Sunday, October 23, 2011

0 မြန်မာနိုင်ငံတွင်းမှ ဖြတ်သန်းသွားမည့် စင်္ကာပူ - ကူမင်း မီးရထားလမ်း...... သို့မဟုတ် Singapore-Kunming Rail Link

ဒီနေ့ သတင်းစာဖတ်ကြည့်တော့ (၁၃) ကြိမ်မြောက် စင်္ကာပူ-ကူမင်း မီးရထားလမ်းအထူးအစည်းအဝေး ကျင်းပတာ တွေ့တယ်ဗျ..... ရထားပို့ဆောင်ရေး ၀န်ကြီး၊ ဒုဝန်ကြီး တွေကိုယ်တိုင် တက်တာဆိုတော့ ပေါ့သေးသေး မဟုတ်ချေဘူး.... ဒါပေမဲ့ စင်္ကာပူကနေ ကူမင်းရထားလမ်းဖောက်တာ ငါတို့နိုင်ငံနဲ့ ဘာဆိုင်လို့လည်းပေါ့ နည်းနည်းတော့ စဉ်းစားသွားတာနဲ့ အင်တာနက်ကြည့်လိုက်တော့ လားလား မြန်မာပြည်ထဲကနေ တစ်ပိုင်းပိုင်းဖြတ်မဲ့ မီးရထားလမ်းပါတကားဆိုတာ မြေပုံကြည့်လိုက်ပီးမှ သဘောပေါက်တော့တယ်... သူတို့အခေါ်အရတော့ စင်္ကာပူ-ကူမင်း ရထားလမ်းကြောင်း (SKRL) ဆိုပဲ....


သက်ဆိုင်ရာ ၀န်ကြီးများ SKRL အတွက် ဆွေးနွေးနေစဉ်...

ဖတ်လိုက်ရတဲ့ သတင်းတွေ အရတော့ စင်္ကာပူ-ကူးမင်း မြန်နှုန်းမြင့် မီးရထားလမ်းဟာ ဧပြီလ ၂၅ ရက်နေ့မှ စတင်ဖောက်လုပ်နေပါတယ်။ အဆိုပါ မီးရထားလမ်းဟာ နောင်အနာဂါတ်မှာ စင်္ကာပူနှင့် ကူမင်းကို သွားလာချိန် ၁၀ နာရီအောက်ကို လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရကတော့ ၎င်းမီးရထားလမ်းကို လာမည့် ၂၀၂၀ မှာ စတင်အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အဆိုပါ မီးရထားလမ်းဟာ ယူနန်ပြည်နယ် မြို့တော် ကူမင်းမှ စတင်ပြီး လာအို နယ်စပ်မြို့ မိုဟန်နှင့် တရုတ်နာမည်ကြီး ခရီးသွားမြို့ Wangrong ကိုဖြတ်သန်းပြီး၊ လာအိုနိုင်ငံ မြို့တော် Vientiane မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ မိုဟန် ရထားထောက်ပံ့ပို့ဆောင်ရေးဌာန အနေဖြင့်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေခဲ့ပါတယ်။

ရထားလမ်း ကွန်ယက်ပြ မြေပုံ

အစိုးရအခြင်းခြင်း Trans-Asian ရထားလမ်း ကွန်ယက် သဘောတူညီမှုအရ ကူမင်း - စင်္ကာပူ မြန်နှုန်းမြင့် ရထားလမ်းဟာ Trans-Asian ရထားလမ်းကွန်ယက်၏ အရှေ့တောင်ဘက် အလယ်ဗဟိုကျပြီး ဘန်ကောက်၊ ကွာလာလန်ပူကို ဖြတ်သန်းသွားပြီး စင်္ကာပူအရောက် စုစုပေါင်း အကွာအဝေး ကီလိုမီတာ 3,900 မှာအဆုံးသတ်မှာဖြစ်ပါတယ်။ ပြီးဆုံးသွားသည့် အချိန်တွင် ခရီးသည်များအား ၁၀ နာရီထက် လျော့နည်းသည့် အချိန်ကာလအတွင်းမှာပင် စင်္ကာပူနှင့် ကူမင်းအား ရထားဖြင့် သွားလာနိုင်မှာဖြစ်ပါတယ်။ယူနန်လူမှုသိပ္ပံ အကယ်ဒမီ၏လက်အောက်တွင် အရှေ့တောင်အာရှနှင့် ဆိုသည့် သုတေသန ပြုလုပ်နေသည့် Cheng Tiejun အဆိုအရ Trans-Asian ရထားလမ်းကွန်ယက် မဟာ မဲခေါင်ဒေသတွင်းရှိ တိုင်းပြည်များအပေါ် အကျိုးသက်ရောက်မှု ဝေးကွာနေတယ်လို့ ဆိုပါတယ်။

ASEAN ၏ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်နေခြင်းသည် အရှေ့တောင်အာရှ အဖွဲ့၏ မဟာဗျူဟာမြေက် အရေးပါသည့် နေရာသို့ မြင့်မားလာစေပါသည်။ တရုတ်-အာစီယံ လွတ်လပ်စွာ ကုန်သွယ်ရေး ဧရိယာသည် လူများပြုလုပ်ထားသည့် ကုန်သွယ်မှု အတားအဆီး အားဖယ်ရှားခဲ့သော်လည်း Trans-Asian ရထားလမ်းကွန်ယက်နှင့် အခြားသော အခြေခံ အဆောက်အဦးများအတွက် သဘာဝအတားအဆီးများကိုမူ ဖယ်ရှားရန်လိုအပ်ပါသည်။

