Tuesday, November 8, 2011

0 “ မြန်မာအမျိုးသမီးများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပါ" (ရုပ်/သံ)


မြန်မာစစ်အစိုးရရဲ့ စစ်ရာဇ၀တ်မှု နဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ အတွက် ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ပေးဖို့ အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ ) WLB က တောင်းဆိုလိုက်ပါတယ်။
“ မြန်မာအမျိုးသမီးများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပါ" အမည်ရတဲ့ ဗီဒီယို မှတ်တမ်းခွေ တစ်ခုကို WLB က ထုတ်ဝေ ဖြန့်ချိလိုက်တဲ့ တပြိုင်နက်တည်း ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ မြန်မာစစ်တပ်ရဲ့ ကျေးကျွန်တွေအဖြစ် အသုံးပြုခံနေရတဲ့ပြီး အခုအချိန်အထိ ရပ်တန့်မှု မရှိဘဲ ပိုမိုဆိုးဝါးစွာ ဖြစ်ပေါ်နေတဲ့ အကြောင်းကို နိုင်ငံတကာက သိအောင် ထုတ်ဖော်လိုတဲ့ အတွက် အထူးစုံစမ်းရေး အဖွဲ့ ဖွဲ့ပြီး လုပ်ဆောင်ပေးဖို့၊ နိုင်ငံတကာ ခုံရုံးမှာ တရားမျှတမှုကို တောင်းဆိုပေးဖို့ ရည်ရွယ်ကြောင်း WLB သဘာပတိ အဖွဲ့ဝင် မဂျန်မွန်းနေလီက ရှင်းပြပါတယ်။

မြန်မာ စစ်အစိုးရ အနေနဲ့ အမျိုးသမီးတွေ အပေါ် အဓမ္မ ပြုကျင့်မှုတွေ အပါအ၀င် အခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်ခွင့်ပြုထားတာ ဒီမှတ်တမ်း ဗီဒီယိုက သက်သေပြနေပါကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ လူ့အခွင့်အရေး၊ အခြေခံ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတွေ နဲ့ ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်ဖို့ ကတိပြုထားတဲ့ အတိုင်း ဆောင်ရွက်ပေးကြဖို့ အမျိုးသမီးများ အဖွဲ့ချုပ် ( မြန်မာနိုင်ငံ) က တိုက်တွန်း တောင်းဆိုလိုပါကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ (Rfa)

0 အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်ဆောင်ရွတ်မည်ဆိုလျှင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးပါ


Monday, November 7, 2011

0 ခေတ်သစ်မြန်မာကို တည်ဆောက်ကြသည့်အခါ -
ဆောင်းပါးရှင်-လွင်အောင်စိုး

မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ခေတ်သစ်နိုင်ငံတခုကို တည်ဆောက်မယ်လို့ ရည်မှန်းခဲ့သမျှ၊ ကြိုးပမ်းခဲ့သမျှ၊ ကြွေးကြော်ခဲ့သမျှ အခုအချိန်ရောက်မှ အမှန်တကယ် လက်တွေ့ကျကျ စတင် လုပ်ဆောင်လာနိုင်တော့တယ်လို့ ဆိုချင်ပါတယ်။

စီးပွားရေးနဲ့ ပတ်သက်လို့ မြန်မာပြည်သူ အများစု ကြုံတွေ့နေရတဲ့ကိစ္စကတော့ ဆင်းရဲမွဲတေမှု ပြဿနာ ဖြစ်ပါတယ်။ ဒီကိစ္စကို သမ္မတဦးသိန်းစိန်က အထူးကိုင်တွယ် ဖြေရှင်းဖို့ ဆန္ဒရှိကြောင်း အတိအလင်းထုတ်ဖော် ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု တခုတည်းကို တိုက်ဖျက်တယ် ဆိုပေမယ့် အခြားဆက်နွယ်မှုရှိတဲ့ ကိစ္စပေါင်းများစွာကိုလည်း တပြိုင်တည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် မိသားစုဆိုင်ရာ ငွေကြေးအထောက်အပံ့၊ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး၊ မိဘမဲ့နှင့် လေလွင့် ကလေးသူငယ်များ ထိန်းသိမ်းပြုစု ပျိုးထောင်ရေး၊ အလုပ်အကိုင်သစ် ရှာဖွေရေး၊ အခမဲ့ ကျန်းမာရေး အစရှိတာတွေအပြင် အဂတိ မလိုက်စားရအောင် ထိန်းချုပ်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး ဆိုပြီး ဝိုင်းဝန်းကျားကန်ပေးရမယ့် ကိစ္စတွေဟာလည်း တကယ့်ကို အများကြီး ရှိနေပါတယ်။ အစိုးရတဖွဲ့တည်းနဲ့ လုပ်ဆောင်ဖို့ မလွယ်လှပါဘူး။

အခုဆိုရင် အမေရိကန်နိုင်ငံက အသေးစားလုပ်ငန်းချေးငွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းချေးငွေတွေ ကိစ္စအတွက် ဝင်ကူညီပေးဖို့ ရှိလာတာဟာ ဆင်းရဲမွဲတေမှု တခုတည်းကို တိုက်ဖျက်ဖို့ အထောက်အကူ ဖြစ်လာနိုင်စရာ ရှိပါတယ်။ ဂျပန်၊ သြစတြေလျ၊ ကနေဒါနဲ့ ဥရောပက ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ အစရှိတဲ့ ချမ်းသာတဲ့နိုင်ငံတွေကလည်း အမေရိကန်ရဲ့ ခြေလှမ်းအတိုင်း နိုင်ငံတကာ စုပေါင်းရည်မှန်းချက် (International collective objective) ပုံစံနဲ့ လိုက်လာနိုင်စရာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအနောက်နိုင်ငံတွေဟာ မြန်မာပြည်သူတွေအပေါ်မှာ လူသားချင်း စာနာ ထောက်ထားမှုအရ နှောင်ကြိုးမဲ့ အကူအညီတွေကို ဂုဏ်သိက္ခာရှိရှိ ပေးနိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့ကြလို့ပါပဲ။

ဒီလို နိုင်ငံတကာ အကူအညီတွေ ရနေချိန်မှာ မြန်မာအစိုးရအနေနဲ့ အခြားကိစ္စတွေမှာ ပိုမိုအာရုံစိုက်လာနိုင်မှာဖြစ်လို့ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုကို အမြန်ဆုံး တိုက်ဖျက်အောင်မြင်နိုင်ဖို့ ရှိပါလိမ့်မယ်။ အထူးသဖြင့် အမေရိကန်က သူ့အကူအညီမှာ စိုက်ပျိုးရေးလုပ်ငန်း ချေးငွေတွေကိစ္စကို ထည့်သွင်းထားတာလည်း အင်မတန် လျော်ကန်လှပါတယ်။ ဆင်းရဲသား အများစုဟာ လယ်သမား မိသားစုအသိုင်းအဝိုင်းဖြစ်လို့ ကျနော်တို့ရဲ့ထမင်းရှင်ဖြစ်တဲ့ လယ်သမားကြီးတွေရဲ့ ဘဝအခြေခံ ခိုင်မာနေမှသာ လယ်ယာစိုက်ပျိုးရေးဘက်က တိုးတက်ပြီး တိုင်းပြည်ဝမ်းစာ ဖူလုံလာမှာလည်း ဖြစ်ပါတယ်။Tအမေရိကန်ချေးငွေတွေကို တိုင်းရင်းသားလူမျိုးစုဒေသတွေနဲ့ အခြားဒေသတွေမှာ ဒေသခံများ ဖွံ့ဖြိုးရေးအတွက် အသုံးချမှာဖြစ်လို့လည်း အင်မတန် ဝမ်းသာရပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ကနေ့ထိ ဆယ်စုနှစ်ပေါင်း များစွာကြာအောင် အထူးသဖြင့် တိုင်းရင်းသားဒေသက ပြည်သူတွေဟာ စစ်ဘေးစစ်ဒဏ်ကို ခံနေခဲ့ရတာဖြစ်လို့ အစစအရာရာ နိမ့်ကျနေရတဲ့ ဘဝကနေ စတင် ရုန်းထွက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါတွေကို ဖြောင့်ဖြောင့်ဖြူးဖြူး လုပ်ဆောင်နိုင်ဖို့ဆိုရင် စစ်မက်ဖြစ်ပွားတာတွေ မရှိစေတော့ဘဲ ထာဝရငြိမ်းချမ်းရေး ရှိနေမှသာ ဖြစ်နိုင်ပါမယ်။ ဒီတော့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးလမ်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ပေးဖို့ တာဝန်ရှိလာပါပြီ။ ပြောင်းလဲတိုးတက်လာတဲ့ နိုင်ငံရေးအနေအထားက ကောင်းရင် ကောင်းသလို ဒေသတွင်း ငြိမ်းချမ်းရေးကလည်း မြန်မြန်ဆန်ဆန် ဖြစ်ထွန်းလာနိုင်စရာ ရှိပါလိမ့်မယ်။

