Sunday, February 12, 2012

0 ၀ါးသင်္ခရွာက ဘောလုံးကွင်းမှာ လူထုကို ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း

ဒေါ်စုရဲ့ ကော့မှူးခရီးစဉ် လမ်းမှာ ထွက်ကြိုနေသူ ကြံ့/ဖွံ့တစ်ဦး(သူတို့ ဘာတွေပဲ လာပေးထား လာပေးထားဒို့ကတော့ အမေစုပဲ အားပေးတယ်လို့ပဲ ဆိုနေလေသလား)



ကျမဟာ ဒီရွာကို ပထမဦးဆုံးအကြိမ်လာတာဆိုပေမဲ့ နောင်လဲ မကြာခဏ လာနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။ အခု ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြန်လည်မှတ်ပုံတင်ပြီးတော့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လှုပ်ရှားလာတာဟာ အဓိက ပြည်သူတွေရဲ့တာဝန်တွေကို ထမ်းဆောင်ပေး ချင်လို့ဖြစ်ပါတယ်။ ကျမတို့ ဒီရပ်ရွာ၊ ဒီဒေသမှာ ဘယ်လိုပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မလဲ ဆိုတာကို လေ့လာပြီးတော့ ကျမတို့နဲ့ ပြည်သူတွေနဲ့အတူ ကျမတို့ဖြစ်စေချင်တဲ့ အခြေအနေမျိုးဖြစ်အောင် ကြိုးစားရမှာပါ။ ကျမတို့အဖွဲ့ချုပ်အနေနဲ့ ကျမတို့ဟာ နတ်၊ သိကြားလည်း မဟုတ်ဘူး။ ၀ိဇာဇော်ဂျီလည်းမဟုတ်တော့ ‘ဖြစ်စေ’ ဆိုပြီးတော့ ဖြစ်အောင်လုပ်လို့မရပါဘူး။ ကျမတို့ ကြိုးစားပြီး တော့ အလုပ်လုပ်မှဖြစ်မှာပါ။ ဒါပေမဲ့ စုပေါင်းအင်အားနဲ့ ကျမတို့ဟာ ခိုင်ခိုင်မာမာနဲ့ အခက်အခဲတွေကို ကျော်လွှားရဲတဲ့ သတ္တိ၊ ကျော်လွှားနိုင်တဲ့အရည်အချင်းတွေနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။

….အားလုံးလာကြိုဆိုတဲ့ ရွာသူရွာသားတွေကို ကျမတို့ ကျေးဇူးတင်တယ်။ ကျမတို့က ဒီရွာတစ်ရွာတည်းလုပ်လို့လည်းမဖြစ်ဘူး။ ရွာတွေအားလုံးစုရုံနဲ့လည်း မလုံလောက်ဘူး။ မြို့နယ်တွေအားလုံးစု၊ ပြည်နယ်တွေ အားလုံးစုပြီးတော့ တစ်တိုင်းပြည်လုံးရဲ့ စုပေါင်းအင်အားနဲ့ လုပ်မှ ကျမတို့နိုင်ငံဟာ တကယ့်ကို အေးချမ်းတည်ငြိမ်ပြီးတော့ တိုးတက်တဲ့ နိုင်ငံဖြစ်နိုင်မှာပါ။ ကျမ ကော့မှူးမြို့နယ်မှာ ၀ါးသင်္ခရွာကို ပထမဦးဆုံးလာရတဲ့ အကြောင်းကတော့ ဒီမှာ ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ များလို့ဖြစ်ပါတယ်။ တကယ်ဆို တချို့ဥပမာဆိုရင် ကျိုက်ထော်လည်း ကရင်များပါပဲလို့ ပြောကြာပါလိမ့်မယ်။ ဒါပေမယ့် ကျိုက်ထော်ခရီးက နည်းနည်းခက်လို့ပါ။ ဒါကြောင့်မို့လို့ ကျိုက်ထော်ကို အရင်မလာတာကို ကျမတို့ကို ခွင့်လွှတ်ပါလို့လည်း တောင်းပန်ချင်ပါတယ်။ ဒါပေနဲ့ ဒီရွာမှာ ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ အများစုဖြစ်တဲ့အခါကျတော့ ကျမတို့ရဲ့ ပြည်ထောင်စုရဲ့ သင်္ကေတတစ်ခုလိုဖြစ်နေပါတယ်။ ဒါကြောင့် ကျမတို့ ဒီရွာကို လာရတာပါ။ အင်မတန်မှလည်း အားတက်တယ်။ လမ်းခရီးတစ်လျှောက်လုံး ပြည်သူလူထုရဲ့ ကြိုဆိုမှုကြောင့်လည်း ကျမတို့ဟာ ပိုပြီးတော့ ကျမတို့ရဲ့ တာာဝန်တွေကို ထမ်းဆောင်နိုင်မယ့် အင်အားတွေပြည့်လာတယ်လို့ ကျမပြောချင်ပါတယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာဟာာ ရေရှည်လုပ်ငန်းပါ… နိုင်ငံ့ရဲ့ အရေးဆိုတာ ဘယ်တော့မှ အဆုံးမရှိ ပါဘူး။....အဲဒီတော့ ချက်ချင်းလက်ငင်း ကျမတို့ပြည်သူတွေအတွက် ဘာတွေ အရေးကြီးသလဲဆိုတာဟာ ပြည်သူတွေနဲ့ တိုင်ပင်ပြီးတော့ ကျမတို့က ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကျမတို့ နားလည်သလောက်ကတော့ ကော့မှူးမြို့နယ်မှာဆိုရင် အရေးကြီးဆုံးကိစကတော့ အလုပ်အကိုင်မရှိခြင်းပါပဲ။ အလုပ်အကိုင်ကို ပြည်သူတွေအတွက် လုံလုံလောက်လောက်ရှိအောင်လို့ လုပ်ပေးရမှာဟာ ပထမဦးဆုံးတာဝန်ဖြစ်တယ်ဆိုတာ ကျမတို့နားလည်ပါတယ်။ ဘယ်လိုအလုပ်အကိုင်မျိုးလဲဆိုတာတော့ … ကျမတို့လေ့လာကြည့်တဲ့အခါမှာ ကော့မှူးမြို့နယ်မှာဆိုလို့ရှိရင် ဘွဲ့ရပြီးသားလူငယ်များဟာ အများစုဟာ အခုထက်ထိ အလုပ်အကိုင်မရှိသေးဘူးဆိုတာ ကျမတို့ သိရပါတယ်။ (လက်ခုတ်သံများ)

