Tuesday, March 6, 2012

1 နေပြည်တော်ရှိNLD ပါတီစည်းရုံးရေးဟောပြောပွဲတက်ရောက်သူများကိုမီးလင်းရေးကော်မတီမှ မီးမပေးနှင့် NLD ပါတီဝင်များ ပါတီဆိုင်းဘုတ်အား ကင်းစောင့်နေကြရသောသတင်း

ရန်ကုန် မတ် ၂ ရက်။ ။နေပြည်တော်ဇမ္ဗူသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း၏ စည်းရုံးရေးခရီးစဉ်အတွင်း ဟောပြောပွဲသို့တက်ရောက်ကြသူ ရွာသားများ၏နေအိမ်ကို လျှပ်စစ်မီးသွယ်တန်းပေးမည်မဟုတ်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောဆိုကြောင်းကို တော်ဝင်နှင်းဆီတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စန္ဒာမင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဇမ္ဗူသီရိမြို့နယ်ရှိ အောင်ချမ်းသာကျေးရွာသို့ စည်းရုံးရေးဆင်းခဲ့ကြောင်း၊ ရွာတွင်နေထိုင်သူ လူ ၁၀၀ ခန့်တက်ရောက်နားထောင်ခဲ့ကြကြောင်း ၊အဆိုပါအောင်ချမ်းသာရွာသည် ယခုထိတိုင် မီးမရရှိသေးပဲ ရွာတွင် လျှပ်စစ်မီးလျှောက်ထားရေးအတွက် မီးလင်းရေးကော်မတီဖွဲ့ထားကြောင်း၊ ရွာရှိအိမ်များက တစ်အိမ်လျှင် ၂ သိန်းထဲ့ဝင်ကာ ရွာသားများက မီးရရှိရေးကို ကြိုးစားနေရဆဲသာဖြစ်ကြောင်း၊ ၂၁ ရက်နေ့က ဒေါ်စန္ဒာမင်း၏ ဟောပြေပွဲတက်ရောက်သူများ၏ အမည်စာရင်းကို မီးလင်းရေးကော်မတီအဖွဲ့က မှတ်သားကာ ထိုရွာသား များ၏အိမ်များအား မီးလင်းဖို့ဆောင်ရွက်ရာစာရင်းများက ထုတ်ပယ်လိုက်ကြောင်း ပြောသည်။ထို့အပြင် ရွာသားများထံမှ ကောက်ခံသော ငွေ ၂သိန်းသည် မီးတိုင်နှင့် မီးကြိုး ဖိုးသာဖြစ်ပြီး ထရန်စဖော်မာကို ပါတီတစ်ခုမှ လှူဒါန်းမှာဖြစ်ကြောင်း၊ ထိုပါတီမှ လှူဒါန်းသော ထရန်စဖော်မာမှနေ၍ မီးသွယ်တန်းရမည် ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟောပြောပွဲသို့ တက်ရောက်သောသူများကို မီးမပေးတော့ကြောင်း၊ ကျန်ရှိသူများကိုသာ မီးပေးမည်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောသည်ဟု ဒေါ်စန္ဒာမင်းကပြောသည်။

အထက်ပါကိစ္စနှင့်ပါတ်သတ်၍ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဒေါ်စန္ဒာကိုယ်တိုင် ထိုကျေးရွာသို့ သွားရောက်ပြီး မီးလင်းရေးကော်မတီဥက္ကဌနှင့် တွေ့ခွင့်တောင်းရာ အခြားတာဝန်ရှိသူနှင့်သာ တွေ့ခွင့်ရကြောင်း၊ ထိုသူမှ “မင်းတို့ကြိုက်တဲ့နေရာကိုတိုင်၊ ငါတို့က အထက်အထက် အမိန့်ပေးလို့လုပ်ဆောင်၇တာသာ ဖြစ်တယ်၊ ဒီမီးလင်းဖို့ပေးတာဟာ ငါတို့ပါတီကပေးတာ ဖြစ်တဲ့အတွက် မင်းတို့ NLD ထောက်ခံသူတွေကို မီးမပေးဘူး၊ ကြိုက်တဲ့နေရာကိုတိုင်” ဟုပြောသွားကြောင်း၊ ဒေါ်စန္ဒာမင်းအနေနှင့် ရွာသားများစုပေါင်း၍ အုပ်ချုပ်ရေးကော်မတီသို့ စာပို့တိုင်ကြားခြင်းဆောင်ရွက်ကြရန်၊ သူမ ကိုယ်တိုင်လည်း နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားကြောင်းနှင့် မီဒီယာမှနေ၍ ဆက်လက်ဖြေရှင်းမည် ဟုရွာသားများအားပြောဆိုခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတပြောကြားသော မိန့်ခွန်းနှင့်ပါတ်သတ်၍ မီဒီယာများမှမေးမြန်းမှုကို ဖြေကြားရာတွင် “ အစိုးရအဖွဲ့အတွင်း အပျော့ဂိုဏ်းနှင့် အမာဂိုဏ်း ကွဲပြားနေခြင်းမဟုတ်ပဲ လူတစ်ဦးချင်းဆီ၏ အကျင့်စရိုက်၊ စိတ်နေစိတ်ထားကွဲပြားမှုကြော့င်သာ လုပ်ကိုင်ဖြေရှင်းပုံ ကွဲပြားခြင်းသာဖြစ်ကြောင်း” ဆိုသောစကားအရ ထိုလူတစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားများကြောင့်ပင် အောက်ခြေတွင် ထိခိုက်ကာ အခက်အခဲများကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ အထက်မှပုဂ္ဂို၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့က ဘယ်လိုပဲ ကတိများပေးနေစေကာမူ အောက်ခြေအဆင့်များ၏ မလျော်သြဇာ သုံးမှုများကြောင့် မြို့နယ်အဆင့် ခရိုင်အဆင့်များတွင် ချောမွေ့မှုမရှိပဲ အခက်အခဲများဖြစ်နေရကြောင်း ကိုရှင်းလင်းဖြေကြားသွားပါသည်။