စစ်မက်ဖြစ်ပွားခြင်း မရှိပေမယ့် ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ ဒေသတွေမှာလည်း အမေရိကန်က အကူအညီပေးဖို့ ကမ်းလှမ်းနေတာ တွေ့ရပါတယ်။ ဒါကြောင့် အစိုးရရဲ့ ဝန်ထုပ်ဝန်ပိုးတွေဟာ တော်တော်ကြီးကို လျော့နည်းသွားနိုင်လို့ အခြားဘက်မှာ ပြည်သူတွေရဲ့ ပကတိလိုအပ်ချက်တွေကို ပိုမို ဖြည့်ဆည်းပေးလာနိုင်ဖို့ ရှိပါမယ်။ ဒီအခါမှာ နိုင်ငံတွင်း ဘက်စုံ တိုးတက်ဖွံ့ဖြိုးဖို့ လမ်းစတွေဟာ အချိန်ပိုစောပြီး ပွင့်ထွက်လာနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုလို တိုးတက်ဖွံ့ဖြိုးလာမယ့် အနာဂတ်မျှော်လင့်ချက်တွေကို ဖော်ဆောင်ရာမှာ မြန်မာဘက်ကရော၊ နိုင်ငံတကာဘက်ကပါ ပူးပေါင်းလုပ်ဆောင်တဲ့ အနေအထား ရှိလာတာကို တွေ့ရပါတယ်။ အရင်ထက်စာရင် ပိုပြီး တာဝန်ခံနိုင်မှုနဲ့ ပွင့်လင်းမြင်သာမှု ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

နိုင်ငံတကာလမ်းကြောင်းကဆိုရင် စတင် လမ်းထွင်လာတာကတော့ အမေရိကန်ပါပဲ။ လမ်းထွင်ပေးလိုက်ရုံနဲ့ ပြီးသွားတာတော့ မဟုတ်ပါဘူး။ လျောလျောရှူရှူ ခရီးပေါက်နိုင်ဖို့ကိုပါ လုပ်ရပါမယ်။ ဒီအတွက် အမေရိကန်ဟာ အရင်မြန်မာစစ်အစိုးရအပေါ် ထားရှိတဲ့ စီးပွားရေး ကန့်သတ်ပိတ်ဆို့မှု (Economic Sanctions) ကို တချိန်တည်းမှာ ဖယ်ရှားမှသာ ဖြစ်နိုင်ပါလိမ့်မယ်။ ဒီအခါမှာ အရင်မြန်မာစစ်အစိုးရက ကျူးလွန်ဖောက်ဖျက် မလိုက်နာနိုင်ခဲ့တဲ့ကိစ္စတွေကို မြန်မာနိုင်ငံဘက်က တာဝန်ယူ ဖြေရှင်းပေးလိုက်မှသာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့အတူ ဥရောပနဲ့ အခြားနိုင်ငံတွေက ပိတ်ဆို့ထားတာတွေလည်း အလိုအလျောက် ပြန်လည် ရုပ်သိမ်းသွားတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာဘက်ကရော၊ မြန်မာနိုင်ငံဘက်ကပါ ဘက်ပေါင်းစုံကနေ ဘယ်သူမဆို မိမိတို့ တာဝန်ရှိတဲ့ကိစ္စတွေကို တပြေးညီ ကျေပွန်အောင် လုပ်ဆောင်နိုင်မှသာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ အခုလည်း မြန်မာဘက်ခြမ်းမှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီစတဲ့ တာဝန်ရှိသူတွေအသီးသီးက တာဝန်ရှိတဲ့အလျောက် ပြုပြင်ပြောင်းလဲ လုပ်ဆောင်လာကြတာကို တွေ့မြင်နေရပါပြီ။

အစိုးရဘက်ခြမ်းမှာဆိုရင် အာဏာရှင်စနစ်အောက်မှာ အမြစ်တွယ်ခဲ့တဲ့ အစိုးရလုပ်ထုံးလုပ်နည်း စနစ် (Governmental mechanism) ဟာ အပြောင်းအလဲကာလမှာ အသားမကျတတ်လို့ ချွတ်ယွင်းချက်တွေ ရှိနေတတ်ပါတယ်။ ဒါကို နားလည် တုန့်ပြန်ပေးနိုင်ဖို့ လိုအပ်သလို အပြုသဘောနဲ့ လမ်းညွန်ထောက်ပြ ဝေဖန်ပေးနိုင်တဲ့ နိုင်ငံရေး ပါတီတွေ၊ ပြည်သူနဲ့ မီဒီယာတို့ကိုလည်း လွှတ်တော်နဲ့ အစိုးရဘက်က ပြန်လည် နားလည် တုန့်ပြန်ပေးဖို့ လိုပါမယ်။ လွှတ်တော်ဘက်ခြမ်းမှာ ဆိုရင် နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို ဖြည့်ဆည်းနိုင်ဖို့ မြော်မြင်ပြီး ခက်ခက်ခဲခဲ လုပ်ဆောင်နေကြတာကို အပြုသဘောနဲ့ ရှုမြင်မိပါတယ်။ အတွေ့အကြံ ရင့်ကျက်မှုနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာရင် ဥပဒေပြုလုပ်ငန်းတွေဟာ အရှိန်ကောင်းကောင်းနဲ့ မြန်ဆန်လာနိုင်စရာ ရှိပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ အမျိုးသားရေးအဆင့် ဖြေရှင်းလုပ်ဆောင်ရမယ့် ကိစ္စတွေဟာ တခုနဲ့တခု ထိထိမိမိ ချိတ်ဆက်ထားတဲ့ သဘော ရှိနေတယ်လို့ မြင်မိပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းစစ် ရပ်ဆိုင်းရေး၊ လက်နက်ကိုင် အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးပါတီများနှင့် အခြေခံဥပဒေ အခန်းကဏ္ဍ၊ တရားဥပဒေ စိုးမိုးရေး၊ ဆင်းရဲမွဲတေမှုနဲ့ လူ့အခွင့်အရေးများ ချိုးဖောက်မှုကို တိုက်ဖျက်ရေး စတဲ့ကိစ္စတွေဟာ အမျိုးသားရေးအဆင့် (National level) နဲ့ ဖြေရှင်း လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ တခုနဲ့တခုဟာလည်း ချိတ်ဆက်နေကြပါတယ်။ ဒီလိုကိစ္စတွေမှာ ပြဿနာတွေ ရှိလာရတာဟာ ခေတ်အဆက်ဆက်၊ စနစ်အမျိုးမျိုးမှာ ပြည်သူ့ဆန္ဒကို ဦးစားမပေးနိုင်ခြင်းရဲ့ ရလဒ်ကြောင့် ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်တာကိုပဲ ဥပမာပေးမယ်ဆိုရင် အဂတိလိုက်စားတာကို မတိုက်ဖျက် နိုင်ဘဲနဲ့ ရည်မှန်းချက် မအောင်မြင်နိုင်ပါဘူး။ တခါ အဂတိလိုက်စားတာကို တိုက်ဖျက်ရာမှာလည်း တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အစရှိတာတွေကလည်း ဝန်းရံထားနိုင်မှ ထိရောက်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဘက်မှာလည်း ဒီသဘောမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကွင်းဆက်သဏ္ဍာန် ပြဿနာကြီးတွေကို အမျိုးသားရေးအဆင့်နဲ့ ဖြေရှင်းနိုင်ဖို့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာနဲ့ ပြည်သူတွေရဲ့ အပြန်အလှန် ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ မရှိမဖြစ် အရေးပါလှပါတယ်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိတဲ့အတွက် မြန်မာ့အရေးမှာ မြန်မာတွေက သာလျှင် အဓိက ကာယကံရှင်အဖြစ် တာဝန်ခံပြီး ညီညီညွတ်ညွတ် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ဝမ်းသာစရာကတော့ လက်ရှိအချိန်မှာ အပြန်အလှန် ယုံကြည်မှုကို အပြည့်အဝ မဟုတ်သေးတာတောင် အတော်အတန် တည်ဆောက်လာနိုင်တာကို မျက်ဝါးထင်ထင် တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။ အပြန်အလှန် ယုံကြည်မှုရှိမှလည်း ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတွေ ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ဒီအချက်ကို အရင် စစ်အစိုးရလက်ထက် ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ တဖက်သပ် လုပ်ဆောင်ခဲ့တဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များ ထုတ်ပြန်ခြင်း၊ ဧရာဝတီမြစ်ဆုံဆည် ကဲ့သို့စီမံကိန်းများ ချမှတ်လုပ်ဆောင်ခြင်း အစရှိတာတွေနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ပြည်သူတွေဟာ အမြဲလိုလို အားမလို အားမရဖြစ်တတ်ကြပါတယ်။ ဒါဟာလူ့သဘာဝ ဖြစ်ပါတယ်။ ဒီအချက်ကို လေးလေးစားစားနဲ့ တုန့်ပြန်ပေးနိုင်ရင် နိုင်ငံရေးက ပိုမိုရှင်သန် တိုးတက်နေမှာ ဖြစ်ပါတယ်။ ဒီအချက်ကို လစ်လျူရှုလိုက်ရင် နိုင်ငံရေး တည်ငြိမ်မှုကို စတင်ထိုးနှက်ဖို့ အခွင့်ပေးသလို ဖြစ်သွားနိုင်ပါတယ်။