ဒီတော့ ဘွဲ့ရလူငယ်တွေကော၊ ဘွဲ့မရသေးတဲ့ လူငယ်တွေကော၊ လူလတ်တွေကော၊ လူကြီးတွေကော အလုပ်လုပ်ချင်တဲ့ လူတွေ၊ အလုပ်လုပ်ဖို့ လိုတဲ့သူတွေ အလုပ်လုပ်နိုင်ဖို့ဟာ ပထမဦးစားပေးပြီးတော့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်သင့်တယ်လို့ ဒီလိုပဲ ကျမတို့ ခံယူတယ်။ အဲလိုအခြေအနေမျိုးဖြစ်လာဖို့လည်း ကျမတို့ ကြိုးစားမှာပါ။ အဲလို ကျမတို့ကြိုးစားတဲ့အခါမှာ ပြည်သူဟာလည်း ကျမတို့ကို ထောက်ခံခြင်းအားဖြင့် ပါဝင်ပြီးတော့ ကြိုးစားပေးပါလို့ ကျမတို့က မေတ္တာရပ်ခံချင်ပါတယ်။ (လက်ခုတ်သံများ)

ကျမ အမြဲတန်း ကျမတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေကို မှာပါတယ်။ ပြည်သူတွေကို ကတိတွေ လွယ်လွယ်မပြောပါနဲ့။ ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်ဆိုပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုကို မတောင်းဆိုပါနဲ့။ မှန်မှန်ကန်ကန်၊ ဖြောင့်ဖြောင့်မတ်မတ် ပြည်သူတွေအပေါ်မှာ ဆက်ဆံပါ။ လေးစားပါ။ ပြည်သူတွေကို မှန်မှန်ကန်ကန် မပြောဘူးဆိုတာဟာ ပြည်သူကို မလေးစားရာ ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ဟာ မှန်မှန်ကန်ကန်ပဲ ပြောချင်ပါတယ်။ ကျမတို့ ရှေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကတော့ မနည်းပါဘူး။ ဒီအခက်အခဲတွေရှိတယ်ဆိုတာကို ကျမတို့က အသိအမှတ်ပြုတာဟာ စိတ်ပျက်လို့မဟုတ်ဘူး။ အားတွေ ပိုပြီးတော့ ဖြည့်ဖို့လိုတာဆိုတာ အများသိစေချင်လို့ ကျမတို့ ပြောတာဖြစ်ပါတယ်။ ဒါကြောင့် ရှေ့က အခက်အခဲတွေအားလုံး ကျမတို့အတူကျော်လွှားဖို့ ကြိုးစားကြပါ။ အားတွေဖြည့်ကြပါ။ ကျမတို့က ပြည်သူတွေကို လေးစားသလို၊ တန်ဖိုးထားသလို ပြည်သူတွေကလည်း ကျမတို့အပေါ်မှာ ယုံကြည်မှုပေးပါလို့ ကျမတောင်းခံချင်ပါတယ်။ (ပြည်သူများဆီမှ လက်ခုတ်သံများ)။

ပြည်သူတွေရဲ့ ယုံကြည်မှု၊ ပြည်သူတွေရဲ့ထောက်ခံမှုမရှိဘဲနဲ့တော့ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကမှ နိုင်ငံ့ကောင်းကျိုးအတွက် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပြည်သူပါမှ ဘာမဆို အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ကျမကို လမ်းမှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးတဲ့ ပြည်သူတွေက တကယ်တမ်း အောင်မြင်စေချင်ရင် ကိုယ်တိုင်ပါဝင်ပြီးတော့ ကျမတို့ကို အားတွေဖြည့်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။ (ပြည်သူများဆီမှ လက်ခုတ်သံများ)

