Saturday, March 10, 2012

0 မရမ်းကုန်း မဲစာရင်းတွင် မှားယွင်းမှုရှိနေ

ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မရမ်းကုန်းမြို့နယ်တွင် ရွေးကောက်ပွဲ ကော်မရှင်မှထုတ်ပြန်သော မဲဆန္ဒရှင်စာရင်းတွင် မှားယွင်းမှုများ ဖြစ်နေကြောင်းသိရသည်။

စာရင်းမှားယွင်းမှုများမှာ မရမ်းကုန်းမြို့နယ်တွင် လက်ရှိနေထိုင်နေသော်လည်း မဲပေးရမည့် မဲဆန္ဒရှင်စာရင်းတွင်မပါရှိခြင်း၊ သေဆုံးပြီးသူများ၊ မြို့နယ်အတွင်းနေထိုင်ခြင်းမရှိသူများ မဲစာရင်းတွင်ပါရှိနေခြင်း၊ သန်းခေါင်စာရင်းတွင်းရှိ မဲပေးခွင့်ရှိသူများအားလုံး မဲဆန္ဒရှင် စာရင်းတွင်မပါရှိခြင်း၊ မရမ်းကုန်း ၃ ရပ်ကွက်ရှိ သန့်စင်လမ်းသွယ်မှာ ၄ လမ်းသာရှိသော်လည်း မဲစာရင်းရှိ မဲဆန္ဒရှင်များ၏ လိပ်စာတွင် သန့်စင်လမ်းသွယ် ၅ နှင့်၆ တို့ပါရှိနေခြင်းများဖြစ်ပေါ်နေသည်။

ထို့အပြင် ကော်မရှင်ထံမှ မဲဆန္ဒရှင်စာရင်းရရှိချိန်မှာ နောက်ကျနေသည့်အတွက် ပါတီများမှ ဆန္ဒမဲရှင် စီစစ်ချိန် နည်းပါးသည့် အခက်အခဲအချို့ဖြစ်ပေါ်နေသည်။

“ကော်မရှင်ကပြောတော့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာချပေးမယ်ပြောတယ်။ ဒါပေမဲ့ အစည်းအဝေးရှိလို့ဆိုပြီး မချပေးဘူး။ မတ် ၁ ရက်နေ့ ၂ နာရီမှာသွားတယ်။ အစည်းအဝေးရှိလို့ ဆိုပြီးတော့ပဲ မချပေးဘူး။ အဲ့ဒီမှာတင် ၂ ရက် ပုတ်သွားပြီ။ ကျွန်မတို့ကို မတ်၂ရက် ကျမှချပေးတယ်။ ဒါပေမဲ့ စာအုပ်လိုက်ချပေးတာ မဟုတ်တဲ့အတွက် ကျွန်မကူးယူရပါတယ်။ တစ်မြို့နယ်လုံးရဲ့စာရင်းကို ကူးယူရတာ ၂ ရက်ကြာပါတယ်။ မတ် ၄ ရက်ကျမှ စပြီး လူစာရင်းတွေစိစစ်တဲ့အလုပ်ကို စလုပ်ရပါတယ်။အခု စာရင်းတွေအရ မှားနေတာတွေကို တွေ့ရှိနေရပေမဲ့လည်း ပြန်လည်ပြင်ဆင်ဖို့ အချိန် နည်းပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မရမ်းကုန်းရုံးမှ ပါတီဝင်တစ်ဦးက ပြောသည်။

“၂၀၁၀ တုန်းက မဲစာရင်းထဲမှာ လူတစ်ယောက်တည်းကို အခါ ၅၀ လောက်ထဲ့ထားတယ်။ မှတ်ပုံတင်တစ်ခု၊ အဖေနာမည်တစ်ခုတည်းကို နာမည်တွေအမျိုးမျိုးနဲ့ ထည့်ထားတာပါ။အခု အဲ့တုန်းက စာရင်းတွေ ပြန်သုံးနေရတာပါ။ နောက်တစ်ခုက သန်းခေါင်စာရင်းထဲမှာပါတယ်၊ မဲစာရင်းထဲမှာ နာမည်မပါဘူး။ဒါတွေကို ပြန်စစ်ဆေးဖို့ ပေးတဲ့ရက်က အရမ်းတိုတယ်။ တချို့သူတို့ပေးတဲ့မဲစာရင်းဟာ လွန်ခဲ့တဲ့ ၁၄၊၅ နှစ်လောက်က သန်းခေါင်စာရင်းကဟာတွေ ဖြစ်နေတယ်။ ခု NLD ဟာ အဲ့လိုအခက်အခဲတွေ တွေ့နေရတယ်။ အဘတို့ NLDက အမှန်တရားပဲကြိုက်တယ်။ အမှန်တရား နဲ့ ရှုံးသွား၊ အဘတို့ ပြုံးပြုံကြီး ကျေနပ်ပါတယ် တခြားပါတီက မပြောရဲ၊ မဆိုရဲ ငြိမ်ခံနေပေမဲ့ NLD ပါတီကတော့သတ္တိရှိရှိနဲ့ ရင်ဆိုင်မှာပါ။ အဲ့ဒါ အဘတို့ရဲ့ ယုံကြည်ချက်ပဲ ” ဟု NLDမရမ်းကုန်းရုံးခွဲမှ အောင်နိုင်ရေးတာဝန်ခံ ဦးဥာဏ်သောင်းမှ ပြောကြားသည်။

အထက်ပါကိစ္စနှင့် ပါတ်သတ်၍ မရမ်းကုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးဝင်းမော် ထံမေးမြန်းရာတွင် မဲစာရင်းမှားယွင်းခြင်းမှာ ရပ်ကွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက ပေးပို့သော စာရင်းကို ရပ်ကွက်ကော်မရှင်ရုံးများမှ လက္ခံရခြင်းဖြစ်ကြောင်း၊ သေဆုံးပြီးသားသူများကို မိသားစုဝင်များက သန်းခေါင်စာရင်းမှ မထုတ်ပယ်ထားသည့်အတွက် သန်းခေါင်စာရင်းအတိုင်း ကူးယူရာမှ သေဆုံးပြီးသားသူများ ပြန်ပါလာရခြင်းဖြစ်ကြောင်း၊ သန့်စင်လမ်းသွယ် ကိစ္စမှာ လမ်းပိုလာခြင်းမဟုတ်ပဲ ကွန်ပြူတာစာရိုက်သူ၏ မှားယွင်းခြင်းသာ ဖြစ်ကြောင်းနှင့် ဧပြီ ၁ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရမည်ဟု ပြောဆိုဖြေကြားပါသည်။

(ကိုရဲ)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.