မိမိလုပ်တဲ့ အလုပ်ပေါ်မှာ မိမိတာဝန်ယူခြင်း ဆိုတာဟာ အရင် စစ်အစိုးရလက်ထက်မှာ ကျင့်သုံးခဲ့တဲ့ “အထက်ကပေးတဲ့ အမိန့်” စနစ်ကို ချေဖျက်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းတွေဟာ အထက်ကပေးတဲ့အမိန့် မဟုတ်ရတော့ ပါဘူး။ အခြေခံဥပဒေဘောင်အတွင်းက လုပ်ပိုင်ခွင့်အာဏာရဲ့ လမ်းညွှန်ချက်အဖြစ်နဲ့သာ ရှိနေရမှာဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေမှာ အခုဆိုရင် မိမိလုပ်တဲ့ အလုပ်ပေါ်မှာ မိမိတာဝန်ယူခြင်း ဆိုတဲ့ စိတ်ဓါတ်တွေဟာ တိုးပွားလာနေတာ တွေ့ရတော့ ကျေနပ်အားရမိပါတယ်။ မီဒီယာကတဆင့် ပြည်သူလူထုတရပ်လုံး သိလာအောင် ပွင့်ပွင့်လင်းလင်း ချပြရဲတဲ့ စိတ်ဓါတ်တွေလည်း ရှိလာပါတယ်။ မီဒီယာ လွတ်လပ်ခွင့်၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့် တွေလည်း အရင်ထက်စာရင် အများကြီး တိုးတက်ကောင်းမွန်လာပါတယ်။ ဝန်ကြီးဌာနတချို့မှာလည်း သူ့လူကိုယ့်လူ ဦးစားပေးတာတွေ လျော့နည်းလာပြီး တန်းတူညီမျှမှုစနစ်ကို အကောင်အထည် စဖော်လာတာ တွေ့ရပါတယ်။

အဲဒါတွေဟာ တာဝန်ခံခြင်း (Accountability)၊ ပွင့်လင်းမြင်သာခြင်း (Transparency)၊ တန်းတူညီမျှခြင်း (Equality)နဲ့ လွတ်လပ်ခြင်း (Freedom of speech, Freedom of expression, Freedom of assembly, Freedom of press & Media freedom, etc.) ဆိုတဲ့ ဒီမိုကရေစီရဲ့ မရှိမဖြစ် အခြေခံစံနှုန်းတွေပါပဲ။ ပြည်သူတွေကိုယ်တိုင်မှာလည်း ဒီလိုမျိုး အလေ့အထတွေ တစတစ တိုးပွားလာတာ မြင်နေရပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို စတင် စိန်ခေါ်နိုင်ကြပါပြီ။

စတင် စိန်ခေါ်နိုင်ပြီ ဆိုပေမယ့်လည်း အခုလောလောဆယ်တော့ မြန်မာနိုင်ငံမှာ ဒီစံနှုန်းတွေဟာ စတယ်ဆိုရုံပဲ ရှိသေးတယ်လို့ ပြောရပါဦးမယ်။ ရာခိုင်နှုန်းအားဖြင့် ခန့်မှန်းခြေ ၅% လောက်ပဲ ရှိဦးမယ်ဆိုရင် လွှတ်တော်အမတ်များ အပါအဝင် အစိုးရတာဝန်ရှိသူများ စိတ်မရှိကြပါနဲ့။ ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတို့ကလည်း စိတ်ပျက်အားငယ်စရာ မလိုပါဘူး။ တချို့ကဏ္ဍမှာတော့ မှန်းတာထက် ရာခိုင်နှုန်း ပိုများနိုင်ပါတယ်။ တချို့မှာတော့ လျော့နေနိုင်ပြီး တချို့မှာတော့ လုံးဝကို မစတင်နိုင်သေးဘူးလို့ ပြောချင်ပါတယ်။

ဘယ်ကဏ္ဍမှာ သုညလဲ လို့မေးရင် ကျနော် ပွင့်ပွင့်လင်းလင်း ဖြေပါမယ်။ တရားစီရင်ရေး ကဏ္ဍပါ။ ဒီကဏ္ဍဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကြီး သုံးရပ်ထဲမှာ ပါနေလို့ သိပ်အရေးကြီးပါတယ်။ ဒီမိုကရေစီ နိုင်ငံတခုရဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို ဂုဏ်သိက္ခာရှိရှိ ဖြစ်နေအောင် ကျနော်တို့ ဇွဲရှိရှိ အများကြီး ကြိုးစားရပါဦးမယ်။ နိုင်ငံရေးမှာ အစိုးရတဖွဲ့တည်း လုပ်ရတာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေရော ပြည်သူတွေပါ စုပေါင်းဝိုင်းဝန်း ဖေးကူလက်တွဲ လုပ်ဆောင်ကြရတာဖြစ်လို့ လူတိုင်း အဖွဲ့တိုင်းမှာ ရှေ့ဆက်လုပ်စရာတွေ အများကြီး ရှိနေသေးပါတယ်။

ဝေဖန်သံတွေကြားက မဆုတ်မနစ် ကြိုးပမ်းနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ကျနော်ကတော့ ကျေနပ်အားရပါတယ်။ သူတို့တင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အခုလို အသွင်ကူးပြောင်းကာလမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ဒီမိုကရေစီ အခြေခံအုတ်မြစ်ကို ဝိုင်းဝန်း တည်ဆောက် အားပေးနေကြသူ အားလုံးအပေါ်မှာလည်း ကျေနပ်အားရမိပါတယ်။ တကယ်တော့ ကျနော်တို့အားလုံးဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ လိုအပ်ချက်အရ ဒီမိုကရေစီကို အခြေခံထားတဲ့ ခေတ်သစ်တခုကို တည်ဆောက်နေကြသူတွေပဲ ဖြစ်ပါတယ်။

လွင်အောင်စိုး

၆-၁၁-၂ဝ၁၁

မှတ်ချက်။ လက်ရှိအနေအထားအရ လိုရင်းမျှကိုသာ အကျဉ်းချုပ် ရေးသားထားခြင်းကြောင့် ခေတ်သစ်တည်ဆောက်ရေး အတွက် လိုအပ်သည့် ကဏ္ဍများစွာကို ရေးသားဖော်ပြရန် ကျန်ရှိနေသေးကြောင်း ဝန်ခံပါသည်။

Download Word – When we build new Burma

Download PDF – When we build new Burma

http://saveburma.wordpress.com/2011/11/07/when-we-build-new-burma/

0 ၂၀၁၀ အခါလည်

ဘာကြာလိုက်သတုန်း...။ ဘာလိုလိုနဲ့  ၂၀၁၀ ရွေးကောက်ပွဲ ပြီးခဲ့တာ (၁)နှစ်ရှိပြီ။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြ၊ မဲရုံတွေဘက် ခြေဦးမလှည့်နဲ့ ၊ ၂၀၀၈ ဖွဲ့ စည်းပုံကြောင့်
ပေါ်ပေါက်လာတဲ့ တရားမျှတမှုကင်းမဲ့တဲ့ နအဖ ရွေးကောက်ပွဲ၊ အလိမ်အညာမဲပေးပွဲ၊ စစ်ကျွန်စနစ် အုတ်မြစ်ချမယ့်ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲသမားတွေဟာ ဒီမိုကရေစီရေးကို သစ္စာဖောက်သူတွေ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရွေးကောက်ပွဲကို No.. တစ်လုံးနဲ့  အံတင်းတင်းကြိတ် ပရိသတ်များစွာထဲမှာ ကျွန်တော်လည်း ပါဝင်ခဲ့ပါတယ်။

နိုဝင်ဘာ (၇)ရက်၊ ရွေးကောက်ပွဲနေ့  ဆိုက်ဆိုက်မြိုက်မြိုက်ရောက်မလာခင်ထဲက ရပ်ကွက်ရုံးမဲ
စာရင်းမှာ ကျွန်တော့်နာမည် ပါ မပါ သွားကြည့်ခဲ့သလို ဘယ်ပါတီတွေဘယ်သူတွေ အမတ်လောင်းအဖြစ်
ဝင်ရွေးခံကြသလဲဆိုတာ စေ့စေ့စပ်စပ်လေ့လာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လက်မခံပေမယ့် ရွေးကောက်
ပွဲနဲ့ ပက်သက်တဲ့ ဘက်နှစ်ဘက်စလုံးက အကြောင်းခြင်းရာတွေကို မျက်ခြေပြတ်မခံခဲ့ပါဘူး။ ပညာတတ်ကို
ကဲ့ရဲ့ ဝေဖန်ချင်သူတစ်ယောက်အနေနဲ့  အနည်းဆုံး (၁၀)တန်းတော့ အောင်ထားဖို့ ကောင်းသလိုဘဲ ၂၀၁၀
ရွေးကောက်ပွဲကို မတရားဘူးလို့  ပြောဖို့ ရာ ရွေးကောက်ပွဲနဲ့ ဆက်စပ်သမျှ ဖြစ်စဉ်အစုစုကို လေ့လာပြီး
တတ်နိုင်သ၍ မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။ သူများလက်ညှိုးထောင်ရင် လိုက်ထောင်လို့ မဖြစ်နိုင်ပါဘူး။
၂၀၁၀ ရွေးကောက်ပွဲကို ရင်ထဲကကို ခံစားလို့ မရတာပါ။

