေခံပစ္စည်းတစ်ခုတည်းကိုပဲ အမှု(၄)မှုမှာ တင်ပြပြီး ၁ဝ နှစ်စီ စုစုပေါင်းနှစ်(၄ဝ) အပြစ်ဒဏ်ချမှတ်ခဲ့ပါ တယ်။ အမှန်တကယ်ဆိုရင် သက်သေခံပစ္စည်းတစ်ခုကို အမှုတစ်ခုမှာပဲ တင်ပြစီရင်ခွင့်ရှိပါတယ်။ အဲဒီအမှု မှာဆိုရင် ၂ဝဝ၈ မတ်လကတည်းက ဖမ်းဆီးပြီး ၂ဝဝ၈၊ စက်တင်ဘာလ အမိန့်ချရာမှာ ချုပ်ရက်တွေကို ခံစားခွင့် မပေးခဲ့ပါဘူး။
နောက်ထပ် သာဓကတစ်ခုကတော့ ထောင်ဒဏ် (၂၅)နှစ် ခံစားရပြီး မကြာမီကမှ လွတ်မြောက်လာခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ကိုဖြူမောင်၊ ကိုသန်းကျော် အပါအဝင် (၄)ယောက်အမှုပဲ ဖြစ်ပါတယ်။ သူတို့ကို ၁၉၈၈၊ မေလမှာ နိုင်ငံတော်ပုန်ကန်မှု ၁၂၂(၁)နဲ့ သေဒဏ်ချမှတ်ခဲ့ရာက လွတ်ငြိမ်း ချမ်းသာခွင့်အရ ၂၅ နှစ်နဲ့ညီမျှတဲ့ တစ်ကျွန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ ပါတယ်။ ထောင်ထဲမှာနေပြီး ဆယ်နှစ်ကျော်အကြာမှာ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ၁၇(၁)နဲ့ နောက်ထပ် ထောင်ဒဏ်သုံးနှစ်စီ အချခံခဲ့ရပါ တယ်။
ဥပဒေအရ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂(၁)နဲ့ အပြစ်ပေးခံရပြီးရင် မတရားသင်းအဖွဲ့အစည်းနဲ့ဆက်သွယ်မှုပုဒ်မ ၁၇(၁) ဆို တာ အလိုအလျောက် အကျုံးဝင်ပြီးသားဖြစ်တယ်။
နိုင်ငံရေးအကျဉ်းသား တွေအတွက်ဆိုရင် ပြစ်မှုတစ်ခုအတွက် ပြစ်ဒဏ်အကြိမ်ကြိမ် ချမှတ်စီရင် နေတာ ဥပဒေမဲ့၊ တရားလက်လွတ်ကျင့်သုံးနေတာ စစ်အစိုးရရဲ့ လုပ်ထုံး လုပ်နည်းတစ်ခုပါပဲ။
ကိုဖြူမောင်၊ ကိုသန်းကျော်တို့အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးရဲ့လျှော့ရက်တွေကို ၁၉၉၈ နိုဝင်ဘာလမှာ အကျဉ်းဦးစီး ဌာနရဲ့ ဌာနတွင်းအမိန့်စာနဲ့ ပယ်ဖျက်ပြစ်လိုက်တဲ့အတွက် ဘာလျှော့ရက် ခံစားခွင့်မှမရဘဲ ထောင်ထဲမှာ ၂၅ နှစ်နီးပါး နေခဲ့ကြရပါတယ်။ လူ့ဘဝသက်တမ်းရဲ့ သုံးပုံတစ်ပုံလောက် ပေးဆပ်ခဲ့ရတဲ့ သူ တို့ရဲ့ထောင်သက်ဟာ တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား ရဲ့ ထောင်သက်တမ်းလောက် ရှည်ကြာခဲ့ပါတယ်။
နအဖစစ်အစိုးရလက်ထက် နောက်ပိုင်းကာလမှာ နိုင်ငံတကာဖိအားကနေ ရှောင်လွှဲနိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးပုဒ်မတွေအဖြစ် ခေါ်ဆိုနိုင်တဲ့ ၅(ည)၊၁၇(၁)၊၁၇(၂)စတာတွေ မတပ်တော့ဘဲ ၅ဝ၅(ခ)၊၂၄(၁) ၊၃၂(ခ) အစရှိတဲ့ပုဒ်မတွေနဲ့ စွဲချက်တင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် ခဲ့ပါတယ်။
