Tuesday, September 20, 2011

2 ဒို့ပိုင်တဲ့ ဒို့မြေ ဒို့ပြည်ကို ဒို့ပဲ ကာကွယ်ကြရမှာပါ

(အောင်မိုးဝင်း)

Chi Bwe Hydro Power Dam Photo via demowaiyen

မြန်မာပြည်ဟာ အပျက်ဘက်ကို ကုန်းဆင်းအတိုင်း လှိမ့်လာတာ ဆယ်စုနှစ် ၅ စုရှိနေပါပြီ။ အခု ၂၀၁၁ -၂၀၁၂ ဘက်ဂျက်လိုငွေဟာ ဒေါ်လာ ၂ ဒဿမ ၇ ဘီလီယံ (ကျပ်ဘီလီယံ ၂,၃၀၀ ကျော်) ရှိနေတယ်ဆိုတာ မဇ္ဈိမသတင်းအရ သိရပါတယ်။ ဆိုလိုတာက နိုင်ငံဟာ အရှုံး ကျပ်ဘီလီယံ ၂,၃၀၀ ကျော် နေပါတယ်။ နိုင်ငံကြီးတနိုင်ငံအတွက် ပြဿနာ မရှိနိုင်ပေမယ့် မြန်မာနိုင်ငံလို ရုန်းကန်နေရတဲ့ နိုင်ငံအတွက် အလွန်များလှပါတယ်။ ကျပ်ဘီလီယံ ၂,၃၀၀ အပြင် နိုင်ငံတကာကနေ နှစ်စဉ်နှစ်တိုင်း ချေးယူထားတဲ့ အခြား အကြွေးတွေ ဘယ်လောက် ရှိနေမလဲဆိုတာ လျှို့ဝှက်ထားတာတွေကြောင့် စီးပွားရေးပညာရှင်တွေတောင် တွက်ချက်ခန့်မှန်းရ ခက်နိုင်ပါတယ်။ ဖြစ်နိုင်ချေအများဆုံးကတော့ တရုတ်အစိုးရကို တော်တော်များများ အကြွေးတင်ထားပါတယ်။

မြန်မာနိုင်ငံနဲ့အတူ ကမ္ဘာနိုင်ငံတွေဟာလည်း သူ့ပြဿနာနဲ့သူ ရုန်းကန်နေရတာပါ။ တရုတ်နိုင်ငံအတွက် ထွက်ပေါက်တခုအနေနဲ့ အသုံးခံနေရတာကတော့ ကျနော်တို့ရဲ့ မြန်မာနိုင်ငံပါပဲ။ မြန်မာနိုင်ငံကို တရုတ်ပြည်က နောက်ဖေးပေါက်အဖြစ်သုံးဖို့ စီမံကိန်းချ လုပ်ဆောင်လာတာ ကြာပါပြီ။ မြန်မာပြည်ထဲမှာ တရုတ်စကား၊ တရုတ်စာပေ ထွန်းကားအောင်လည်း စနစ်တကျ လုပ်ဆောင်နေဆဲပါ။ မြန်မာအမျိုးသမီးတွေဟာလည်း တရုတ်ပြည်ဖက်ကို ရောင်းကုန်တခုလို တင်ပို့ခံနေရတာလည်း ကြာပါပြီ။ တရုတ်ပြည်အနာဂတ်အတွက် ကြိုတင် ရင်းနှီးထားတာပါ။ လူမျိုးရေးထက် တရုတ်နိုင်ငံရဲ့ပေါ်လစီလို့ ယုံကြည်ပါတယ်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ကို အိုလံပစ်ပွဲမတိုင်ခင် ရောက်ခဲ့တုန်းက မြန်မာပြည်ထဲက သစ်၊ ကျောက်မျက်ရတနာ အဖိုးတန် အရင်းအမြစ်တွေ တရုတ်နိုင်ငံဖက်ကို အလုံးအရင်းနဲ့ သွင်းနေတာကို မျက်မြင်တွေ့ခဲ့ရပါတယ်။ အခုလဲ မြန်မာပြည်မြစ်တွေမှာ ဆည်တွေ၊ ရေကာတာဆောက်လုပ်ရေး လုပ်ငန်းတွေကို အကြွေးနဲ့နှိမ်ပြီး လာဆောက်လို့ သဘာဝပတ်ဝန်းကျင်တခုလုံး ပျက်ဆီးရတယ့်အပြင် ပတ်ဝန်းကျင်ဒေသတခုလုံးက သစ်ဝါးမကျန် သဘာဝအရင်းအမြစ်တွေကို ကိုယ့်ပစ္စည်းလိုသဘောထား သယ်ထုတ်နေတာတဲ့သတင်းတွေ ထွက်ပေါ်လာပြီး လွှတ်တော်ထဲမှာတောင် တင်ပြတယ်လို့လည်း ကြားပါတယ်။