မဲရုံကိုသွားကြစို့  လို့ ညာသံပေးတဲ့နေ့ လည်းရောက်ရော ကျွန်တော်တစ်ယောက် အထက (၃)
စမ်းချောင်းမှာရှိတဲ့ မဲရုံဆီသို့  ရောက်ခဲ့ရပါတယ်။ သူငယ်ချင်းနဲ့ ဝင်းစတားဆိုင်မှာ ဘီယာနည်းနည်းမော့ပြီး
ညနေ ၄း ၀၀ နာရီကျော်မှ မဲပေးရမယ့်မဲရုံဆီ ချီတက်ခဲ့ပါတယ်။ ကျွန်တော်ရောက်တဲ့ညနေအထိ မဲလာပေးတဲ့သူတချို့ ကိုတွေ့ ရပါတယ်။ မဲရုံအမှုထမ်းအများစုနဲ့  ပါတီတွေရဲ့ မဲရုံကိုယ်စားလှယ်အချို့ ဟာ ကျွန်တော်နဲ့ မျက်မှန်းတန်းမိသူတွေများပါတယ်။ လူက အရှိန်နဲ့ မို့ ခြေသွက်လက်သွက်ရှိပေမယ့် နဂိုဆုံးဖြတ်ချက်အတိုင်း တည့်တည့်မှန်မှန်လုပ်နိုင်ခဲ့တာအတွက် မိမိကိုယ်ကိုယ် ကျေနပ်အားရမိပါတယ်။

တိုင်းဒေသကြီးအတွက်တစ်ခါ၊ ပြည်သူ့ လွှတ်တော်အတွက်တစ်ခါ၊ အမျိုးသားလွှတ်တော်အတွက်တစ်ခါ
အားလုံးပေါင်း သုံးကြိမ်သုံးခါ မဲပုံးထဲ မဲလက်မှတ်ထည့်ရပါတယ်။ ကိုယ့်မဲလက်မှတ်စာရွက်အပိုင်းလေးမှာပါတဲ့ အမတ်လောင်းလျာနာမည်၊ ကိုယ်စားပြုပါတီနာမည်နဲ့  ပါတီအမှတ်တံဆိပ်တို့ ရဲ့ ဘေးအကွက်ထဲ ကြိုက်နှစ်သက်တဲ့ဟာကို အမှန်ခြစ်လေး ခြစ်လိုက်ရုံပါဘဲ။ ကျွန်တော်ကလည်း ကျွန်တော့်မစ်ရှင်နဲ့ကျွန်တော် လာခဲ့သူ ဆိုတော့မစ်ရှင်ကို ရအောင်အကောင်အထည်ဖော်ရပါတော့တယ်။

မဲရုံကို မသွားကြနဲ့ လို့  နှိုးဆော်ပေမယ့် ကျွန်တော် လိုက်မလုပ်ပါဘူး။ မဲမထည့်ဖို့  အော်ကြပေမယ့်
ကျွန်တော် မနာခံပါဘူး။ ကိုယ့်အထာနဲ့ ကိုယ်၊ ကိုယ့်သမ္ဘာနဲ့ ကိုယ်ပေါ့လေ။ တိုင်းဒေသကြီးအတွက် ရွေးချယ်ပေးရမယ့်ပါတီနှစ်ခုစလုံးကို ကျွန်တော်ကြက်ခြေခတ်ပါတယ်။ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက်ထို့ အတူပါဘဲ။ ဒါပေမယ့်..ပြိုင်တဲ့နိုင်ငံရေးပါတီက လေးငါးခုလောက်ရှိတော့ ကျွန်တော် တူးတူးခါးခါးမကြိုက်ဆုံးပါတီနှစ်ခုကိုဘဲ ကြက်ခြေခတ်လိုက်ပါတယ်။ စာရွက်တစ်ရွက်ကို ကြက်ခြေခတ်ပြီးတိုင်း အသင့်ပါလာတဲ့မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက် မှတ်တမ်းတင်ပါတယ်။ ခွင့်ပြု မပြု ကျွန်တော်မသိပါဘူး။ ခိုးရိုက်တယ်လို့ ပြောမရသလို၊ပြောင်ရိုက်တယ်လို့ လည်း မဆိုနိုင်ပါဘူး။ အကယ်၍ မဲရုံတာဝန်ရှိသူက လာတားမြစ်ခဲ့ရင် ပြန်မေးမယ့်မေးခွန်းတွေကျွန်တော့်ခေါင်းထဲ တန်းစီ ပြွတ်သိပ်နဲ့ ရယ်ဒီပါဘဲ။ ပြဿနာအထွေအထူးမဖြစ်ဘဲ မဲပေးခန်းထဲက ပြန်အထွက်ရေဒီယိုမီဒီယာတစ်ခုက မဲးထည့်တဲ့ ကိစ္စမေးမြန်းဖို့  ဖုန်းဝင်လာလို့  အဲဒီ့မဲပေးခန်းလေးအပြင်ဘက်ကဘဲ ပြန်လှန်ဖြေကြားသမှု ပြုခဲ့ရပါ သေး တယ်။ မဲရုံဝန်ထမ်းတို့ ၊မဲရုံလုံခြုံရေးတို့  ကျွန်တော့်ကို လှမ်းကြည့်နေကြပေမယ့်စောင့်ကြည့်အဆင့်နဲ့ ပြီးခဲ့ရပါတယ်။ အထက (၃) ထဲက ပြန်ထွက်ခဲ့ပြီး သူငယ်ချင်းနဲ့ ဆက်ဝိုင်းလိုက် ပါသေးတယ်။ရိုက်ခဲ့တဲ့ပုံတွေ ကြည့်ခိုင်းလိုက်တယ်။

သူငယ်ချင်းက ရှင်းပြရှာတယ်။ မင်းလုပ်ခဲ့တာ မဲပေးတာမှ မဟုတ်ဘဲ.. အင်း နေဦး၊ မဲမပေးတာလည်း
မဟုတ်ပြန်ဘူး။ ပေးတော့ပေးတယ်.. မပေးဘူး.. ဒါလည်း မမှန်သေးဘူး။ နဂိုကတည်းက ကောင်းပြီး လည်နေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပိုလည်ပိုကောင်းသွားပုံရပါတယ်။ ကဲပါကွာ.. ဒါတွေထား၊ ချကွာ.. ဆက်ချ ဆိုပြီးချီးယားလုပ်တော့ သူက မချီးယားဘဲ ခုန ပုစ္ဆာကို မကြေလည်သေးတဲ့ပုံစံနဲ့  ဒါဆို.. မင်းဟာက ပယ်မဲကြီးပေါ့လို့ ဇွတ်ရစ်ပြန်တယ်။ ကျွန်တော် ခေါင်းညိမ့်အဖြေပေးတဲ့အခါ ငတိက လက်ခုတ်လက်ဝါးတီးပြီး မင်းတော်တယ်.. ဒါပေမယ့်..မင်းရှော်တယ်လို့  တိုင်ပတ်ပြန်ရော။ သူပြောတာက ပယ်မဲဖြစ်မယ့်အတူတူ မဲရုံသွားမနေပါနဲ့ လား၊ပိုတောင်ဂုဏ်ရှိတာပေါ့၊ မင်းလို ၂၀၁၀ ဆန့် ကျင်ရေးသမား တစ်ယောက် မဲရုံထဲ ခပ်ကုပ်ကုပ် ၀င်သွားတာမြင်ကြရင် ဓာတ်ပုံတွေဗီဒီယိုတွေနဲ့  မှတ်တမ်းတင်ထားပြီး ၀ိုင်းဆော်ရင် မင်းကွဲပြီ..စသဖြင့် အာလေးလျှာလေးနဲ့ တော်ကီတွေ လွှတ်ပစ်နေပါရဲ့ ။ ဂျပန်မူလီတောင် အရှုံးပေးရမယ့် အရစ်ကျဲအရစ်ကြီး။

သူ့ စကားသူ့ ဘာသာရပ်တော့မှ ငါ မဲရုံမသွားရင် ငါ့မဲကို မသမာသူလူရမ်းကားကြီးတွေက အပျိုရည် ဖျက်မှ ဖြင့်ကွာ..ဆိုတဲ့ စကားတစ်ခွန်းနဲ့  ပြန်ချေပလိုက်တော့ သူငယ်ချင်းကဘေးဝိုင်းတွေ လှည့်ကြည့်မိအောင်ခုံကိုလက်ဝါးနဲ့ ဖြန်းခနဲပုတ်ပြီး အော်ကြီးဟစ်ကျယ် ဟားတိုက်ရယ်တယ်။ ရယ်လို့ အ၀ရပ်တော့ သူဘာပြောတယ်မှတ်လဲ...။

“မင်း ငတုံး.. နိုင်ငံရေးသမားငတုံး..မင်းကြိုက်တာလုပ်.. ဦးသန်းရွှေပါတီဘဲနိုင်ရမယ်။ ဒီဝိုင်းကို ရှင်းကြေး..”တဲ့ဗျာ။

အောင်မျိုးထွန်း
၇- ၁၁- ၂၀၁၁

0 ဆုတောင်းခန်း (၁)


ဆုတောင်းခန်း (၁)
ညက အိပ်မက်မကောင်းဘူး ...
ဆုတ်မလား တက်မလား...
ငါနဲ့ အမှုတွဲ တစ်ကောင်တော့ ကားသွားပြန်ပြီ ၊

နှစ်ကြိမ် မက်တဲ့ အိပ်မက်လုံး အဆိုးချည်း
အကျဉ်းကျနေတဲ့ ကျဉ်းကြပ်မှုတွေ ကိုခံစားရတယ်
ဘာဖြစ်ဦးမလဲ?????????????