Trans-Asian ရထားလမ်း ကွန်ယက် ပြီးစီးသွားပါက ဗီယက်နမ် နှင့် ကမ္ဘောဒီးယားအနေဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာသို့ ရထားဖြင့်သွားလာနိုင်ပြီး တရုတ်အနေဖြင့်မူ သန်း 300 နီးပါးရှိသည့် မဲခေါင်မြစ်ဝှမ်းဒေသတွင်း၏ နိုင်ငံများရှိ ပြည်သူများနှင့် နိုင်ငံရေးနှင့် စီးပွားရေး ကူးလူးဆက်သွယ် နိုင်မည်ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဂျပန်နှင့် တောင်ကိုရီးယားတို့ အနေဖြင့်လည်း ကမ္ဘာလုံးဆိုင်ရာ အရေးပါမှုဖြစ်သည့် အဆိုပါ ရထားလမ်းကွန်ယက်မှတစ်ဆင့် စွမ်းအင်နှင့် အခြားသော ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ ရထားလမ်းကွန်ယက်သည် ကုန်ပစ္စည်းများ သယ်ယူမှုနှင့် လူများ ရွေ့ပြောင်းမှုအား လွယ်ကူချောမွေ့စေပြီး၊ စီးပွားရေး ဆိုင်ရာများအား လျင်လျင်မြန်မြန် အကျိုးသက်ရောက်မှုအား မြင့်မားစေပြီး ပို၍တည်ငြိမ် အေးချမ်းသည့် ပထ၀ီဝင်နိုင်ငံရေး ပါတ်ဝန်းကျင်အား ဖော်ဆောင်မှုကို ကူညီနိုင်မည် ဖြစ်ပါသည်။


နိုင်ငံအလိုက် ကုန်ကျမည့် ငွေနှင့် ဖောက်လုပ်ရမည့် လမ်းအရှည်ပမာဏ

ဖတ်ရတာတော့ အဆင်ကို ချောနေတာပဲ..... ကျောက်ဖြူ-ကူမင်း ကားလမ်း၊ ရထားလမ်း၊ လောင်စာဆီ-ဓါတ်ငွေ့ ပိုက်လိုင်းကလည်း သွယ်တန်းဦးမယ်.... စာတွေထဲမှာ ကြည့်လိုက်ရင်တော့ နိုင်ငံတော်ကြီးက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးတွေ အသီးသီးနဲ့ အားရစရာကြီးပေါ့ဗျာ.... ဒါပေမဲ့ နှစ် ၂၀ အတွေ့အကြုံက ပြောထားတာက စာအုပ်ထဲက စီမံကိန်းဟာ စာအုပ်ထဲမှာပဲ မစားရ၀ခမန်းပဲ... လက်တွေ့မှာတော့ အဲ့ဒိ မစားရ၀ခမန်းကို စားသွားတာ ဘယ်သူတွေလဲ ဆိုတာ အားလုံးလဲ သိတာပါပဲ.... ဘာပဲဖြစ်ဖြစ်ပေါ့ ဒီလို စီမံကိန်းတွေ လုပ်တော့မယ်ဆိုရင် အခုက ဒီမိုကရေစီအစိုးရဆိုတော့ ပွင့်လင်းမှု ရှိစေချင်တာပါပဲ....

ဘာတွေလုပ်မယ် ဘယ်ဟာတွေ ဘယ်လိုဆိုတာတွေပေါ့.... ဒီလို စီမံကိန်းကြီးတွေ စတင်လာပြီဆိုရင် ထုံးစံအတိုင်း အဓမ္မလုပ်အားပေးမှုတို့ လုပ်အား ခေါင်းပုံဖြတ်မှုတို့ အော်လာမှာ မလွဲဘူး... လမ်းကြောင်းတလျှောက် သဘာဝပါတ်ဝန်းကျင် ထိခိုက်မှု၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ပျက်စီးမှု၊ ရှားပါး သားရဲ တိရိစ္ဆာန်များ နေထိုင်ရာ နေရာများ ကျဉ်းမြောင်းသွားမှု စတာတွေပါ ထိမ်းသိမ်းရမှာ ဖြစ်ပါတယ်။

အဲ့တော့ ဒိမိုကရေစီ အစိုးရခောတ် ရောက်နေပီပဲ ငါတို့က ဒါမျိုး မဟုတ်ပါဘူးလို့ ပြည်သူတွေကို အသိပေးစေချင်တာပါပဲ..... နိုင်ငံတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးလူးဆက်ရှက်လို့ ရလာပီဆိုရင် မလိုလားအပ်တဲ့ လူမှုရေးအရှုပ်အရှင်း၊ လူမှောင်ခိုတွေ၊ ယဉ်ကျေးမှုမတူတာတွေ ဘယ်လိုထိမ်းသိမ်းမယ် ဆိုတာတွေကအစ အခုကတည်းက ပြင်သင့်တယ်လို့ မြင်မိတာလေး လျှာ နည်းနည်းရှည်ကြည့်မိတယ်.....

james mmt Facebook

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.