တရုတ်အစိုးရနဲ့ စီးပွားရေးသမားတွေဟာ သူတို့တိုင်းပြည်မှာလည်း သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးနေရာ ကြာပါပြီ။ ကူမင်းမြို့ကို သုံးကြိမ်တိုင်တိုင်ရောက်ခဲ့စဉ်က လေယာဉ်ပေါ်ကနေ အောက်ကိုကြည့်လိုက်တိုင်း စိတ်မချမ်းသာပါဘူး။ တောင်ကြီးတွေကို စက်အားနဲ့ တအားဖြိုဖျက်ပြီး လမ်းတွေဆောက်၊ စက်ရုံတွေဆောက်ဖို့အတွက် မြေပြင်ညီအောင်လုပ်နေတာဟာ မြင်မကောင်းပါဘူး။ အရေခွံခွာထားတဲ့ သားကောင်တကောင်လို သွေးသံတရဲရဲနဲ့ပါ။ ကူမင်းမြို့တခုလုံးမှာလဲ ရှေးဟောင်းရက်ကွက်တွေကို ဖျက်ပြီး အထပ်မြင့်အိမ်ရာတွေဆောက်ပြစ်နေတာလည်း လူ့ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီး ပျက်စီးကုန်တာတွေ တွေ့ရတော့တည်း ဝမ်းနည်းမိခဲ့ပါသေးတယ်။

တရုတ်နိုင်ငံဟာ မဟာအင်အားကြီး နိုင်ငံတခုပါ။ အမေရိကန်အစိုးရရဲ့ အကြွေးရှင်နိုင်ငံလည်းဖြစ်ပါတယ်။ တရုတ်သမ္မတ အမေရိကန်ကိုလာတုန်းက တိဘက်လူမျိုးတွေနဲ့အတူ အိမ်ဖြူတော်ရှေ့မှာ သွားဆန္ဒပြတုန်းက သတိထားမိတာကတော့ ကိုရွှေတရုတ်ကြီး ဆန္ဒပြနေတာတွေကို မမြင်နိုင်အောင်လို့ အိမ်ဖြူတော် မျက်နှက်စာဖက်ကို ပိတ်ကားအဖြူကြီးနဲ့ ကာထားပေးခဲ့ပါတယ်။ မျက်နှတော်မညိုးစေလိုဘူးနဲ့ တူပါတယ်။ကျနော်အခုနေထိုင်တဲ့ အမေရိကန်နိုင်ငံမှာလည်း တရုတ်လူမျိုး အများအပြားလာပြီး အခြေချနေထိုင် စီးပွားလုပ်နေကြပါတယ်။ နယူးယောက်မြို့မှာရှိတဲ့ တရုတ်တန်း ၅ ခုဟာလည်း တနေ့တခြား ကြီးထွားလာနေပါတယ်။ တရုတ်နိုင်ငံမှာ တယောက်ပဲမွေးရတာမို့ အမေရိကန်များ အများအပြားမွေးကြပါတယ်။ ရတဲ့အခွင့်အရေး အကုန်ယူကြပါတယ်။ ရှေ့လူ နောက်လူ မကြည့်ပါဘူး။ အတ္တလွန်ကဲကြပါတယ်။