(၁)ကရီယိုပက်ထရာ ထဘီရင်လျားဝတ်တဲ့ ညနေခင်း မှာပါဘဲ

(၂)အကွင်းအကွက်တွေက လဲ ဘက်ခ်ဒက်မှာ မြှုပ်သွားခဲ့ပါပြီ

(၃)လက်ရှိနိုင်ငံရေး ရေချိန်က မိုနာလီဇာ နှုတ်ခမ်း ဆီမှာ သေဆုံးသွားပါပြီ

(၄)အယ်လ် ဖယ် တမင်း လဲ ပါပါတယ်

(၅)ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံရေး ပရောဟိတ် ကြီး တွေ တပ်ပျက်တဲ့ ညနေခင်း
တစ်ခု ထည့်ပေးလိုက်ပါ

(၆)ဖြစ်နိုင်မယ်ဆိုရင် ဟောဒီ ဥပဒေတွေအစား ပေါလ် ကလီး ပန်းချီကားကို
အစားထိုးပေးလိုက်ပေါ့

(၇)ကိုယ့်မျက်နှာ ကိုယ်ပြန်ကြည့်မိတိုင်း ဗိုလ်ချု ပ်ကို အားနာတယ်
(၈)သက်တောင့်သက်သာ နဲ့ သွားဖို့ ဆိုတာကလဲ ငါတို့လမ်းက ယီမင်ထက်ကြမ်းသေးလို့ လေ

(၉)အချိန်ကို စနစ်တကျ အသုံးချဖို့ ကြိုး စားတိုင်း Black Hole ထဲ
ရောက်ရောက်သွားတာ ဆိုးတာဘဲ
(၁၀)အတိတ်ဆိုတာကလဲ အာဏာရှင်တွေမပါမပြီး ဖြစ်ခဲ့တာကို ညီမလေးရ

(၁၁) သားကြီးရေ ...မင်းစိတ်ကူးတွေ ရေတိမ်မနစ် ပြီး သေမသွားဖို့ ငါတို့
မျှော်လင့်ခြင်း ပန်းခင်းတွေ ကိုထပ်ပျိုးနေ ကြတာလေ

(၁၂)ရေသောက်မြစ်ထဲ မှာ သာ သီးတဲ့ သစ်သီးကိုစားပြီး မှင်စာကောင်တွေ ပျော်ပါးကြပါစေ
(၁၃)တိမ်မိုးသားတွေကို နိမ့်နိမ့်လေး ပျံဝဲနေပါစေ
လူကြားကောင်း စကားလှလှတွေ ပျက်သုန်းပါစေ
တော်လှန်ရေး အဓွန့် မရှည်ပါစေ နဲ့ ....
ကိုထိန်လင်း နဲ့ ဦးခင်မောင်ရင် ဆုံဖြစ်ပါစေ .... ။

2P

အောက်တိုဘာ ၁၉ ရက် ၊ ၂၀၁၁ ခုနှစ် ။

0 အမေ့အတွက်သီချင်း(တေးသံရှင် ဆောင်းဦးလှိုင်)



ချစ်ခင်မြတ်နိုးလေးစားရတဲ့ တေးသံရှင် ဆောင်းဦးလှိုင်ရဲ့  ကျေးဇူးရှင်မိခင်ကြီး ဒီနေ့ ညနေ ၄ နာရီက ကွယ်လွန်သွားပါတယ်.. ပြည်သူ့ အနုပညာရှင်တယောက်အနေနဲ့  ရပ်တည်ရင်း ကင်ဆာဖြစ်နေတဲ့ မိခင်ကြီးကို (အမေ ကင်ဆာဖြစ်နေတယ်ဆိုတာ မပြောရက်ပဲ) စောင့်ရှောက်ခဲ့တဲ့ ကိုဆောင်းဦး သားတယောက် တာဝန် ကျေပွန် ပါတယ်.... ဒီနှစ် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ က ထုတ်ခဲ့တဲ့ အခွေသစ်ထဲမှာ ဂုဏ်ပြူခဲ့တဲ့ အမေ့အတွက်သီချင်း ပြန် မျှဝေလိုက်ပါတယ်.. ဆရာမ ကောင်းရာသုဂတိ လားပါစေ ဆုတောင်းရင်း..

DVB entertainment

0 ရွေဝါရောင်အရေးတော်ပုံအတွင်း ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းကျဘ၀မှ လွတ်မြောက်လာသည့်သံဃာတော်များအတွက် သိမ်ထပ်မင်္ဂလာ ပွဲ ဖိတ်ကြားလွာ







Burma VJ Media Network

Sunday, November 6, 2011

0 "ဗေဒါ" သင်တန်းကျောင်း(အထက်မြန်မာပြည်)ဖွင့်ပွဲအခမ်းအနား




0 ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းသို့အကြံပေးချက်။


ဗီအိုအေနဲ့ ၁၁လ ပိုင်း ၄ရက်နေ့ က အင်တာဗျူး မှာဝန်ကြီး ကျော်ဆန်းက “ကနေ့ပြည်သူတွေရွေးချယ် တင်မြှောက်တဲ့ဒီမိုကရေစီစံနစ်အရပေါ်ပေါက်လာတဲ့ကျွန်တော်တို့အစိုးရလက်ထက်မှာလဲဘဲ……….” လို့ဆိုထားပြီး နောက်ဆက်ပြီး

“အကျဉ်းကျနေတဲ့ပုဂ္ဂိုလ်တွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ကျူးလွန်တဲ့ အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်း ဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ်။ သို့သော်လည်း အဲ့ဒီထဲမှာ နိုင်ငံရေးလုပ်တဲ့ပုဂ္ဂိုလ်တွေလည်း ပါကောင်းပါမှာပါပဲ။ ဒါတွေအားလုံးကိုလည်း သမ္မတကြီးက သူ့ကိုအခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ဆင်ခြင်တုံတရားနဲ့ ကျင့်သုံးပြီးတော့ ဒါတွေကို ဘာလုပ်ပေးနေလဲ၊ ဖြေလျှော့ပေးနေပါတယ်” တခါဆိုထားပြန်ပါတယ်။

အမဲရောင်ဆိုးထားတဲ့အပိုဒ်နှစ်ခုကိုနှိုင်းယှဉ်ပြီးပြောချင်ပါတယ်၊ အပေါ်ပိုဒ်မှာပြောတာက ကနေ့ပြည်သူတွေရွေးချယ် တင်မြှောက်တဲ့ဒီမိုကရေစီစံနစ်အရပေါ်ပေါက်လာတဲ့ ကျွန်တော်တို့ အစိုးရ လက်ထက်မှာ…..လို့ဆိုတော့ယ္ခင်စစ်အာဏာရှင်အစိုးရနဲ့လားလားမျှမဆိုင်ဘူးလို့ဆိုလိုတာဖြစ်တယ်။ ဒီမိုကရေစီအစိုးရပေါ့ဗျာ။

ဒါပေမဲ့နောက်အပိုဒ်ကြတော့ “အကျဉ်းကျနေတဲ့ပုဂ္ဂိုလ်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ကျူးလွန်တဲ့ အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်း ဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ်” ဆိုတော့အသစ်တက်လာတဲ့ ဒီမိုကရေစီနည်းကျ အစိုးရဟာ သူ့ကိုယ်သူ ယ္ခင်စစ်အစိုး ရ ဘဲဖြစ်ပါတယ်ဆိုပြီးဝန်ခံသလိုမျိုးဖြစ်နေပြန်တယ်၊ ကျော်ဆန်းဟာသူ့ကိုယ်သူ ယ္ခင်အစိုးရလုပ်ရပ်တွေကို လိုက်နာစောင့်ထိမ်းပြီးဆက်လက်ကျင့် သုံးရ မယ် လိုယူဆထားသူ ဖြစ်တယ်ဆိုတာ ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ် ဆိုတဲ့ သူ့ပြောစကား အရထင် ရှားတယ်။ နောက်တခုက သန်းရွှေတို့ လမ်းစဉ်အတိုင်း တိုင်းပြည်မှာနိုင်ငံရေးအကျဉ်းသားတွေမရှိဘူးလို့ ဗြောင်ငြင်း နေတုန်းဘဲ ဖြစ်တယ်။

တကယ်ဖြစ်သင့်တာက ကနေ့ပြည်သူတွေရွေးချယ် တင်မြှောက်တဲ့ဒီမိုကရေစီစံနစ်အရပေါ်ပေါက် လာတဲ့ ကျွန်တော်တို့ အစိုးရလက်ထက်မှာယ္ခင်အစိုးရလုပ်ရပ်တွေဟာတရားမျှတမှုမရှိဘဲအလွန်အကျွံအာဏာသုံးစွဲ မှုတွေရှိ ခဲ့ တဲ့အတွက်သဘောထားအမြင်မတူလို့ထိမ်းသိမ်းထားတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်ဆိုတာမျိုးဖြစ်သင့်တယ်။ နိုင်ငံတွင်းမှာနိုင်ငံရေးအကျဉ်းသားတွေရှိတယ်ဆိုတာကိုသတ္တိရှိရှိဝန်ခံရဲသလို၊ သတ္တိရှိရှိလွှတ်ပေးရဲရမယ်။ ကျော်ဆန်းအနေနဲ့တချိန်ချိန်မှာနိုင်ငံရေးနဲ့ထောင်ထဲရောက်သွားခဲ့ရင်ရောက်သွားနိုင်တဲ့အတွက်၊ အမျှော်အမြင်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာလက်ခံထားသင့်တယ်လို့အကြံပြုလိုက်တယ်။

ထွန်းအောင်ကျော်။

0 ဇာဂနာပြောသော အနုပညာနွယ်သည့် နိုင်ငံရေး Art and Politics: Zarganar Interview


(Yangon PressInternational )မှကူးယူဖော်ပြပါသည်..


