Monday, August 20, 2012

0 သတင်းဂျာနယ်အားလုံး စိစစ်ရေး ကြိုတင်ပြရန် မလိုတော့

ယခုလက်ရှိ အချိန်ထိ ထုတ်ဝေဖြန့်ချိခြင်းမပြုမီ စာပေစိစစ်ရေးသို့ ကြိုတင်တင်ပြရသည့် သတင်းဂျာနယ်များနှင့် နိုင်ငံရေး ၊ ဘာသာရေး စာအုပ်စာစောင်များ ထုတ်ဝေပြီးမှသာလျှင် စာပေစိစစ်ရေးသို့ တင်ပြရန်လိုအပ်တော့ကြောင်း ယနေ့နံနက် ရန်ကုန်မြို့ စာပေစိစစ်ရေး ရုံးတွင်ပြုလုပ်သည့် ရှင်းလင်းပွဲ၌ တာဝန်ရှိသူများက ပြောသည်။

အပတ်စဉ် ထုတ် ဂျာနယ်များ ရောင်းချသည့် ဆိုင်တဆိုင်

သတင်းဂျာနယ် အယ်ဒီတာများ အနေဖြင့် ၂၀၁၁ ခုနှစ် ဇွန်လတွင် ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ တည်ဆဲ ရာဇသတ်ကြီးဥပဒေတို့ကို သေချာစွာ လေ့လာထားကြရန် လိုအပ်မည်ဖြစ်ကာ သတင်းစာသမားများ လိုက်နာရန် ကျင့်ဝတ် (၁၁) ချက်နှင့် အညီလုပ်ဆောင်ကြရန် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ၊ စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်တို့ ဦးဆောင်ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

ယခုထုတ်ပြန်လိုက်သည့်တင်ထုတ်စနစ်တွင်အကျုံးဝင်သည့်အပတ်စဉ်ထုတ်ဂျာနယ်၄၉ စောင်ပါဝင်သည်ဟု ပြန်ကြားရေး ဋ္ဌာနမှ ထုတ်ပြန်သည့် စာရင်းများ အရ သိရှိရသည်။

ရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် သတင်းအယ်ဒီတာ တဦးက “စာပေစိစစ်ရေးနဲ့ မှတ်ပုံတင် ဋ္ဌာနကတော့ ဆက်ရှိနေမယ်။ စာစောင်တွေ မှတ်ပုံတင်တာအတွက်လို့ပြောတယ်” ဟု YPI သို့ပြောသည်။

ထို့ပြင် သတင်းစာစောင်များ ထုတ်ဝေခြင်း မပြုမီကြိုတင်စိစစ်မှု မရှိတော့သဖြင့် ပုဂ္ဂလိက နေ့စဉ် သတင်းစာများ ထုတ်ဝေသည့်အဖြစ်လည်း မကြာခင်ဖြစ်ပေါ်လာနိုင်ကြောင်း စိစစ်ရေးမှ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။



ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက ရေးဆွဲထားသည့် မီဒီယာ ဥပဒေဟု အများသိရှိထားသည့် သတင်းနှင့် ပုံနှိပ်ဥပဒေ မူကြမ်းကို မကြာမီ လွှတ်တော်တွင် တင်ပြရန်ရှိပြီး ယင်းဥပဒေ အတည်ပြုပြီးသည့်နောက်မှသာ အထိ ပုဂ္ဂလိက နေ့စဉ် သတင်းစာများ ထုတ်ဝေခွင့်ပြုလိမ့်မည်ဟု သတင်းမီဒီယာ သမားများက သုံးသပ်ထားကြသည်။