နအဖစစ်အစိုးရ လက်ထက်မှာ ဘယ်တုန်းကမှ မကြုံဖူး၊ မကြား ဖူးခဲ့ကြတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို (၁ဝ၆)နှစ်၊ ဦးခွန်ထွန်းဦးကို (၉၃)နှစ်နဲ့ ကျန်တဲ့အမှု တွဲတွေကို (၇၉)နှစ်စီ၊ ABSDF ကိုသိန်းထွန်းကို သေဒဏ်အပြင် (၁၄)နှစ်၊ ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို (၆၅)နှစ်စီ အစရှိသဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ဒီပြစ်ဒဏ် တွေအတိုင်းသာ နေကြရမယ်ဆိုရင် သေပြီးတာတောင်မှ လွတ်နိုင်ဖွယ် မရှိ ပါဘူး။
နအဖတစ်ဖြစ်လဲ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ကျပြန်တော့လည်း ၁၆၊ ၅၊ ၂ဝ၁၁ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း အမိန့်အမှတ် (၂၈/၂ဝ၁၁)မှာ သေဒဏ်ကို တစ်ကျွန်း၊ ကျန်တဲ့အမှုတွေကို တစ်နှစ်လျှော့ ပေးမယ်ဆိုပြီး ကြေငြာခဲ့ပါတယ်။
အမှန်တော့ ဒီအမိန့်ကို လွတ်ငြိမ်းချမ်း သာခွင့်လို့တောင် မခေါ်သင့်ဘဲ ပြင်ဆင်ချက်လို့သာ ခေါ်ဆိုသင့်ပါတယ်။ ဘာ လို့လဲဆိုရင် ချထားတဲ့ပြစ်ဒဏ်တွေနဲ့စာရင် လျှော့ပေးတဲ့နှစ်ဟာ မနှိုင်းယှဉ် သာအောင် ကွာခြားနေလို့ပါပဲ။ တစ်ကျွန်းဆိုရာမှာ ၂ဝ နှစ်နဲ့ညီမျှတဲ့ တစ်ကျွန်းလား၊ ၂၅ နှစ်နဲ့ညီမျှတဲ့ တစ်ကျွန်းလား ဆိုတာကို ကွဲကွဲပြားပြား ဖော်ပြထားခြင်းမရှိသလို တစ်နှစ်လျှော့တယ်ဆိုရာမှာလည်း အမှုတစ်ခုချင်းစီ အပေါ် လျှော့မှာလား၊ ဒါမှမဟုတ် စုစုပေါင်းအပေါ်မှာမှ တစ်နှစ်လျှော့မှာလား ဆိုတာကိုလည်း ဖော်ပြမထားပါဘူး။
ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်အစိုးရရဲ့ ကြေငြာချက်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး ဖို့ဟုတ်ဘဲ နိုင်ငံတကာဖိအားနဲ့ ပြည်တွင်းကတောင်းဆိုမှုတွေ အရှိန်လျော့ကျ သွားစေဖို့သာ ရည်ရွယ်ခဲ့တာ ထင်ရှားလှပါတယ်။
စစ်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်ချမှတ်ရာမှာ တစ်ပေါင်း တည်းချမှတ်လေ့မရှိဘဲ သီးခြားစီ ပြစ်ဒဏ်ချမှတ်လေ့ရှိပါတယ်။ ဒီအမိန့် ကြေငြာစာအရ လွှတ်ပေးတဲ့အကျဉ်းသားပေါင်း သောင်းလေးထောင်ကျော်မှာ နိုင်ငံရေးအကျဉ်းသားပေါင်း ဆယ်ဂဏန်းပဲ ပါဝင်ပါတယ်။ အဲဒီထဲမှာမှ လွတ်ရက်စေ့နေသူတွေ၊ လွတ်ဖို့ ရက်ပိုင်း၊ လပိုင်းပဲ လိုတော့တဲ့သူတွေသာ အများစု ပါဝင်နေပါတယ်။
ဒါကြောင့်မို့ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ စစ်အစိုးရအဆက်ဆက်နဲ့ အခုလက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရလို့ အမည်ခံထားတဲ့ ဘောင်းဘီချွတ် ဗိုလ်ချုပ်ကြီးတွေ ရဲ့ ကြံဖွံ့အစိုးရလက်ထက်မှာပါ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေဟာ လူ့အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ခံခဲ့ရ၊ ခံနေရဆဲဖြစ်ကြောင်း တင်ပြလိုက်ရပါ တော့တယ်။ ။
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်