ကျွန်တော် ဖြစ်စေချင်တာကတော့ ခလေးတွေကို မဖျက်ဆီးကြပါနဲ့၊ ကိုယ်ကြောက်ချင်ရင်တော့ တတ်နိုင်ရင် ကိုယ့်အိမ်ထဲကိုယ်ဝင်ပြီး ခြင်ထောင်ထဲဝင်ကြောက်ကြပါ တိုင်းသိပြည်သိ မကြောက်ကြပါနဲ့လို့ ကျွန်တော်ပြောချင်တယ်။

(ဇာဂနာဟာ လူရွှင်တော် ၊ ဒါရိုက်တာ အနေနဲ့ နိုင်ငံကျော် လူသိများသလို လူတွေကြားထဲ ခံစားနေရတဲ့ ခံစားချက်၊ အမြင်မတော်တဲ့ နိုင်ငံရေး အဖြစ်အပျက်တွေကို ပျက်လုံးအဖြစ်နဲ့ ပြောဆိုရာမှာ ထိမိလွန်းတဲ့အတွက်လည်း ထင်ရှားသူ တဦးဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်ဆိုင်းကလုံး တိုက်ခတ်ပြီးနောက် မကြာခင်မှာ ဇာဂနာဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ်၆၀ နီးပါး အပြစ်ပေးလိုက်ပါတယ်။ ဒီနောက် ၂၄နှစ်လျော့ပေါ့ပေးပြီး ၃ နှစ်ကျော် အကျဉ်းထောင်ထဲမှာ နေထိုင်ပြီး ယခင်လဆန်းက လွတ်မြောက်လာပါတယ်။ သူလွတ်မြောက်လာပြီး မကြာခင်မှာပဲ နိုင်ငံရေး အကျဉ်းသား ကူညီရေးကိစ္စ၊ အနုပညာနွယ်တဲ့ နိုင်ငံရေး ကိစ္စတွေ စတင် လုပ်ဆောင်နေပါပြီ။ သူနားလည်ယုံကြည်တဲ့ အနုပညာနဲ့ နိုင်ငံရေးအကြောင်းနဲ့ ဆက်နွယ်ပုံကို YPI ကယခု သီတင်းပတ်အတွင်း မေးမြန်းထားတာကို ဖေါ်ပြလိုက်ပါတယ်။)

YPI: Art Flavored Politics ဆိုတဲ့စကားကို "The Art of Freedom Film Festival" သတင်းစာရှင်းလင်းပွဲမှာတုန်းက သုံးသွားခဲ့ပါတယ်။ အဲဒီ စကားလုံး ဖြစ်ပေါ်လာပုံလေး ပြောပြပါလား၊

Zarganar: ဒါကတော့စကားလုံးပေါ့၊ စကားလုံးကတော့ အနုပညာ အရသာပါတဲ့ နိုင်ငံရေးလို့ ပြောရမှာပေါ့။ ဘယ်လိုလဲလို့ဆိုတော့ နိုင်ငံရေးနွယ်တဲ့ အနုပညာလား၊ အနုပညာနွယ်သော နိုင်ငံရေးလားလို့ စဉ်းစားကြည့်တော့ အနုပညာနွယ်သော နိုင်ငံရေးဖြစ်ရမယ်လို့ ကျွန်တော်က လေယာဉ်ပျံပေါ်မှာကတည်းက စဉ်းစား လာတာ။ ဒါပေမဲ့ အဲဒီစကားလုံးကို တစ်ကယ့်တစ်ကယ် စဉ်းစားမိတာကတော့ ထောင်ထဲမှာ စဉ်းစားမိတာ။ ဘယ်လိုစဉ်းစား မိလည်းဆိုတော့ အနုပညာနဲ့နိုင်ငံရေးကို မတွဲဘူးလို့ ပြောပြောနေကြတဲ့လူတွေက သနားစရာလေးတွေပဲလို့ အဲဒီမှာ စဖတ်မိတာ။

အနုပညာသမားတွေက နိုင်ငံရေးကို ကင်းကင်းရှင်းရှင်း နေရမယ်လို့ သူတို့က ပြောကြတယ်၊ တော်တော်သနားစရာ ကောင်းပါလားလို့ ဆိုပြီးတော့ ကျွန်တော်က သူတို့ကို သနားနေတာ ထောင်ထဲမှာ။ ထောင်ထဲမှာနေရင်း သနားနေတော့ ဒုက္ခပဲပေါ့၊ ဒီလူတွေကို ဘယ်လိုရှင်းပြရမလဲ၊ သူတို့လုပ်နေတဲ့ ရုပ်ရှင်အနုပညာပဲဖြစ်ဖြစ်၊ ဂီတအနုပညာပဲဖြစ်ဖြစ်၊ ဇာတ်သဘင်အနုပညာပဲ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ ဘယ်လိုမှ မကင်းနိုင်ဘူး၊ ဒီလိုကင်းလို့မရဘူးလို့သူတို့ကိုပြောနေတာ ပါတီထဲဝင်ပြီး နိုင်ငံရေးလုပ်ဖို့ ပြောနေတာမဟုတ်ဘူး၊

နိုင်ငံရေးက ဘယ်လိုလူမျိုးမှ မကင်းဘူး၊ ပြီးတော့ သူတို့နားလည်အောင် ကျွန်တော် ဘယ်လိုရှင်းပြရမလဲဆိုတော့ ပါးစပ်ကရှင်းပြနေလို့ကြာတယ်။ အလုပ်ကနေ သက်သေပြတာ ကောင်းပါတယ်လို့ စဉ်းစားမိတယ်။

အနုပညာ အရသာပါနေတဲ့ နိုင်ငံရေးဆိုတော့ အခု ကျွန်တော်တို့တွေ ဟိုတစ်နေ့က ကန့်တော့ပွဲပေးတဲ့ Film Festival ကိစ္စက ဒါ အနုပညာနွယ်တဲ့ နိုင်ငံရေးပဲ၊ တစ်ကယ့်တစ်ကယ်ပြောရရင် လူတွေဟာလွပ်လပ်မှုကို မြတ်နိုးကြတယ်လို့ ပြောတယ်၊

လွပ်လပ်မှုကိုလိုချင်ကြတယ်လို့ ပြောတယ်၊ သို့သော် လွပ်လပ်မှုကို လုပ်ရမယ်ဆိုပြီး ကျွန်တော်တို့ လက်သီးလက်မောင်းတန်းပြီး တရားဟောလည်း လာနားထောင်နေမှာ မဟုတ်ဘူး။ဒီအနုပညာလေးနဲ့ ပြလိုက်တဲ့အခါကျတော့ လွပ်လပ်မှုဆိုတာကို နားလည် လာမယ်၊ မသိတဲ့လူလည်း သိလာမယ်၊ သိတဲ့လူလည်း ပိုသိလာမယ်။

နေ့ခင်းတုန်းကဆိုရင် ရုပ်ရှင်လုံးဝမရိုက်ဖူးတဲ့ မိန်းကလေးက ကျွန်တော့်ကိုပြောတယ်၊ ဘာပြောလည်းဆိုတော့ သူလုပ်ထားတဲ့ဟာလေး တစ်ခုကို လာပြချင်တယ်တဲ့၊ ပြပါဆိုတော့ ဒီခလေးက ပညာရှင်၊ ဘာပညာရှင် လဲဆိုတော့ ကွန်ပျုတာပညာရှင်၊ ရုပ်ရှင် တစ်ခါမှမရိုက်ဖူးဘူး၊ ဘာမှနားမလည်ဘူး၊ ဒါပေမဲ့ သူဟာ လွပ်လပ်မှုအကြောင်းကိုသူ ဖီလင်ရှိနေတယ် ဆိုတာကို သူပြောတာကို နားထောင်ရင်းနဲ့ သိတယ်၊ ဆိုတော့ ဒီခလေးတွေမှာ နိုင်ငံရေး Sense ရှိနေတာပေါ့။ အဲဒါလေး ကနေ ကျွန်တော်က ခုန( Art Flavored Politics ) ဆိုလိုက်ခြင်းအားဖြင့် ဒီ အနုပညာကနေတစ်ဆင့် နိုင်ငံရေး၊ နိုင်ငံရေးကနေ တစ်ဆင့် အနုပညာ ရောယှက်ပြီးတော့ ပါဝင်လာကြမယ်လို့ တွေးမိတော့ ဒါ အလုပ်နဲ့အရင် သက်သေပြလိုက်တဲ့ သဘောပါပဲ။ ဒီ့အတွက်ကြောင့် ကျွန်တော် ဟိုနေ့ကလည်း ( Art Flavored Politics ) ဆိုတာကို ကျွန်တော်ဇောင်းပေးပြီး ပြောသွားတာပါ။

YPI: အင်တာဗျူးတွေမှာ နံမည်ကြီး အနူပညာသမားတွေက နိုင်ငံရေးစိတ်မ၀င်စားဘူး လို့မကြာခဏ ပြောကြတာ ကြားဖူးတယ်။ အဲဒါနဲ့ပါတ်သက်လို့ရော ဘယ်လိုမြင်လဲ၊