အပတ်စဉ်ထုတ် သတင်းဂျာနယ်များ အနေဖြင့် ထုတ်ဝေခြင်း မပြုမီ ဖေါ်ပြမည့် သတင်း၊ ဓါတ်ပုံမှအစ စီးပွားရေး ကြော်ငြာများအထိ စာပေစိစစ်ရေး ဋ္ဌာနသို့ ၂ ကြိမ်ခွဲကာ တင်ပြခွင့်ပြုချက် ယူနေကြရရာ ယင်းစနစ်ကို တင်ထုတ် စနစ်ဟု ခေါ်ဆိုပြီး ထုတ်ဝေပြီးနောက် စိစစ်ရေး ဋ္ဌာနသို့ သွားရောက်တင်ပြရသည့် စနစ်ကို ထုတ်တင်စနစ်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တက်ပြီးနောက် သတင်းမီဒီယာ ဖြေလျော့မှု လုပ်ငန်းစဉ်များ အဆင့်ဆင့် လုပ်ဆောင်လာရာတွင် ယခုအဆင့်သည့် ပဉ္စမအဆင့်ဖြစ်သည်ဟုလည်း ပြန်ကြားရေး ၀န်ကြီးဋ္ဌာန တာဝန်ရှိသူက ပြောသည်။

ယမန်နှစ် ဇွန်လလယ်တွင် အပတ်စဉ်နှင့် လစဉ် ထုတ်ဝေလျှက်ရှိသည့် စာစောင်များထဲမှ သုတ ရသ၊ အားကစား၊ ကလေးစာပေ အစရှိသည့် အမျိုးအစား ငါးမျိး၊ စာစောင် စုစုပေါင်း ၈၆ စောင်ကို ထုတ်တင်စနစ်ဖြင့် ပြောင်းလဲ ထုတ်ဝေခွင့်ပြုခဲ့သည်။ ၎င်းနောက် ၂၀၁၁ ခု ဒီဇင်ဘာလဆန်းတွင် စီးပွားရေး၊ မှုခင်းနှင့် ဥပဒေ အုပ်စုထဲမှ စာစောင် ၅၀ ကျော်ကို ထုတ်တင်စနစ်ထဲ ထပ်မံဖြည့်စွက်ခဲ့သည်။

သတင်း ဂျာနယ်များကိုမူ ကြိုတင်စိစစ်ပြီးမှ ထုတ်ဝေသည့် စနစ်ဖြင့် ဆက်လက်ထားရှိခဲ့ကာ တင်ပြခြင်း မပြုပဲ သတင်းများ ဖေါ်ပြမှုကြောင့် သတင်းဂျာနယ် အချို့ မကြာမီ ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းသည့် အဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် ယခုလို ဂျာနယ် အားလုံး ထုတ်တင်စနစ်သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ယခုလောရှိ မြန်မာနိုင်ငံတွင် အပတ်စဉ် ထုတ် ဂျာနယ် အမျိုးအစား ၁၄၀ ၀န်းကျင်နှင့် လစဉ်ထုတ် မဂ္ဂဇင်း အမျိုးပေါင်း ၁၀၀ ကျော်ရှိသည်ဟု သိရှိရသည်။

လစဉ်ထုတ် မဂ္ဂဇင်း အပတ်စဉ်ထုတ် ဂျာနယ်မှ အစ သင်္ကြန်စာများအထိ ထုတ်ဝေရန် အတွက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဋ္ဌာနတွင် ထုတ်ဝေခွင့် လက်မှတ်ရှိရန် လိုအပ်သည်။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ အာဏာသိမ်းပြီးနောက် စာပေစိစစ်ရေး နှင့် မှတ်ပုံတင်ဋ္ဌာနကို ဖွဲ့စည်းခဲ့ကာ သတင်းဂျာနယ်များ လုံးချင်းစာအုပ်များကို ဖြတ်တောက် ပိတ်ပင်ခြင်း လုပ်ဆောင်ခဲ့သဖြင့် ယင်းဋ္ဌာနမှာ စာပေကင်ပေတိုင် (ဂျပန်ခေတ် စစ်စုံထောက် အဖွဲ့) ဋ္ဌာနဟု ထင်ရှားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲဖြင့် အစိုးရဖြစ်လာသည့် သမ္မတ ဦးသိန်းစိန် က တိုင်းပြည်၏ စတုထ္ထမဏ္ဍိုင် ဖြစ်သည့် သတင်းမီဒီယာ အရေးပါပုံကို အသိအမှတ်ပြုကြောင်း မိန့်ခွန်းများတွင် ထည့်သွင်းပြောကြားခဲ့သည်။

Yangon Press International

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.