Ko Ye Facebook

နေပြည်တော်မှ NLD ပါတီဝင်များ ပါတီဆိုင်းဘုတ်အား ကင်းစောင့်နေကြရ (စိစစ်ရေးပယ်သော သတင်း)

နေပြည်တော် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် တို့တွင်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဆိုင်းဘုတ်များအား ဓားဖြင့်ခုတ်ခြင်း၊ လှီးခြင်း ကိစ္စရပ်များဖြစ်ပေါ်နေကြောင်းကို မတ်လ ၂ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီးသောက်ဆိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ရှင်းလင်းပြောကြားသွားသည်။

ပထမဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးမင်းသူ ၀င်ရောက်ယှဉ်ပြိုင်မည့် ဥတ္တရသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး မြို့နယ်ရုံးရှိ ပါတီဆိုင်းဘုတ်အား ဓားဖြင့်ခုတ်သွားတာတွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ဦးမင်းသူက သက်ဆိုင်ရာ ရဲစခန်းတွင် တိုင်ချက်ဖွင့်ပြီး တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ကြောင်း၊ ဒုတိယဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် ၀င်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်စိတ်နန်ဒုံးကျေးရွာရှိ ရပ်/ကျေးရုံးခန်းဖွင့်လှစ်ထားသည့် ကိုအေးမင်းသန်း နေအိမ်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ရုံးခန်းဖွင့်လှစ်ထားချိန်တွင် ပါတီဆိုင်းဘုတ်အား ဓားဖြင့်လှီးသွားခြင်းဖြစ်ပြီး ၂၅ရက်နေ့မနက်တွင် သက်ဆိုင်ရာ ပတ္တာရဲစခန်းသို့ လူ ၄ဦးက သက်သေထွက်ဆို တိုင်ချက်ဖွင့်ထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဦးဖြိုးဇေယျာသော်က ဆက်လက် ရှင်းလင်းပြောကြားရာတွင် ယခုလောလောဆယ်တွင် တိုင်ချက်ဖွင့်ထားရုံ အခြေအနေသာ ဖြစ်ကြောင်း၊ အမှုဖွင့်သည့် အဆင့်သို့ မရောက်သေးကြောင်း၊ ကျေးရွာများတွင် ရပ်/ကျေး ပါတီဆိုင်းဘုတ် ထူထောင်ထားသူများအားလုံး ညပိုင်းတွင် ကိုယ့်ဆိုင်းဘုတ်ကို ကိုယ်တိုင် ကင်းစောင့် အိပ်နေရကြောင်း ရှင်းလင်းပြောကြားသည်။

“ အခြေခံအဆင့်မှာရှိတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေအနေနဲ့လည်း အခုလက်ရှိမှာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ် ဆိုတာကို မျက်ခြေမပြတ်သင့်ဘူး လို့ ကျွန်တော်အသိပေးချင်ပါတယ်” ဟု ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်မှ ပြောကြားသွားပါသည်။

ကိုရဲ

1 comment:

  1. ( အထက်ပါကိစ္စနှင့်ပါတ်သတ်၍ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဒေါ်စန္ဒာကိုယ်တိုင် ထိုကျေးရွာသို့ သွားရောက်ပြီး မီးလင်းရေးကော်မတီဥက္ကဌနှင့် တွေ့ခွင့်တောင်းရာ အခြားတာဝန်ရှိသူနှင့်သာ တွေ့ခွင့်ရကြောင်း၊ ထိုသူမှ “မင်းတို့ကြိုက်တဲ့နေရာကိုတိုင်၊ ငါတို့က အထက်အထက် အမိန့်ပေးလို့လုပ်ဆောင်၇တာသာ ဖြစ်တယ်၊ ဒီမီးလင်းဖို့ပေးတာဟာ ငါတို့ပါတီကပေးတာ ဖြစ်တဲ့အတွက် မင်းတို့ NLD ထောက်ခံသူတွေကို မီးမပေးဘူး၊ ကြိုက်တဲ့နေရာကိုတိုင်” ဟုပြောသွားကြောင်း၊ )
    နေပါဦး မင်းတို့ပါတီက ပြည်သူ့ အကျိုးဆောင်ရွက်ဖို့ ဖွဲ့ထားတာလား အာဏာ အတွက် မဲဆွယ်ဖို့ သက်သက်ဖွဲ့ထားတာလား ဒါကိုများ ပြည်သူ့ အကျိုးပြု လုပ်ငန်းလို့ ပြောချင်သေး ဆောက်ရှက်မရှိဘူး NLD ကိုထောက်ခံသူတွေကလည်း နိုင်ငံခြားသားတွေ မဟုတ်ဘူးး ပြည်သူတွေပဲကွ နားလည်လား

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.