Zarganar: ကျွန်တော်တို့ဆီက အနုပညာသမားတွေရဲ့သနားစရာ ကောင်းတဲ့ အဖြစ်အပျက်ဆိုတာ အဲဒါပဲ။ ကျွန်တော်တို့က နိုင်ငံရေးကိုစိတ်မ၀င်စားပါဘူး ကျွန်တော်တို့နိုင်ငံရေးနဲ့ ကင်းကွာပါတယ်၊ နိုင်ငံရေးဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး ပြောတဲ့လူတွေက ပြီးခဲ့တဲ့ န၀တအစိုးရရဲ့ကြော်ငြာမှန်သမျှ သူတို့ ရိုက်ပေးတယ်၊ အဲဒီ ပြောတဲ့လူတိုင်းက န၀တအစိုးရရဲ့ ဆည်တွေပေါ်လည်း တက်ခုန်ကြတယ်၊

သူတို့ ဆောက်တဲ့ တံတားတွေပေါ်မှာလည်း တက်ကပြတယ်၊ ပြောတော့ သူတို့က နိုင်ငံရေး မလုပ်ဘူး ၀ါသနာမပါဘူးပြောတယ်။ န၀တအစိုးရလက်ထက်မှာ လုပ်သမျှကိစ္စအကုန် သူတို့ ကြော်ငြာလုပ်ပေးတယ်၊ အဲဒါ သူတို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ဖူးလား။ နိုင်ငံရေး လုပ်တာ မဟုတ်ဘူးဆိုရင် န၀တအစိုးရ လက်ထက်တုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းရဲ့ နှစ်ပတ်လည်ကားမှာဆိုရင် မပါရမှာတောင် ကြောက်နေတယ်။ မပါများ မပါရရင် သူတို့ကိုယ်သူတို့ သတ်သေမလား တောင်မသိဘူး အနုပညာသည်တွေက။

အဲဒီတုန်းကကျတော့လည်း လုပ်လိုက်ကြတဲ့ဟာ၊ အဲဒါ နိုင်ငံရေး မဟုတ်ဘူးလား။ သူတို့ အစိုးရရဲ့ဝါဒဖြန့်ချီရေးမှာ သူတို့ပါဝင်ခဲ့ကြတာပဲ။ အဲဒီတော့ မဆလခေတ်တုန်းကလည်း ဒီတိုင်းပဲ မဟုတ်ဘူးလား၊ ပြောတော့လည်း ကျွန်တော်တို့က နိုင်ငံရေးဝါသနာမပါပါဘူး၊ မလုပ်ပါဘူးဆိုပြီးတော့ ဒီအလုပ်တွေလုပ်ခဲ့တာဟာ ဒါနိုင်ငံရေးနည်းအရ ၀ါဒဖြန့်ချီရေးကို ထဲထဲဝင်ဝင် မက်မက်သက်သက် ၀င်လုပ်ခဲ့ကြတာ ဒီ အနုပညာသည်တွေပဲ။

အခုကျတော့မှအဲဒီတုန်းက အဲလိုတွေလုပ်ပြီး တစ်ဖက်မှာကျတော့ ကျွန်တော်တို့က နိုင်ငံရေး ၀ါသနာမပါဘူး၊ နိုင်ငံရေးဝါသနာမပါဘူးဆိုလို့ ကျွန်တော်က သြော် သနားစရာလေးတွေပါလားလို့ သူတို့ကိုမြင်တာ။

သူတို့ စာလည်း မဖတ်ကြဘူးဗျ၊

နိုင်ငံတကာအမြင်လည်း မရှိကြပဲနဲ့ ရမ်းပြောနေကြတာမျိုးတော့ မဖြစ်စေချင်ဘူးလို့၊ ဒါကြောင့် ကျွန်တော်ဒါတွေ လုပ်ရတာ။ ဆိုတော့ သူတို့ကိုယ်တိုင် ၀ါဒဖြန့်ချီရေးရဲ့ Instrument လေးတွေဖြစ်ခဲ့တာ ကိုလည်းသိပုံမပေါ်ဘူး၊ကိုယ့်ကိုကိုယ် နားမလည်ရှာသောသူများသည် မြန်မာ့ရုပ်ရှင်လောကမှ ပညာရှင်များ ဖြစ်နေသည် ဆိုတာမျိုးကျတော့ ကျွန်တော်စိတ်မကောင်းဘူး။

YPI: ဒါကရော နိုင်ငံရေးဆိုတဲ့စကားလုံးကို ကြောက်စရာ လန့်စရာဖြစ်အောင် စနစ်တကျ ဖန်တီးထားခဲ့ တာကြောင့်မဖြစ်နိုင်ဘူးလား၊ ၈၈ နောက်ပိုင်းမှာ ကျောင်းသားတွေကျောင်းပြန်တက်ခွင့်ရဖို့ ၀န်ထမ်းတွေ ရုံးပြန်တက်ခွင့်ရဖို့ နိုင်ငံရေးနဲ့မပတ်သက်ပါဆိုပြီး လက်မှတ်တွေထိုးခဲ့ရတာမျိုးတွေ ရှိခဲ့တယ်လေ။ အဲဒီဟာတွေရဲ့ Impact က တော်တော်ကြီးခဲ့လို့ရော မဖြစ်နိုင်ဘူးလား။

Zarganar: အဲဒီကြောင့်ပေါ့၊ စဉ်းစားကြည့်။ အဲဒီဟာကြီးရဲ့ Impact က ဘယ်လောက်ကြီးသွားသလဲ ဆိုရင် ကျွန်တော်တို့ဆီမှာရှိတဲ့ ရိုးရိုးသာမန် ဈေးသည်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်၊ ဥပမာကိုယ့်အချင်းချင်းကြားထဲမှာတောင် လ္ဘက်ရည်ဆိုင်မှာ ၀င်ထိုင်ပြီးပြောရင် တစ်ခုတစ်ခု ပြောရင် နိုင်ငံရေးမပါနဲ့နော် လူတိုင်းလူတိုင်း။ တစ်ခုတစ်ခုလေးပေါ့၊ ဥပမာဆိုပါတော့၊ ကျွန်တော်တို့က လ္ဘက်ရည်ဆိုင်ထိုင်ပြီးတော့ ရ၀တက ဘာညာလို့ပြောမိတာလေးနဲ့ကို…ဟာ… နိုင်ငံရေး မပါနဲ့နော်၊ အဲဒီတော့ တဖြည်းဖြည်းနဲ့ အဲဒီနိုင်ငံရေးမပါနဲ့နော် ဆိုတဲ့စကားက တော်တော်ရွံစရာကောင်းလာတယ်။ ဘယ်လောက်ထိ ဆိုးလာလည်းလို့ဆိုရင် ကိုယ့်အိမ်မှာပြဿနာဖြစ်လာလို့ ပြောတာတောင်မှ နိုင်ငံရေးမပါနဲ့နော်လို့ ကိုယ့်အချင်းချင်းက ပြောရတဲ့ ဘ၀ ရောက်တော့တယ်။

သူတို့ Impact က ဘာဖြစ်လာလည်းလို့ ဆိုရင် တော်တော်ကြီးလာတယ်။ နိုင်ငံရေးဆိုတာက ကြောက်စရာကြီး တစ်ခုဖြစ်အောင်၊ နိုင်ငံရေးဆိုတာ လုပ်ရင်ဘ၀ ပျက်မယ်၊ မိသားစုပျက်မယ်၊ နိုင်ငံရေးဆိုတာသည် မထိရဘူး မကိုင်ရဘူး၊ ကြောက်စရာ အကောင်းဆုံး ရွံစရာအကောင်းဆုံး ဖြစ်အောင် ပုံဖော်လိုက်တာကို ကျွန်တော်တို့လူတွေ အကုန်လုံးခံလိုက်ရတာပဲ။ အနုပညာသည်တွေတင် မကပါဘူး၊ အရပ်ထဲကလူတွေပါ ခံလိုက်ရတယ်။ အခုတော့ ကျွန်တော်ထင်တယ်လေ၊ နည်းနည်းပြန်ပြီးတော့ ပွင့်လာပြီထင်တယ်။

အဲဒီအချိန်တုန်းကတည်းက ကျွန်တော်တို့ကတော့ နိုင်ငံရေးဆိုတာကို ထိနေမှာပဲ၊ ကိုင်နေမှာပဲ၊ လုပ်နေမှာပဲ ဆိုတဲ့စိတ်နဲ့သာ ကျွန်တော်တို့ တောင့်ခံခဲ့ကြရတာ၊ ကျွန်တော်တို့သာ တစ်ကယ်လို့ အဲဒီတုန်းကသာလဲခဲ့ရင် ခုချိန်မှာ ဒီလိုဒီလိုတောင် ပြောနေနိုင်တော့မှာမထင်ဘူး။ ကျွန်တော်ထောင်ထဲမှာ ဖတ်ရပါတယ် လူပြက်တစ်ယောက်ကလည်း ကျွန်တော်တို့က လူပြက်သန့်သန့်လုပ်တာပါ၊ နိုင်ငံရေးမပြောပါဘူးဆိုတာ။ အဲဒါဆိုရင် ဘာဖြစ်လို့အစိုးရပေါ်လစီကား တွေကျ သူတို့ဝင်ရိုက်နေတုန်း၊

