Saturday, September 24, 2011

0 မြစ်ဆုံတမံ ဆက်ဆောက်ရန် မြန်မာအစိုးရ ခိုင်မာစွာ ရပ်တည်လျက်ရှိ


Photo..myathwayni.com
( UPI သတင်းမှ 22 September 2011 ရက်စွဲပါ “ Myanmar stands firm on Myitsone dam ” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၌ ဧရာဝတီမြစ်ပေါ်မှ ဒေါ်လာ ၃.၆ ဘီလျံ ကုန်ကျမည့် ရေအားလျှပ်စစ်တမံ စီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်မှုများ ရှိနေသော်လည်း လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖေါ်လျက်ရှိသည်။

မြန်မာတပ်မတော်အစိုးရနှင့် China Power Investment Corp ( CPI ) တို့၏ ဖက်စပ်ကြိုးပမ်းမှုဖြစ်သော မြစ်ဆုံရေလှောင်တမံသည် လျှပ်စစ်ဓါတ်အား ၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်ကာ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံဖက်သို့ တင်ပို့ရောင်းချမည်ဟု မျှော်လင့်ထားကြသည်။ တရုတ် - မြန်မာ တာဝန်ရှိသူများ၏ သဘောတူစာချုပ်အရ စီမံကိန်း အကျိုးအမြတ် ၇၀ ရာခိုင်နှုန်းကို CPI က ရရှိလိမ့်မည်ဟု ဆိုသည်။

CPI သည် ဧရာဝတီနှင့် မြစ်လက်တက်များပေါ်တွင် နောက်ထပ်တမံ ၆ ခု တည်ဆောက်လုပ်ကိုင်ရန် စီစဉ်လျက်ရှိသည်။

မြန်မာပြည်မြောက်ပိုင်း ကချင်မြေပေါ်မှ မြစ်ဆုံတမံသည် ဧရာဝတီမြစ်၏ သဘာဝဂေဟစနစ်များကို ပျက်စီးစေလိမ့်မည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ထုတ်ဖေါ်သတိပေးလျက်ရှိပြီး ယခုအခါ အရေအတွက် တိုးပွားလာသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများ၊ ပညာရှင်များ၊ လွှတ်တော်အမတ်များနှင့် တပ်မတော်အရာရှိဟောင်းများက ယင်းစီမံကိန်းကို လူသိရှင်ကြား ဆန့်ကျင်ကန့်ကွက်နေကြပြီဟု Asia Times On line သတင်းက ဆိုသည်။

ဒေသခံ ရွာပေါင်း ၆၀ ခန့်မှ နေထိုင်သူ ၁၅၀၀၀ ကျော်ခန့်မှာ စနစ်ကျသော ပြန်လည်နေရာချထားမှု အစီအစဉ်များ မရှိပဲ အဓမ္မ ရွှေ့ပြောင်း ခဲ့ကြရသည့်အပြင် မြစ်အောက်ဖက်မှ သန်းနှင့်ချီသော နေထိုင်သူများအပေါ်ဆိုးကျိုးသက်ရောက်လာလိမ့်မည်ဟု Kachin Development and Networking Group က သတိပေး ပြောဆိုထားသည်။

မြစ်ဆုံတမံကြောင့် ရေလွှမ်းမည့် ဧရိယာသည် စင်ကာပူနိုင်ငံထက် ပို၍ ကြီးမားကြောင်း KDNG အုပ်စုက ထုတ်ဖေါ်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ထင်ရှားသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခင်လက အိတ်ဖွင့်ပေးစာတွင် အငြင်းပွားဖွယ် ရေလှောင်တမံစီမံကိန်းကို ပြန်လည် အကဲဖြတ်စစ်ဆေးရန် တိုက်တွန်းခဲ့သည်။

ဧရာဝတီမြစ်သည် နိုင်ငံ၏ အရေးပါဆုံး ပထဝီ ဝိသေသ လက္ခဏာ တစ်ခုဖြစ်ပြီး ကြီးကျယ်သော သဘာဝအဝေးပြေး လမ်းတစ်ခု၊ စားနပ်ရိက္ခာထုတ်လုပ်ပေးရာ ရင်းမြစ်တစ်ခု၊ ရေနေသတ္တဝါပေါင်းစုံတို့ ပျော်စံရာ ဌာနေတစ်ခု ဖြစ်သည်ဟု သူမက ပေးစာတွင် ရေးသားထားသည်။

တရုတ် CPI ကော်ပိုရေးရှင်းက အကုန်အကျခံ လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အကဲဖြတ်ချက်၌ပင် “ရေလှောင်တမံ များစွာကြောင့် ဧရာဝတီမြစ်ကြောင်း ပြိုကွဲမှုသည် မြစ်အထက်ပိုင်းသာမကပဲ ဝေးလံသော မြစ်အောက်ဖက် ဒေသများအထိ ဆိုးဝါးသော လူမှုနှင့် ပတ်ဝန်းကျင် ပြဿနာများကို ဖြစ်ပေါ်စေလိမ့်မည် ” ဟု ဖေါ်ပြထားသည်။

ဧရာဝတီမြစ်ဆုံလိုနေရာတွင် ယခုလို ကြီးမားလွန်းသော ရေလှောင်တမံကြီး တည်ဆောက်ရန် အကြောင်းမရှိပါ ဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

၎င်းမြစ်ဆုံနေရာသည် ငလျှင်ဒဏ် စိုးရိမ်ရသော စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ၆၂ မိုင်ပင် ကွာဝေးခြင်း မရှိဟုလည်း အကဲဖြတ် အစီရင်ခံစာက သတိပေးသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများနှင့် နိုင်ငံရေးအုပ်စုများက အစိုးရအား စီမံကိန်းကို ပြန်လည် အကဲဖြတ်သုံးသပ်ရန် တိုက်တွန်းဖို့ ကြိုးစားနေကြချိန်တွင် မြန်မာအစိုးရ၏ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းက ယင်းစီမံကိန်းသည် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွား ဖြစ်ပြီး စီစဉ်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ခုခံပြောဆိုလိုက်သည်။

“ကျွန်တော်တို့ ဆက်လုပ်မှာပါ။ လုံးဝ နောက်ပြန်မဆုတ်ပါဘူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုတွေက ကန့်ကွက်နေပေမယ့် စီမံကိန်းကို ရပ်ပေးမှာ မဟုတ်ပါဘူး ” ဟု ဝန်ကြီး ဦးဇော်မင်းက ရဲတင်းစွာ ပြောဆိုခဲ့သည်။

၂၀၀၉ ခုနှစ်က စတင်ခဲ့သော စီမံကိန်းကို ၂၀၁၈ တွင် တည်ဆောက်မှု အပြီးသတ်မည်ဟု ဆိုသည်။

yangonchronicle 2011

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.