အမေရိကန်နိုင်ငံရဲ့ နောက်ပြဿနာတခုကတော့ မက္ကဆီကိုနိုင်ငံကနေ တရားမဝင် လာရောက်အခြေချနေထိုင်မှုပါ။ ဆင်းရဲတဲ့ မက္ကဆီကိုကနေ ချမ်းသာကြွယ်ဝတဲ့ အမေရိကန်ကို လာရောက် ပြောင်းရွှေ့နေထိုင်ကြတာ မဆန်းပါဘူး။ မြန်မာနိုင်ငံသားတွေလဲ ထိုင်းနိုင်ငံထဲကို တရားမဝင် နေထိုင်နေကြသလိုပါပဲ။ ဒါပေမယ့် ဆင်းရတဲ့ မြန်မာနိုင်ငံမှာထဲကို ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံကနေ တရားမဝင် လာရောက်နေထိုင်နေကြတာကတော့ သဘာဝ မကျလှပါဘူး။ စီမံချက်ရှိရှိ လုပ်ဆောင်နေတယ်လို့မြင်တာကို မှားမယ်မထင်ပါဘူး။

ကျနော်တို့ရဲ့ တိုင်းပြည်ဟာ အပျက်ဖက်ကိုပဲ ဦးတည်သွားနေပါတယ်။ ကိုယ့်ဘက်ကနေ အကာအကွယ်ပေးမယ့် မိတ်ဆွေတွေ အထူးလိုအပ်နေပါတယ်။ မဟာမိတ်ကောင်း ဖွဲ့ရမယ့်အချိန်ဖြစ်နေပါပြီ။ အကျနှေးအောင် အကျမနာအောင် စဉ်းစားနေရတဲ့အချိန်ဖြစ်နေပါပြီ။ ဝိုင်းဝန်းစဉ်းစားတိုင်ပင်ပြီး ကောင်းသောအနာဂက်ဆီသို့ လက်တွဲသွားရင်း ကာကွယ်ကြပါစို့။

ဖြည့်စွက်။ ။ အာဖရိကမှ တရုတ်ခြေလှမ်းများ http://www.youtube.com/watch?v=_G18WUTOTF0

2 comments:

  1. ကျွှန်တော်တို့ နှိင်ငံတော် အတွက် ၀မ်းနည်းစရာ ကျေကွဲစရာ ကောင်းသောများစွာသောဆုံးရှုံးမှူကြီး တစ်ခုလို့တော့ကျွှန်တော်ထင်တယ် ဧရာဝတီ သာပျောက်ကွယ်သွားမယ်ဆိုရင်တော့ ကျွှန်တော်လို့လူမျိုးပါ ပပျောက်သွားနှိင်ပါတယ် ဘာလို့လဲဆိုတော့ ဧရာဝတီဆိုတာ ကျွှန်တော်တို့နှိင်ငံရဲ့ အသက်သွေးကြော ဖြစ်နေလို့ပါ

    ReplyDelete
  2. အကောင်းဆုံး ကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။
    __လုံးဝ ပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။
    __လုံးဝ အပြစ်ကင်းတဲ့ အချစ်က ၀တ္ထုထဲမှာပဲရှိတယ်။
    __ချွတ်ယွင်းချက်မရှိတဲ့ အိမ်ထောင်ဆိုတာ အိပ်မက်ထဲမှာပဲရှိတယ်။
    __အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။ အကောင်းဆုံးကိုရဖို့
    __မျှော်ကိုးနေလို့ မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှ ရမယ်။



    _ကောင်းသောနေ့လေးပါ
    __အရာအားလုံးကံကောင်းပါစေ

    __ညီကိုမောင်နှမလေးများအား
    __ထာဝ၇လေးစားချစ်ခင်လျှက်
    __နတ်လူမုန်း

    http://futuredream.ning.com

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.