ဗမာပြည်မှာ ပထမဦးဆုံးပေါ်လာတဲ့ လူပြက်က ဦးချစ်ဖွယ်ဆိုတဲ့ လူပြက်၊ သူ့ကို ၀ံသာနုကြီးဦးချစ်ဖွယ် လို့တောင်ခေါ်တယ်။ သူပြက်ခဲ့တဲ့ပြက်လုံးတွေက အင်္ဂလိပ်ကိုချည်းဆော်တာပဲ။ ၀ံသာနုကြီးလို့ခေါ်ရတဲ့အကြောင်းရင်းက သူက “နုဝံသာ” ဆိုတဲ့သီချင်းကိုဆိုတယ်ဗျ။ ဒါကြောင့်သူ့ကို ၀ံသာနုကြီး ဦးချစ်ဖွယ်လို့ခေါ်ရတယ်။ မန္တလေးလူရွှင်တော်ကြီး၊ ဘယ်လောက်တောင်ပြောလည်းဆိုရင် “ဟိုတယ်ဆိုင်ကိုမသွားရဘူး၊ ဘီးဟိုက်ဘရန်ဒီ မသောက်ရဘူး၊ ဘီးဟိုက် ဘရန်ဒီ သောက်မဲ့အစား ချက်အရက် ၊ ထန်းရည်ကိုသောက်၊ ဟိုတယ်ဆိုင်ကိုမသွားနဲ့ ပဲနဲ့ထမင်းနဲ့စား၊ စီးကရက်မသောက်နဲ့ ဆေးပေါ့လိပ်ကိုတွယ် ” စသဖြင့်ဒီလိုတွေ ပြောကြတာဟာ အင်္ဂလိပ်ကို သူ့နည်းသူ့ဟန်နဲ့ မရရအောင် ဆန့်ကျင်တာပဲ။ ဒါဟာ နိုင်ငံရေးပဲပေါ့၊

ဒါလောက်ကလေးတောင်မှ တာဝန်မယူချင်တဲ့ အနုပညာသမားတွေ ဘာဖြစ်လို့ဗမာပြည်မှာ ရှိနေတာလဲ အသက်ဘာပြုလို့ရှင်နေကြတာလဲ၊ ကျွန်တော်နားမလည်ဘူးသူတို့ကို၊ အဲဒီကနေ အခုပိုပိုဆိုးလာတာက လူပြက်တွေတင် မကပဲ ရုပ်ရှင်မင်းသား မင်းသမီးတွေရော ဒါရိုက်တာတွေရော ဒီစကားမျိုးပြောလာတော့ ဒါတော့မှားပြီလို့၊ သေချာတာက သူတို့လိုလူတွေက ပြောလိုက်ရင် သူတို့ကို နည်းနည်း အထင်ကြီးနေတဲ့ သူတို့နားပတ်ဝန်းကျင်က ခလေးတွေပါ ဆက်မှားတော့မယ်။

ကျွန်တော်ထောင်ထဲမှာ တုန်းက ဖတ်ရတယ် “ ပြည်သူ့ခေတ်” ထဲမှာပဲလို့ ထင်တယ်။ ရွေးကောက်ပွဲ မတိုင်ခင် အင်တာဗျူးတွေကို ဖတ်လိုက်တော့ ဟာ ဆိုးလိုက်တာလို့ ဒီခလေးတွေ မင်းသားမင်းသမီး အသစ်ကလေးတွေ၊ ဘုမသိဘမသိတွေ လျှောက်ပြော၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရှေ့က ဒါရိုက်တာတွေက ထင်ရာမြင်ရာ လျှောက်ပြောထားတယ်။ မင်းသားကြီးတွေက ထင်ရာမြင်ရာလျှောက် ပြောတော့ ခလေးတွေကလည်း ထင်ရာမြင်ရာ လျှောက်ပြောတယ်။ ခလေးတွေ ဦးနှောက်တွေပါ ကြောင်ကုန်တယ်။ အဲဒီတော့ ကျွန်တော် ဖြစ်စေချင်တာကတော့ ခလေးတွေကို မဖျက်ဆီးကြပါနဲ့၊ ကိုယ်ကြောက်ချင်ရင်တော့ တတ်နိုင်ရင် ကိုယ့်အိမ်ထဲကိုယ်ဝင်ပြီး ခြင်ထောင်ထဲဝင်ကြောက်ကြပါ တိုင်းသိပြည်သိ မကြောက်ကြပါနဲ့လို့ ကျွန်တော်ပြောချင်တယ်။

Yangon PressInternational

0 မိုးယံသို့ထိုးဖောက်

မိုးယံသို့ထိုးဖောက်

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒဿမ အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးအား ၅.၁၁.၂၀၁၁ (စနေနေ့)တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ၄.၁၁.၂၀၁၁ (သောကြာ) နေ့ ညနေ (၆း၀၀) နာရီအချိန်မှစ၍ မြောက်ဒဂုံမြို့နယ် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ခြံဝန်း အတွင်း နိုင်ငံကျော်ရွာစားကြီး စိန်မြစိုးဆိုင်းအဖွဲ့နှင့်အတူ ဟာသအနုပညာရှင်များဖြစ်သော ထက်ထက် တို့အဖွဲ့၊ ချစ်စရာတို့အဖွဲ့၊ ကျော်ထူး၊ မန်းဝင်းတို့အဖွဲ့တို့မှ လာရောက်၍ ဧည့်ခံဖျော်ဖြေခဲ့ရာ အသင်းသူ/သား များ၊ ၀န်ထမ်းများ၊ ရပ်ကွက်မြို့မိမြို့ဖများက စည်ကားသိုက်မြိုက်စွာ လာရောက်အားပေးကြည့်ရှုကြသည်။ ၅.၁၁.၂၀၁၁ နံနက် (၃း၀၀) နာရီအချိန်၌ ဖျော်ဖြေမှုကို အဆုံးသတ်ခဲ့သည်။

နံနက် (၇း၀၀) နာရီ အချိန်တွင် ပဒေသာပင်များအား မော်တော်ယာဉ် (၃၄) စီးဖြင့် ရန်ကုန်မြို့ တွင်းရှိ ဆူးလေစေတီတော်မြတ်နှင့် ရွှေတိဂုံစေတီတော်မြတ်တို့အား လှည့်လည်ပူဇော် ခဲ့ကြသည်။ ယင်းနောက် နံနက် (၁၀း၀၀) နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြန်လည်ရောက်ရှိ လာကြပြီး ကထိန်ညှပ်သင်္ကန်းနှင့် ပဒေသာပင်များအား လှူဒါန်းပူဇော်ဆပ်ကက်ရန်အတွက် ၀ဋ်ကြွေး တော်ပြေဆရာတော်ကြီးနှင့်တကွ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သြ၀ါဒစရိယ ဆရာတော်ကြီးများ ဖြစ်ကြသော တွံတေးဆရာတော် ဘဒ္ဒန္တဣန္ဒကနှင့် ရွှေပေါက်ပင်ဆရာတော် ဘဒ္ဒန္တသောမစာရ၊ မဟာဂန္ဓာ ရုံဆရာတော် ဘဒ္ဒန္တဉာဏိဿရ အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေပွဲကိုလည်း ကျင်းပခဲ့သည်။ ရွှေပေါက်ပင်ဆရာတော်နှင့် မဟာဂန္ဓရုံဆရာတော်ကြီးတို့သည် ခရီးလွန်နေ၍ ကြွရောက်လာခြင်း မရှိခဲ့ချေ။

ယင်းစုပေါင်းမဟာဘုံကထိန်ပွဲသည် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများ၏ စည်းလုံးညီညွတ်မှုအား ဖော်ကျူးခဲ့သည့် ကောင်းမှုကုသိုလ်ပွဲတစ်ပွဲ ဖြစ်တော့သည်။ နေ့စဉ် နှင့်အမျှ အပူမီးများ ဆက်ကူးခြင်းခံနေရသော နာရေးအပူမီး၊ ကျန်းမာရေးအပူမီးတို့ကို ထိတွေ့နေရသော အသင်းသူ/သားများ၊ ၀န်ထမ်းများ၏ စိတ်ထွက်ပေါက်ဖြစ်သော ပျော်ရွှင်ဖွယ်ရာ စုပေါင်းမဟာဘုံကထိန် ကုသိုလ်ပွဲတော်မြတ်ကြီးသည် တစ်နှစ်ပါတ်လုံးတွင် တစ်ကြိမ်သာ ကျင်းပခွင့် ကြုံကြိုက်ထူးခြားသော ကုသိုလ်ရေးပွဲတော်လည်း ဖြစ်ပေသည်။ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးတွင် တီးခတ်ဖျော်ဖြေကြသော ရှမ်းအိုးစည်သံ၊ ပတ်မနှင့် ဗျောသံတို့သည် အောင်ပွဲခံ ပဲ့တင်သံအဖြစ် မိုးယံထက်သို့ ထိုးဖောက်သွားတော့ သည်။

မိမိတို့ပြုသမျှ ကုသိုလ်ကောင်းမှုအစုစုနှင့် (၇)ရက်သားသမီး အလှူရှင်တို့၏ လှူဒါန်းမှုအစုစု တို့အား မြင်အပ်မမြင်အပ်သော ပုဂ္ဂိုလ်သတ္တ၀ါအပေါင်း၊ ကျေးဇူးရှင် မိခင်ဖခင် ဆွေမျိုးညာတကာအပေါင်း၊ ခင်ပွန်းကြီးဆယ်ပါးအပေါင်းနှင့် မကျွတ်မလွတ်ကြသေးသော သတ္တ၀ါအပေါင်းတို့အား အမျှ … အမျှ … အမျှ ပေးဝေလိုက်ပါတော့သည်။

ကိုကျော်သူ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.