ကော့မှူးသွားရာလမ်း ကျေးရွာမှ ထွက်ကြိုနေကြသူများမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများအား ချိတ်ဆွဲကာ ချစ်ခင်လေးစားမှု ကိုပြသကြသည်။

နောက်တစ်ခုက ကျမက တောင်းပန်ရမှာက ကျမ ဗမာစကားပဲတတ်တယ်။ အဲဒါ ဒီမှာ ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ အများစုရှိတဲ့ရွာကို လာပြီးတော့ ဗမာလိုပဲ ပြောတာကိုလည်း ကျမတောင်းပန်ပါတယ်။ ကရင်စကားလည်း ကြိုးစားပြီး သင်ယူပါမယ်။ ဒါပေမဲ့ ရအောင်သင်နိုင်မယ်လို့တော့ ကျမ ကတိမပြုဘူးနော်။ တော်ကြာ မတတ်လို့ရှိရင် ကတိပျက်နေမှာစိုးလို့။ တစ်လုံးစ၊ နှစ်လုံးစတော့ သင်လိုက်ပါမယ်။ နောက်တစ်ခါလာလို့ရှိရင် ကျေးဇူးတင်ပါတယ်လောက်တော့ ပြောတတ်အောင်လို့ပေါ့လေ။ ကျမတို့နဲ့ အတူဆက်ပြီးတော့ သွားရမယ့်ခရီးဟာ ကြမ်းတယ်။ ဒါပေမဲ့ ကျမတို့ ဦးတည်နေတဲ့ ပန်းတိုင်ဟာ အင်မတန်မှ အေးမြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူတွေ ဖွံ့ဖြိုးရေး၊ တိုင်းပြည်တည်ငြိမ်ရေး၊ ဒါတွေဟာ အင်မတန်မှ ချမ်းမြေ့ဖွယ်ကောင်းတဲ့၊ နှစ်မြို့ဖွယ်ကောင်းတဲ့ ကိစတွေ ဖြစ်ပါတယ်။ ဒီတော့ ကြမ်းတမ်းတဲ့ ခရီးကို ကျမတို့ အတူတူသွားနိုင်မယ့် အင်အားတွေ ရှိတယ်လို့လည်း ကျမ ယုံကြည်ပါတယ်။ ဒီလောက်တောင် နေပူကြဲတဲကြီးထဲမှာ စောင့်နိုင်တဲ့လူတွေဟာ ဒီလောက်တော့ အားရှိမယ် မဟုတ်ဘူးလား။ (လက်ခုတ်တီးသံများ)

ကျမတို့ အင်အားတွေကို ဖြည့်ပေးပါ။ ကျမတို့ကလည်း ပြည်သူတွေရဲ့ အင်အားကို ဖြည့်ပေးပါမယ်။ အခု ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကော့မှူးမြို့နယ်မှာ ရုံးတွေဖွင့်ပြီးဆိုတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို နားထောင်နိုင်ဖို့ အခြေအနေက ပေးလာပြီဖြစ်ပါတယ်။ ဒီတော့ လိုအပ်တာလေးရှိရင် ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြစရာမှုတွေရှိတယ်ဆိုရင်၊ မျှော်လင့်ချက်တွေကို ကျမတို့ကို သိစေချင်တယ်ဆိုရင် ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီရုံးတွေကတစ်ဆင့် ကျမတို့ကို အသိပေးပါ။ ဘယ်သူဆီက ဘယ်လိုပဲပြောပြော၊ ကျမတို့ဟာ တစ်ဦးချင်း၊ တစ်ဦးချင်း အကြောင်းမပြန်နိုင်ပေမယ့် ဒီကိစတွေကို အလေးထားပြီးတော့ တတ်နိုင်သမျှ ကျမတို့ ကိုင်တွယ်ပေးပါ့မယ်လို့ ကျမပြောချင်ပါတယ်။ ပြီးတော့ ပြည်သူလူထုကလည်း ထပ်ပြီးတော့ ကြိုးစားပါ။ ကျမတို့ကလည်း ဆထက်တပိုး ပိုပြီးတော့ ကြိုးစားပါ့မယ်။ နောင်လည်း အခေါက်ခေါက်အခါခါ ဒီရွာကို လာဖို့ မျှော်လင့်တာကြောင့်မို့လို့ ဒီတစ်ခါတော့ သိပ်အရှည်ကြီးစကားမပြောပါဘူး။ တော်ကြာ နောက်တစ်ခါ ပြောစရာမကျန်မှာစိုးလို့။ အားလုံး

ကျန်းမာချမ်းသာကြပါစေ…ဘေးရန်ကင်းဝေးကြပါစေ။ … လိုရာဆန္ဒအ၀၀ပြည့်ဝကြပါစေ။ ကျေးဇူးတင်ပါတယ်။

(လက်ခုတ်သံများ)

Yangon Press International

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.